မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

ပွဲနေ့အားလုံးကို ဘုရားသခင် လက်ခံသလား

ပွဲနေ့အားလုံးကို ဘုရားသခင် လက်ခံသလား

“ဘုရားသခင် လက်ခံ​တဲ့​အရာကို သိနိုင်ဖို့ အမြဲ​ဆန်းစစ်​ကြပါ။” —ဧဖက် ၅:၁၀

၁။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံဖို့ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။

 “အဖ​ဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြု​သူတွေဟာ စွမ်းအားတော်​လမ်းပြမှု​နဲ့အညီ၊ အမှန်တရား​နဲ့အညီ ကိုးကွယ်မယ့်​အချိန် ရောက်လာမယ်။ . . . အဲဒီလို ကိုးကွယ်မယ့်​သူတွေကို အဖဘုရား ရှာ​နေတယ်” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (ယောဟန် ၄:၂၃။ ၆:၄၄) ကျွန်တော်တို့​ယောက်​တိုင်း “ဘုရားသခင် လက်ခံ​တဲ့​အရာကို သိနိုင်ဖို့ အမြဲ​ ဆန်းစစ်​ကြ” ရမယ်။ (ဧဖက် ၅:၁၀) အမြဲ​တော့ မလွယ်ဘူး။ ယေဟောဝါ မနှစ်သက်တဲ့​အရာတွေ လုပ်​အောင် ကျွန်တော်တို့ကို လှည့်စားဖို့ စာတန် ကြိုးစား​နေတယ်။—ဗျာဒိတ် ၁၂:၉

၂။ ဆိုင်းနိုင်း​တောင်​အနီး​က ဖြစ်ရပ်ကို ရှင်းပြပါ။

ကျွန်တော်တို့ကို လှည့်စားဖို့ စာတန် ဘယ်လို ကြိုးစား​သလဲ။ တစ်နည်း​ကတော့ အမှား​နဲ့ အမှန်​ကို ရှုပ်ထွေး​စေခြင်း​အားဖြင့် ဖြစ်တယ်။ အစ္စရေး​လူမျိုး ဆိုင်းနိုင်း​တောင်​အနီးမှာ စခန်းချ​ချိန်​က ဖြစ်ရပ်ကို သတိပြုပါ။ တောင်ပေါ် တက်သွားတဲ့ မောရှေ စခန်း​ပြန်အလာ​ကို လူတွေ စောင့်နေကြတယ်။ နောက်ဆုံး မ​စောင့်​နိုင်​တော့ဘဲ ဘုရား​တစ်ဆူ လုပ်ပေးဖို့ အာရုန်​ကို တောင်းဆို​ကြတယ်။ အာရုန်​က ရွှေ​နွားရုပ် လုပ်ပေး​လိုက်တယ်။ ဒါနဲ့ ပွဲခံ​ကြတယ်။ နွားရုပ်​နား​မှာ ကခုန်​ပြီး ဦး​ညွတ်​ရှိခိုး​ကြတယ်။ နွားရုပ်​ကို ဦး​ညွတ်​ရှိခိုးတာ ယေဟောဝါကို ကိုးကွယ်​ဝတ်ပြုတာပဲလို့ ယူဆ​ခဲ့ကြတယ်။ ဒါပေမဲ့ “ယေဟောဝါ​အတွက် ပွဲတော်” ဆိုပြီး ရှုမြင်​ရုံ​နဲ့ လက်ခံနိုင်စရာ ဖြစ်မသွားဘူး။ ရုပ်တု​ကိုးကွယ်ခြင်း​လို့ ယေဟောဝါ ရှုမြင်တယ်။ လူအများစု ကွပ်မျက်ခံ​လိုက်ရတယ်။ (ထွက်မြောက်ရာ ၃၂:၁-၆၊ ၁၀၊ ၂၈) သင်ခန်းစာ​က ဘာလဲ။ ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါနဲ့။ “မသန့်ရှင်းတာ​မှန်သမျှ လက်နဲ့​တောင် မထိ” နဲ့။ အမှား​နဲ့ အမှန်​အကြောင်း ယေဟောဝါ သွန်သင်​ပေးတာကို လက်ခံပါ။—ဟေရှာယ ၅၂:၁၁။ ယေဇကျေလ ၄၄:၂၃။ ဂလာတိ ၅:၉

