မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ

မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ

“မာရ်နတ်ကို ခုခံ​တွန်းလှန်​ကြပါ။ ဒါဆိုရင် ခင်ဗျားတို့​ဆီကနေ သူ ထွက်ပြေး​သွား​လိမ့်မယ်။”—ယာကုပ် ၄:၇

၁၊ ၂။ စာတန်၊ နတ်ဆိုး​တွေ​နဲ့ပတ်သက်ပြီး ဘာ​သိထားရ​မလဲ။

 ယေဟောဝါရဲ့ ကမ္ဘာသစ်မှာ နေ​ရမယ့် အသက်တာ​က သိပ်ကောင်းမှာပဲ။ ဘုရားသခင် ရည်ရွယ်​ထားတဲ့​အတိုင်း ကျွန်တော်တို့ အသက်ရှင်​ကြ​ရတော့မယ်။ လက်ရှိမှာ​တော့ စာတန်နဲ့ နတ်ဆိုး​တွေ ချုပ်ကိုင်​ထားတဲ့ လောကမှာ အသက်ရှင်​နေကြရတယ်။ (၂ ကောရိန္သု ၄:၄) မမြင်နိုင်ပေမဲ့ နတ်ဆိုး​တွေ အမှန်တကယ် တည်​ရှိတယ်။ တန်ခိုးကြီး​ကြတယ်။

ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေနိုင်ပုံ၊ စာတန့်​လက်​ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​နိုင်ပုံ​တို့ကို ဒီ​အခန်းမှာ ဆွေးနွေး​သွားမယ်။ ကျွန်တော်တို့ကို ကူညီ​ပေးမယ်လို့ ယေဟောဝါ ကတိ​ပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို လှည့်စား​တိုက်ခိုက်ဖို့ စာတန်နဲ့ နတ်ဆိုး​တွေ သုံးတဲ့ နည်းလမ်းတွေကို သိထား​ရမယ်။

“ဟိန်းဟောက်​နေတဲ့ ခြင်္သေ့​လို”

၃။ မာရ်နတ်​က ကျွန်တော်တို့ကို ဘာလုပ်ချင်သလဲ။

လူသားတွေ​က ကိုယ်ကျိုး​အတွက် ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​ကြ​တာ၊ အခက်အခဲ ကြုံ​ရင် ဘုရားကို ဝတ်ပြု​ကိုးကွယ်​ကြ​တော့​မှာ မဟုတ်ဘူးလို့ စာတန် အခိုင်အမာ ပြောထားတယ်။ (ယောဘ ၂:၄၊ ၅ ကိုဖတ်ပါ။) တစ်ယောက်ယောက်​က ယေဟောဝါ​အကြောင်း လေ့လာ​ချင်တဲ့​အခါ စာတန်နဲ့ နတ်ဆိုးတွေ သတိပြုမိ​ပြီး တားဆီး​ဖို့ ကြိုးစား​ကြတယ်။ လူတစ်ယောက် ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံတဲ့​အခါ သူတို့ ဒေါသထွက်​ကြတယ်။ မာရ်နတ်က “ဟိန်းဟောက်​နေတဲ့ ခြင်္သေ့​လို တစ်ယောက်ယောက်ကို ဝါးမျို​ဖို့ လှည့်လည်​ရှာဖွေတယ်” ဆိုပြီး ကျမ်းစာမှာ ဆိုထားတယ်။ (၁ ပေတရု ၅:၈) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို စာတန် ဖျက်ဆီး​ချင်တယ်။—ဆာလံ ၇:၁၊ ၂။ ၂ တိမောသေ ၃:၁၂

ယေဟောဝါ​ဆီ ကျွန်တော်တို့ ဆက်ကပ်​အပ်နှံ​တဲ့အခါ စာတန် ဒေါသထွက်

၄၊ ၅။ (က) စာတန် ဘာ​မလုပ်နိုင်ဘူး​လဲ။ (ခ) “မာရ်နတ်ကို ခုခံ​တွန်းလှန်” တ​ယ်​ဆိုတာ ဘာလဲ။

