မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

ဘုရားသခင်ကို သင်သိကျွမ်းလာနိုင်ပုံ

ဘုရားသခင်ကို သင်သိကျွမ်းလာနိုင်ပုံ

သမ္မာ​ကျမ်း​စာ​ကို​ဖတ်​ရှု​ခြင်း​ဖြင့် ယေဟောဝါ​အကြောင်း သင်ယူ​လေ့​လာ​နိုင်​သည်။ ရှေး​အချိန်​က ဘုရား​သခင်​သည် ကိုယ်တော်​၏​ အတွေး​အခေါ်​များ​ကို​ရေး​သား​ဖို့ လူ​အချို့​ကို​ရွေးချယ်​ခဲ့​သည်။ ထို​ရေး​သား​ချက်​များ​ကို သမ္မာ​ကျမ်း​စာ​ဟု​ခေါ်​သည်။ ယနေ့ သမ္မာ​ကျမ်း​စာ​ကို​ဖတ်​ရှု​ခြင်း​ဖြင့် ဘုရား​သခင်​ကို​သိ​ကျွမ်း​လာ​နိုင်​သည်။ သမ္မာ​ကျမ်း​စာ​တွင် ယေဟောဝါ​၏​စ​ကား သို့​မဟုတ် သတင်း​ပါ​ရှိ​သော​ကြောင့် ၎င်း​ကို ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်​ဟု​လည်း ခေါ်​ဆို​သည်။ ယေဟောဝါ​သည် ဘယ်​တော့​မျှ​မု​သာ​မသုံး​သော​ကြောင့် ကျမ်း​စာ​ကို ကျွန်ုပ်​တို့​ယုံ​ကြည်​စိတ်​ချ​နိုင်​သည်။ “ဘုရား​သခင်​သည် မု​သာ​မသုံး​နိုင်။” (ဟေဗြဲ ၆:၁၈) ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်​၌ အမှန်​တရား​ပါ​ရှိ​၏။—ယောဟန် ၁၇:၁၇

သမ္မာ​ကျမ်း​စာ​သည် ကျွန်ုပ်​တို့​အတွက် ဘုရား​သခင်​၏​အဖိုး​အတန်​ဆုံး​လက်​ဆောင်​များ​ထဲ​မှ​တစ်​ခု​ဖြစ်​၏။ ယင်း​သည် မေတ္တာ​ရှိ​သော​ဖခင်​တစ်​ဦး​က သူ​၏​သား​သမီး​ထံ​ရေး​သော​စာ​နှင့်​တူ၏။ ၎င်း​က မြေကြီး​ကို အသက်​ရှင်​နေ​ထိုင်​ဖို့ အံ့​ဖွယ်​ရာ​နေ​ရာ​တစ်​ခု—ပရ​ဒိ​သု—အသွင်​သို့ ပြောင်း​လဲ​ပေး​မည့် ဘုရား​သခင့်​ကတိ​တော်​အကြောင်း ပြော​ပြသည်။ အတိတ်​က​ကိုယ်​တော်​ပြု​လုပ်​ခဲ့​ရာ၊ ယခု​ပြု​လုပ်​နေ​ရာ​နှင့် မိမိ​၏​သစ္စာ​ရှိ​သား​သမီး​များ​အတွက် အနာ​ဂတ်​တွင်​ပြု​လုပ်​ပေး​မည့်​အရာ​တို့​ကို ကျမ်း​စာ​က​ပြော​ပြသည်။ ကျွန်ုပ်​တို့​၏​ပြဿ​နာ​များ​ကို​ဖြေရှင်း​၍ ပျော်​ရွှင်​မှု​ရှာ​တွေ့​ရန်​လည်း ၎င်း​က​ထောက်​ကူ​ပေး​၏။—၂ တိမောသေ ၃:၁၆၊ ၁၇

