မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

ကြည်လင်တဲ့ အမှားအမှန်သိစိတ်

ကြည်လင်တဲ့ အမှားအမှန်သိစိတ်

“ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်ကို ထိန်းသိမ်း​ထားပါ။”—၁ ပေတရု ၃:၁၆

၁၊ ၂။ အ​ကျွမ်း​မဝင်​တဲ့​နေရာ ရောက်သွားတဲ့​အခါ လမ်းညွှန် ဘာကြောင့် လိုအပ်​သလဲ။ ကျွန်တော်တို့​အတွက် ဘာ​လမ်းညွှန် ယေဟောဝါ ပေးထား​သလဲ။

 သဲကန္တာရ​ကြီး​ကို ဖြတ်လျှောက်​နေတယ် ဆိုပါစို့။ လေး​ဘက်​လေး​တန်​ကနေ လေပြင်း တိုက်ခတ်​နေတာ​နဲ့အမျှ သဲတွေ လွင့်ပါသွား​လို့ မြင်ကွင်းကလည်း အချိန်တိုင်း ပြောင်း​နေတယ်။ အလွယ်တကူ လမ်းပျောက်​သွားနိုင်တယ်။ ဘယ်ကို သွား​ရမလဲ​ဆိုတာ ဘယ်လို သိ​မလဲ။ လမ်းပြ​ပေးဖို့ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခု လိုအပ်မှာပဲ။ သံ​လိုက်​အိမ်မြှောင်၊ နေ၊ ကြယ်တွေ၊ မြေပုံ၊ ဂျီပီအက်စ် ဒါမှမဟုတ် ကန္တာရ​လမ်း​ကို အကျွမ်းဝင်​တဲ့​သူ​တစ်ယောက် လိုအပ်​နိုင်တယ်။ ဘယ်သွား​ရမလဲ​ဆိုတာ သိ​ထားတာ​က အသက်​အန္တရာယ် ကင်းစေတာမို့ လမ်းညွှန် ရှိဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ အသက်တာမှာ စိန်ခေါ်ချက်များ​စွာ ရင်ဆိုင်​ရလို့ တစ်ခါတလေ လမ်းပျောက်​နေတယ်လို့ အလွယ်တကူ ခံစား​မိ​နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့​ယောက်​တိုင်း​ကို လမ်းညွှန်​ပေးဖို့ ယေဟောဝါ​က အမှားအမှန်​သိစိတ် ပေးထားတယ်။ (ယာကုပ် ၁:၁၇) အမှားအမှန်​သိစိတ်​ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်​သလဲ​ဆိုတာ ကြည့်ရအောင်။ အမှားအမှန်​သိစိတ်ကို လေ့ကျင့်​ပေး​နိုင်ပုံ၊ တခြား​သူတွေရဲ့ အမှားအမှန်​သိစိတ်ကို ဘာကြောင့် ထည့်​စဉ်းစား​သင့်​ကြောင်း၊ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်​က ကျွန်တော်တို့ရဲ့ အသက်တာကို တိုးတက်စေ​နိုင်ပုံ​တို့ကို လေ့လာ​ကြပါမယ်။

အမှားအမှန်​သိစိတ်​ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်​သလဲ

၃။ အမှားအမှန်​သိစိတ်​ဆိုတာ ဘာလဲ။

အမှားအမှန်​သိစိတ်​က ယေဟောဝါ​ဆီက လက်ဆောင်မွန်ပါ။ အဲဒါက ကိုယ်​တွင်း​ရှိ အမှား​နဲ့ အမှန် ခွဲခြားသိမြင်​နိုင်တဲ့​စိတ် ဖြစ်တယ်။ ကျမ်းစာမှာ “အမှားအမှန်​သိစိတ်” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံး​ဟာ “ကိုယ့်ကိုယ်ကိုယ် သိခြင်း” ကို ဆိုလိုတယ်။ အမှားအမှန်​သိစိတ် ကောင်းကောင်း အလုပ်လုပ်တဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လို လူစားမျိုး ဖြစ်ကြောင်း ဆန်းစစ်​ဖို့ အထောက်အကူ ပြုတယ်။ မိမိရဲ့ အတွင်းကျ​တဲ့ အတွေးတွေ၊ ခံစားချက်တွေကို ရိုးရိုးသားသား ဆန်းစစ်​ဖို့ ကူညီ​ပေးနိုင်တယ်။ မှန်ရာကို လုပ်ဖို့၊ အဆိုးကို ရှောင်​ဖို့ လမ်းညွှန်​ပေးနိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချတဲ့အခါ ပျော်ရွှင်​စေပြီး ဆုံးဖြတ်ချက်​အမှား ချပြီး​တဲ့​နောက် အပြစ်​ရှိတယ်လို့ ခံစား​ရစေ​နိုင်တယ်။—ရှင်းလင်းချက် ၅ ကို ကြည့်ပါ။

