အခန်း ၁၂
“ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ”
“ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ . . . ကောင်းတဲ့ စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ။” —ဧဖက် ၄:၂၉။
၁-၃။ (က) ယေဟောဝါဆီက ကောင်းမြတ်တဲ့ ဆုကျေးဇူးတစ်ခုက ဘာလဲ။ ဘယ်လို တလွဲသုံးမိနိုင်သလဲ။ (ခ) စကားပြောနိုင်စွမ်း ဆုကျေးဇူးကို ဘယ်လို အသုံးပြုသင့်သလဲ။
ဖခင်က ဆယ်ကျော်သက် သားလေးကို စက်ဘီးတစ်စီး ပေးလိုက်တယ်။ ဒီလိုအထူးလက်ဆောင်မျိုး ပေးရလို့ ဖခင် ပျော်တယ်။ ဒါပေမဲ့ သားက စက်ဘီးကို မဆင်မခြင် စီးလို့ တစ်ယောက်ယောက်ကို တိုက်မိပြီး ထိခိုက်ဒဏ်ရာ ရသွားတယ်ဆိုရင်ကော။ ဖခင် ဘယ်လို ခံစားရမလဲ။
၂ ယေဟောဝါဟာ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ကို ပေးတဲ့အရှင် ဖြစ်တယ်။ (ယာကုပ် ၁:၁၇) ကောင်းမြတ်တဲ့ ဆုကျေးဇူးတစ်ခုကတော့ စကားပြောနိုင်စွမ်းပါပဲ။ စကားပြောနိုင်စွမ်း ဆုကျေးဇူးကြောင့် ကျွန်တော်တို့ရဲ့ အကြံအစည်၊ ခံစားချက်တွေ ထုတ်ပြောနိုင်တယ်။ လူတွေကို အကူအညီ ဖြစ်စေတဲ့၊ စိတ်သက်သာစေတဲ့ စကားတွေ ပြောနိုင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စကားက တခြားသူတွေကို ထိခိုက်နာကျင်စေတာလည်း ဖြစ်နိုင်တယ်။
၃ စကားက တကယ် အစွမ်းထက်တယ်။ ဒါကြောင့် စကားပြောနိုင်စွမ်း ဆုကျေးဇူးကို ကောင်းစွာ အသုံးပြုနိုင်ပုံအကြောင်း ယေဟောဝါ သင်ပေးတယ်။ “ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ နားထောင်သူအတွက် အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကို ကြည့်ပြီး ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ” လို့ ယေဟောဝါ မိန့်မှာတယ်။ (ဧဖက် ၄:၂၉) ဒီစကားပြောနိုင်စွမ်း ဆုကျေးဇူးကို ဘုရား နှစ်သက်တဲ့နည်း၊ တခြားသူတွေကို အားပေးနိုင်တဲ့နည်းနဲ့ အသုံးပြုနိုင်ပုံအကြောင်း ဆွေးနွေးကြစို့။
အပြောအဆိုကို ဂရုစိုက်ပါ
၄၊ ၅။ စကားပြောနိုင်စွမ်းနဲ့ပတ်သက်ပြီး ကျမ်းစာပါ ပညာရှိစကားတွေကနေ ဘာသင်ယူနိုင်သလဲ။
၄ စကားဟာ အစွမ်းတန်းခိုး ရှိလို့ ပြောဆိုတဲ့စကားနဲ့ ပြောဆိုပုံကို ဂရုစိုက်ရမယ်။ “ညင်ညင်သာသာ ပြောတဲ့စကားဟာ အသက်ပင်ပဲ။ လှည့်စားတဲ့ စကားကတော့ စိတ်ပျက်အားလျော့စေတယ်” လို့ ပညာအလိမ္မာ ၁၅:၄ မှာ ဖော်ပြထားတယ်။ လှပတဲ့ သစ်ပင်က လန်းဆန်းရှင်သန်စေသလိုကြင်နာတဲ့ စကားတွေက ကြားရသူကို လန်းဆန်းစေတယ်။ ကြမ်းတမ်းတဲ့ စကားတွေကတော့ တခြားသူတွေကို စိတ်ထိခိုက်နာကျင်စေတယ်။—ပညာအလိမ္မာ ၁၈:၂၁။
