အခန်း ၁၂
သေသောအခါ မည်သို့ဖြစ်သွားသနည်း
သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်၏။ သေခြင်းသည် နှစ်ခြိုက်စွာအိပ်ပျော်သကဲ့သို့ဖြစ်သည်။ (ယောဟန် ၁၁:၁၁-၁၄) သေလွန်သူများသည် မကြားနိုင်၊ မမြင်နိုင်၊ စကားမပြောနိုင် သို့မဟုတ် အဘယ်အရာကိုမျှမတွေးတောနိုင်ကြပါ။ (ဒေသနာ ၉:၅၊ ၁၀) သေလွန်သူများသည် သူတို့၏ဘိုးဘေးများနှင့်နေထိုင်ရန် နာမ်ဝိညာဉ်ဘုံသို့သွားကြသည်ဟု ဗာဗုလုန်ဘာသာက သွန်သင်ပေးသည်။ သမ္မာကျမ်းစာက ထိုသို့မသွန်သင်ပါ။
သေလွန်သူများသည် ကျွန်ုပ်တို့ကိုအကူအညီမပေးနိုင်သည့်အပြင် အန္တရာယ်လည်းမပေးနိုင်ပါ။ လူတို့သည် သေလွန်သူများနှစ်သက်မည်ဟု ယူဆသည့် အခမ်းအနားများနှင့် ယဇ်ပူဇော်သကာများကို ပြုလုပ်လေ့ရှိကြသည်။ ၎င်းသည် စာတန်၏မုသာဝါဒပေါ်အခြေပြုသောကြောင့် ဘုရားသခင်မနှစ်သက်ပါ။ သေလွန်သူများလည်း နှစ်သက်နိုင်မည်မဟုတ်၊ အကြောင်းမှာ သူတို့သည် သက်မဲ့များဖြစ်ကြ၏။ သေလွန်သူများကို ကျွန်ုပ်တို့ကြောက်ရွံ့ခြင်း သို့မဟုတ် ဝတ်ပြုကိုးကွယ်ခြင်း မပြုသင့်ပါ။ ဘုရားသခင်ကိုသာ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သင့်သည်။—မဿဲ ၄:၁၀။
သေလွန်သူများ တစ်ဖန်အသက်ရှင်ကြလိမ့်မည်။ ယေဟောဝါသည် မြေကြီးပရဒိသုပေါ်သို့ သေလွန်သူများကို ပြန်နိုးထလာစေမည်။ ထိုအချိန်မှာ အနာဂတ်တွင်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အိပ်ပျော်နေသူတစ်ဦးကို သင်နိုးထစေနိုင်သကဲ့သို့ ဘုရားသခင်သည် သေလွန်သူများကို ပြန်နိုးထစေနိုင်၏။—မာကု ၅:၂၂၊ ၂၃၊ ၄၁၊ ၄၂။
ကျွန်ုပ်တို့မသေဟူသော အယူအဆမှာ စာတန်ပျံ့နှံ့စေသောမုသာဖြစ်သည်။ သေလွန်သူများ၏ဝိညာဉ်များသည် အသက်ရှင်ပြီး ဖျားနာမှုနှင့်အခြားအခက်အခဲများကိုဖြစ်ပေါ်စေသည်ဟု စာတန်နှင့်သူ၏နတ်ဆိုးများက လူတို့ကိုယူဆစေသည်။ စာတန်သည် တစ်ခါတစ်ရံ အိပ်မက်များနှင့် ရူပါရုံများအားဖြင့် လူတို့ကိုလှည့်ဖြားတတ်သည်။ လူသေနှင့်စကားပြောဖို့ ကြိုးစားသူများကို ယေဟောဝါရှုတ်ချ၏။—တရားဟောရာ ၁၈:၁၀-၁၂။