၄၊ ၅။ (က) အာဒံနဲ့ ဧဝတို့ အမှားအမှန်​သိစိတ်ကို လျစ်လျူရှုတဲ့​အခါ ဘာ​ဖြစ်ခဲ့သလဲ။ (ခ) အမှားအမှန်​သိစိတ် အလုပ်လုပ်​ပုံ​နဲ့ပတ်သက်တဲ့ ကျမ်းစာ ပုံနမူနာ​တချို့က ဘာတွေလဲ။

အမှားအမှန်​သိစိတ် သတိ​ပေးတာကို နားထောင်​မလား၊ နားမထောင်ဘူး​လား​ဆိုတာ ကိုယ်တိုင် ရွေးချယ်​နိုင်တယ်။ အာဒံနဲ့ ဧဝတို့ဟာ သူတို့ရဲ့ အမှားအမှန်​သိစိတ် သတိ​ပေးတာကို နားမထောင်​ခဲ့လို့ အပြစ်​လုပ်မိ​ခဲ့ကြတယ်။ နောက်ပိုင်းမှာ အပြစ်​ရှိတယ်လို့ ခံစား​ရပေမဲ့ သိပ်​နောက်ကျ​သွားပြီ။ သူ​တို့တစ်တွေ ဘုရားကို အာခံ​လိုက်ကြပြီ။ (ကမ္ဘာဦး ၃:၇၊ ၈) စုံလင်တဲ့ အမှားအမှန်​သိစိတ် ပိုင်ဆိုင်​ထားပြီး ဘုရားကို မနာခံတာက မှား​မှန်း သိထားကြတာ​တောင်မှ သူတို့ရဲ့ အမှားအမှန်​သိစိတ် သတိ​ပေးတာကို လျစ်လျူရှု​ခဲ့ကြတယ်။

မစုံလင်သူ လူသားများ​စွာ​ကတော့ အမှားအမှန်​သိစိတ် သတိ​ပေးတာကို တုံ့ပြန်​ခဲ့ကြတယ်။ စံနမူနာ​ကောင်း​တစ်ယောက်က​တော့ ယောဘ​ပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချ​ခဲ့လို့ “ကျုပ်​အသက်ရှင်​နေသရွေ့ ကိုယ့်​စိတ်​က ကိုယ့်ကို အပြစ်မတင်​ဘူး” လို့ ပြော​နိုင်ခဲ့တယ်။ (ယောဘ ၂၇:၆) “စိတ်” လို့ ယောဘ ပြောတဲ့အခါ သူ့ရဲ့ အမှားအမှန်​သိစိတ်ကို ဆိုလို​နေတာပါ။ ဒါဝိဒ်​ကတော့ တစ်ခါတလေ အမှားအမှန်​သိစိတ်ကို လျစ်လျူရှု​ပြီး ဘုရားကို မနာခံခဲ့ဘူး။ နောက်ပိုင်းမှာ ဒါဝိဒ်ဟာ အပြစ်​ကြီးတယ်လို့ ခံစား​ရပြီး သူ့​စိတ်​က “ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​နေတော့တယ်။” (၁ ရှမွေလ ၂၄:၅) အမှားအမှန်​သိစိတ်​က ဒါဝိဒ်​ရဲ့ လုပ်ရပ် မှား​ကြောင်း ပြော​နေတာ ဖြစ်တယ်။ အမှားအမှန်​သိစိတ် သတိ​ပေးတာကို နားထောင်ခြင်း​အားဖြင့် ထပ်တူ​အမှား​မျိုး ထပ်​မလုပ်မိအောင် ရှောင်​ဖို့ ဒါဝိဒ် သင်ယူ​နိုင်ခဲ့တယ်။