၅ “မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ” လို့ ပညာအလိမ္မာ ၁၂:၁၈ မှာ ဖော်ပြထားတယ်။ စာနာမှုမဲ့တဲ့ စကားတွေဟာ စိတ်ထိခိုက်နာကျင်စေနိုင်တယ်။ ခင်မင်မှု ပျက်စေနိုင်တယ်။ တစ်ယောက်ယောက် မစာမနာ ပြောလိုက်တဲ့စကားကြောင့် အတော်လေး စိတ်ထိခိုက်ခဲ့ရတာ ပြန်သတိရနိုင်တယ်။ “ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ပညာအလိမ္မာကျမ်းမှာ ဆက်ဖော်ပြတယ်။ စဉ်းစားဆင်ခြင်ပြီး ပြောတဲ့စကားက စိတ်ဒဏ်ရာကို ကုစားပေးနိုင်တယ်။ နားလည်မှု လွဲမှားတာတွေကြောင့် ပျက်စီးသွားတဲ့ ဆက်ဆံရေးကို ပြန်ကောင်းလာစေနိုင်တယ်။ (ပညာအလိမ္မာ ၁၆:၂၄ ကိုဖတ်ပါ။) ကိုယ့်စကားက သူတစ်ပါးအပေါ် သက်ရောက်မှု ရှိကြောင်း သတိရမယ်ဆိုရင် ဂရုတစိုက် ပြောဆိုကြပါမယ်။
၆။ အပြောအဆို ထိန်းချုပ်ဖို့ ဘာကြောင့် ခက်ခဲသလဲ။
၆ အပြောအဆို ဂရုစိုက်ဖို့ လိုအပ်တဲ့ နောက်အကြောင်းရင်းကတော့ ကျွန်တော်တို့အားလုံး မစုံလင်ကြလို့ပါ။ “လူတွေဟာ . . . စိတ်အကြံအစည် ဆိုးညစ်ကြတယ်။” ကိုယ်ပြောတဲ့စကားက ကိုယ့်စိတ်ထဲ ရှိတဲ့အရာကို ဖော်ပြလေ့ ရှိတယ်။ (ကမ္ဘာဦး ၈:၂၁။ လုကာ ၆:၄၅) အပြောအဆို ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ (ယာကုပ် ၃:၂-၄ ကို ဖတ်ပါ။) ဒါပေမဲ့ တခြားသူတွေနဲ့ ပြောဆိုပုံကို တိုးတက်အောင် လုပ်ရမယ်။
၇၊ ၈။ ပြောဆိုတဲ့စကားက ယေဟောဝါနဲ့ ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ။
၇ ပြောဆိုတဲ့စကားနဲ့ ပြောဆိုပုံအတွက် ယေဟောဝါရှေ့ စာရင်းရှင်းရမှာမို့ ဂရုစိုက်ရမယ်။ “ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ” လို့ ယာကုပ် ၁:၂၆ မှာ ဖော်ပြထားတယ်။ “အချည်းနှီး” လို့ ပြန်ဆိုတဲ့ မူရင်းစကားလုံးက “အသုံးမဝင်” လို့လည်း အဓိပ္ပာယ်ရတယ်။ (၁ ကောရိန္သု ၁၅:၁၇) ဒါကြောင့် အပြောအဆို ဂရုမစိုက်ရင် ဒုက္ခရောက်နိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကိုတောင် ပျက်စီးစေနိုင်တယ်။—ယာကုပ် ၃:၈-၁၀။
၈ ပြောဆိုတဲ့စကားနဲ့ ပြောဆိုပုံကို ဂရုစိုက်ဖို့ အကြောင်းကောင်းတွေ ရှိတာ ရှင်းပါတယ်။ ယေဟောဝါ နှစ်သက်တဲ့နည်းအတိုင်း စကားပြောနိုင်စွမ်း ဆုကျေးဇူးကို အသုံးပြုနိုင်ဖို့ ဘယ်လို အပြောအဆိုမျိုးတွေကို ရှောင်ရမယ်ဆိုတာ သိထားရမယ်။