၃၊ ၄။ လူကြိုက်များ​တဲ့ ပွဲနေ့​တွေရဲ့ ရင်းမြစ်ကို ဘာကြောင့် ဆန်းစစ်​သင့်သလဲ။

ယေရှု မြေကြီးပေါ် ရှိစဉ်တုန်းက စင်ကြယ်​တဲ့ ဝတ်ပြုရေး​အတွက် စံနမူနာ ချမှတ်​ဖို့ တမန်တော်တွေ​ကို လေ့ကျင့်​ပေးခဲ့တယ်။ ယေရှု သေဆုံး​ပြီးနောက်မှာ တမန်တော်တွေက တပည့်သစ်တွေကို ယေဟောဝါရဲ့ အခြေခံ​မူတွေ ဆက်သင်​ပေးကြတယ်။ တမန်တော်တွေ သေဆုံး​ပြီးနောက်မှာတော့ ဆရာ​အတုအယောင်တွေက အယူမှား အတွေးအခေါ်၊ တိတ္ထိ​ဓလေ့​ထုံးစံ၊ ပွဲနေ့တွေ​ကို အသင်းတော်​ထဲ သွင်း​လာကြတယ်။ တိတ္ထိ​ပွဲနေ့​တချို့ကို ခရစ်ယာန်တွေ လက်သင့်ခံ​လာ​အောင် နာမည်​ပြောင်း​လိုက်ကြတယ်။ (၂ သက်သာလောနိတ် ၂:၇၊ ၁၀။ ၂ ယောဟန် ၆၊ ၇) ပွဲနေ့​များစွာကို ဒီနေ့​ထိ လူကြိုက်များ​နေဆဲ​ပါပဲ။ ဒီ​ပွဲနေ့တွေ​က အယူမှား ယုံကြည်ချက်တွေနဲ့ နတ်ဆိုး​အယူဝါဒ​ကို​တောင် အားပေးတယ်။  *ဗျာဒိတ် ၁၈:၂-၄၊ ၂၃

ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ပွဲနေ့တွေ၊ အခါကြီးရက်ကြီး​တွေဟာ လူ့​ဘဝမှာ အရေးကြီး​ကဏ္ဍ​တစ်ခု ဖြစ်နေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကို သိလာ​တာ​နဲ့အမျှ ပွဲနေ့တွေ​နဲ့ပတ်သက်တဲ့ စဉ်းစား​ပုံကို ပြုပြင်​ဖို့ လိုအပ်​မှန်း သိလာမယ်။ လွယ်​မှာ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါ ကူညီ​ပေးမယ်ဆိုတာ စိတ်ချ​နိုင်ပါတယ်။ ပွဲနေ့တွေ​နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်​နိုင်ဖို့ လူကြိုက်များ​တဲ့ ပွဲနေ့​တချို့ရဲ့ ရင်းမြစ်ကို ဆန်းစစ်​ကြစို့။

ခရစ္စမတ်ပွဲ ဘယ်လို စတင်​ခဲ့သလဲ

၅။ ဒီဇင်ဘာ ၂၅ ရက်မှာ ယေရှု မမွေးဖွား​ခဲ့​ကြောင်း ဘာ​အထောက်အထား ရှိသလဲ။

နိုင်ငံ​များစွာမှာ ယေရှုရဲ့ မွေးနေ့​လို့ ယူဆကြ​တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ်ပွဲ ကျင်းပ​ကြတယ်။ ယေရှု ဘယ်​နေ့မှာ မွေးတယ်၊ ဘယ်​လ​မှာ မွေးတယ်​ဆိုတာကို ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ တစ်နှစ်တာရဲ့ ဘယ်အချိန်​လဲ​ ဆိုတာကို​တော့ ဖော်ပြတယ်။ ဘက်သလီဟင်​မြို့မှာ ယေရှု မွေး​တုန်းက “သိုးထိန်းတွေကလည်း ကွင်းပြင်မှာ ရောက်နေပြီး” သိုးကျောင်း​နေတယ်လို့ လုကာ ရေးခဲ့တယ်။ (လုကာ ၂:၈-၁၁) ဒီဇင်ဘာ​လ​မှာ ဘက်သလီဟင်​မြို့​က ချမ်းအေးတယ်၊ မိုးရွာတယ်၊ နှင်းကျတယ်။ ညဘက် ကွင်းပြင်မှာ သိုးထိန်း​တွေ သိုးကျောင်း​နေကြမှာ မဟုတ်ဘူး။ ဘာသိရသလဲ။ ယေရှုဟာ ဒီဇင်ဘာ​လ​မှာ မဟုတ်ဘဲ ရာသီဥတု မျှတတဲ့​အချိန်မှာ မွေးခဲ့တယ်​ ဆိုတာ​ပဲ။ စက်တင်ဘာ​နဲ့ အောက်တိုဘာ​လ​အတွင်း တစ်ချိန်ချိန်မှာ မွေးဖွား​ခဲ့​ကြောင်း ကျမ်းစာနဲ့ သမိုင်း​အထောက်အထား​က ဖော်ပြတယ်။

၆၊ ၇ ။ (က) လူကြိုက်များ​တဲ့ ခရစ္စမတ်ပွဲ ဓလေ့​ထုံးစံတွေ ဘယ်လို စတင်​ခဲ့သလဲ။ (ခ) လက်ဆောင် ပေး​ရတဲ့ အကြောင်းရင်း​က ဘာ​ဖြစ်သင့်သလဲ။

ဒါဆိုရင် ခရစ္စမတ်ပွဲ ဘယ်လို စတင်​ခဲ့သလဲ။ စိုက်ပျိုးရေး​ နတ်ဘုရား ဆက်တန်​အတွက် ကျင်းပတဲ့ ရောမ​ ဆက်တန်နေလီယာ​ပွဲလိုမျိုး တိတ္ထိ​ပွဲတွေကနေ ဆင်းသက်​လာတယ်။ “ဒီဇင်ဘာ​လလယ်​မှာ ကျင်းပတဲ့ ရောမ​ ဆက်တန်နေလီယာပွဲ​ဟာ ခရစ္စမတ်ပွဲ ဓလေ့တွေရဲ့ နမူနာ ဖြစ်တယ်။ ဥပမာ၊ စားသောက်ပွဲကြီးတွေ ကျင်းပတာ၊ လက်ဆောင် ပေးတာ၊ ဖယောင်းတိုင် မီးထွန်းတာတွေက ဒီပွဲကနေ ဆင်းသက်လာ​တာ” လို့ အမေရိကန် စွယ်စုံ​ကျမ်းမှာ ဖော်ပြတယ်။ ပါးရှား နေနတ်ဘုရား မစ်သရ​ရဲ့ မွေးနေ့ပွဲ​ကိုလည်း ဒီဇင်ဘာ ၂၅ ရက်မှာ ကျင်းပ​ခဲ့ကြတယ်။