၆။ အမှားအမှန်​သိ​စိတ်ဟာ ဘုရားပေး လက်ဆောင်​ပါလို့ ဘာကြောင့် ပြောနိုင်သလဲ။

ယေဟောဝါကို မသိတဲ့​လူတွေ​တောင် များသောအားဖြင့် ဘာက မှန်တယ်၊ မှားတယ်​ဆိုတာ သိကြတယ်။ “ကိုယ်တိုင် စဉ်းစား​ချင့်ချိန်​ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​တဲ့အခါ​ရှိ​သလို ခွင့်လွှတ်တဲ့​အခါလည်း ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ရောမ ၂:၁၄၊ ၁၅) ဥပမာ၊ လူသတ်​တာ၊ ခိုးတာ မှား​ကြောင်း လူအများစု သိကြတယ်။ တကယ်တော့ ကိုယ်တိုင် မသိကြပေမဲ့ ယေဟောဝါ ထည့်သွင်း​ပေးထားတဲ့ အမှားအမှန်​သိစိတ် သတိ​ပေးတာကို နားထောင်​နေကြတာ။ ဘဝမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချ​နိုင်ဖို့ ယေဟောဝါ ပြင်ဆင်​ပေးထားတဲ့ အခြေခံ အမှန်တရားတွေ၊ ဘုရား​ပေးတဲ့ အခြေခံ​မူတွေကို လိုက်လျှောက်​နေကြတာ။

၇။ ကျွန်တော်တို့ရဲ့ အမှားအမှန်​သိစိတ်​က တစ်ခါတလေ ဘာကြောင့် တလွဲ​လမ်းညွှန်​နိုင်သလဲ။

တစ်ခါတလေ အမှားအမှန်​သိစိတ်​က တလွဲ​လမ်းညွှန်​နိုင်တယ်။ ဥပမာ၊ ကိုယ်တိုင်ရဲ့ မစုံလင်တဲ့ အတွေးအခေါ်​နဲ့ ခံစားချက်တွေ​ကြောင့် အမှားအမှန်​သိစိတ် ပျက်စီး​သွားပြီး အမှား​ဘက်​ကို လမ်းညွှန်​နိုင်တယ်။ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်​က အလိုအလျောက် ဖြစ်မလာ​ဘူး။ (ကမ္ဘာဦး ၃၉:၁၊ ၂၊ ၇-၁၂) အမှားအမှန်​သိစိတ်ကို လေ့ကျင့်​ပေးဖို့ လိုတယ်။ အကူအညီ ဖြစ်စေဖို့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ကျမ်းစာ​အခြေခံ​မူတွေ ယေဟောဝါ ပေးထားတယ်။ (ရောမ ၉:၁) အမှားအမှန်​သိစိတ်ကို လေ့ကျင့်​ပေးနိုင်​ပုံကို လေ့လာ​ကြစို့။

အမှားအမှန်​သိစိတ်ကို ဘယ်လို လေ့ကျင့်​ပေးနိုင်သလဲ

(က) ကျွန်တော်တို့ရဲ့ ခံစားချက်တွေ​က အမှားအမှန်​သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်​နိုင်သလဲ။ (ခ) ဆုံးဖြတ်ချက် မချခင်​မှာ ကိုယ့်ကိုယ်ကိုယ် ဘာ​မေး​သင့်သလဲ။

ကိုယ့်​ခံစားချက်​အတိုင်း လုပ်တာ​က အမှားအမှန်​သိစိတ် သတိ​ပေးတာကို နားထောင်တာလို့ လူတချို့ ထင်ကြတယ်။ ကောင်းတယ်လို့ ထင်သရွေ့ ကိုယ်ကြိုက်​တာ လုပ်​နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ​က မစုံလင်​လို့ တလွဲ​လမ်းညွှန်​နိုင်တယ်။ ခံစားချက်တွေ​က အမှားအမှန်​သိစိတ်​အပေါ် အကျိုးသက်ရောက်​နိုင်စွမ်း ​ရှိတယ်။ “စိတ်နှလုံးဟာ အရာအားလုံး​ထက် စဉ်းလဲတယ်။ ထင်ရာစိုင်း​တတ်တယ်။ စိတ်​ရဲ့ သဘော​ကို ဘယ်သူ သိနိုင်​သလဲ” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ယေရမိ ၁၇:၉) အမှား​ကို အမှန်​လို့​တောင် စ​တွေးမိ​လာနိုင်တယ်။ ဥပမာ၊ ခရစ်ယာန် ဖြစ်မလာ​ခင်​တုန်း​က ပေါလုဟာ ဘုရားလူမျိုးကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ရာ လုပ်နေတယ်လို့ ယုံကြည်​ထားတယ်။ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ “ကျွန်တော့်ကို စစ်ဆေး​တဲ့​သူဟာ ယေဟောဝါပဲ” လို့ နောက်ပိုင်းမှာ ပြောခဲ့တယ်။ (၁ ကောရိန္သု ၄:၄။ တမန်တော် ၂၃:၁။ ၂ တိမောသေ ၁:၃) သူ့​လုပ်ရပ်တွေ​နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရ​မှန်း ပေါလု သိတဲ့​အခါ ပြောင်းလဲဖို့ လိုအပ်​ကြောင်း သဘောပေါက်​ခဲ့​တယ်။ ဒါကြောင့် တစ်ခုခု မ​လုပ်​ခင်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလို မေး​ရမယ်– ‘ယေဟောဝါ ငါ့ကို ဘာလုပ်​စေ​ချင်​သလဲ။’