ထိခိုက်စေတဲ့စကား
၉၊ ၁၀။ (က)ဒီနေ့ လောကမှာ ဘယ်လို စကားမျိုး ကြားနေရသလဲ။ (ခ) ညစ်ညမ်းတဲ့စကားကို ဘာကြောင့် ရှောင်ကြသလဲ။
၉ ဒီနေ့ခေတ်မှာ ညစ်ညမ်းတဲ့၊ မသန့်ရှင်းတဲ့ စကားတွေ အမြဲကြားနေရတယ်။ လူများစွာက ကိုယ့်စကားကို လိုရင်းရောက်ဖို့ ရိုင်းစိုင်းယုတ်ညံ့တဲ့ စကားတွေ ပြောရမယ်လို့ ထင်ကြတယ်။ လူရွှင်တော်တွေလည်း ညစ်ညမ်းတဲ့၊ မဖွယ်မရာ စကားတွေနဲ့ ပြက်လုံး ထုတ်ကြတယ်။ ဒါပေမဲ့ “ဒေါသကြီးတာ၊ စိတ်ဆိုးတာ၊ ဆိုးသွမ်းတာ၊ ဆဲဆိုတာ၊ ညစ်ညမ်းတဲ့စကား ပြောတာတွေကို ရှောင်ရမယ်” လို့ တမန်တော် ပေါလု ပြောခဲ့တယ်။ (ကောလောသဲ ၃:၈) ခရစ်ယာန်စစ်တွေဟာ “ညစ်ညမ်းတဲ့ ပြက်လုံးတွေ” ကို “စကားနဲ့တောင် မပြော” သင့်ဘူးလို့ ပြောခဲ့တယ်။—ဧဖက် ၅:၃၊ ၄။
၁၀ ညစ်ညမ်းတဲ့စကားကို ယေဟောဝါနဲ့ ယေဟောဝါကို ချစ်တဲ့သူတွေ စက်ဆုပ်ရွံရှာကြတယ်။ အဲဒါက မသန့်ရှင်းဘူး။ ကျမ်းစာမှာ ဖော်ပြတဲ့ “အပြစ်ရှိတဲ့ အကျင့်တွေ” ထဲမှာ “မသန့်ရှင်းခြင်း” ပါဝင်တယ်။ (ဂလာတိ ၅:၁၉-၂၁) “မသန့်ရှင်းခြင်း” ထဲမှာ အပြစ်အမျိုးမျိုး ပါဝင်နိုင်တယ်။ မသန့်ရှင်းတဲ့အကျင့်တစ်ခုက နောက်တစ်ခုကို ဦးတည်စေနိုင်တယ်။ အလွန်အကျွံ ညစ်ညမ်းတဲ့စကား ပြောတဲ့အကျင့် ရှိမယ်၊ မရပ်တန့်ဘူးဆိုရင် အသင်းတော်ကနေ နှင်ထုတ်နိုင်တယ်။—၂ ကောရိန္သု ၁၂:၂၁။ ဧဖက် ၄:၁၉။ ရှင်းလင်းချက် ၂၃ ကို ကြည့်ပါ။
၁၁၊ ၁၂။ (က) ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းဆိုတာ ဘာလဲ။ (ခ) အသရေဖျက်ခြင်းကို ဘာကြောင့် ရှောင်သင့်သလဲ။
၁၁ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းကိုလည်း ရှောင်ရမယ်။ တခြားသူတွေအကြောင်း စိတ်ဝင်တစားရှိတာ၊ မိတ်ဆွေ၊ မိသားစုတွေကို သတင်းဝေမျှတတ်ကြတာ သဘာဝပါပဲ။ ပထမရာစုတုန်းကတောင် အစောပိုင်း ခရစ်ယာန်တွေဟာ ညီအစ်ကို/မတွေရဲ့ အခြေအနေ၊ သူတို့အတွက် လုပ်ပေးနိုင်ရာတွေ အကြောင်း သိချင်ခဲ့ကြတယ်။ (ဧဖက် ၆:၂၁၊ ၂၂။ ကောလောသဲ ၄:၈၊ ၉) ဒါပေမဲ့ တခြားသူတွေအကြောင်း စကားစမြည် ပြောရာကနေ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းဘက် အလွယ်တကူ ပြောင်းသွားတတ်တယ်။ အတင်းအဖျင်းတွေကို တစ်ဆင့်ပြန်ပြောရင် မဟုတ်မမှန် သတင်းတွေ၊ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ ပြောမိသွားနိုင်တယ်။ ဂရုမစိုက်ရင် အတင်းအဖျင်းကနေ မဟုတ်မမှန် စွပ်စွဲမှု၊ အသရေဖျက်မှု ဖြစ်သွားနိုင်တယ်။ ဖာရိရှဲတွေက ယေရှု မလုပ်ခဲ့တာတွေကို လုပ်ပါတယ်ဆိုပြီး စွပ်စွဲပြီး အသရေဖျက်ခဲ့ကြတယ်။ (မဿဲ ၉:၃၂-၃၄။ ၁၂:၂၂-၂၄) အသရေဖျက်ခြင်းက လူတစ်ယောက်ရဲ့ နာမည်ကောင်းကို ထိခိုက်စေတယ်။ ငြင်းခုံရန်တွေ့တာ၊ နာကျင်တာတွေ ဖြစ်စေတယ်။ အခင်အမင် ပျက်စေတယ်။—ပညာအလိမ္မာ ၂၆:၂၀။
