မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်

ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်

“ဘုရားသခင်ကို ချစ်တယ်​ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ ခက်ခဲလွန်း​တဲ့​အရာ မဟုတ်ပါဘူး။” —၁ ယောဟန် ၅:၃

၁၊ ၂။ ယေဟောဝါ​ဘုရားကို ဘာကြောင့် ချစ်​သလဲ။

 ဘုရားသခင်ကို ချစ်​သလား။ သိပ်​ချစ်လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ထားတာ​ပေါ့။ ဘုရားသခင်ကို ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေ​လို့ ခံစားရ​နိုင်တယ်။ တကယ်တော့ ယေဟောဝါကို သင် မချစ်​ခင်​ကတည်းက ဘုရားက သင့်ကို ချစ်ခဲ့တယ်။ “ဘုရားသခင်က အရင်​ဦးဆုံး ချစ်​ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်​ကြတာပါ” ဆိုပြီး ကျမ်းစာမှာ ဖတ်​ရတယ်။—၁ ယောဟန် ၄:၁၉

ကျွန်တော်တို့​အတွက် ယေဟောဝါ မေတ္တာ​ပြခဲ့တဲ့ နည်းလမ်း​အားလုံးကို စဉ်းစား​ကြည့်ပါ။ လှပတဲ့ ကမ္ဘာမြေ​စံအိမ်၊ ဘဝကို ပျော်မွေ့​ဖို့ ကျွန်တော်တို့ လိုအပ်သမျှ ဘုရား ပေးထားတယ်။ (မဿဲ ၅:၄၃-၄၈။ ဗျာဒိတ် ၄:၁၁) ကျွန်တော်တို့ကို ဘုရားနဲ့ ဆက်ဆံရေး​ကောင်း ရှိစေချင်တယ်၊ ဘုရား​အကြောင်း သင်ယူ​နိုင်ဖို့ လိုအပ်​ရာတွေ ပြင်ဆင်​ပေးထားတယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျွန်တော်တို့ ယေဟောဝါ​စကားကို နားထောင်​နေတာ ဖြစ်တယ်။ ကျွန်တော်တို့ ဆုတောင်းတဲ့​အခါမှာလည်း ဘုရား နားထောင်​ပေးတယ်။ (ဆာလံ ၆၅:၂) တန်ခိုးကြီးတဲ့ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ကျွန်တော်တို့ကို လမ်းညွှန်​ပေးတယ်၊ ခွန်အား​ပေးတယ်။ (လုကာ ၁၁:၁၃) ကျွန်တော်တို့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​ဖို့ တန်ဖိုး​ထားရတဲ့ သားကို​တောင် မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ယောဟန် ၃:၁၆။ ရောမ ၅:၈ တို့ကို ဖတ်ပါ။

၃။ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း​ကို ဘယ်လို ထိန်းသိမ်း​မလဲ။

ပျော်ရွှင်​ချိန်၊ ဝမ်းနည်းချိန်တွေမှာ မျှဝေ​ခံစားပေး​ခဲ့​တဲ့ မိတ်ဆွေရင်း​တစ်ယောက်​အကြောင်း ခဏ စဉ်းစား​ကြည့်ပါ။ အဲဒီလို ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးစား​အားထုတ်မှု လိုတယ်။ ရှိ​နိုင်သမျှ​ထဲမှာ အရင်းနှီးဆုံး မိတ်ဆွေ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကလည်း အလားတူပါပဲ။ ဘုရားနဲ့ ဆက်ဆံရေးဟာ ထာဝစဉ် တည်မြဲ​နိုင်ပါတယ်။ ဒါကြောင့် “ဘုရားသခင့်​မေတ္တာ ခံစားရ​စေမယ့်​အရာတွေကို အမြဲ​ လုပ်ဆောင်” ဖို့ ကျမ်းစာမှာ ဖော်ပြ​တယ်။ (ယုဒ ၂၁) ဘယ်လို လုပ်ဆောင်​နိုင်မလဲ။ “ဘုရားသခင်ကို ချစ်တယ်​ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ ခက်ခဲလွန်း​တဲ့​အရာ မဟုတ်ပါဘူး” ဆိုပြီး ကျမ်းစာက အဖြေပေးတယ်။—၁ ယောဟန် ၅:၃

“ဘုရားသခင်ကို ချစ်တယ်​ဆိုတာ”