ဒီနေ့ ခရစ္စမတ်ပွဲ ကျင်းပ​သူ​အများစုက ပွဲနေ့​ရဲ့ ရင်းမြစ်ကို ထည့်​မစဉ်းစား​ကြဘူး။ မိသားစုနဲ့ အတူ​ရှိဖို့ အချိန်၊ စားကောင်းသောက်ဖွယ်တွေနဲ့ ပျော်မွေ့ချိန်၊ လက်ဆောင် ဖလှယ်​ချိန်​အဖြစ် ခရစ္စမတ်​ပွဲကို စောင့်မျှော်​တတ်ကြတယ်။ မိသားစု၊ မိတ်ဆွေတွေကို ကျွန်တော်တို့ ချစ်​ကြတယ်။ ယေဟောဝါကလည်း မိမိ​ကျေးကျွန်တွေကို အချင်းချင်း ဝေမျှ​စေချင်တယ်။ ကောရိန္သု ဒုတိယစောင် ၉:၇ မှာ ဖော်ပြ​ထား​သလိုပဲ “စေတနာ​စိတ်နဲ့ လှူဒါန်း​တဲ့​သူကို​ပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။” အထူး​အခါသမယ​ ရောက်မှပဲ လက်ဆောင်​ပေးတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ ပြန်​ရဖို့ မမျှော်လင့်​ဘဲ တစ်နှစ်တာရဲ့ ဘယ်​အချိန်မှာ​မဆို မိသားစု၊ မိတ်ဆွေတွေနဲ့ အတူ​ရှိ​ရတာ၊ လက်ဆောင် ပေး​ရတာကို ယေဟောဝါရဲ့ ကျေးကျွန်တွေ နှစ်သက်​ကြတယ်။ တခြား​သူတွေကို ချစ်လို့ ပေးကမ်း​ကြတယ်။—လုကာ ၁၄:၁၂-၁၄

ပွဲတွေရဲ့ ရင်းမြစ်ကို သိထားခြင်းက ရှောင်​ရမယ့်​အရာကို သိရှိ​စေနိုင်

၈။ နက္ခတ်ဗေဒင်​ဆရာတွေက မွေးကင်းစ​ ယေရှုကို လက်ဆောင် ပေးခဲ့​သလား။ ရှင်းပြပါ။

ပညာရှိ​သုံးယောက်​လ​ည်း နွား​စား​ခွက်​ထဲ​က မွေးကင်းစ​ ယေရှု​အတွက် လက်ဆောင်တွေ ယူလာ​ပေးခဲ့တာပဲ​ဆိုပြီး လူများစွာက ခရစ္စမတ်​လက်ဆောင် ပေးတဲ့ အယူအဆကို ထောက်ခံ​ကြတယ်။ သူတို့​တစ်​တွေ ယေရှု​ဆီ သွားလည်​ပတ်​တာ၊ လက်ဆောင် ယူသွား​ပေးခဲ့​ကြ​တာ မှန်ပါတယ်။ ကျမ်းစာ​ခေတ်​တုန်း​က အရေးပါတဲ့​သူ​တစ်ယောက်​ဆီ လက်ဆောင် ယူသွား​ပေးတာ ထုံးစံပါပဲ။ (၁ ဘုရင်များ ၁၀:၁၊ ၂၊ ၁၀၊ ၁၃) ဒါပေမဲ့ သူတို့ဟာ နက္ခတ်ဗေဒင်​ဆရာတွေ၊ မှော်အတတ် လိုက်စားသူ​တွေ၊ ယေဟောဝါကို မကိုးကွယ်တဲ့​သူတွေ​ဆိုပြီး ကျမ်းစာမှာ ဖော်ပြ​ထားတာကို​ကော သိပါသလား။ ဒါ့အပြင် နွား​စား​ခွက်​ထဲ​က မွေးကင်းစ​ ယေရှု​ဆီ သွား​လည်ပတ်ကြတာ မဟုတ်ဘူး။ အိမ်ထဲမှာ ရှိနေတဲ့ လသား​အရွယ် “ကလေး” ယေရှု​ဆီ သွားခဲ့​ကြ​တာ။—မဿဲ ၂:၁၊ ၂၊ ၁၁