၉။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း​ဆိုတာ ဘာလဲ။

တစ်ယောက်ယောက်ကို ချစ်တဲ့​အခါ သူ မနှစ်သက်တာကို မ​လုပ်ချင်​ကြပါဘူး။ ယေဟောဝါကို ကျွန်တော်တို့ ချစ်လို့ ဘုရား မနှစ်သက်​မ​ယ့်​အရာ ဘာတစ်ခုမှ မ​လုပ်ချင်​ကြဘူး။ ယေဟောဝါ မနှစ်သက်မှာကို ကြောက်တဲ့ စိတ်က ပြင်းထန်​နေဖို့ လိုတယ်။ ဒါကို နေဟမိရဲ့ စံနမူနာ​ကနေ သိရတယ်။ ဘုရင်ခံ ရာထူး​ကို သုံးပြီး ချမ်းသာကြွယ်ဝ​ဖို့ မကြိုးစား​ခဲ့​ဘူး။ ဘာကြောင့်လဲ။ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​တဲ့​အတွက်” လို့ ရှင်းပြခဲ့တယ်။ (နေဟမိ ၅:၁၅) ယေဟောဝါ မနှစ်သက်တာ ဘာ​တစ်ခုကို​မှ နေဟမိ မ​လုပ်ချင်​ခဲ့​ဘူး။ နေဟမိ​လို​ပဲ ကျွန်တော်တို့လည်း အမှား​တစ်ခုခု လုပ်ပြီး ယေဟောဝါ မနှစ်သက်မှာကို ကြောက်ရွံ့​ကြတယ်။ ကျမ်းစာ ဖတ်ရှုခြင်း​အားဖြင့် ယေဟောဝါ ဘာ​နှစ်သက်​သလဲ​ဆိုတာ သိနိုင်တယ်။—ရှင်းလင်းချက် ၆ ကို ကြည့်ပါ။

၁၀၊ ၁၁။ အရက်​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဘယ်​ကျမ်းစာ​အခြေခံ​မူတွေ​က ကူညီ​ပေးနိုင်သလဲ။

၁၀ ဥပမာ၊ ခရစ်ယာန်​တစ်ယောက် အရက် သောက်၊ မ​သောက် ကိုယ်တိုင် ဆုံးဖြတ်​ဖို့ လိုအပ်​နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချဖို့ ဘယ်​အခြေခံ​မူတွေ​က ကူညီပေး​မလဲ။ အရက်သောက်​သုံး​ခြင်း​ကို ကျမ်းစာက အပြစ်မတင်​ထားဘူး။ တကယ်တော့ စပျစ်ဝိုင်​က ဘုရားပေး လက်ဆောင်​လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ဆာလံ ၁၀၄:၁၄၊ ၁၅) ဒါပေမဲ့ မ “သောက်ကြူး” ဖို့ နောက်လိုက်တွေ​ကို ယေရှု မိန့်မှာခဲ့တယ်။ (လုကာ ၂၁:၃၄) “ပွဲ​လုပ်တာ၊ သောက်စားမူးယစ်တာ” တွေ​ကို ရှောင်​ဖို့ ခရစ်ယာန်တွေ​ကို ပေါလုလည်း ပြောခဲ့တယ်။ (ရောမ ၁၃:၁၃) သောက်ကြူး​သူတွေ “ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံ​ရ​ဘူး” လို့ ပြောခဲ့တယ်။—၁ ကောရိန္သု ၆:၉၊ ၁၀