၄၊ ၅။ (က) “ဘုရားသခင်ကို ချစ်တယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) ယေဟောဝါကို ချစ်တဲ့​မေတ္တာ ဘယ်လို စတင်​ဖြစ်ပေါ်လာ​သလဲ။

“ဘုရားသခင်ကို ချစ်တယ်” ဆိုတဲ့ ကျမ်း​စကားက ဘာကို ဆိုလိုသလဲ။ ဘုရား​အပေါ်​ထားတဲ့ ကျွန်တော်တို့ရဲ့ နက်ရှိုင်း​တဲ့ မေတ္တာကို ဆိုလိုတယ်။ ယေဟောဝါကို စ​ချစ်​လာတဲ့​အချိန်ကို မှတ်မိသလား။

ယေဟောဝါထံ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံတဲ့​အခါ ဘုရားကို ချစ်ကြောင်း၊ တစ်သက်တာ​လုံး နာခံ​ချင်​ကြောင်း တင်ပြ​ရာ​ရောက်

ယေဟောဝါ​က သင့်ကို ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်​စေ​ချင်​ကြောင်း စ​သိလာ​ချိန်မှာ ဘယ်လို ခံစားခဲ့​ရသလဲ​ဆိုတာ ပြန်​စဉ်းစား​ကြည့်ပါ။ အဲဒီမှာ​အသက်ရှင်​နိုင်ဖို့ ဘုရား ပြုလုပ်ပေး​ခဲ့​ရာ​အားလုံး​အကြောင်း သိရှိခဲ့တယ်။ သားတော်ကို မြေကြီးပေါ် စေလွှတ်ခြင်း​အားဖြင့် အဖိုးတန်​လက်ဆောင် ပေးခဲ့တယ်​ဆိုတာ သဘောပေါက်​လာတယ်။ (မဿဲ ၂၀:၂၈။ ယောဟန် ၈:၂၉။ ရောမ ၅:၁၂၊ ၁၈) ယေဟောဝါ သင့်ကို ဘယ်လောက်​ ချစ်တယ်​ဆိုတာ သိတဲ့​အခါ စိတ်ထိမိ​သွားပြီး ဘုရားကို စ​ချစ်​လာတယ်။၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ။

၆။ တစ်ယောက်ယောက်ကို ချစ်ခြင်းမှာ ဘာ​ပါဝင်​သလဲ။ ဘုရားကို ချစ်တဲ့​မေတ္တာ​က ဘာလုပ်ဖို့ လှုံ့ဆော်​ပေးခဲ့ပြီ​လဲ။

ဒါပေမဲ့ ဘုရားကို ချစ်​မြတ်နိုးတဲ့ အဲဒီ​ခံစားချက်​က အစ​ပဲ ဖြစ်တယ်။ ဥပမာ၊ တစ်ယောက်ယောက်ကို ချစ်တဲ့​အခါ “ချစ်တယ်” လို့ ပြောရုံထက်မက လုပ်ဆောင်​ကြတယ်။ ကိုယ်​ချစ်တဲ့​သူကို ပျော်ရွှင်​စေမယ့် အရာတွေကို လုပ်ဆောင်ဖို့ မေတ္တာ​က လှုံ့ဆော်​ပေးတယ်။ အလားတူပဲ ယေဟောဝါကို ချစ်တဲ့ မေတ္တာ​က ဘုရား နှစ်သက်တဲ့ နည်း​အတိုင်း အသက်ရှင်​စေတယ်။ အဲဒီ​မေတ္တာ ကြီးထွား​လာလို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံခဲ့တယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်ကို အမြဲ​ ထမ်းဆောင်ဖို့ ကတိ​ပေးလိုက်တယ်။ (ရောမ ၁၄:၇၊ ၈ ကိုဖတ်ပါ။) အဲဒီ​ကတိ ဘယ်လို တည်​နိုင်မလဲ။

“ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်”

၇။ ယေဟောဝါကို ချစ်​ရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဘုရားရဲ့ ပညတ်​တချို့က ဘာတွေလဲ။