ဒါပေမဲ့ စာတန်နဲ့ နတ်ဆိုးတွေကို ကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့​အပေါ် သူတို့ရဲ့ လုပ်ဆောင်​နိုင်စွမ်း​ကို ယေဟောဝါ ကန့်သတ်​ထားတယ်။ စစ်မှန်တဲ့​ ခရစ်ယာန် “လူအုပ်ကြီး​တစ်အုပ်” “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်​လာမယ်​ဆိုပြီး ယေဟောဝါ ကတိ​ပြုတယ်။ (ဗျာဒိတ် ၇:၉၊ ၁၄) ​ယေဟောဝါ​က မိမိ​လူမျိုးကို ကာကွယ်​ပေးနေ​တာ​မို့ ဘုရား​ကတိတော် မပြည့်စုံ​အောင် မာရ်နတ် ဘာမှ မလုပ်နိုင်ဘူး။

ယေဟောဝါနဲ့ ရင်းနှီး​နေရင် ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို စာတန် မဖျက်ဆီး​နိုင်​ဘူး။ “ယေဟောဝါ​ဘုရား​ဘက်မှာ ခင်ဗျားတို့ ရှိ​နေသရွေ့ ဘုရားကလည်း ခင်ဗျားတို့​ဘက်မှာ ရှိနေမယ်” ဆိုပြီး ကျမ်းစာမှာ အာမခံ​ထားတယ်။ (၂ ရာဇဝင်ချုပ် ၁၅:၂။ ၁ ကောရိန္သု ၁၀:၁၃ ကို ဖတ်ပါ။) အာဗေလ၊ ဧနောက်၊ နောဧ၊ စာရာ၊ မောရှေ​စတဲ့ ရှေး​သစ္စာရှိ အမျိုးသား/သမီး​များစွာဟာ ယေဟောဝါနဲ့ ရင်းနှီး​နေခြင်း​အားဖြင့် မာရ်နတ်ကို ခုခံ​တွန်းလှန်​ခဲ့ကြတယ်။ (ဟီဘရူး ၁၁:၄-၄၀) ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်​နိုင်ပါတယ်။ “မာရ်နတ်ကို ခုခံ​တွန်းလှန်​ကြပါ။ ဒါဆိုရင် ခင်ဗျားတို့​ဆီကနေ သူ​ထွက်ပြေး​သွား​လိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ကတိ​ပြုတယ်။—ယာကုပ် ၄:၇

“ကျွန်တော်တို့ . . . တိုက်ခိုက်​နေရ”

၆။ ကျွန်တော်တို့ကို စာတန် ဘယ်လို တိုက်ခိုက်​သလဲ။

ကျွန်တော်တို့​အပေါ် လုပ်ဆောင်​နိုင်စွမ်း​နဲ့ပတ်သက်ပြီး ယေဟောဝါ ကန့်သတ်​ထားမှန်း စာတန် သိထား​တာ​တောင် ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး အားနည်း​သွား​အောင် ဘာ​မဆို ကြိုးစားလုပ်​မှာ​ပဲ။ ဒီနေ့ နည်းအမျိုးမျိုးနဲ့ မာရ်နတ် တိုက်ခိုက်​နေတယ်။ နှစ်ပေါင်း​ထောင်ချီ သုံးခဲ့​တဲ့ နည်းဗျူဟာ​တွေ သုံး​တယ်။ နည်းဗျူဟာ​တချို့က ဘာတွေလဲ။