ယေဟောဝါ​သက်​သေများ​သည် ဘုရား​သခင့်​မိတ်​ဆွေ​များ​ဖြစ်​ကြ​၏; သမ္မာ​ကျမ်း​စာ​သွန်​သင်​ရာ​များ​ကို သဘော​ပေါက်​ရန် သူ​တို့​သင့်​ကို​ကူ​ညီ​ပေး​ကြ​ပါ​လိမ့်​မည်။ သမ္မာ​ကျမ်း​စာ​ကို သင်​လေ့​လာ​လို​ကြောင်း​သာ သူ​တို့​ကို​ပြော​လိုက်​ပါ။ သူတို့​အဖိုး​အခ​မယူ​ကြ​ပါ။ (မဿဲ ၁၀:၈) ထို့​အပြင် ခရစ်​ယာန်​အစည်း​အဝေး​များ​ကို သင်​တက်​ရောက်​နိုင်​ပါ​သည်။ ၎င်း​တို့​ကို ဘုရား​သခင့်​နိုင်​ငံ​တော်​ခန်း​မများ​ဟု​ခေါ်​သော ဝတ်ပြုရာ​နေ​ရာ​များ​၌ ကျင်း​ပကြ​၏။ ခရစ်​ယာန်​အစည်း​အဝေး​များ​ကို သင်​တက်​ရောက်​ပါ​က သင်​၌ ဘုရား​သခင်​၏​အသိ​ပညာ အလျင်​အမြန်​တိုးပွား​လိမ့်​မည်။

ဘုရား​သခင်​ပြု​လုပ်​ထား​ရာ​များ​မှ ကိုယ်​တော့်​အကြောင်း သင်ယူ​နိုင်​သည်။ ဥ​ပမာ၊ သမ္မာ​ကျမ်း​စာ​က “ဘုရား​သခင်​သည် ကောင်း​ကင်​နှင့်​မြေကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏” ဟု​ဆို​သည်။ (ကမ္ဘာဦး ၁:၁) “ကောင်း​ကင်” ကို​ယေဟောဝါ​ဖန်​ဆင်း​သော​အခါ နေ​ကို​ပြု​လုပ်​တော်​မူ​၏။ ၎င်း​က ဘုရား​သခင်​နှင့်​စပ်​လျဉ်း​၍ အဘယ်​အရာ​သိ​စေ​သနည်း။ ယေဟောဝါ​၌ ကြီး​မား​သော​တန်​ခိုး​တော်​ရှိ​ကြောင်း သိ​စေ​သည်။ နေ​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သော​အရာ​ကို ကိုယ်​တော်​တစ်ပါး​တည်း​သာ​ပြု​လုပ်​နိုင်​၏။ အပူ​နှင့်​အလင်း​ကို​ထုတ်​ပေး​၍ ဘယ်​သော​အခါ​မျှ​လောင်​ကျွမ်း​မသွား​သည့် နေ​ကို​ဖန်​ဆင်း​ရန် ဉာဏ်​ပညာ​လို​အပ်​သည်​ဖြစ်​ရာ ယေဟောဝါ​၌ ပညာ​ရှိ​ကြောင်း​ကို​လည်း ယင်း​က​ဖော်​ပြသည်။

ယေဟောဝါ​၏​ဖန်​ဆင်း​ရာ​က ကျွန်ုပ်​တို့​ကို​ကိုယ်​တော်​ချစ်​တော်​မူ​ကြောင်း​ဖော်​ပြ၏။ ကမ္ဘာ​ပေါ်​ရှိ​သစ်​သီး​ဝ​လံ​မျိုး​စုံ​ကို စဉ်း​စား​ကြည့်​ပါ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​အတွက် သစ်​သီး​တစ်မျိုး​တည်း​သာ ပေး​ထား​လည်း​ရ​သည်—လုံး​ဝ​မပေး​လည်း​ရ​သည်။ သို့​ပြု​မည့်​အစား ပုံ​စံ၊ အရွယ်​အစား၊ အရောင်​နှင့် အရ​သာ​မျိုး​ပေါင်း​စုံ​သည့် သစ်​သီး​ဝ​လံ​အမျိုး​မျိုး​ကို ယေဟောဝါ​ပေး​ထား​သည်။ ယင်း​က ယေဟောဝါ​သည် မေတ္တာ​ရှိ​ရုံ​မျှ​မက ရက်​ရော၊ စာ​နာ​၍ ကြင်​နာ​တတ်​သော​ဘုရား​သခင်​ဖြစ်​ကြောင်း ဖော်​ပြ၏။—ဆာလံ ၁၀၄:၂၄