ယေဟောဝါကို ချစ်လို့ “ပညတ်ချက်တွေကို လိုက်နာ” ကြတယ်။ ဘယ်လို လိုက်နာ​ကြသလဲ။ ဘုရားကို နာခံ​ကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသက်ရှင်​နေထိုင်စေချင်ကြောင်း ကျမ်းစာက​နေ သိရတယ်။ ဥပမာ၊ သောက်ကြူးတာ၊ ခိုးတာ၊ လိမ်ညာတာ၊ လက်မ​ထပ်​ထားသူ​နဲ့ လိင်ဆက်ဆံတာ၊ ဘုရားကို မဟုတ်ဘဲ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်​ကို ကိုးကွယ်တာတွေ​ဟာ မှား​ကြောင်း ကျွန်တော်တို့ကို မိန့်မှာ​ထားတယ်။—၁ ကောရိန္သု ၅:၁၁။ ၆:၁၈။ ၁၀:၁၄။ ဧဖက် ၄:၂၈။ ကောလောသဲ ၃:၉

၈၊ ၉။ ကျမ်းစာ​ပညတ် အတိအကျ မရှိတဲ့ အခြေအနေတွေမှာ ယေဟောဝါ ဘာလုပ်​စေ​ချင်​မှန်း ဘယ်လို သိနိုင်​သလဲ။ ဥပမာ ပေးပါ။

ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ပညတ်တွေ​ကို လိုက်နာ​ရုံ​ထက်မက လိုအပ်တယ်။ အခြေအနေ​တိုင်း​အတွက် ပညတ်ချက် စာရင်းရှည်​ကြီး မပေး​ထားပါ​ဘူး။ ဒါကြောင့် ဘာ​လုပ်ရမယ်​ဆိုတာ​နဲ့ပတ်သက်ပြီး ကျမ်းစာ​ပညတ်ချက် အတိအကျ မရှိတဲ့ အခြေအနေတွေ ကြုံရ​နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချ​နိုင်မလဲ။ (ဧဖက် ၅:၁၇) ကိစ္စရပ်တွေ​အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို သင်ပေးတဲ့ အခြေခံ အမှန်တရားတွေ၊ မူတွေကို ကျမ်းစာမှာ တွေ့ရတယ်။ ကျမ်းစာ​ဖတ်တဲ့အခါ ယေဟောဝါကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိလာတယ်။ ဘုရားရဲ့ တွေးခေါ်ပုံ၊ နှစ်သက်တာတွေ၊ ရွံမုန်း​တာတွေကို သိလာတယ်။ဆာလံ ၉၇:၁၀ ကို ဖတ်ပါ။ ပညာအလိမ္မာ ၆:၁၆-၁၉ရှင်းလင်းချက် ၁ ကို ကြည့်ပါ။

ဥပမာ၊ တီဗွီမှာ၊ အင်တာနက်မှာ ဘာကြည့်မယ်​ဆိုတာ​နဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်​သလဲ။ ကျွန်တော်တို့ ဘာ​ကြည့်​သင့်တယ်​ဆိုတာ ယေဟောဝါ အတိအကျ မ​မိန့်မှာ​ဘူး။ ဒါပေမဲ့ ဘုရား ပေးထားတဲ့ အခြေခံ​မူတွေ​က ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီ​ပေးမယ်။ ဒီနေ့ခေတ် ဖျော်ဖြေရေး အများစုမှာ အကြမ်းဖက်မှု၊ လိင်မှု​ကိစ္စတွေ အပြည့်​ပဲ။ ယေဟောဝါ​က “အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်၊” “လိင်​အကျင့်​ယိုယွင်း​သူတွေကို ပြစ်ဒဏ်​စီရင်​လိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ဆာလံ ၁၁:၅။ ဟီဘရူး ၁၃:၄) ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဒီ​အခြေခံ​မူတွေ​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။ ယေဟောဝါ ရွံမုန်း​တဲ့​အရာ၊ အကျင့်ပျက်မှု​လို့ ရှုမြင်​တဲ့​အရာကို သိ​ရင် ရှောင်​သင့်တယ်။

၁၀၊ ၁၁။ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် နာခံကြ​သလဲ။

၁၀ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် နာခံကြ​သလဲ။ အပြစ်ပေး မခံချင်​လို့၊ ဆုံးဖြတ်ချက် အမှားတွေ​ကြောင့် ဒုက္ခရောက်​မှာ​စိုးလို့ပဲ မဟုတ်ပါဘူး။ (ဂလာတိ ၆:၇) ယေဟောဝါကို ချစ်လို့ နာခံ​ကြတာပါ။ သားသမီးတွေ​က ဖခင်ကို ပျော်ရွှင်​စေ​ချင်​ကြ​သလို ကျွန်တော်တို့လည်း ကောင်းကင်ဘုံစံ​ဖခင်​ကို ပျော်ရွှင်​စေ​ချင်ကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ နှစ်သက်​ကြောင်း သိရတာထက် ဘယ်​အရာက​မှ ပို​မကောင်း​နိုင်​ဘူး။—ဆာလံ ၅:၁၂။ ပညာအလိမ္မာ ၁၂:၂ရှင်းလင်းချက် ၂ ကို ကြည့်ပါ။