၇။ ယေဟောဝါရဲ့ ကျေးကျွန်တွေကို စာတန် ဘာကြောင့် တိုက်ခိုက်​နေသလဲ။

“တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာ​အောက်မှာ ရှိနေ” တ​ယ်​ဆိုပြီး တမန်တော် ယောဟန် ရေးခဲ့တယ်။ (၁ ယောဟန် ၅:၁၉) ဆိုးညစ်တဲ့ ဒီလောက​ကို စာတန် ချုပ်ကိုင်​ထားတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကိုလည်း ချုပ်ကိုင်​ချင်တယ်။ (မိက္ခာ ၄:၁။ ယောဟန် ၁၅:၁၉။ ဗျာဒိတ် ၁၂:၁၂၊ ၁၇) မာရ်နတ်​က မိမိ​အချိန် သိပ်​မကျန်​တော့​မှန်း သိ​ထားလို့ ဘုရား​အပေါ် သစ္စာမဲ့​သွား​အောင် ကျွန်တော်တို့​ ယောက်​တိုင်း​ကို အပြင်းအထန် ဖိအား​ပေးနေတယ်။ တစ်ခါတလေ တိုက်ရိုက်​ တိုက်ခိုက်တယ်။ တစ်ခါတလေ သွယ်ဝိုက်​ တိုက်ခိုက်တယ်။

၈။ ခရစ်ယာန်​ယောက်​တိုင်း ဘာကို အသိအမှတ်ပြု​ရမလဲ။

“ကျွန်တော်တို့ဟာ . . . ကောင်းကင်က နတ်ဆိုး​များစွာနဲ့ တိုက်ခိုက် [“နပန်း​သတ်၊” အောက်ခြေမှတ်ချက်] နေရတာ ပါ” ဆိုပြီး ဧဖက် ၆:၁၂ မှာ ဖတ်​ရတယ်။ ခရစ်ယာန်​ယောက်​တိုင်း မာရ်နတ်​နဲ့ နတ်ဆိုးတွေကို ကိုယ်တိုင် တိုက်ခိုက်​ရတယ်။ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံထားသူ​တိုင်း တိုက်ပွဲ​ထဲ ရောက်​သွားပြီ​ဆိုတာ အသိအမှတ်​ပြုရမယ်။ ဧဖက်​အသင်းတော်ကို ရေး​တဲ့ စာမှာ တမန်တော် ပေါလုက ခရစ်ယာန်တွေ​ကို “အခိုင်အမာ ရပ်တည်” ကြဖို့ သုံးကြိမ် တိုက်တွန်းခဲ့တယ်။—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄

၉။ စာတန်နဲ့ နတ်ဆိုးတွေက ကျွန်တော်တို့ကို ဘာလုပ်ဖို့ ကြိုးစား​နေကြ​သလဲ။

စာတန်နဲ့ နတ်ဆိုးတွေက ကျွန်တော်တို့ကို လှည့်ဖြား​ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစား​ကြတယ်။စာတန်ရဲ့ စမ်းသပ်မှု​တစ်မျိုး​ကို အောင်မြင်​ကျော်လွှား​နိုင်​ရုံ​နဲ့​ပဲ နောက်​တစ်နည်းနဲ့ လှည့်စား​မခံရ​တော့​ဘူးလို့ မဆိုလို​ဘူး။ မာရ်နတ်​က ထောင်ချောက်​ဆင် ဖမ်းဖို့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ကြိုးစား​ရှာဖွေ​နေတယ်။ ဒါပေမဲ့ မာရ်နတ်ရဲ့ ထောင်ချောက်တွေ​အကြောင်း ကျမ်းစာမှာ ဖော်ပြလို့ ကျွန်တော်တို့ ထောင်ချောက်​မိ​စ​ရာ မလိုပါဘူး။ (၂ ကောရိန္သု ၂:၁၁ရှင်းလင်းချက် ၃၁ ကို ကြည့်ပါ။) ထောင်ချောက်​တစ်ခုက​တော့ နတ်ဆိုး​ပညာ လိုက်စားခြင်းပါ။

နတ်ဆိုးတွေကို ဝေးဝေး​ရှောင်ပါ

၁၀။ (က) နတ်ဆိုး​ပညာ​ဆိုတာ ဘာလဲ။ (ခ) နတ်ဆိုးပညာကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