၁၂ ယေဟောဝါက တခြားသူတွေကို ကူညီအားပေးရာရောက်တဲ့၊ အမုန်းမပွားစေတဲ့ စကားတွေ ပြောစေချင်တယ်။ “ညီအစ်ကိုချင်း ခိုက်ရန်ဖြစ်အောင် လုပ်တဲ့သူတွေ” ကို ယေဟောဝါ မုန်းတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) ပထမဆုံး အသရေဖျက်သူကတော့ ဘုရားကို အသရေဖျက်သူ စာတန်မာရ်နတ်ပါပဲ။ (ဗျာဒိတ် ၁၂:၉၊ ၁၀) ဒီနေ့ လောကမှာ တစ်ယောက်အကြောင်း တစ်ယောက် လိမ်လည်ပြောဆိုတာက သာမန်ကိစ္စ ဖြစ်နေတယ်။ ခရစ်ယာန် အသင်းတော်မှာ ဒါမျိုး မရှိသင့်ဘူး။ (ဂလာတိ ၅:၁၉-၂၁) ဒါကြောင့် ကိုယ်ပြောဆိုတဲ့စကားကို ဂရုစိုက်သင့်တယ်။ မပြောခင် အမြဲ စဉ်းစားသင့်တယ်။ တစ်ယောက်ယောက်အကြောင်း တစ်ဆင့်မပြောခင် ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ငါပြောမယ့် သတင်း မှန်ရဲ့လား။ ပြောလိုက်ရင် စာနာရာ ရောက်ပါ့မလား။ အကျိုးရှိမလား။ ငါပြောတာ အဲဒီလူကို ကြားစေချင်သလား။ ငါ့အကြောင်း တစ်ယောက်ယောက် ဒီလိုပြောရင် ငါဘယ်လို ခံစားရမလဲ။’—၁ သက်သာလောနိတ် ၄:၁၁ ကို ဖတ်ပါ။
၁၃၊ ၁၄။ (က) ဆဲဆိုခြင်းက ဘာဖြစ်စေနိုင်သလဲ။ (ခ) ထိပါးပုတ်ခတ်ပြောဆိုခြင်းဆိုတာ ဘာလဲ။ ခရစ်ယာန်တွေ ဘာကြောင့် ရှောင့်သင့်သလဲ။
၁၃ နောက်မှ နောင်တရမယ့် စကားတွေ ပြောမိတတ်ကြတယ်။ ဒါပေမဲ့ တခြားသူတွေအကြောင်း ပြစ်တင်ဝေဖန်တတ်တဲ့အကျင့်၊ မစာမနာ ရင့်ရင့်သီးသီး ပြောဆိုတတ်တဲ့အကျင့် မရှိချင်ကြဘူး။ ကျွန်တော်တို့အသက်တာမှာ ဆဲဆိုတဲ့စကားအတွက် နေရာ မရှိဘူး။ “အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ” လို့ ပေါလု ပြောခဲ့တယ်။ (ဧဖက် ၄:၃၁) တခြားဘာသာပြန်ကျမ်းတွေမှာ “ဆဲဆိုခြင်း” ကို “ယုတ်မာတဲ့စကား၊” “ထိခိုက်နစ်နာစေတဲ့စကား၊” “စော်ကားတဲ့စကား” လို့ ပြန်ဆိုကြတယ်။ ဆဲဆိုခြင်းက သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ တန်ဖိုးမရှိဘူးလို့ ခံစားရစေတယ်။ အထူးသဖြင့် ကလေးတွေ အလွယ်တကူ စိတ်ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြောအဆိုကြောင့် ကလေးတွေ သိမ်ငယ်မသွားအောင် အထူးဂရုစိုက်ချင်ကြပါတယ်။—ကောလောသဲ ၃:၂၁။