၁၁ လွယ်ကူ​မှ ဒါ​မဟုတ် ရွေးချယ်စရာ မရှိ​မှ ယေဟောဝါကို နာခံကြတာ မဟုတ်ဘူး။ ဘုရားရဲ့ ဘယ် ပညတ်ချက်တွေ၊ စံနှုန်းတွေကို​တော့ လိုက်နာမယ်၊ ဘာတွေကို​တော့ မလိုက်နာ​ဘူးဆိုပြီး မရွေးချယ်​ကြပါဘူး။ (တရားဟောရာ ၁၂:၃၂) အဲဒီအစား “ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးတယ်။ တကယ်ကို ချစ်မြတ်နိုး​ပါတယ်” လို့ ပြောခဲ့တဲ့ ဆာလံ​ဆရာလို​ပဲ ကျွန်တော်​တို့တစ်တွေ ဘုရားကို အပြည့်အဝ နာခံ​ကြပါတယ်။ (ဆာလံ ၁၁၉:၄၇။ ရောမ ၆:၁၇) ယေဟောဝါ မိန့်မှာ​သ​မျှ လုပ်ဆောင်ခြင်း​အားဖြင့် ယေဟောဝါကို ချစ်ကြောင်း ပြခဲ့တဲ့ နောဧ​လို ကျွန်တော်တို့ ဖြစ်ချင်ကြတယ်။ နောဧ​က “မှာ​ထားတဲ့​အတိုင်း လုပ်တယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ကမ္ဘာဦး ၆:၂၂) သင့်ကို​ကော အဲဒီလို ပြော​စေ​ချင်​ပါသလား။

၁၂။ ယေဟောဝါကို ဘယ်လို ရွှင်လန်း​စေနိုင်သလဲ။

၁၂ ကျွန်တော်တို့ နာခံတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ ဘုရားရဲ့ “စိတ်​ကို ရွှင်လန်း​စေ” တ​ယ်။ (ပညာအလိမ္မာ ၁၁:၂၀။ ၂၇:၁၁) စဉ်းစား​ကြည့်ပါ။ ကျွန်တော်တို့ရဲ့ နာခံမှုက စကြဝဠာ​ ဖန်ဆင်းရှင်ကို ရွှင်လန်း​စေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဘုရားက ဘယ်တော့မှ အတင်းအကျပ် မနာခံ​ခိုင်း​ဘူး။ ကျွန်တော်တို့ကို လွတ်လပ်​စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ကျွန်တော်တို့မှာ အမှား၊ အမှန် လွတ်လပ်​စွာ ရွေးချယ်ခွင့် ရှိတယ်ဆိုတဲ့ သဘော​ပဲ။ ဘုရားကို ချစ်တဲ့​မေတ္တာ​ကြောင့် ဆုံးဖြတ်ချက်ကောင်းတွေ ချပြီး အကောင်းဆုံး အသက်တာကို ရရှိဖို့ ယေဟောဝါ လိုလားတယ်။—တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉၊ ၂၀ရှင်းလင်းချက် ၃ ကို ကြည့်ပါ။

“ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ ခက်ခဲလွန်း​တဲ့​အရာ မဟုတ်”

၁၃၊ ၁၄။ ဘုရားရဲ့ ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ မခက်ခဲ​လွန်း​ဘူး​ဆိုတာ ဘယ်လို သိရသလဲ။ ဥပမာ​ပေးပါ။