၁၀ နတ်ဆိုး​ပညာ​မှာ ဗေဒင်၊ စုန်းအတတ်၊ ပြုစားခြင်း၊ လူသေကို မေးမြန်းခြင်း​စတဲ့ သဘာဝလွန်​နည်း​တွေ သုံးပြီး နတ်ဆိုး​တွေ​နဲ့ ဆက်သွယ်ခြင်း ပါဝင်တယ်။ နတ်ဆိုး​ပညာ​ဟာ “ရွံမုန်း​စ​ရာ” ဖြစ်ကြောင်း၊ နတ်ဆိုး​ပညာ လိုက်စား​ပြီး တစ်ချိန်တည်းမှာ ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​လို့ မရ​ကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (တရားဟောရာ ၁၈:၁၀-၁၂။ ဗျာဒိတ် ၂၁:၈) နတ်ဆိုး​ပညာ မှန်သမျှကို ခရစ်ယာန်တွေ လုံးဝ ရှောင်ကြဉ်​ရမယ်။—ရောမ ၁၂:၉

၁၁။ သဘာဝလွန်​ဖြစ်ရပ်တွေကို စူးစမ်းခြင်းက ဘာ​ဖြစ်စေ​နိုင်သလဲ။

၁၁ သဘာဝလွန်​ဖြစ်ရပ်တွေကို ကျွန်တော်တို့ စိတ်ဝင်စား​နေတယ်​ဆိုရင် နတ်ဆိုး​ပညာ လိုက်စား​အောင် လုပ်ဖို့ လွယ်​သွားမယ်​ဆိုတာ စာတန် သိတယ်။ နတ်ဆိုး​ပညာ​မှန်သမျှ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီး​စေ​လိမ့်မယ်။

ကျွန်တော်တို့ကို လှည့်ဖြား​ဖို့ စာတန် ကြိုးစား​နေ

၁၂။ ကျွန်တော်တို့​တွေးခေါ်ပုံကို စာတန် ဘယ်လို ဩဇာ​လွှမ်းမိုး​ချင်​သလဲ။

၁၂ လူတွေရဲ့ တွေးခေါ်ပုံကို ရှုပ်ထွေး​သွား​စေဖို့ စာတန် ကြိုးစား​နေတယ်။ “အကောင်း​ကို အဆိုး၊ အဆိုးကို အကောင်း​လို့” လူတွေ ထင်​လာတဲ့​အထိ တဖြည်းဖြည်း သံသယဝင်​စေတယ်။ (ဟေရှာယ ၅:၂၀) ကျမ်းစာ​သွန်သင်ချက်တွေက လက်တွေ့​မကျ​ဘူး၊ ဘုရား​စံနှုန်းတွေကို လျစ်လျူရှု​ရင် ပိုပျော်​မ​ယ်​ဆိုတဲ့ အတွေးအခေါ်​ကို မာရ်နတ် အားပေး​အား​မြှောက်​လုပ်နေတယ်။

၁၃။ သံသယစိတ် ဝင်​အောင် စာတန် ဘယ်လို ကြိုးစား​ခဲ့သလဲ။

၁၃ သံသယပွား​စေတဲ့​နည်း​က စာတန်ရဲ့ အထိရောက်ဆုံး နည်းဗျူဟာ​တစ်ခုပါ။ ဒီနည်းကို စာတန် သုံးတာ ကြာပြီ။ “ဥယျာဉ်​ထဲမှာ ရှိတဲ့ အပင်​အားလုံးရဲ့ အသီးကို မစား​နဲ့​လို့ ဘုရားသခင် တကယ်ပဲ ပြော​သလား” လို့ မေး​ပြီး ဧဝကို စာတန် သံသယဝင်​စေခဲ့တယ်။ (ကမ္ဘာဦး ၃:၁) နောက်ပိုင်း ယောဘ​ခေတ် ရောက်တဲ့အခါ “ယောဘ​က ဘာအကျိုး​မှ မရဘဲ ဘုရားသခင်ကို ကြောက်​ပါ့မလား” ဆိုပြီး ကောင်းကင်တမန်တွေ ရှေ့မှာ ယေဟောဝါကို မေးခွန်းထုတ်​ခဲ့​တယ်။ (ယောဘ ၁:၉) နှစ်ခြင်းခံ​ပြီးနောက်မှာ ယေရှုကို “မင်း ဘုရားသခင်ရဲ့ သား မှန်​ရင် ဒီ​ကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေး​လိုက်​လေ” ဆိုပြီး စာတန် စိန်ခေါ်ခဲ့တယ်။—မဿဲ ၄:၃

