မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

ဘုရားမေတ္တာတော် ဆက်ခံစားနေပါ

ဘုရားမေတ္တာတော် ဆက်ခံစားနေပါ

“အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်​ပြီး . . . ဘုရားသခင့်​မေတ္တာ ခံစားရ​စေမယ့် အရာတွေကို အမြဲ လုပ်ဆောင်​နိုင်​လိမ့်မယ်။” —ယုဒ ၂၀၊ ၂၁

၁၊ ၂။ ​ဘုရား​မေတ္တာတော် ဆက်ခံစား​နေ​နိုင်ဖို့ ဘာ​လုပ်နိုင်သလဲ။

 ကျွန်တော်တို့​အားလုံး ကျန်းမာသန်စွမ်း​ချင်ကြတယ်။ ဒါကြောင့် အာဟာရ​ရှိတဲ့ အစာ​တွေ စား​ကြတယ်။ လေ့ကျင့်ခန်း မှန်မှန် လုပ်ကြတယ်။ ခန္ဓာကိုယ်ကို ဂရုစိုက်​ကြတယ်။ ပင်ပန်းပေမဲ့ လုပ်​ရကျိုးနပ်​လို့ လက်မလျှော့​ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နောက်​တစ်နည်း​နဲ့လည်း ကျန်းမာသန်စွမ်း​နေရမယ်။

ယေဟောဝါကို စတင်​သိကျွမ်း​လာပြီ ဖြစ်ပေမဲ့ ဘုရားနဲ့ ဆက်ဆံရေးကို ပို​ခိုင်ခံ့​နေ​စေ​ရမယ်။ “ဘုရားသခင့်​မေတ္တာ ခံစားရ​စေမယ့်​အရာတွေကို အမြဲ​ လုပ်ဆောင်” ဖို့ ခရစ်ယာန်တွေ​ကို ယုဒ အားပေးတဲ့​အခါ လုပ်ဆောင်​နိုင်ပုံ​ကိုလည်း ရှင်းပြခဲ့တယ်။ “အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်” ကြပါ ဆိုပြီး ပြောခဲ့တယ်။ (ယုဒ ၂၀၊ ၂၁) ဒါဆိုရင် ခိုင်ခံ့တဲ့ ယုံကြည်ခြင်း ဘယ်လို တည်ဆောက်​နိုင်သလဲ။

ယုံကြည်ခြင်း တည်ဆောက်​နေပါ

၃-၅။ (က) ယေဟောဝါရဲ့ စံနှုန်းတွေနဲ့​ပတ်သက်ပြီး စာတန် ဘယ်လို ယူမှတ်​စေ​ချင်​သလဲ။ (ခ) ယေဟောဝါရဲ့ ပညတ်တွေ၊ အခြေခံ​မူတွေ​နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

ယေဟောဝါရဲ့ နည်းလမ်းတော်တွေဟာ အကောင်းဆုံး ဖြစ်မှန်း ကိုယ်တိုင် ယုံကြည်​လက်ခံဖို့ အရေးကြီးတယ်။ ဘုရား​စံနှုန်းတွေဟာ လိုက်လျှောက်​ဖို့ ခက်လွန်းတယ်၊ အမှားအမှန်​ကို ကိုယ်တိုင် ဆုံးဖြတ်​ရင် ပိုပျော်မယ်လို့ ကျွန်တော်တို့ကို စာတန် ယူမှတ်​စေချင်တယ်။ ဧဒင်ဥယျာဉ်​မှာကတည်းက ဒီအချက်ကို လူတွေ ယုံကြည်​အောင် စာတန် ကြိုးစားခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆) ဒီနေ့ထိလည်း ကြိုးစား​နေတုန်းပဲ။