၁၃ ယေဟောဝါရဲ့ ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ ခက်ခဲလွန်း​တ​ယ်၊ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို ပျောက်ဆုံး​စေတယ်လို့ ခံစားရ​ရင်​ကော။ “ပညတ်ချက်​တွေဟာ လိုက်နာ​ဖို့ ခက်ခဲလွန်း​တဲ့​အရာ မဟုတ်ပါဘူး” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (၁ ယောဟန် ၅:၃) “ခက်ခဲလွန်း” ဆိုတဲ့ ဂရိ​စကားလုံးက “လေးလံ” လို့ အဓိပ္ပာယ်​ရတယ်။ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ စည်းမျဉ်းတွေ၊ တခြား​လူကို ထိန်းချုပ်၊ နာကျင်စေ​တဲ့​ လူတွေ​အကြောင်း ဖော်ပြဖို့ ဒီ​စကားလုံးကို တခြား​ကျမ်းချက်တွေမှာ အသုံးပြု​ထားတယ်။ (မဿဲ ၂၃:၄။ တမန်တော် ၂၀:၂၉၊ ၃၀) အင်္ဂလိပ်​ဘာသာပြန်ကျမ်း​သစ် မှာ “ပညတ်ချက်​တွေဟာ ငါတို့ကို ဝန်ပိစေတာ မဟုတ်ဘူး” လို့ ဖတ်​ရတယ်။ ယေဟောဝါရဲ့ ပညတ်ချက်​တွေဟာ မ “လေးလံ” ဘူး၊ လိုက်နာ​ဖို့ မခက်ခဲ​လွန်း​ဘူး။ ကျွန်တော်တို့ဆီက ဘုရား တောင်းဆို​သ​မျှ​ဟာ အမြဲ အကျိုးသင့်အကြောင်းသင့် ရှိပါတယ်။

၁၄ ဥပမာ၊ အိမ်သစ် ပြောင်း​ဖို့ မိတ်ဆွေ​တစ်ယောက်ကို ကူညီပေး​နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ မိတ်ဆွေ​က ပစ္စည်း​အားလုံးကို သေတ္တာတွေထဲ ထည့်​ပြီးပြီ။ သေတ္တာ​တချို့က ပေါ့​တော့ သယ်​ဖို့ လွယ်တယ်။ ဒါပေမဲ့ သေတ္တာ​တချို့က လေးလွန်း​တော့ လူ​နှစ်ယောက် သယ်​ရတယ်။ မိတ်ဆွေ​က သိပ်​လေး​တဲ့ သေတ္တာ​ကို တစ်ယောက်တည်း သယ်​ခိုင်း​ပါ့မလား။ သယ်ခိုင်းမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ သင့်ကို အနာတရ မဖြစ်စေ​ချင်​လို့​ပါ။ အဲဒီ​မိတ်ဆွေလိုပါပဲ ခက်ခဲလွန်းတာတွေ လုပ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပါဘူး။ (တရားဟောရာ ၃၀:၁၁-၁၄) ကျွန်တော်တို့​အကြောင်း ယေဟောဝါ နားလည်တယ်။ “ဘုရားက ငါ​တို့ရဲ့ ဖွဲ့စည်း​တည်ဆောက်ပုံ​ကို ကောင်းကောင်း သိတယ်။ ငါ​တို့ဟာ မြေမှုန့်​ပဲ​ဆိုတာကို မမေ့ဘူး။”—ဆာလံ ၁၀၃:၁၄

၁၅။ ယေဟောဝါရဲ့ ပညတ်ချက်​တွေဟာ ကျွန်တော်တို့ ကောင်းကျိုး​အတွက်​လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၅ ယေဟောဝါရဲ့ ပညတ်ချက်​တွေဟာ “ထာဝရ ကောင်းကျိုး” အတွက် ဖြစ်ကြောင်း၊ သူတို့ရဲ့ နာခံမှုက “အသက်ဆက်ရှင်” စေမှာ ဖြစ်ကြောင်း အစ္စရေး​လူမျိုးကို မောရှေ ပြောခဲ့တယ်။ (တရားဟောရာ ၅:၂၈-၃၃။ ၆:၂၄) ဒီနေ့လည်း အလားတူပါပဲ။ ယေဟောဝါ တောင်းဆို​သ​မျှ​က ကျွန်တော်တို့​အသက်တာကို ပိုတိုးတက်​ကောင်းမွန်​စေတယ်။ (ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။) ကျွန်တော်တို့​အတွက် ဘာ​အကောင်းဆုံး​လဲ​ဆိုတာ အဖ​ယေဟောဝါ အမြဲ သိတယ်။ (ရောမ ၁၁:၃၃) “ဘုရားသခင်​ဟာ ချစ်ခြင်းမေတ္တာ ဖြစ်” တ​ယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (၁ ယောဟန် ၄:၈) ယေဟောဝါ မိန့်ဆို​သ​မျှ၊ လုပ်ဆောင်​သ​မျှ​ဟာ မေတ္တာ​ကြောင့် ဖြစ်တယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ။