၁၄။ နတ်ဆိုး​ပညာက အန္တရာယ်​ရှိလို့​လား​ဆိုပြီး လူတွေကို စာတန် ဘယ်လို သံသယဝင်​စေနိုင်သလဲ။

၁၄ ဒီနေ့လည်း မာရ်နတ်​က သံသယတွေ ဖန်တီး​နေတုန်းပဲ။ နတ်ဆိုး​ပညာ​တချို့ကို အပြစ်ကင်း​သ​ယောင် ဖန်တီးခြင်း​အားဖြင့် နတ်ဆိုး​ပညာက တကယ်ပဲ ဆိုး​လို့​လား​ဆိုပြီး လူတွေကို သံသယဝင်​စေတယ်။ ခရစ်ယာန်​တချို့​တောင် နတ်ဆိုး​ပညာ​ရဲ့ အန္တရာယ်​တွေကို မမြင်​ကြ​တော့​ဘူး။ (၂ ကောရိန္သု ၁၁:၃) ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာ​လုပ်နိုင်သလဲ။ စာတန်ရဲ့ နည်းဗျူဟာ​တွေ​နဲ့ လှည့်ဖြား​ခံ​မနေ​ရ​ကြောင်း ဘယ်လို သိနိုင်​သလဲ။ ကျွန်တော်တို့ လှည့်ဖြား​ခံရနိုင်တဲ့ ကဏ္ဍ​နှစ်ခု​ကို သုံးသပ်ကြည့်​ကြစို့။ ဖျော်ဖြေရေး​နဲ့ ဆေး​ကုသနည်း​တို့​ပါပဲ။

ကျွန်တော်တို့ရဲ့ ပင်​ကိုယ်​စိတ်ဆန္ဒ​ကို စာတန် အသုံးပြု

၁၅။ ဖျော်ဖြေရေး​က​တစ်ဆင့် နတ်ဆိုး​တွေ​နဲ့ ဘယ်လို ပတ်သက်​မိ​နိုင်သလဲ။

၁၅ ဒီနေ့ ရုပ်ရှင်၊ ဗီဒီယို၊ တီဗီ​အစီအစဉ်၊ ကွန်ပျူတာဂိမ်း၊ အင်တာနက် ဝက်ဘ်ဆိုက်​အများစုမှာ နတ်ဆိုး၊ မှော်ပညာ၊ သဘာဝလွန်​ စွမ်းအားတွေ​အကြောင်း တင်ဆက်​ကြတယ်။ ဒါတွေကို ပျော်စရာ၊ အန္တရာယ်​ကင်းတဲ့​အရာ​အဖြစ် လူအများ ရှုမြင်​ကြတယ်။ ဘဝ​အသက်တာ​ထဲ နတ်ဆိုးတွေကို ဝင်ရောက်ခွင့်​ပြုခြင်း​ရဲ့ အန္တရာယ်ကို မ​ရိပ်မိ​ကြဘူး။ ဇာတာခွင်၊ လက္ခဏာ​ဗေဒင်၊ တာရော့ကတ်၊ ဓာတ်​ဖန်လုံးတွေ​က​တစ်ဆင့် နတ်ဆိုး​ပညာ လိုက်စားမိ​နိုင်တယ်။ မာရ်နတ်​က ဒါ​တွေရဲ့ အန္တရာယ်ကို ဖုံးကွယ်​ထားပြီး ဆန်းကြယ်တဲ့၊ စိတ်ဝင်စားစရာ​ကောင်းတဲ့၊ ပျော်စရာ​ကောင်းတဲ့အရာ​တွေ​လို့ ထင်ရအောင် လုပ်နေတယ်။ နတ်ဆိုး​ပညာ ကိုယ်တိုင် မလိုက်စားသရွေ့ နတ်ဆိုးနဲ့​ဆိုင်တဲ့၊ သဘာဝ​လွန် စွမ်းအား​နဲ့​ဆိုင်တဲ့​အရာတွေ ကြည့်တာ အန္တရာယ် မရှိဘူးလို့​တောင် တွေးမိ​နိုင်တယ်။ ဒီလို​တွေးတာ ဘာကြောင့် အန္တရာယ်​ရှိသလဲ။—၁ ကောရိန္သု ၁၀:၁၂