မွေးနေ့ပွဲတွေနဲ့​ပတ်သက်ပြီး ကျမ်းစာ ဘာ​ပြောသလဲ

၉။ ကျမ်းစာမှာ ဘယ်​မွေးနေ့ပွဲ​တွေ​အကြောင်း ဖော်ပြ​ထားသလဲ။

ကလေး မွေးဖွား​တဲ့​နေ့​ဟာ ပျော်စရာပါပဲ။ (ဆာလံ ၁၂၇:၃) ဒါပေမဲ့ မွေးနေ့ပွဲ ကျင်းပ​သင့်တယ်လို့​တော့ မဆိုလို​ဘူး။ စဉ်းစား​ကြည့်ပါ– ကျမ်းစာမှာ မွေးနေ့ပွဲ နှစ်ခု​အကြောင်း​ပဲ ပါတယ်။ အီဂျစ်​ဘုရင် ဖာရော​နဲ့ ဟေရုဒ် အန္တိပ​မင်းတို့ရဲ့ မွေးနေ့ ဖြစ်တယ်။ (ကမ္ဘာဦး ၄၀:၂၀-၂၂။ မာကု ၆:၂၁-၂၉ တို့ကို ဖတ်ပါ။) အဲဒီ​ဘုရင်​နှစ်ပါးစလုံး ယေဟောဝါရဲ့ ကျေးကျွန်တွေ မဟုတ်​ကြဘူး။ တကယ်တော့ ယေဟောဝါကို ကိုးကွယ်သူ​တွေ မွေးနေ့ပွဲ ကျင်းပတဲ့​အကြောင်း ကျမ်းစာမှာ မတွေ့ရဘူး။

၁၀။ မွေးနေ့ပွဲ​ကို အစောပိုင်း​ ခရစ်ယာန်တွေ ဘယ်လို ရှုမြင်ကြ​သလဲ။

၁၀ အစောပိုင်း​ခရစ်ယာန်တွေ​က “မွေးနေ့ပွဲ ကျင်းပတာကို တိတ္ထိ​ဓလေ့​အဖြစ် ယူမှတ်​ကြတယ်” ဆိုပြီး ကမ္ဘာ့​စွယ်စုံကျမ်း​က ဖော်ပြတယ်။ အဲဒီ​ဓလေ့တွေက မှားယွင်းတဲ့ ယုံကြည်ချက်တွေ​အပေါ် အခြေခံတယ်။ ဥပမာ၊ လူတိုင်းဟာ မွေးနေ့မှာ ရောက်လာတဲ့ ကိုယ်​စောင့်​နတ်​ရဲ့ ကာကွယ်ပေးမှု ခံရတယ်​ဆိုပြီး ရှေးဂရိတွေ ယုံကြည်​ကြတယ်။ ကိုယ်​စောင့်​နတ်​ဟာ မွေးနေ့ရှင်နဲ့ တစ်ရက်တည်းမှာ မွေးဖွား​တဲ့ နတ်ဘုရား​နဲ့လည်း ပတ်သက်တယ်​ဆိုပြီး ယူဆကြတယ်။ ဒီလို​တိတ္ထိ​ ယုံကြည်ချက်တွေ​အပြင် မွေးနေ့ပွဲ​ဟာ နက္ခတ်ဗေဒင်၊ ဇာတာခွင်​နဲ့လည်း ဆက်စပ်​နေတယ်။

၁၁။ ရက်ရောမှု​နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

၁၁ လူများစွာက မွေးနေ့ကို မိမိတို့ တန်ဖိုးထား​မေတ္တာပြ​ခံရ​သင့်တဲ့ အထူးနေ့​ရက်​အဖြစ် ရှုမြင်​ကြတယ်။ ဒါပေမဲ့ မိသားစု၊ မိတ်ဆွေတွေကို အထူးနေ့​တစ်နေ့မှာ​ပဲ မဟုတ်ဘဲ တစ်နှစ်​ပတ်လုံး ချစ်မြတ်နိုး​ကြောင်း ပြ​နိုင်တယ်။ ယေဟောဝါ​က ကျွန်တော်တို့ကို အချိန်တိုင်း ကြင်နာ​စေချင်တယ်။ ရက်ရော​စေချင်တယ်။ (တမန်တော် ၂၀:၃၅ ကိုဖတ်ပါ။) မွေးနေ့​ရောက်​မှ မဟုတ်ဘဲ နေ့ရက်​တိုင်းမှာ အဖိုးတန် အသက်ဆု​လက်ဆောင်​အတွက် ဘုရားကို ကျေးဇူးတင်​ကြပါတယ်။—ဆာလံ ၈:၃၊ ၄။ ၃၆:၉

ခရစ်ယာန်စစ်တွေ​က တခြား​သူတွေကို ချစ်တဲ့​အတွက် ပေးကမ်း​ကြ

၁၂။ သေဆုံး​တဲ့​နေ့​ဟာ မွေးဖွား​တဲ့​နေ့​ထက် ဘယ်လို ပို​ကောင်း​နိုင်သလဲ။

၁၂ “နာမည်ကောင်း​ဟာ တန်ဖိုး​ကြီးတဲ့ ဆီ​ထက် ပို​ကောင်းတယ်။ သေဆုံး​တဲ့​နေ့​က​လ​ည်း မွေးဖွား​တဲ့​နေ့​ထက် ပို​ကောင်းတယ်” လို့ ဒေသနာ ၇:၁ မှာ ဖော်ပြ​ထားတယ်။ သေဆုံး​တဲ့​နေ့​က မွေးဖွား​တဲ့​နေ့​ထက် ဘယ်လို ပို​ကောင်း​နိုင်သလဲ။ မွေးဖွား​လာချိန်​တုန်း​က ဘဝမှာ အကောင်းအဆိုး ဘာမှ မ​လုပ်​ရ​သေးဘူး။ ဒါပေမဲ့ ကိုယ့်​အသက်တာကို ယေဟောဝါရဲ့ အမှုဆောင်ခြင်းမှာ အသုံးပြုတဲ့​အခါ၊ တခြား​သူတွေ​အတွက် ကောင်းကျိုး ပြုတဲ့​အခါ “နာမည်ကောင်း၊” ဂုဏ်​အသရေ တည်ဆောက်​နေတာ ဖြစ်တယ်။ ကျွန်တော်တို့ သေဆုံး​သွား​ရင်တောင် ယေဟောဝါ သတိရ​နေမယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ယေဟောဝါရဲ့ ကျေးကျွန်တွေ​က ကိုယ့်​မွေးနေ့ကိုရော ယေရှုရဲ့ မွေးနေ့ကိုပါ မ​ကျင်းပ​ကြဘူး။ ကျင်းပ​ဖို့ မိန့်မှာ​ခဲ့​တဲ့ တစ်ခုတည်းသော ပွဲကတော့ ယေရှုရဲ့ သေခြင်း​အောက်မေ့ရာပွဲ​ပါပဲ။—လုကာ ၂၂:၁၇-၂၀။ ဟီဘရူး ၁:၃၊ ၄