စာတန် မှန်​သလား။ ယေဟောဝါရဲ့ စံနှုန်းတွေဟာ တင်းကျပ်​လွန်း​သလား။ မတင်းကျပ်​လွန်း​ပါဘူး။ ဥပမာ၊ လှပတဲ့ ပန်းခြံ​တစ်ခုမှာ လမ်းလျှောက်​နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်​ကြည့်ပါ။ တစ်နေရာကို ခြံစည်းရိုး အမြင့်​ကြီး ခတ်​ထားတာ တွေ့​လိုက်တယ်။ ‘ငါ​သွားမယ့် လမ်းမှာ ဘာကြောင့် ဒီ​ခြံစည်းရိုး​ကြီး လာ​ပိတ်​နေသလဲ’ လို့ တွေးမိ​နိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ခြံစည်းရိုး​တစ်ဖက်​ကနေ ခြင်္သေ့​ဟိန်းသံ​ကို ကြားလိုက်​ရတယ်။ အခု ခြံစည်းရိုး​နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ ခြင်္သေ့စာ ဖြစ်​မသွားအောင် ကာကွယ်ပေးလို့ သိပ်​ကျေးဇူး​တင်တယ်။ ယေဟောဝါရဲ့ အခြေခံ​မူတွေ​က အဲဒီ​ခြံစည်းရိုးနဲ့ တူတယ်။ မာရ်နတ်ကတော့ ခြင်္သေ့​နဲ့ တူတယ်။ ကျမ်းစာက ဒီလို​သတိ​ပေးတယ်– “သတိ​ရှိပြီး နိုးနိုးကြားကြား နေကြပါ။ ရန်သူ​မာရ်နတ်​က ဟိန်းဟောက်​နေတဲ့ ခြင်္သေ့​လို တစ်ယောက်ယောက်ကို ဝါးမျို​ဖို့ လှည့်လည်​ရှာဖွေ​နေတယ်။”—၁ ပေတရု ၅:၈

ယေဟောဝါ​က ကျွန်တော်တို့ကို အကောင်းဆုံး​ဘဝ ပိုင်ဆိုင်​စေချင်တယ်။ စာတန် လှည့်ဖြားတာ မခံ​စေချင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ကာကွယ်ပေးဖို့၊ ပျော်ရွှင်​စေဖို့ ပညတ်တွေ၊ အခြေခံ​မူတွေ ပေး​ထားတာပါ။ (ဧဖက် ၆:၁၁) “လွတ်လပ်ခြင်းနဲ့​ဆိုင်တဲ့ ပြည့်ဝ​စုံလင်တဲ့ ပညတ်ကို အသေအချာ ကြည့်ရှု​တဲ့​သူ၊ အဲဒီလို ဆ​က်​ကြည့်ရှု​နေတဲ့​သူဟာ . . . အဲဒီလိုလုပ်တဲ့​အတွက် . . . ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ယာကုပ် ရေးခဲ့တယ်။—ယာကုပ် ၁:၂၅

၆။ ဘုရားရဲ့ နည်းလမ်းတော်တွေဟာ အကောင်းဆုံး ဖြစ်မှန်း ဘယ်လို ယုံကြည်​စိတ်ချ​လာနိုင်သလဲ။

ယေဟောဝါရဲ့ လမ်းညွှန်မှု​အတိုင်း လိုက်လျှောက်တဲ့​အခါ ကျွန်တော်တို့​ဘဝ တိုးတက်​ကောင်းမွန်​လာတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပို​ခိုင်ခံ့​လာတယ်။ ဥပမာ၊ မကြာခဏ ဆုတောင်းပါ​ဆိုတဲ့ ဘုရားရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံ​တဲ့အခါ အကျိုး​ခံစား​ကြရတယ်။ (မဿဲ ၆:၅-၈။ ၁ သက်သာလောနိတ် ၅:၁၇) ဝတ်ပြု​ကိုးကွယ်​ဖို့ အတူတကွ စည်းဝေး​ကြပါ၊ အချင်းချင်း အားပေး​ကြပါ​ဆိုတဲ့ ဘုရားရဲ့ ညွှန်ကြားချက်ကို နာခံတဲ့အခါ၊ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်တဲ့​အခါ ပျော်ရွှင်​ကြတယ်။ (မဿဲ ၂၈:၁၉၊ ၂၀။ ဂလာတိ ၆:၂။ ဟီဘရူး ၁၀:၂၄၊ ၂၅) ဒီ​အရာတွေ​က ယုံကြည်ခြင်း ခိုင်ခံ့​နေ​စေ​ပုံကို စဉ်းစား​တဲ့အခါ ယေဟောဝါရဲ့ နည်းလမ်းတော်တွေဟာ အကောင်းဆုံး ဖြစ်မှန်း ပို​ယုံကြည်​စိတ်ချ​လာတယ်။

၇၊ ၈။ အနာဂတ်မှာ ကြုံတွေ့​နိုင်တဲ့ စမ်းသပ်မှုတွေ​အတွက် မစိုးရိမ်​ဖို့ ဘာက ကူညီပေး​မလဲ။