၁၆။ သဘာဝလွန်​ စွမ်းအား​တွေ​အကြောင်း တင်ဆက်​ထားတဲ့ ဖျော်ဖြေရေး​ကို ဘာကြောင့် ငြင်းပယ်​သင့်သလဲ။

၁၆ ကျွန်တော်တို့ရဲ့ အတွေး​တွေကို စာတန်နဲ့ နတ်ဆိုး​တွေ မသိနိုင်​ဘူး။ ဒါပေမဲ့ ဖျော်ဖြေရေး​အပါအဝင် ကိုယ်တိုင်နဲ့ မိသားစုရဲ့ ရွေးချယ်မှုတွေက​တစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒ​နဲ့ စဉ်းစား​တွေးခေါ်ပုံကို သိနိုင်​ကြတယ်။ နတ်ကတော်​တွေ၊ မန်းမှုတ်တာ၊ နတ်ပူးတာ၊ စုန်းကဝေ၊ သွေးစုပ်​ဖုတ်ကောင်တွေ​အကြောင်း တင်ဆက်​ထားတဲ့ ရုပ်ရှင်၊ တေးဂီတ၊ စာအုပ်တွေ​ကို ရွေးချယ်​ရင် စာတန်နဲ့ နတ်ဆိုး​တွေ​အကြောင်း ကျွန်တော်တို့ စိတ်ဝင်စား​မှန်း သိသွား​ကြ​မ​ယ်။ အဲဒီနောက်​မှာ​တော့ နတ်ဆိုးပညာကို ကျွန်တော်တို့ လိုက်စား​မိအောင် ကြိုးစား​ကြ​ပါတော့မယ်။ဂလာတိ ၆:၇ ကိုဖတ်ပါ။

၁၇။ ကျန်းမာ​ချင်တဲ့ စိတ်ဆန္ဒ​ကို စာတန် ဘယ်လို အမြတ်​ထုတ်​နိုင်သလဲ။

၁၇ ကျန်းမာ​ချင်တဲ့ စိတ်ဆန္ဒ​ကိုလည်း စာတန် အမြတ်​ထုတ်​နိုင်တယ်။ ဒီနေ့ လူများစွာ ကျန်းမာရေး မကောင်း​ကြဘူး။ ဆေးကု​သ​မှု​အမျိုးမျိုး စမ်းကြည့်​ပြီးတာတောင် မ​သက်သာ​ဘဲ ဖြစ်နိုင်တယ်။ (မာကု ၅:၂၅၊ ၂၆) ကြံရာမရ ဖြစ်ပြီး ဘယ်နည်း​မဆို စမ်းကြည့်​ချင်​လာနိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေ​အနေနဲ့ “မှော်အတတ်” ပါဝင်တဲ့ ဆေး​ကုသမှုတွေ မရွေးချယ်​မိဖို့ ဂရုစိုက်​ကြရမယ်။—ဟေရှာယ ၁:၁၃