အီစတာပွဲ ရင်းမြစ်

၁၃၊ ၁၄။ အီစတာပွဲ​ဟာ ဘာနဲ့ ဆက်နွှယ်​သလဲ။

၁၃ အီစတာပွဲ ကျင်းပတာဟာ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း​ပွဲ ကျင်းပ​နေတာ​လို့ လူများစွာ ယုံကြည်​ကြတယ်။ ဒါပေမဲ့ အီစတာပွဲ​က အင်္ဂ​လို-ဆက်ဆွန်​လူမျိုးရဲ့ အရုဏ်ဦး​နဲ့ နွေဦး နတ်ဘုရားမ အီအောစတာ​နဲ့ ဆက်နွှယ်တယ်။ အီအောစတာ​ဟာ မျိုးပွား​နတ်ဘုရားမ ဖြစ်တယ်လို့ ဒဏ္ဍာရီ​ဆိုင်ရာ​ အဘိဓာန်​မှာ ရှင်းပြတယ်။ အီစတာပွဲ​ထုံးတမ်း​တချို့ဟာ အီအောစတာ​နဲ့ ဆက်စပ်​နေတယ်။ ဥပမာ၊ ဥ​တွေဟာ “ဘဝ​အစ​နဲ့ ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ်​အဖြစ် ထင်ရှားတယ်” လို့ ဗြိတိန်နီကာ​စွယ်စုံကျမ်း​က ဆိုတယ်။ တိတ္ထိ​ကိုးကွယ်မှုမှာ မျိုးပွား​နိုင်စွမ်း​ရဲ့ အထိမ်းအမှတ်​အဖြစ် ယုန်​ကို ကြာမြင့်စွာ​ကတည်းက အသုံးပြုခဲ့တယ်။ အီစတာပွဲ​ဟာ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ မပတ်သက်တာ ရှင်းနေပါတယ်။

၁၄ သားတော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း​ကို အယူမှား​ဘာသာရေး ဓလေ့​ထုံးစံတွေနဲ့ လူတွေ ရောယှက်​နေကြတာ​ကို မြင်တဲ့အခါ ယေဟောဝါ နှစ်သက်​ပါ့မလား။ မနှစ်သက်​ဘူး။ (၂ ကောရိန္သု ၆:၁၇၊ ၁၈) ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း​ပွဲ ကျင်းပဖို့လည်း ဘယ်​တုန်း​ကမှ ယေဟောဝါ မ​မိန့်မှာ​ခဲ့​ဘူး။

ဟယ်လိုဝင်းပွဲ​ဆိုတာ ဘာလဲ

၁၅။ ဟယ်လိုဝင်းပွဲ ဘယ်လို စတင်​ခဲ့သလဲ။

၁၅ သူတော်စင်​နေ့ အကြိုပွဲလို့​လ​ည်း ခေါ်တဲ့ ဟယ်လိုဝင်းပွဲ​နေ့​ဟာ စုန်းမ၊ မှင်စာ၊ သရဲ​တစ္ဆေ​တို့နဲ့ ဆက်နွှယ်တယ်။ ဒီပွဲက အသစ်အဆန်း​တော့ မဟုတ်ဘူး။ ဗြိတိန်နဲ့ အိုင်ယာလန်​ရှိ ရှေး​ဆဲလ်​တစ်​လူမျိုး​က နိုဝင်ဘာ ၁ ရက်​နဲ့ အနီးဆုံး လ​ပြည့်​နေ့မှာ စဲမ်ဟိန်းပွဲ ကျင်းပတယ်။ ပွဲအတွင်း လူသေတွေရဲ့ ဝိညာဉ်​တွေ ကမ္ဘာပေါ် ပြန်​လာတယ်လို့ ယုံကြည်​ကြတယ်။ ဝိညာဉ်​တွေ အန္တရာယ် မပေးဖို့ လူတွေက အစားအသောက်​တွေ ထုတ်ပေး​ကြတယ်။ ဒီနေ့ ကလေးတွေ ဝတ်ရုံ ဝတ်ဆင်​ပြီး တစ်အိမ်တက်ဆင်း သွား၊ “မုန့်​ကျွေး​မလား၊ ခြောက်​ရမလား” လို့ ပြောတဲ့အခါ တကယ်တမ်း ရှေးခေတ် နတ်ဆိုး​ထုံးတမ်းစဉ်လာကို လိုက်လို့​ လိုက်မှန်း မသိကြဘူး။