အနာဂတ်မှာ ခက်ခဲလွန်း​တဲ့ ယုံကြည်ခြင်း​စမ်းသပ်မှုတွေ ကြုံရမှာ​ကို စိုးရိမ်​မိ​နိုင်တယ်။ ဒါဆိုရင် “ငါ​ယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်ပေး​တဲ့​အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်​ပေးတဲ့​အရှင်​ပဲ။ ငါ့​ပညတ်တွေ​ကို အာရုံစိုက်​မ​ယ်​ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်​လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်​လှိုင်းတွေလို ဖြစ်လာမယ်” ဆိုတဲ့ ယေဟောဝါရဲ့ စကားတွေကို အမှတ်ရပါ။—ဟေရှာယ ၄၈:၁၇၊ ၁၈

ယေဟောဝါကို နာခံတဲ့အခါ ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းဟာ ဘယ်တော့မှ မ​ခမ်းခြောက်​တဲ့​မြစ်​လို ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ကမ်း​စပ်​ကို အဆက်မပြတ် ရိုက်ခတ်​တဲ့ ပင်လယ်​လှိုင်းတွေလို ဖြစ်မယ်။ ဘဝမှာ ဘာပဲ​ကြုံရပါစေ ကျွန်တော်တို့ သစ္စာစောင့်သိ​နေနိုင်​ကြပါတယ်။ ကျမ်းစာမှာ ဒီလို​အာမခံတယ်– “ထမ်း​ထားရတဲ့​ဝ​န်​ကို ယေဟောဝါ​ဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမ​လိမ့်မယ်။ ဖြောင့်မတ်သူ​ကို ဘယ်တော့မှ လဲကျ​ခွင့်ပြု​မှာ မဟုတ်ဘူး။”—ဆာလံ ၅၅:၂၂

“ရင့်ကျက်တဲ့​အဖြစ်ကို တက်လှမ်း​ကြစို့”

၉၊ ၁၀။ ရင့်ကျက်​တ​ယ်​ဆိုတာ ဘာလဲ။

ယေဟောဝါနဲ့ ဆက်ဆံရေးကို ခိုင်ခံ့စေတာနဲ့​အမျှ “ရင့်ကျက်တဲ့​အဖြစ်ကို တက်လှမ်း” နိုင်မယ်။ (ဟီဘရူး ၆:၁) ရင့်ကျက်​တ​ယ်​ဆိုတာ ဘာလဲ။

၁၀ အသက်ကြီး​လာ​ရုံ​နဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်မလာ​ဘူး။ ရင့်ကျက်​လာဖို့ ယေဟောဝါကို ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်နေ​စေ​ရမယ်။ ကိစ္စရပ်တွေ​အပေါ် ဘုရား​ရှုမြင်သလို ရှုမြင်​တတ်ဖို့ ကြိုးစား​ရမယ်။ (ယောဟန် ၄:၂၃) “အပြစ်​ရှိတဲ့ အလိုဆန္ဒ​နောက် လိုက်တဲ့​သူဟာ အပြစ်​ရှိတဲ့​အရာတွေကို​ပဲ စိတ်​ရောက်နေ​တတ်တယ်။ စွမ်းအားတော်​နဲ့အညီ အသက်ရှင်​တဲ့​သူကတော့ စွမ်းအားတော်​နဲ့​ဆိုင်တဲ့ အရာတွေကို​ပဲ စိတ်​ရောက်နေ​တတ်တယ်” လို့ ပေါလု ရေးခဲ့တယ်။ (ရောမ ၈:၅) ရင့်ကျက်တဲ့​သူက ဘဝမှာ အပျော်အပါး၊ ရုပ်ပစ္စည်း​တွေကို အာရုံမစိုက်​ဘူး။ ယေဟောဝါရဲ့ အမှုဆောင်ခြင်းကို​ပဲ အာရုံစိုက်​တ​ယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချတယ်။ (ပညာအလိမ္မာ ၂၇:၁၁။ ယာကုပ် ၁:၂၊ ၃ ကိုဖတ်ပါ။) အမှား​လုပ်ဖို့ ဩဇာ​လွှမ်းမိုး​မခံ​ဘူး။ အမှန်​ကို သိ​ပြီး အမှန်အတိုင်း လုပ်ဖို့ ဆုံးဖြတ်တယ်။