နာမကျန်း​ဖြစ်​ချိန်မှာ ယေဟောဝါကို မှီခို​အား​ထားပါ

၁၈။ ခရစ်ယာန်​တစ်ယောက် ဘယ်​ဆေး​ကုသနည်း​တွေကို ငြင်းပယ်​ရမလဲ။

၁၈ ရှေး​အစ္စရေး​ခေတ်မှာ “မှော်အတတ်” လိုက်စားသူ​တချို့ ရှိခဲ့တယ်။ “မင်းတို့ လက်​ဖြန့်​ဆုတောင်းတဲ့အခါ ငါ​မျက်စိ​လွှဲ​ထားမယ်။ အကြိမ်ကြိမ် ဆုတောင်းရင်လည်း ငါ​နားမထောင်ဘူး” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၁:၁၅) စဉ်းစား​ကြည့်ပါ– ဆုတောင်းချက်တွေကိုတောင် ယေဟောဝါ နားမထောင်​ပေး​တော့​ဘူး။ ယေဟောဝါနဲ့ ဆက်ဆံရေးကို ပျက်စီး​စေ​နိုင်တဲ့၊ ဘုရား​အကူအညီ ဆုံးရှုံး​စေမယ့် အရာ​မှန်သမျှ ကျွန်တော်တို့ မ​လုပ်ချင်​ကြပါဘူး။ အထူးသဖြင့် ဖျားနာ​ချိန်မှာ ဖြစ်တယ်။ (ဆာလံ ၄၁:၃) ဒါကြောင့် ကျွန်တော်တို့ စဉ်းစား​နေတဲ့ ဆေး​ကုသနည်း​က နတ်ဆိုး၊ သဘာဝလွန်​ စွမ်းအားတွေနဲ့ ဆက်နွှယ်​နေ,မနေ ဆန်းစစ်​ရမယ်။ (မဿဲ ၆:၁၃) ဆက်နွှယ်​နေ​ပုံ​ရ​ရင် ငြင်းပယ်​ရမယ်။—ရှင်းလင်းချက် ၃၂ ကို ကြည့်ပါ။

နတ်ဆိုး​ပုံပြင်များ

၁၉။ လူတွေ ကြောက်​အောင် မာရ်နတ် ဘယ်လို လုပ်သလဲ။

၁၉ မာရ်နတ်​နဲ့ နတ်ဆိုး​တွေ တ​ကယ် မ​ရှိပါ​ဘူးလို့ လူတချို့ ထင်ကြတယ်။ တချို့ကျတော့ ကိုယ်ပိုင်​အတွေ့အကြုံ​ကြောင့် နတ်ဆိုး​တွေ တကယ်​ရှိ​မှန်း သိကြတယ်။ နတ်ဆိုးတွေကို ကြောက်​ကြောက်​နဲ့ အသက်​ရှ​င်​နေကြ​သူတွေလည်း ရှိတယ်။ အယူသီးမှု​တွေရဲ့ ချုပ်နှောင်မှု​အောက် ရောက်နေ​သူတွေလည်း ရှိကြတယ်။ တချို့ကျတော့ နတ်ဆိုး​တွေ ခြောက်လှန့်​ပုံ​အကြောင်း ပုံပြင်တွေ ပြော​ခြင်းအားဖြင့် ကြောက်စိတ် ပျံ့နှံ့​စေ​ကြတယ်။ လူတွေက နတ်ဆိုး​ပုံပြင်တွေ​ကို ကြိုက်​နှစ်သက်​ပြီး တခြား​သူတွေကို ပြန်ပြော​ပြ​ချင်ကြတယ်။ နတ်ဆိုး​ပုံပြင်တွေ​ကြောင့် မာရ်နတ်ကို လူတွေ ကြောက်​လာကြတယ်။