ဘုရား နှစ်သက်တဲ့ မင်္ဂလာပွဲများ

၁၆၊ ၁၇။ လက်ထပ်​ဖို့ စီစဉ်​တဲ့အခါ ဘာ​ထည့်​စဉ်းစား​သင့်သလဲ။

၁၆ မင်္ဂလာပွဲ​ဟာ ပျော်ရွှင်​စ​ရာ​ အခါသမယပါ။ ကမ္ဘာတစ်ဝန်းမှာ မင်္ဂလာ​ပွဲကို ပုံစံ​အမျိုးမျိုးနဲ့ ကျင်းပ​ကြတယ်။ လူတွေက မင်္ဂလာပွဲ​ဓလေ့တွေ ဘယ်​ကနေ ဆင်းသက်​လာတယ်ဆိုတာ ထည့်​မစဉ်းစား​ကြဘူး။ ဒါကြောင့် ဓလေ့​တချို့ဟာ တိတ္ထိ​ဘာသာရေး ယုံကြည်ချက်တွေ​ကနေ ဆင်းသက်လာ​မှန်း မသိကြဘူး။ ဒါပေမဲ့ လက်ထပ်​ဖို့ စီစဉ်​နေတဲ့ ခရစ်ယာန်​စုံတွဲ​က ယေဟောဝါ နှစ်သက်​လက်ခံမယ့် မင်္ဂလာပွဲ ဖြစ်စေချင်​ကြတယ်။ မင်္ဂလာပွဲ​ဓလေ့တွေရဲ့ ရင်းမြစ်ကို သိထားရင် ဆုံးဖြတ်ချက်ကောင်းတွေ ချ​နိုင်​ပါလိမ့်မယ်။—မာကု ၁၀:၆-၉

၁၇ မင်္ဂလာပွဲ​ဓလေ့​တချို့က ကြင်စဦး​မောင်နှံကို ‘ကံကောင်း’ စေတယ်​ဆိုပြီး ယုံကြည်​ကြတယ်။ (ဟေရှာယ ၆၅:၁၁) ဥပမာ၊ ဒေသ​တချို့မှာ သတို့သား​နဲ့ သတို့သမီး​အပေါ် ဆန် ဒါမှမဟုတ် တစ်ခုခု ကြဲ​ကြတယ်။ ဒါဆိုရင် သားသမီး ထွန်းကား​မ​ယ်၊ ပျော်ရွှင်​မ​ယ်၊ အသက်ရှည်​မ​ယ်၊ မကောင်းဆိုးဝါး​ရန်​ကနေ ကာကွယ်​ပေးခံ​ရမယ်လို့ ယုံကြည်​ကြတယ်။ ဒါပေမဲ့ အယူမှား​ဘာသာ​နဲ့ ဆက်စပ်​နေတဲ့ ဓလေ့​ထုံးစံတွေကို ခရစ်ယာန်တွေ သတိထား ရှောင်ကြတယ်။၂ ကောရိန္သု ၆:၁၄-၁၈ ကို ဖတ်ပါ။

၁၈။ မင်္ဂလာပွဲ​နဲ့​ သက်ဆိုင်တဲ့ ကျမ်းစာ​အခြေခံ​မူတွေ​က ဘာလဲ။

၁၈ ခရစ်ယာန်​စုံတွဲ​ဟာ မင်္ဂလာ​ပွဲကို ရွှင်လန်းစရာ​ကောင်းတဲ့၊ ဂုဏ်​ရှိတဲ့၊ တက်ရောက်သူ​တိုင်း ပျော်ရွှင်​ရတဲ့​ပွဲ ဖြစ်စေချင်​ကြတယ်။ မင်္ဂလာပွဲ တက်ရောက်တဲ့ ဧည့်သည်တွေက မင်္ဂလာမောင်နှံ​နဲ့ တခြား​သူတွေကို မစာမနာ ပြောဆိုတာ၊ လိင်​ကိစ္စ ထိ​က​ပါး ရိကပါး ပြောဆိုတာ၊ မလေးမစား ပြောဆိုတာ​မျိုး လုပ်မှာ မဟုတ်ဘူး။ (ပညာအလိမ္မာ ၂၆:၁၈၊ ၁၉။ လုကာ ၆:၃၁။ ၁၀:၂၇) ခရစ်ယာန်​ မင်္ဂလာပွဲ​ဟာ “စည်းစိမ်​အကြောင်း ဝါကြွား” ဖို့ အဓိက မထားဘူး။ (၁ ယောဟန် ၂:၁၆) လက်ထပ်​ဖို့ စီစဉ်​နေရင် ပြန်တွေး​တိုင်း ပျော်စရာ အမှတ်တရ​တွေ​ပဲ ဖြစ်နေဖို့ သေချာစေပါ။—ရှင်းလင်းချက် ၂၈ ကို ကြည့်ပါ။

အရက်​ခွက် မြှောက်​ပြီး ဆုမွန်​ကောင်း​တောင်း​ခြင်း​ရဲ့ ရင်းမြစ်

၁၉၊ ၂၀။ အရက်​ခွက် မြှောက်​ပြီး ဆုမွန်​ကောင်း တောင်း​ခြင်း​ရဲ့ ရင်းမြစ်​က ဘာလဲ။

၁၉ မင်္ဂလာပွဲ​နဲ့ မိတ်​ဆုံ​စားပွဲ​တွေ​မှာ ပါ​တတ်တဲ့ ထုံးစံ​တစ်ခုက​တော့ အရက်ခွက် မြှောက်​ပြီး ဆုမွန်​ကောင်း တောင်းခြင်းပါပဲ။ တစ်ယောက်က ဆုမွန်​ကောင်း တောင်း​ပြီး တခြား​သူတွေက အရက်​ခွက် မြှောက်​ကြတယ်။ အဲဒီ​ထုံးစံ​ကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်​သင့်သလဲ။