၁၁၊ ၁၂။ (က) “ပိုင်းခြားသိမြင်နိုင်စွမ်း” နဲ့ပတ်သက်ပြီး ပေါလု ဘာ​ပြောခဲ့​သလဲ။ (ခ) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာ​ခြင်းနဲ့ အားကစားသမား ဖြစ်လာ​ခြင်းတို့ ဘယ်လို ဆင်တူ​သလဲ။

၁၁ ရင့်ကျက်​ဖို့ ကြိုးစား​အားထုတ်​ရတယ်။ “မာ​တဲ့ အစာကို​တော့ ရင့်ကျက်သူတွေ​ပဲ စားတယ်။ သူတို့ဟာ ပိုင်းခြားသိမြင်နိုင်စွမ်း​ကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်​အောင် လေ့ကျင့်​ထားတယ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဟီဘရူး ၅:၁၄) “လေ့ကျင့်” ဆိုတဲ့ စကားလုံးက အားကစားသမားရဲ့ လေ့ကျင့်မှုကို စဉ်းစားမိ​စေတယ်။

၁၂ ကျွမ်းကျင်တဲ့ အားကစားသမား​ကို မြင်တဲ့အခါ အရည်အသွေး တိုးတက်​လာဖို့ အချိန်နဲ့ လေ့ကျင့်မှု လိုအပ်ခဲ့​မှန်း ကျွန်တော်တို့ သိကြတယ်။ အားကစားသမား​အဖြစ် မွေးလာ​တာ မဟုတ်ဘူး။ ကလေး​တစ်ယောက် မွေးဖွား​လာချိန်​မှာ လက်တွေ၊ ခြေထောက်တွေကို ဘယ်လို သုံး​ရမယ်ဆိုတာ ကောင်းကောင်း မသိ​ဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ ပစ္စည်းတွေကို ဘယ်လို ကိုင်တွယ်​ရမယ်၊ ဘယ်လို လမ်းလျှောက်​ရမယ်ဆိုတာ သိလာတယ်။ လေ့ကျင့်တာနဲ့ အားကစားသမား ဖြစ်လာနိုင်တယ်။ အလားတူပဲ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာဖို့ အချိန်နဲ့ လေ့ကျင့်မှု လိုအပ်တယ်။

၁၃။ ယေဟောဝါ စဉ်းစား​သလို စဉ်းစား​တတ်အောင် သင်ယူဖို့ ဘာက ကူညီပေး​မလဲ။

၁၃ ယေဟောဝါ စဉ်းစား​သလို စဉ်းစား​နိုင်ပုံ၊ ကိစ္စရပ်တွေ​အပေါ် ယေဟောဝါ ရှုမြင်သလို ရှုမြင်​နိုင်ပုံ​ကို ဒီ​စာအုပ်မှာ ဆွေးနွေးခဲ့​ကြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို ကျေးဇူးတင်​လေးမြတ်​ဖို့၊ ချစ်မြတ်နိုး​ဖို့ သင်ယူ​ခဲ့ကြတယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးကြတယ်– ‘ဒီ​ကိစ္စဟာ ဘယ်​ပညတ်တွေ၊ ဘယ်​ကျမ်းစာ​မူတွေ​နဲ့ သက်ဆိုင်​သလဲ။ ငါ​ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်မလဲ။ ငါ့ကို ယေဟောဝါ ဘာလုပ်​စေ​ချင်​မလဲ။’ပညာအလိမ္မာ ၃:၅၊ ၆။ ယာကုပ် ၁:၅ တို့ကို ဖတ်ပါ။