၂၀။ စာတန်ရဲ့ မုသာ​စကားတွေကို ဘယ်လို ဖြန့်​မိ​နိုင်သလဲ။

၂၀ စဉ်းစား​ကြည့်ပါ– စာတန်ဟာ လူတွေရဲ့ အကြောက် ခံ​ချင်တယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) နတ်ဆိုး​ပညာ စိတ်ဝင်စား​သူတွေရဲ့ စိတ်​ကို ဩဇာ​လွှမ်းမိုး​နည်း၊ မဟုတ်မမှန်​ရာတွေကို ယုံကြည်​စေနိုင်တဲ့​နည်းတွေကို သိထားတဲ့ မုသာကောင် ဖြစ်တယ်။ ဒီလူတွေက မြင်ခဲ့၊ ကြားခဲ့တယ်​လို့ ထင်တဲ့​အရာတွေကို ပုံပြင်​လုပ်​ပြောကြမယ်။ တစ်ဆင့်​စကား တစ်ဆင့်​ပြော​ရင်း ချဲ့ကား​ပြောဆို​လာကြတယ်။ ဒီလို​ပုံပြင်တွေ​ကို လက်ဆင့်ကမ်း​ခြင်းအားဖြင့် ကြောက်စိတ် ပျံ့နှံ့အောင် လုပ်​နေတဲ့ စာတန်ကို ကျွန်တော်တို့ မကူညီချင်​ကြပါဘူး။—ယောဟန် ၈:၄၄။ ၂ တိမောသေ ၂:၁၆

၂၁။ နတ်ဆိုး​ပုံပြင်တွေ ပြောမယ့်​အစား ဘာအကြောင်း ပြောနိုင်သလဲ။

၂၁ ယေဟောဝါရဲ့ ကျေးကျွန်​တစ်ယောက်ဟာ နတ်ဆိုး​ရန် ကြုံခဲ့ဖူး​ရင်တောင် တခြား​သူတွေကို ပြန်ပြော​ပြ​မှာ မဟုတ်ဘူး။ မာရ်နတ်​နဲ့ နတ်ဆိုးတွေရဲ့ ရန်​ကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ကြောက်ဖို့ မလိုဘူး။ ယေရှု​အကြောင်း၊ ယေရှုကို ယေဟောဝါ ပေးထားတဲ့ တန်ခိုး​အကြောင်းကိုပဲ အာရုံစိုက်​ရမယ်။ (ဟီဘရူး ၁၂:၂) ယေရှု​က တပည့်​တွေကို နတ်ဆိုး​အကြောင်း ပုံပြင်တွေ မပြောပြ​ခဲ့​ဘူး။ ဘုရား​နိုင်ငံတော် သတင်း​နဲ့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှု​တွေ​အကြောင်း” ကိုပဲ အာရုံစိုက်​ခဲ့​တ​ယ်။—တမန်တော် ၂:၁၁။ လုကာ ၈:၁။ ရောမ ၁:၁၁၊ ၁၂

၂၂။ ဘာလုပ်ဖို့ စိတ်​ဆုံးဖြတ်​ထားသလဲ။

၂၂ စာတန်ရဲ့ ပန်းတိုင်​က ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့​ဆိုတာ မမေ့ပါနဲ့။ ဘယ်နည်း​ကို​မဆို သုံးပါ​လိမ့်မယ်။ ဒါပေမဲ့ မာရ်နတ်ရဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ သိထားတယ်။ နတ်ဆိုး​ပညာ​မှန်သမျှ ခုခံ​တွန်းလှန်ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အားနည်း​သွား​စေမယ့် “မာရ်နတ်ကို အခွင့်အရေး မပေး” ကြဘူး။ (ဧဖက် ၄:၂၇ ကို ဖတ်ပါ။) မှန်ပါတယ်၊ မာရ်နတ်ကို တွန်းလှန်​ရင် မာရ်နတ်ရဲ့ ထောင်ချောက်တွေ​ကနေ ကင်းလွတ်​ပြီး ယေဟောဝါရဲ့ ကာကွယ်မှု​အောက်မှာ လုံခြုံ​နေပါ​လိမ့်မယ်။—ဧဖက် ၆:၁၁