၁၁ ခရစ်ယာန်​တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဒီလို မေး​နိုင်တယ်– ‘အရက်​ဟာ ငါ့​အတွက် ဘယ်လောက် အရေးပါ​သလဲ။ စိတ်ပျော်​ဖို့ သောက်တာလား။ ရဲဆေး​တင်ဖို့ သောက်တာလား။ ဘယ်နှစ်ကြိမ်​နဲ့ ဘယ်လောက် သောက်​မယ်​ဆိုတာ ငါ ကန့်သတ်​နိုင်​ရဲ့​လား။ * အရက် မတည်ခင်းရင်ကော မိတ်ဆွေတွေနဲ့အတူ ဆက်​ပျော်ရွှင်​နိုင်မလား။’ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ ယေဟောဝါကို အကူအညီ တောင်း​နိုင်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄ ကို ဖတ်ပါ။) ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အမှားအမှန်​သိစိတ်ကို ကျမ်းစာ​အခြေခံ​မူတွေ​နဲ့ ကိုက်ညီ​စေဖို့ လေ့ကျင့်​ပေးကြတယ်။ နောက်ထပ် ထည့်​စဉ်းစား​သင့်တဲ့​အရာ ရှိသေးတယ်။ ဆက်​ကြည့်ရအောင်။

တခြား​သူတွေရဲ့ အမှားအမှန်​သိစိတ်ကို ထည့်​စဉ်းစား​သင့်တဲ့ အကြောင်းရင်း

၁၂၊ ၁၃။ ကျွန်တော်တို့ရဲ့ အမှားအမှန်​သိစိတ် ဘာကြောင့် မတူကြ​သလဲ။ ဒီလို​ကွဲလွဲမှုတွေကို ဘယ်လို ကိုင်တွယ်​နိုင်မလဲ။

၁၂ လူတစ်ယောက်စီရဲ့ အမှားအမှန်​သိစိတ် မတူကြ​ဘူး။ တခြားသူရဲ့ သိစိတ်​က ခွင့်မပြု​တဲ့​အရာကို ကိုယ့်ရဲ့ သိစိတ်​က ခွင့်​ပြုတာမျိုး ဖြစ်နိုင်တယ်။ ဥပမာ၊ တခြား​တစ်ယောက်က အရက် မ​သောက်​သင့်​ဘူးလို့ ခံစား​ရပေမဲ့ ကိုယ်က​တော့ သောက်​လို့ ရတယ်လို့ ထင်​မယ်။ ဘာကြောင့် အဲဒီလို သဘောထား ကွဲလွဲ​ရသလဲ။

အရက်သောက်​သင့်၊ မ​သောက်​သင့် ဆုံးဖြတ်ရာမှာ လေ့ကျင့်​ထားတဲ့ အမှားအမှန်​သိစိတ်​က ကူညီ​ပေးနိုင်

၁၃ လူတစ်ယောက်ရဲ့ ခံစားချက်ကို ကြီးပြင်းလာ​ရာ​ဒေသ၊ မိသားစုရဲ့ ရှုမြင်ပုံ၊ ဘဝ အတွေ့အကြုံ​နဲ့ တခြား​အချက်တွေ​က လွှမ်းမိုး​နိုင်တယ်။ လူ​တစ်ယောက်ဟာ အတိတ်မှာ အရက်​ကြောင့် ဒုက္ခရောက်​ခဲ့​ဖူးလို့ အရက် လုံးဝ မသောက်တော့တာ ဖြစ်နိုင်တယ်။ (၁ ဘုရင်များ ၈:၃၈၊ ၃၉) ဒါကြောင့် ကိုယ်တိုက်​တဲ့​အရက်​ကို တစ်ဖက်​သား ငြင်းဆန်​ရင် ဘယ်လို တုံ့ပြန်​မလဲ။ စိတ်ဆိုး​မလား။ အတင်း​တိုက်​မလား။ သူ​ငြင်း​ရတဲ့ အကြောင်းရင်းကို မေး​မလား။ သူ့ရဲ့ အမှားအမှန်​သိစိတ်ကို လေးစား​တဲ့​အတွက် အဲဒီလို လုပ်မှာ မဟုတ်ဘူး။

၁၄၊ ၁၅။ ပေါလု​ခေတ်​တုန်း​က ဘာ​အခြေအနေ ပေါ်ပေါက်​ခဲ့သလဲ။ ပေါလု ဘာ​အကြံဉာဏ်​ကောင်း ပေးခဲ့သလဲ။