၁၆။ ကျွန်တော်တို့ မစုံလင်ကြပေမဲ့၊ ဆိုးညစ်​တဲ့ လောကမှာ အသက်ရှင်နေ​ကြပေမဲ့ ဘုရားကို နာခံနိုင်ကြောင်း ဘယ်လို သိရသလဲ။

၁၆ ဘုရားကို နာခံဖို့ အမြဲ​တော့ မလွယ်​ဘူး။ မာရ်နတ် အုပ်ချုပ်တဲ့၊ ဆိုးညစ်တဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်​နေရတယ်။ မကောင်းတာတွေ လုပ်ဖို့ လူတွေကို မာရ်နတ် ဩဇာ​လွှမ်းမိုး​ထားတယ်။ (၁ ယောဟန် ၅:၁၉) ကိုယ်တိုင်ရဲ့ မစုံလင်တဲ့ အတွေးတွေ၊ ခံစားချက်တွေ​ကိုလည်း တိုက်လှန်​ရမယ်။ အဲဒါတွေ​က ဘုရား​အပေါ် နာခံမှု မရှိအောင် တွန်းပို့​နိုင်​လို့​ပဲ။ (ရောမ ၇:၂၁-၂၅) ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့​မေတ္တာ​က မှန်ရာ​လုပ်ဖို့ ခွန်အား​ပေးတယ်။ ဘုရားကို နာခံဖို့ ကျွန်တော်တို့ရဲ့ ကြိုးစား​အားထုတ်မှုကို မြင်ပြီး တန်ခိုးကြီးတဲ့ သန့်ရှင်းသော​ စွမ်းအားတော် ပေးခြင်း​အားဖြင့် ကူညီ​ပေးတယ်။ (၁ ရှမွေလ ၁၅:၂၂၊ ၂၃။ တမန်တော် ၅:၃၂) ဘုရားကို နာခံဖို့ ပိုလွယ်ကူ​စေတဲ့ အရည်အသွေးတွေ ပျိုးထောင်​ဖို့ သန့်ရှင်းသော​ စွမ်းအားတော်​က ကူညီ​ပေးတယ်။—ဂလာတိ ၅:၂၂၊ ၂၃

၁၇၊ ၁၈။ (က) ဒီ​စာအုပ်မှာ ဘာတွေ လေ့လာ​ကြ​မလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာ​လေ့လာ​ကြ​မလဲ။

၁၇ ဒီ​စာအုပ်မှာ ယေဟောဝါ နှစ်သက်တဲ့ နည်းလမ်း​အတိုင်း အသက်ရှင်​နေထိုင်​နိုင်ပုံ​ကို လေ့လာ​ကြပါမယ်။ ကိုယ့်​အသက်တာမှာ ဘုရားရဲ့ အခြေခံ​မူတွေ၊ စာရိတ္တ​စံနှုန်းတွေကို လက်တွေ့​ကျင့်သုံး​နိုင်ပုံ​အကြောင်းလည်း လေ့လာ​ကြပါမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ အတင်းအကျပ် မနာခံ​ခိုင်း​ဘူး​ဆိုတာ သတိရပါ။ နာခံဖို့ ရွေးချယ်​တဲ့အခါ ကျွန်တော်တို့​ဘဝ တိုးတက်​ကောင်းမွန်​လာပြီး အံ့ဖွယ်​အနာဂတ်ကို ရရှိ​ကြ​မယ်။ အရေးကြီးဆုံး​ကတော့ ကျွန်တော်တို့ရဲ့ နာခံမှုက ဘုရားကို ဘယ်လောက်​ ချစ်မြတ်နိုး​ကြောင်း ဖော်ပြပါ​လိမ့်မယ်။—ရှင်းလင်းချက် ၄ ကို ကြည့်ပါ။

၁၈ အမှား၊ အမှန်​ကို ပိုင်းခြားသိမြင်​ဖို့ ယေဟောဝါ​က ကျွန်တော်တို့​ယောက်​တိုင်း​ကို သိစိတ် ပေးထားတယ်။ အဲဒီ​သိစိတ်ကို လေ့ကျင့်​ပေးရင် “ပညတ်ချက်တွေ . . . လိုက်နာ​ဖို့” အကူအညီ ဖြစ်စေ​နိုင်တယ်။ အမှားအမှန်​သိစိတ်​ဆိုတာ ဘာလဲ၊ ဘယ်လို လေ့ကျင့်ပေး​မလဲ။ ကြည့်ကြစို့။