၁၄။ ယုံကြည်ခြင်း တည်ဆောက်ဖို့ ဘာလုပ်ရမလဲ။

၁၄ ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း တည်ဆောက်တာကို ဘယ်တော့မှ မရပ်တန့်​ကြဘူး။ အာဟာရ​ရှိတဲ့ အစာ စားသုံးခြင်းက ကျန်းမာသန်စွမ်း​တဲ့ ခန္ဓာကိုယ် တည်ဆောက်ဖို့ ကူညီပေး​သလို ယေဟောဝါ​အကြောင်း လေ့လာခြင်းက ခိုင်ခံ့တဲ့ ယုံကြည်ခြင်း တည်ဆောက်ဖို့ ကူညီ​ပေးတယ်။ ကျမ်းစာ စလေ့လာ​တုန်း​က ယေဟောဝါ​အကြောင်း၊ နည်းလမ်းတော်တွေ​အကြောင်း အခြေခံ​အမှန်တရား​တွေ သိခဲ့ကြတယ်။ ဒါပေမဲ့ အချိန်​ကြာ​လာတာ​နဲ့အမျှ ပိုနက်နဲ​တဲ့ အကြောင်းအရာ​တွေ နားလည်ဖို့ လို​လာတယ်။ “မာ​တဲ့ အစာကို​တော့ ရင့်ကျက်သူတွေ​ပဲ စားတယ်” လို့ ပြောတဲ့အခါ ပေါလု ဆိုလိုချင်တာ အဲဒီ​အချက်ပဲ။ သိရှိတာတွေကို လက်တွေ့​ကျင့်သုံးခြင်း​အားဖြင့် ဉာဏ်ပညာ ရရှိတယ်။ “ဉာဏ်ပညာဟာ အရေးကြီးဆုံး​ပဲ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ပညာအလိမ္မာ ၄:၅-၇။ ၁ ပေတရု ၂:၂

၁၅။ ယေဟောဝါနဲ့ ညီအစ်ကို/မ​တွေကို အမှန်တကယ် ချစ်​ဖို့ ဘယ်လောက် အရေးကြီး​သလဲ။

၁၅ လူ​တစ်ယောက်ဟာ ကျန်းမာသန်စွမ်း​နေပေမဲ့ ဆ​က်​ကျန်းမာသန်စွမ်း​နေဖို့ ကိုယ့်ကိုယ်ကိုယ် ဆ​က်​ဂရုစိုက်​နေရမယ်​ဆိုတာ သိတယ်။ အလားတူပဲ ရင့်ကျက်တဲ့​သူက ယေဟောဝါနဲ့ ဆက်ဆံရေး ဆ​က်​ခိုင်ခံ့​နေဖို့ ကြိုးစား​ရမယ်ဆိုတာ သိတယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲ​နေ​မနေ အမြဲ ဆန်းစစ်ပါ။ ဘယ်လို​လူစားမျိုး ဖြစ်နေတယ်​ဆိုတာကို အမြဲ စစ်ဆေးပါ” လို့ ပေါလု သတိ​ပေးတယ်။ (၂ ကောရိန္သု ၁၃:၅) ယုံကြည်ခြင်း ခိုင်ခံ့​နေဖို့​ထက်မက လိုအပ်တယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မ​တွေကို ချစ်တဲ့​မေတ္တာ တိုးပွား​နေရမယ်။ “အသိပညာကို အံ့ဖွယ်​နည်းနဲ့ ရထား​ရုံ​မ​က တောင်တွေကို ရွှေ့နိုင်​လောက်​တဲ့ ယုံကြည်ခြင်း အပြည့်​ရှိရင်တောင် မေတ္တာ​မရှိရင် အချည်းနှီး​ပဲ” လို့ ပေါလု ပြောခဲ့တယ်။—၁ ကောရိန္သု ၁၃:၁-၃

မျှော်လင့်ချက်ကို အာရုံစိုက်ပါ

၁၆။ စာတန်​က ကျွန်တော်တို့ကို ဘယ်လို ခံစား​စေ​ချင်​သလဲ။

၁၆ ယေဟောဝါရဲ့ နှစ်သက်​လက်ခံမှု ဘယ်တော့မှ မရနိုင်​ဘူးလို့ ကျွန်တော်တို့ကို စာတန် ထင်စေချင်တယ်။ စိတ်ဓာတ်ကျ​စေချင်တယ်။ ပြဿနာတွေ​အတွက် ဖြေရှင်းနည်း မရှိဘူးလို့ ခံစား​စေချင်တယ်။ ခရစ်ယာန်ချင်းတွေကို မယုံကြည်​စေချင်ဘူး။ ကျွန်တော်တို့ကို မပျော်ရွှင်​စေချင်ဘူး။ (ဧဖက် ၂:၂) အပျက်သဘော​က ကျွန်တော်တို့ကိုရော ဘုရားနဲ့ ဆက်ဆံရေးကို​ပါ ထိခိုက်​နိုင်မှန်း စာတန် သိတယ်။ ဒါပေမဲ့ အပျက်သဘော​ကို တိုက်လှန်​ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပေးထား​တာ ရှိတယ်။ အဲဒါကတော့ မျှော်လင့်ချက်ပါ။