၁၄ တမန်တော် ပေါလု​ခေတ်​တုန်း​က အမှားအမှန်​သိစိတ် ကွဲလွဲတဲ့ အခြေအနေ​တစ်ခု ပေါ်ပေါက်ခဲ့တယ်။ မှားယွင်းတဲ့ ဝတ်ပြုရေးမှာ အသုံးပြုတဲ့​အသား၊ ရုပ်တု​ရှေ့ ပူဇော်​ပြီးသား အသားတွေကို ဈေး​ထဲမှာ ရောင်းကြတယ်။ (၁ ကောရိန္သု ၁၀:၂၅) ဒီ​အသားတွေကို ဝယ်​စားတာ မှားတယ်လို့ ပေါလု မထင်​ဘူး။ အစားအစာ​အားလုံး ယေဟောဝါ ပေးထား​တာ​ပဲ​လို့ သူ ရှုမြင်တယ်။ ဒါပေမဲ့ အတိတ်​က ရုပ်တု​ကိုးကွယ်ခဲ့ဖူးတဲ့ ညီအစ်ကို​တချို့က ဒီလို​မ​ရှုမြင်ဘူး။ ဒီအသားတွေ စားတာ မှားတယ်လို့ ခံစား​ကြတယ်။ ‘ငါ့​အမှားအမှန်​သိစိတ်​က ဘာ​အနှောင့်အယှက်​မှ မဖြစ်​ဘူး။ ငါ​စားချင်တာ စား​ခွင့် ရှိတယ်’ လို့ ပေါလု ထင်​ခဲ့​သလား။

၁၅ ပေါလု အဲဒီလို မထင်​ခဲ့​ပါဘူး။ ညီအစ်ကိုတွေရဲ့ ခံစားချက်​က သူ့​အတွက် အရေး​ပါတယ်။ ဒါကြောင့် ကိုယ့်​အခွင့်အရေး​ထက် တခြားသူရဲ့ ခံစားချက်ကို ဦးစား​ပေးခဲ့တယ်။ “ကိုယ့်​အလိုအတိုင်း မ​လုပ်သင့်​ဘူး” လို့ ပေါလု ပြောခဲ့​ပြီး “ခရစ်တော်​တောင် ကိုယ့်​အလိုအတိုင်း မ​လုပ်ခဲ့ဘူး” လို့ ဆက်ပြော​ခဲ့​တယ်။ (ရောမ ၁၅:၁၊ ၃) ယေရှု​လို​ပဲ ပေါလုက ကိုယ်တိုင်​ထက် တခြား​သူတွေကို အလေးထားခဲ့တယ်။၁ ကောရိန္သု ၈:၁၃။ ၁၀:၂၃၊ ၂၄၊ ၃၁-၃၃ တို့ကို ဖတ်ပါ။

၁၆။ အမှားအမှန်​သိစိတ် ခွင့်ပြု​တဲ့​အတိုင်း ညီအစ်ကို​တစ်ယောက် ပြုမူ​တဲ့အခါ ဘာကြောင့် မစီရင်​သင့်သလဲ။

၁၆ မှားတယ်လို့ ကိုယ်​ထင်တဲ့​အရာကို တခြား​တစ်ယောက်ရဲ့ အမှားအမှန်​သိစိတ်​က ခွင့်ပြု​ရင်​ကော။ ကိုယ်​မှန်တယ်၊ သူ​မှားတယ်​ဆိုပြီး အပြစ်မတင်​မိဖို့၊ မရမက မပြော​မိဖို့ အထူး​သတိပြု​ရမယ်။ (ရောမ ၁၄:၁၀ ကိုဖတ်ပါ။) တခြားသူတွေကို စီရင်​ဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စီရင်​ဖို့ အမှားအမှန်​သိစိတ်ကို ယေဟောဝါ ပေး​ထားတာ။ (မဿဲ ၇:၁) ကိုယ်ပိုင်​ရွေးချယ်မှုတွေကြောင့် အသင်းတော် စိတ်ဝမ်းကွဲတာမျိုး မဖြစ်ချင်​ကြပါဘူး။ ဒါကြောင့် မေတ္တာနဲ့ စည်းလုံးမှု တိုးပွား​စေဖို့ နည်းလမ်းတွေ ရှာကြတယ်။—ရောမ ၁၄:၁၉

ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် အကျိုးပြု​နိုင်

၁၇။ လူ​တချို့ရဲ့ အမှားအမှန်​သိစိတ် ဘာဖြစ်​သွားခဲ့​သလဲ။

၁၇ “ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်ကို ထိန်းသိမ်း​ထားပါ” လို့ တမန်တော် ပေတရု ရေးခဲ့တယ်။ (၁ ပေတရု ၃:၁၆) ဝမ်းနည်းစရာကတော့ ယေဟောဝါရဲ့ အခြေခံ​မူတွေကို လူတွေ လျစ်လျူရှုတဲ့​အခါ အမှားအမှန်​သိစိတ်​က သတိ​မပေး​တော့​ဘူး။ အဲဒီလို​အမှားအမှန်​သိ​စိတ်ဟာ “သံပူ​ခတ်​ခံရ​သလို ထုံထိုင်း​နေတယ်” ဆိုပြီး ပေါလု ပြောခဲ့တယ်။ (၁ တိမောသေ ၄:၂) ဆိုးဆိုးရွားရွား သံပူ​ထိဖူးသလား။ သံပူ​ထိ​ထားတဲ့ အရေပြား​ဟာ အမာရွတ် ထပြီး အာရုံခံ​လို့ မရတော့ဘဲ ထုံလာတယ်။ လူတစ်ယောက် အမှားတွေ ဆက်တိုက် လုပ်​နေရင် သူ့​အမှားအမှန်​သိစိတ် “ထုံထိုင်း” လာပြီး အလုပ်​မ​လုပ်​တော့​ဘူး။

ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်က ဘဝကို လမ်းညွှန်​ပေးနိုင်​ပြီး ပျော်ရွှင်မှုနဲ့ စိတ်​ငြိမ်သက်မှု ရစေ​နိုင်

၁၈၊ ၁၉။ (က) အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်၊ ရှက်စိတ်​က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ (ခ) နောင်တ​ယူပြီး​သား အပြစ်အတွက် အပြစ်​ရှိတယ်လို့ ခံစား​နေရ​သေးတယ်​ဆိုရင် ဘာ​လုပ်နိုင်သလဲ။

၁၈ အပြစ်​ရှိတယ်လို့ ခံစား​ရတာဟာ ကျွန်တော်တို့ အမှား​တစ်ခုခု လုပ်လိုက်​မိ​ပြီလို့ အမှားအမှန်​သိစိတ် အသိပေး​နေတာ ဖြစ်နိုင်တယ်။ အဲဒါက ကိုယ့်​အမှားကို ခွဲခြား​သိမြင်ဖို့၊ ဆ​က်​မ​လုပ်ဖို့ ကူညီ​ပေးနိုင်တယ်။ အမှားတွေ ထပ်​မလုပ်မိဖို့ အမှားတွေ​ကနေ သင်ခန်းစာ ယူ​ချင်​ကြပါတယ်။ ဥပမာ၊ ဘုရင်​ဒါဝိဒ် အပြစ်​ကျူးလွန်ခဲ့ပေမဲ့ နောင်တ​ယူဖို့ အမှားအမှန်​သိစိတ်​က လှုံ့ဆော်​ပေးခဲ့တယ်။ လုပ်ခဲ့​မိတာကို ရွံမုန်းပြီး ရှေ့လျှောက် ယေဟောဝါကို နာခံဖို့ စိတ်​ပိုင်းဖြတ်ခဲ့တယ်။ “ကိုယ်တော်​ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်​ရှိတယ်” ဆိုပြီး ကိုယ်ပိုင်​အတွေ့အကြုံ​ကြောင့် ဒါဝိဒ် ပြော​နိုင်ခဲ့တယ်။—ဆာလံ ၅၁:၁-၁၉။ ၈၆:၅ရှင်းလင်းချက် ၇ ကို ကြည့်ပါ။

၁၉ အပြစ်အတွက် နောင်တ​ယူပြီး​နောက်မှာ​တောင် ကိုယ့်လုပ်ရပ်​အတွက် အပြစ်​ရှိတယ်လို့ ခံစား​နေရ​ဆဲ ဖြစ်နိုင်တယ်။ အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်က နာကျင်စေ​နိုင်တယ်။ တန်ဖိုး မရှိဘူးလို့ ခံစား​ရစေ​နိုင်တယ်။ တစ်ခါတရံ အဲဒီလို ခံ​စားတယ်​ဆိုရင် အတိတ်​က အဖြစ်အပျက်တွေကို ပြောင်းလဲ​လို့ မရဘူး​ဆိုတာ သတိရပါ။ တစ်ခါတလေ သိလျက်နဲ့ လုပ်ခဲ့တာ​ဖြစ်စေ၊ မသိဘဲ လုပ်ခဲ့မိတာ​ဖြစ်စေ ယေဟောဝါ​ကတော့ သင့်ကို အပြည့်အဝ ခွင့်လွှတ်​ပေး​လိုက်ပြီ။ အပြစ်တွေကို ပယ်ဖျက်​ပေး​လိုက်ပြီ။ အခု သင်ဟာ ယေဟောဝါ​ရှေ့မှာ သန့်ရှင်း​နေပြီ။ မှန်ရာကို လုပ်နေပြီ​ဆိုတာ သိထားတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​နေ​သေးတယ်​ဆိုရင် “ဘုရားသခင်​ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထက် ပို​ကြီးမြတ်တယ်” ဆိုတာကို သတိရပါ။ (၁ ယောဟန် ၃:၁၉၊ ၂၀ ကို ဖတ်ပါ။) ဒါက ကျွန်တော်တို့မှာ ရှိ​ကောင်း ရှိ​နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​စိတ်၊ ရှက်စိတ်တွေထက် ဘုရားသခင့်​မေတ္တာနဲ့ ခွင့်လွှတ်မှု​က ပို​ကြီးမြတ်တယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သင့်ကို ယေဟောဝါ ခွင့်လွှတ်​ပြီးပြီ​ဆိုတာ စိတ်ချ​နိုင်ပါတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို လက်ခံ​လိုက်ပြီ​ဆိုရင် စိတ်​ငြိမ်သက်မှု ခံစားရမယ်။ ဘုရားကို ပျော်ပျော်ရွှင်ရွှင် ဝတ်ပြု​နိုင်မယ်။—၁ ကောရိန္သု ၆:၁၁။ ဟီဘရူး ၁၀:၂၂