၂၀ အရက်​ခွက် မြှောက်​ပြီး ဆုမွန်​ကောင်း တောင်းတာဟာ “နတ်​ဘုရားတွေကို အရက်ယမကာ ပူဇော်​သွန်းလောင်း” တဲ့ ရှေး​တိတ္ထိ​ဓလေ့​ကနေ ဆင်းသက်လာ​တာ​လို့ အရက်​နဲ့ ယဉ်ကျေးမှု​ဆိုင်ရာ နိုင်ငံတကာ လက်စွဲ​စာအုပ်​က ဆိုတယ်။ ဒါက “‘အသက်ရှည်​ပါစေ၊’ ‘ကျန်းမာ​ပါစေ’ လို့ ဆုတောင်း​ပေးတဲ့ လူမှုရေး​ဓလေ့ ဖြစ်နိုင်တယ်။” ရှေး​အချိန်မှာ လူတွေက နတ်​ဘုရားတွေဆီ အရက်​ခွက် မြှောက်​ပြီး ဆုတောင်း​တတ်ကြတယ်။ ဒါပေမဲ့ ဒါဟာ ယေဟောဝါ ကောင်းချီး ပေးတဲ့​နည်း မဟုတ်ဘူး။—ယောဟန် ၁၄:၆။ ၁၆:၂၃

“ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှု​ကို မုန်း​ကြပါ”

၂၁။ ဘယ်လို ပွဲနေ့တွေ​ကို ခရစ်ယာန်တွေ ရှောင်သင့်​သလဲ။

၂၁ ပွဲနေ့​တစ်ခုခု​မှာ ပါဝင်​မ​ယ်၊ မပါဝင်​ဘူး ဆုံးဖြတ်တဲ့​အခါ ဒီပွဲက ဘယ်​သဘောထား၊ ဘယ်​အမူအကျင့်​ကို အားပေး​အား​မြှောက်​ပြု​ကြောင်း ထည့်​စဉ်းစားပါ။ ဥပမာ၊ ပွဲတချို့နဲ့ ကခုန်​မြူးထူး​ပွဲတွေမှာ ရာဂစိတ်​ကို နှိုးဆွတဲ့ အက၊ အထိန်းအကွပ်မဲ့ အရက်သောက်​ခြင်း၊ အကျင့်ပျက်​ခြင်း​တွေ​တောင် ပါ​တတ်တယ်။ အဲဒီ​ပွဲတွေက မိန်းမလျာ​တွေ၊ လိင်​တူ​သ​မား​တွေရဲ့ ဘဝပုံစံကို အားပေး​အား​မြှောက်​လုပ်တယ်။ မျိုးချစ်စိတ်​ကို အားပေးတယ်။ ဒီလို​ပွဲတွေမှာ ပါဝင်​ရင် ယေဟောဝါ ရွံမုန်း​တဲ့​အရာကို ကျွန်တော်တို့ တကယ် ရွံမုန်းတယ်​လို့ ဆိုနိုင်​ပါ့မလား။—ဆာလံ ၁:၁၊ ၂။ ၉၇:၁၀။ ၁၁၉:၃၇

၂၂။ ခရစ်ယာန်​တစ်ယောက် ပွဲ​တစ်မျိုး​မှာ ပါဝင်​မ​ယ်၊ မပါဝင်​ဘူး ဆုံးဖြတ်တဲ့​အခါ ဘာက ကူညီပေး​မလဲ။

၂၂ ဘုရားကို ဂုဏ်​မတင်တဲ့ ဘယ်​ပွဲ​မျိုးကို​မဆို ရှောင်​ဖို့ ခရစ်ယာန်တွေ အထူး​ဂရုစိုက်​ရမယ်။ “စားတာ​ဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ ဘာ​ကိစ္စ​ပဲ​ဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်ကြပါ” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (၁ ကောရိန္သု ၁၀:၃၁ရှင်းလင်းချက်​၂၉ ကို ကြည့်ပါ။) ပွဲနေ့​တိုင်း အကျင့်ပျက်မှု၊ မှားယွင်းတဲ့ ဘာသာရေး၊ အမျိုးသားရေး​တို့နဲ့ ဆက်နွှယ်တာတော့ မဟုတ်ပါဘူး။ ပွဲ​တစ်မျိုး​ဟာ ကျမ်းစာ​အခြေခံ​မူတွေကို မချိုးဖောက်​ဘူးဆိုရင် ဒီ​ပွဲနေ့မှာ ပါဝင်​မ​ယ်၊ မပါဝင်​ဘူးဆို​တာ ကိုယ်တိုင် ဆုံးဖြတ်​ရမယ်။ ကိုယ့်​ဆုံးဖြတ်ချက်​က တခြား​သူတွေ​အပေါ် သက်ရောက်​နိုင်ပုံ​ကိုလည်း ထည့်​စဉ်းစား​ချင်​ကြပါတယ်။