၁၄ ဆဲရေးကဲ့ရဲ့တာ၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားနဲ့ ထိပါးပုတ်ခတ်တာကို ကျမ်းစာက ပြင်းပြင်းထန်ထန် သတိပေးထားတယ်။ ထိပါးပုတ်ခတ်ခြင်းဆိုတာ သူတစ်ပါးကို ထိခိုက်နာကျင်စေချင်တဲ့ သဘောနဲ့ စော်ကားချိုးနှိမ်ပြောဆိုခြင်း ဖြစ်တယ်။ တစ်ယောက်ယောက်က ကိုယ့်အိမ်ထောင်ဖက်၊ သားသမီးတွေကို အဲဒီလိုပြောဆိုဆက်ဆံရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်သလဲ။ ထိပါးပုတ်ခတ်ပြောဆိုတာကို မရပ်တန့်တဲ့သူဟာ အသင်းတော်သားတစ်ယောက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး။ (၁ ကောရိန္သု ၅:၁၁-၁၃။ ၆:၉၊ ၁၀) လေ့လာသိရှိခဲ့ပြီးတဲ့အတိုင်း ညစ်ညမ်းတဲ့၊ မဟုတ်မမှန်တဲ့၊ စာနာမှုမဲ့တဲ့ စကားတွေ ပြောဆိုမယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး၊ တခြားသူတွေနဲ့ ဆက်ဆံရေး ထိခိုက်မယ်။
အပြုသဘောပါတဲ့စကား
၁၅။ ဘယ်လိုစကားမျိုးက ဆက်ဆံရေးကို ပိုကောင်းစေနိုင်သလဲ။
၁၅ ယေဟောဝါ အလိုတော်အတိုင်း စကားပြောနိုင်စွမ်း ဆုကျေးဇူးကို ဘယ်လို အသုံးပြုနိုင်သလဲ။ ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့စကားဆိုပြီး ကျမ်းစာမှာ အတိအကျ ဖော်ပြမထားပေမဲ့ “ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ” လို့ ဆိုထားတယ်။ (ဧဖက် ၄:၂၉) အပြုသဘောပါတဲ့စကားက သန့်ရှင်းတယ်၊ ကြင်နာတယ်၊ မှန်ကန်တယ်။ တခြားသူတွေကို အားပေးကူညီဖို့ စကားပြောနိုင်စွမ်းကို ယေဟောဝါ အသုံးပြုစေချင်တယ်။ ဒါ ခက်နိုင်တယ်။ ကြမ်းကြမ်းတမ်းတမ်း၊ မဆင်မခြင် ပြောဖို့ထက် အပြုသဘောပါတဲ့ စကားတွေ ပြောဖို့ ပိုအားထုတ်ရတယ်။ (တိတု ၂:၈) အပြောအဆိုအားဖြင့် တခြားသူတွေကို တည်ဆောက်ပေးနိုင်တဲ့ နည်းတချို့ သုံးသပ်ကြစို့။
၁၆၊ ၁၇။ (က) တခြားသူတွေကို ဘာကြောင့် ချီးမွမ်းပေးသင့်သလဲ။ (ခ) ဘယ်သူတွေကို ချီးမွမ်းပေးနိုင်သလဲ။
၁၆ ယေဟောဝါကော ယေရှုပါ ချီးမွမ်းစကား ဆိုလေ့ရှိကြတယ်။ ကျွန်တော်တို့လည်း တုပချင်ကြတယ်။ (မဿဲ ၃:၁၇။ ၂၅:၁၉-၂၃။ ယောဟန် ၁:၄၇) အမှန်တကယ် အားပေးမှု ဖြစ်စေတဲ့ ချီးမွမ်းစကား ပြောဆိုခြင်းမှာ အသေအချာ စဉ်းစားပေးခြင်း၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု ပြခြင်းတို့ ပါဝင်တယ်။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်” လို့ ပညာအလိမ္မာ ၁၅:၂၃ မှာ ဖော်ပြတယ်။ တစ်ယောက်ယောက်က ကိုယ့်ကြိုးစားမှုအတွက် ရိုးရိုးသားသား ချီးမွမ်းတဲ့အခါ၊ ကိုယ့်လုပ်ဆောင်မှုတစ်ခုခုအတွက် ကျေးဇူးတင်စကား ပြောတဲ့အခါ အားတက်လာကြတယ်။—မဿဲ ၇:၁၂ ကို ဖတ်ပါ။ ရှင်းလင်းချက် ၂၇ ကို ကြည့်ပါ။