၂၀၊ ၂၁။ (က) ဒီစာအုပ်​က သင့်ကို ဘာလုပ်ဖို့ ကူညီပေး​မလဲ။ (ခ) ဘယ်​လွတ်လပ်မှုကို ယေဟောဝါ ပေးထား​သလဲ။ အဲဒါကို ဘယ်လို အသုံးပြုသင့်​သလဲ။

၂၀ ခက်ခဲကျပ်တည်း​တဲ့ ဒီ​နောက်ဆုံး​ကာလမှာ သင့်ကို သတိပေး​ပြီး ကာကွယ်ပေး​နိုင်တဲ့ အမှားအမှန်​သိစိတ်ကို လေ့ကျင့်ရာမှာ အကူအညီ ဖြစ်စေဖို့ ဒီစာအုပ်​ကို ထုတ်ဝေ​ရတာပါ။ ဘဝ​အခြေအနေ​ အမျိုးမျိုး​မှာ ကျမ်းစာ​အခြေခံ​မူတွေကို လက်တွေ့​ကျင့်သုံး​နိုင်ဖို့ ဒီစာအုပ်​က ကူညီ​ပေးပါလိမ့်မယ်။ အခြေအနေ​တိုင်း​အတွက် စည်းမျဉ်း​စာရင်းကို ဒီ​စာအုပ်မှာ ဖော်ပြ​မထားပါဘူး။ ဘုရားရဲ့ အခြေခံ​မူတွေ​အပေါ် အခြေခံ​တဲ့ “ခရစ်တော်ရဲ့ တရား” အတိုင်း ကျွန်တော်တို့ အသက်ရှင်နေ​ထိုင်​ကြပါတယ်။ (ဂလာတိ ၆:၂) သတ်သတ်မှတ်မှတ် ပညတ် မရှိလို့ အမှား​လုပ်မိတာပါ​ဆိုပြီး ဆင်ခြေ​မပေး​ကြဘူး။ (၂ ကောရိန္သု ၄:၁၊ ၂။ ဟီဘရူး ၄:၁၃။ ၁ ပေတရု ၂:၁၆) အဲဒီအစား ယေဟောဝါကို ချစ်ကြောင်း ပြဖို့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို အသုံးပြုကြတယ်။

၂၁ ကျမ်းစာ​အခြေခံ​မူတွေကို တွေးတော​ဆင်ခြင်​ပြီး လက်တွေ့​ကျင့်သုံးတဲ့​အခါ “ပိုင်းခြားသိမြင်နိုင်စွမ်း” ကို သုံးဖို့၊ ယေဟောဝါ ရှုမြင်သလို ရှုမြင်​ဖို့ သင်ယူ​နေတာပါ။ (ဟီဘရူး ၅:၁၄) လေ့ကျင့်​ထားတဲ့ အမှားအမှန်​သိစိတ်​က ရှေ့​ဆ​က်​လမ်းညွှန်​ပေးပြီး ဘုရား​မေတ္တာတော် ဆက်ခံစား​နေဖို့ ကူညီ​ပေးပါလိမ့်မယ်။

^ အရက်စွဲ​သူတွေဟာ ဘယ်လောက် သောက်​မယ်​ဆိုတာကို ထိန်းချုပ်​ဖို့ အရမ်း​ခက်တယ်လို့ ဆရာဝန်​တချို့ ပြောတယ်။ အရက် လုံးဝ မ​သောက်ဖို့ ဆရာဝန်တွေ အကြံ​ပေးကြတယ်။