ပြောဆို​ပြုမူပုံ​အားဖြင့် ယေဟောဝါကို ဂုဏ်တင်ပါ

၂၃၊ ၂၄။ ပွဲတွေ​နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်​အကြောင်း သက်သေခံ မဟုတ်တဲ့ မိသားစုဝင်တွေကို ဘယ်လို ရှင်းပြ​နိုင်သလဲ။

၂၃ ယေဟောဝါကို ဂုဏ်​မတင်တဲ့ ပွဲတွေမှာ သင်​ မပါဝင်တော့​တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ယေဟောဝါ​သက်သေ မဟုတ်တဲ့ မိသားစုဝင်​တချို့က သူတို့ကို မချစ်​တော့​ဘူး၊ မပေါင်းသင်း​ချင်​တော့​ဘူးလို့ ခံစား​မိ​နိုင်တယ်။ အခါကြီးရက်ကြီး​တွေဟာ မိသားစု စုဆုံ​ပေါင်းသင်း​ဖို့ အခွင့်အခါ​ကောင်း​ပဲ​လို့ ယူမှတ်​နိုင်ကြတယ်။ ဘာ​လုပ်နိုင်သလဲ။ သူတို့ကို ချစ်ကြောင်း၊ ကိုယ့်အတွက် အရေးပါ​ကြောင်း ပြနိုင်တဲ့ နည်းလမ်း​များစွာ ရှိတယ်။ (ပညာအလိမ္မာ ၁၁:၂၅။ ဒေသနာ ၃:၁၂၊ ၁၃) တခြား​အချိန်​အခါ​တွေ​မှာ ပေါင်းသင်း​ဖို့ သူတို့ကို ဖိတ်ခေါ်​နိုင်တယ်။

၂၄ အခါကြီးရက်ကြီး​တချို့ကို လက်မခံ​တော့​တဲ့ အကြောင်းရင်းကို ဆွေမျိုးတွေ သိချင်ရင် အကျိုးအကြောင်း ရှင်းပြဖို့ ကူညီ​ပေးမယ့် ကျမ်းစာ​အခြေပြု စာပေတွေ၊ jw.org မှာ ရှာဖွေ​လေ့လာ​နိုင်ပါတယ်။ အငြင်းအခုံ လုပ်တယ်၊ အတင်း​ လက်ခံ​ခိုင်း​နေတယ်လို့ မခံစားရ​ပါစေနဲ့။ အကြောင်းအရာ​များစွာ ထည့်​စဉ်းစား​ပြီးမှ ဆုံးဖြတ်ထား​တာ ဖြစ်ကြောင်း မိသားစုဝင်​တွေ သိမြင်ဖို့ ကူညီ​ပေးပါ။ အေးဆေး​တည်ငြိမ်​ပါ။ “ဆား​ခတ်​ထားတဲ့ အစာ​ဟာ အရသာ​ရှိ​သလို ယဉ်ကျေးတဲ့ စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ စကား​ပြောဆိုတဲ့​အခါ အမြဲ ယဉ်ကျေး​သိမ်မွေ့ကြပါ။”—ကောလောသဲ ၄:၆

၂၅၊ ၂၆။ ယေဟောဝါရဲ့ စံနှုန်းတွေကို သားသမီးတွေ ချစ်မြတ်နိုး​လာ​အောင် မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၂၅ ပွဲတွေမှာ မပါဝင်​ရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့​အားလုံး ရှင်းရှင်းလင်းလင်း နားလည်ဖို့ အရေးကြီးတယ်။ (ဟီဘရူး ၅:၁၄) ရည်ရွယ်ချက်​က ယေဟောဝါ ကျေနပ်​နှစ်သက်စေ​ဖို့​ပါ။ မိဘ ဖြစ်မယ်ဆိုရင် ကျမ်းစာ​အခြေခံ​မူတွေကို သားသမီးတွေ နားလည်ဖို့၊ ချစ်မြတ်နိုး​ဖို့ အချိန်​ယူ ကူညီပေး​ရမယ်။ ယေဟောဝါဟာ သားသမီးတွေ​အတွက် တကယ့်​ပုဂ္ဂိုလ် ဖြစ်လာတဲ့​အခါ သူတို့လည်း ဘုရားကို ကျေနပ်​နှစ်သက်စေ​ချင်​ကြပါမယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။ ၁ ပေတရု ၃:၁၅

၂၆ သန့်ရှင်း​စင်ကြယ်​စွာ၊ ရိုးသား​စွာ ဘုရားကို ကိုးကွယ်​ဝတ်ပြုဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေကြတာ​ကို မြင်တဲ့အခါ ယေဟောဝါ ပျော်ရွှင်တယ်။ (ယောဟန် ၄:၂၃) ဒါပေမဲ့ မရိုးသားတဲ့ ဒီ​လောကမှာ ရိုးသား​ဖို့ မဖြစ်နိုင်ဘူးလို့ လူများစွာ ထင်ကြတယ်။ မှန်​ပါသလား။ ဒီ​အကြောင်းကို နောက်​အခန်းမှာ သုံးသပ်​ကြစို့။

^ ပွဲနေ့တွေ​နဲ့ပတ်သက်တဲ့ အချက်အလက်​တွေကို ကင်းမျှော်စင် စာပေ​အညွှန်း၊ ယေဟောဝါ​သက်သေ​များ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန်၊ jw.org တို့မှာ ရှာဖွေ​နိုင်တယ်။