၁၇ သူတစ်ပါးရဲ့ ကောင်းကွက်ကို ရှာကြည့်တဲ့အကျင့် ရှိရင် စိတ်ရင်းမှန်နဲ့ ချီးမွမ်းဖို့ ပိုလွယ်ကူလာမယ်။ ဥပမာ၊ ဟောပြောချက်တွေကို ကောင်းကောင်း ပြင်ဆင်တဲ့၊ အစည်းအဝေးမှာ မှတ်ချက်ပေးဖို့ ကြိုးစားတဲ့ အသင်းတော်က တစ်ယောက်ယောက်ကို သတိပြုမိနိုင်တယ်။ လူငယ်တစ်ယောက် ကျောင်းမှာ အမှန်တရားဘက် ရပ်တည်တာ၊ သက်ကြီးတစ်ယောက် အမှုဆောင်မှာ ပုံမှန်ပါဝင်တာမျိုး ဖြစ်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ကျေးဇူးတင်စကားကို သူတို့ လိုအပ်နေတာ ဖြစ်နိုင်တယ်။ ခင်ပွန်းက ဇနီးကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောဖို့လည်း သိပ်အရေးကြီးတယ်။ (ပညာအလိမ္မာ ၃၁:၁၀၊ ၂၈) အပင် ရှင်သန်ဖို့ အလင်းရောင်နဲ့ ရေ လိုအပ်သလို လူတွေလည်း တန်ဖိုးထားခံရတယ်လို့ ခံစားဖို့ လိုတယ်။ အထူးသဖြင့် ကလေးတွေအတွက် ဖြစ်တယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေ၊ ကြိုးစားမှုတွေအတွက် ချီးမွမ်းဖို့ အခွင့်အရေး ရှာပါ။ ချီးမွမ်းခြင်းက သားသမီးတွေကို အားရှိစေတယ်။ ယုံကြည်စိတ်ချမှု ရှိစေတယ်။ မှန်ရာကို လုပ်ဆောင်ဖို့ ကြိုးစားချင်စိတ် ပိုရှိစေတယ်။
၁၈၊ ၁၉။ တခြားသူတွေကို ဘာကြောင့် အတတ်နိုင်ဆုံး အားပေးနှစ်သိမ့်သင့်သလဲ။ ဘယ်လို အားပေးနှစ်သိမ့်နိုင်သလဲ။
၁၈ တခြားသူတွေကို အားပေးနှစ်သိမ့်တဲ့အခါ ယေဟောဝါရဲ့ စံနမူနာကို လိုက်လျှောက်တာ ဖြစ်တယ်။ ဘုရားက “စိတ်နှိမ့်ချသူ” နဲ့ “စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ” ကို အလွန်ဂရုစိုက်တယ်။ (ဟေရှာယ ၅၇:၁၅) “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေး” ဖို့၊ “စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့” ယေဟောဝါ အလိုတော်ရှိတယ်။ (၁ သက်သာလောနိတ် ၅:၁၁၊ ၁၄) အားပေးနှစ်သိမ့်ဖို့ ကြိုးစားတဲ့အခါ ဘုရား သတိထားမိပြီး တန်ဖိုးထားတယ်။