၁၇။ မျှော်လင့်ချက်​က ဘယ်လောက် အရေးပါ​သလဲ။

၁၇ သက်သာလောနိတ် ပထမ​စောင် ၅:၈ မှာ မျှော်လင့်ချက်ကို တိုက်ပွဲ​မှာ စစ်သားရဲ့ ဦးခေါင်းကို ကာကွယ်​ပေးတဲ့ သံခမောက်​နဲ့ နှိုင်းယှဉ်​ပြီး “ကယ်တင်ခြင်း​ရမယ်ဆိုတဲ့ မျှော်လင့်ချက်” လို့ ခေါ်ထားတယ်။ ယေဟောဝါရဲ့ ကတိတော်တွေ​ကို မျှော်လင့်ခြင်းက စိတ်နှလုံးကို ကာကွယ်​ပေးတယ်။ အပျက်သဘော​တွေကို ခုခံ​တွန်းလှန်ဖို့ ကူညီ​ပေးတယ်။

၁၈၊ ၁၉။ မျှော်လင့်ချက်​ကြောင့် ယေရှု ဘယ်လို အားရှိခဲ့​သလဲ။

၁၈ မျှော်လင့်ချက်​က ယေရှုကို အားရှိ​စေခဲ့တယ်။ မြေကြီး​အသက်တာ နောက်ဆုံး​ညမှာ ခက်ခဲတဲ့ အခြေအနေ တစ်ခု​ပြီး​တစ်ခု ကြုံခဲ့​ရတယ်။ မိတ်ဆွေရင်း​တစ်ယောက် သစ္စာဖောက်​ခဲ့​တ​ယ်။ နောက်​တစ်ယောက်က ယေရှုကို မသိပါဘူးလို့​တောင် ငြင်းပယ်ခဲ့​တ​ယ်။ တခြား​သူတွေက ယေရှုကို စွန့်ပြီး ထွက်ပြေးခဲ့​ကြတယ်။ တစ်နိုင်ငံ​တည်း​သားတွေ​က ယေရှုကို ငြင်းပယ်ခဲ့​ကြတယ်။ ညှဉ်းဆဲ​ပြီး သတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီ​နာကျင်​စ​ရာ ဖြစ်ရပ်တွေကို ခံရပ်​ဖို့ ယေရှုကို ဘာက ကူညီ​ပေးခဲ့သလဲ။ “ရှေ့မှာ​ရှိတဲ့ ဝမ်းမြောက်စရာ​အကြောင်းကြောင့် အရှက်ခွဲ​ခံရ​တာ​ကို အရေး​မစိုက်​ဘဲ ဒုက္ခ​သစ်တိုင်​ပေါ်မှာ အသေ​ခံခဲ့တယ်။ အခု ဘုရားသခင့်​ရာဇပလ္လင်ရဲ့ ညာဘက်မှာ ထိုင်​နေတယ်။”—ဟီဘရူး ၁၂:၂

၁၉ သစ္စာ​စောင့်​ခြင်းအားဖြင့် ခမည်းတော်ကို ဂုဏ်တင်​နိုင်မယ်၊ စာတန်ဟာ မုသာကောင် ဖြစ်ကြောင်း သက်သေထူ​နိုင်မယ်​ဆိုတာ ယေရှု သိထားတယ်။ ဒီမျှော်လင့်ချက်​က ဝမ်းမြောက်​စေခဲ့တယ်။ မကြာခင် ကောင်းကင်မှာ ခမည်းတော်​နဲ့ ပြန်ဆုံ​စည်း​ရတော့မယ်​ဆိုတာလည်း သိတယ်။ ဒီ​မျှော်လင့်ချက်​က ခံနိုင်ရည် ​ရှိ​စေခဲ့တယ်။ ယေရှု​လို​ပဲ ကျွန်တော်တို့လည်း ကိုယ့်​မျှော်လင့်ချက်ကို အာရုံစိုက်​ရမယ်။ အဲဒါက ဘာတွေ​ပဲ ဖြစ်လာ​ပါစေ ခံနိုင်ရည် ရှိစေ​ပါလိမ့်မယ်။