၁၉ အသင်းတော်မှာ တစ်ယောက်ယောက် စိတ်ဓာတ်ကျနေတာ၊ ဝမ်းနည်းကြေကွဲနေတာ သတိထားမိနိုင်တယ်။ အကူအညီ ဖြစ်စေဖို့ ဘာပြောနိုင်သလဲ။ ပြဿနာကို ဖြေရှင်းမပေးနိုင်ပေမဲ့ ဂရုစိုက်ကြောင်းကိုတော့ သိစေနိုင်တယ်။ ဥပမာ၊ ပေါင်းသင်းဖို့ စီစဉ်နိုင်တယ်။ အားရှိစရာ ကျမ်းချက်တစ်ချက် ဖတ်ပြနိုင်တယ်။ ဆုတောင် တောင်းပေးနိုင်တယ်။ (ဆာလံ ၃၄:၁၈။ မဿဲ ၁၀:၂၉-၃၁) အသင်းတော်က ညီအစ်ကို/မတွေ သူတို့ကို ချစ်မှန်း စိတ်ချစေပါ။ (၁ ကောရိန္သု ၁၂:၁၂-၂၆။ ယာကုပ် ၅:၁၄၊ ၁၅) ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောပါ။—ပညာအလိမ္မာ ၁၂:၂၅ ကို ဖတ်ပါ။
၂၀၊ ၂၁။ အကြံဉာဏ်ကို လက်ခံဖို့ ဘာက လွယ်ကူစေသလဲ။
၂၀ အကြံဉာဏ်ကောင်း ပေးတဲ့အခါလည်း တခြားသူတွေ အားရှိတယ်။ ကျွန်တော်တို့ မစုံလင်သူတွေအားလုံး အခါအားလျော်စွာ အကြံဉာဏ် လိုအပ်ကြတယ်။ “အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်” လို့ ပညာအလိမ္မာ ၁၉:၂၀ က ဆိုတယ်။ အကြီးအကဲတွေပဲ အကြံဉာဏ် ပေးနိုင်တာ မဟုတ်ဘူး။ မိဘတွေက သားသမီးတွေကို လမ်းညွှန်ပေးရမယ်။ (ဧဖက် ၆:၄) ညီအစ်မတွေ အချင်းချင်း အကြံဉာဏ်ကောင်း ပေးနိုင်တယ်။ (တိတု ၂:၃-၅) ညီအစ်ကို/မတွေကို ချစ်လို့ စိတ်မကောင်း မဖြစ်မယ့်နည်းနဲ့ အကြံပေးဖို့ ဂရုစိုက်ကြတယ်။ ဘာက ကူညီနိုင်သလဲ။
၂၁ လက်ခံရ လွယ်တဲ့နည်းနဲ့ တစ်ယောက်ယောက် အကြံဉာဏ်ကောင်း ပေးခဲ့တဲ့အချိန်ကို သတိရနိုင်တယ်။ ဘာက ထိရောက်စေသလဲ။ အကြံပေးသူက ကိုယ့်ကို တကယ် ဂရုစိုက်မှန်း ခံစားရလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကြင်ကြင်နာနာ၊ မေတ္တာပါပါ ပြောလို့ ဖြစ်နိုင်တယ်။ (ကောလောသဲ ၄:၆) ကျမ်းစာအခြေပြု အကြံဉာဏ် ဖြစ်လို့လည်း ဖြစ်နိုင်တယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာကို တိုက်ရိုက် ကိုးကားသည်ဖြစ်စေ၊ မကိုးကားသည်ဖြစ်စေ ကျမ်းစာကို အခြေခံသင့်တယ်။ ကိုယ်ရှုမြင်သလို တခြားသူတွေ ရှုမြင်ဖို့ အတင်းအကျပ် ဖိအားမပေးသင့်ဘူး။ ကိုယ့်ထင်မြင်ချက်ကို ထောက်ခံဖို့ ကျမ်းချက်တွေ တလွဲမသုံးသင့်ဘူး။ ကိုယ်ရခဲ့ဖူးတဲ့ အကြံပေးပုံကို သတိရခြင်းက တခြားသူတွေကို အကြံပေးတဲ့အခါ အကူအညီ ဖြစ်စေပါလိမ့်မယ်။
၂၂။ စကားပြောနိုင်စွမ်း ဆုကျေးဇူးကို ဘယ်လို အသုံးပြုချင်သလဲ။
၂၂ စကားပြောနိုင်စွမ်းက ဘုရားဆီက ဆုကျေးဇူး ဖြစ်တယ်။ ဘုရားကို ချစ်တဲ့မေတ္တာက အဲဒီဆုကျေးဇူးကို မှန်မှန်ကန်ကန် အသုံးပြုဖို့ လှုံ့ဆော်ပေးသင့်တယ်။ စကားတွေက စိတ်ထိခိုက်နိုင်စွမ်းကော အားပေးနိုင်စွမ်းပါ ရှိကြောင်း သတိရပါ။ ဒါကြောင့် သူတစ်ပါးကို ခွန်အားရှိစေတဲ့ စကားတွေကိုပဲ အတတ်နိုင်ဆုံး ပြောကြပါစို့။