၂၀။ အပြုသဘော​ရှိဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၂၀ ယေဟောဝါ​က သင့်​ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကို မြင်တယ်။ (ဟေရှာယ ၃၀:၁၈။ မာလခိ ၃:၁၀ ကိုဖတ်ပါ။) “အလိုဆန္ဒတွေကို . . . ဖြည့်ဆည်း​ပေး” မ​ယ်လို့ ဘုရား ကတိ​ပြုတယ်။ (ဆာလံ ၃၇:၄) ဒါကြောင့် မျှော်လင့်ချက်ကို အာရုံစိုက်​နေပါ။ စာတန်​က သင့်​မျှော်လင့်ချက်ကို ပျောက်ဆုံး​သွား​စေချင်တယ်။ ယေဟောဝါရဲ့ ကတိတော်တွေ ဘယ်တော့မှ ပြည့်စုံ​လာ​မှာ မဟုတ်ဘူးလို့ ခံစား​စေချင်တယ်။ ဒါပေမဲ့ အပျက်သဘော ဘယ်တော့မှ ဝင်ခွင့်​ပြုလို့ မဖြစ်​ဘူး။ မျှော်လင့်ချက် လျော့​လာတာကို သတိပြုမိရင် ယေဟောဝါ​ဆီမှာ အကူအညီ တောင်းခံပါ။ “ဘာမှ မစိုးရိမ်​ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်း​ကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုး​အသနားခံ​ကြပါ၊ ဘုရားသခင်​ဆီ အသနားခံ​ကြပါ။ ဒါဆိုရင် လူ့ဉာဏ်​နဲ့ မမီနိုင်တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်းက ခရစ်တော်​ယေရှု​က​တစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံး​နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်​ပေးပါလိမ့်မယ်” ဆိုတဲ့ ဖိလိပ္ပိ ၄:၆၊ ၇ ပါ စကားတွေကို သတိရပါ။

၂၁၊ ၂၂။ (က) ကမ္ဘာမြေ​အတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက်​က ဘာလဲ။ (ခ) ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသလဲ။

၂၁ ရှေ့မှာ​ရှိတဲ့ စိတ်လှုပ်ရှားဖွယ် အနာဂတ်​အကြောင်းကို မှန်မှန် အချိန်​ယူ တွေးတော​ဆင်ခြင်ပါ။ မကြာခင်မှာ အသက်ရှင်​တဲ့ လူသား​တိုင်း ယေဟောဝါကို ကိုးကွယ်​လာ​ကြ​ပါတော့မယ်။ (ဗျာဒိတ် ၇:၉၊ ၁၄) ကမ္ဘာသစ်​အသက်တာ​အကြောင်း စဉ်းစား​ကြည့်​လိုက်ပါ။ ကျွန်တော်တို့ စိတ်ကူးလို့ ရ​နိုင်သမျှ​ထက် သာလွန်​နေပါ​လိမ့်မယ်။ စာတန်၊ နတ်ဆိုး​တွေ​နဲ့ ဆိုးညစ်​မှု​မှန်သမျှ မရှိတော့ဘူး။ မ​ဖျားနာ​ရတော့​ဘူး။ မသေ​ရတော့​ဘူး။ မနက်​တိုင်း အားအင်​အပြည့်​နဲ့ နိုးထ​လာပြီး ပျော်ရွှင်​နေမယ်။ ကမ္ဘာမြေကို ပရဒိသု ဖြစ်လာဖို့ အားလုံး လက်တွဲ လုပ်ဆောင်ကြ​မယ်။ ကောင်းမွန်​တဲ့ အစားအစာ​နဲ့ လုံခြုံတဲ့​နေရာကို အားလုံး ပိုင်ဆိုင်​ကြရမယ်။ လူတွေ ရက်စက်​ကြမ်းကြုတ်​ကြ​တော့​မှာ မဟုတ်ဘူး။ အချင်းချင်း အမှန်တကယ် ချစ်ခင်​ကြင်နာ​ကြ​မ​ယ်။ အချိန်တန်​တဲ့အခါ “ဘုရားသခင့်​သားသမီးတွေရဲ့ ဘုန်းအသရေ​နဲ့ ပြည့်စုံတဲ့ လွတ်လပ်မှု” ကို ကမ္ဘာပေါ်​က လူသား​တိုင်း ခံစား​ကြရမယ်။—ရောမ ၈:၂၁

၂၂ ယေဟောဝါ​က ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်​ချင်တယ်။ ဒါကြောင့် နေ့တိုင်း ယေဟောဝါကို နာခံဖို့၊ ဘုရားနဲ့ ရင်းနှီး​ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ကျွန်တော်တို့​အားလုံး ဘုရားသခင့်​မေတ္တာတော် အမြဲ ခံစား​နိုင်ကြပါစေ။—ယုဒ ၂၁