မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်

ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်

“ဖြူစင်​တဲ့​သူကို ဖြူစင်​တဲ့ သဘော​နဲ့ ဆက်ဆံတယ်။” —ဆာလံ ၁၈:၂၆

၁-၃။ (က) မိခင်​က သားငယ်ကို ဘာကြောင့် သန့်သန့်ရှင်းရှင်း ပြင်ဆင်​ပေး​သလဲ။ (ခ) ယေဟောဝါ​က မိမိ​လူမျိုးကို ဘာကြောင့် သန့်ရှင်း​စေ​ချင်​သလဲ။

 မေတ္တာ​ရှိတဲ့ မိခင်​က သားငယ် ကျောင်း​သွားဖို့ ပြင်ဆင်​ပေးနေတယ် ဆိုပါစို့။ ရေချိုး​ပေးပြီး သန့်ရှင်း​သပ်ရပ်​စွာ ဝတ်ဆင်​ပေးတယ်။ သန့်ရှင်းမှု​က ကလေးကို ကျန်းမာ​စေ​မှန်း၊ မိဘတွေ ဂရုစိုက်​မှန်း ဖော်ပြတယ်။

အဖ​ယေဟောဝါ​က ကျွန်တော်တို့ကို သန့်ရှင်း​စင်ကြယ်​စေချင်တယ်။ (ဆာလံ ၁၈:၂၆) သန့်ရှင်းခြင်းက ကျွန်တော်တို့ကို အကျိုးပြု​မှန်း ဘုရား သိတယ်။ သန့်ရှင်း​နေမယ်ဆိုရင် ဘုရားကို ဘုန်း​ထင်ရှားစေတယ်။—ယေဇကျေလ ၃၆:၂၂။ ၁ ပေတရု ၂:၁၂ ကိုဖတ်ပါ။

သန့်ရှင်းခြင်း​ဆိုတာ ဘာလဲ။ သန့်ရှင်းခြင်းက ဘာကြောင့် အကျိုးပြု​သလဲ။ ဒီ​မေးခွန်းတွေကို ဆန်းစစ်တဲ့​အခါ ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲမှု​တချို့ လုပ်ဖို့ လို​မှန်း သိလာမယ်။

ဘာကြောင့် သန့်ရှင်း​ဖို့ လိုသလဲ

၄၊ ၅။ (က) ကျွန်တော်တို့ ဘာကြောင့် သန့်ရှင်း​ရမလဲ။ (ခ) သန့်ရှင်းခြင်းနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကို ဖန်ဆင်းရာတွေ​က ဘာသင်ပေးသလဲ။

ယေဟောဝါရဲ့ စံနမူနာ​ကနေ သန့်ရှင်း​စင်ကြယ်​ဖို့ သင်ယူ​ရတယ်။ (ဝတ်ပြုရာ ၁၁:၄၄၊ ၄၅) သန့်ရှင်း​ဖို့ လိုအပ်​ရတဲ့ အဓိက​ အကြောင်းရင်း​ကတော့ “ဘုရားသခင်ကို အတုယူ” ချင်​ကြ​လို့​ပါပဲ။—ဧဖက် ၅:၁

သန့်ရှင်းခြင်းနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကို ဖန်ဆင်းရာတွေ​က များစွာ​သင်ပေးတယ်။ လေထု၊ ရေထု သန့်ရှင်း​နေဖို့ သဘာဝ​ သံသရာတွေ ယေဟောဝါ ဖန်ဆင်း​ထားတယ်။ (ယေရမိ ၁၀:၁၂) ကမ္ဘာမြေ ညစ်ညမ်း​အောင် လူတွေ လုပ်ထား​ပြီးတာတောင် ကမ္ဘာမြေ အလိုအလျောက် သန့်ရှင်းတဲ့ နည်းလမ်း​များစွာကို စဉ်းစား​ကြည့်ပါ။ ဥပမာ၊ မှန်ဘီလူး​နဲ့ ကြည့်​မှ မြင်နိုင်တဲ့ သက်ရှိ​အဏုဇီဝ​ပိုးမွှားတွေကို ယေဟောဝါ ပုံစံပြု​ဖန်ဆင်း​ထားတယ်။ အဏုဇီဝ​ပိုးမွှား​တွေ​က အဆိပ်အတောက် ဖြစ်စေတဲ့ စွန့်ပစ်​ပစ္စည်းတွေကို အန္တရာယ်​ကင်းတဲ့ ပစ္စည်း​တွေ​အဖြစ် ပြောင်းလဲ​ပေးနိုင်တယ်။ ဒါက တကယ့်ကို ထိရောက်တဲ့ ဖြစ်စဉ်​ပါ။ သိပ္ပံ​ပညာရှင်တွေ​တောင် ညစ်ညမ်းမှု​တွေကို သန့်ရှင်း​စေဖို့ အဏုဇီဝ​ပိုးမွှား​တချို့ကို အသုံးပြုကြတယ်။—ရောမ ၁:၂၀

၆၊ ၇။ ယေဟောဝါကို ကိုးကွယ်သူ​တွေ သန့်ရှင်း​ရမယ်ဆိုတာ မောရှေ​ပညတ်​က ဘယ်လို ဖော်ပြသလဲ။

မောရှေ​က​တစ်ဆင့် အစ္စရေးတွေကို ယေဟောဝါ ပေးခဲ့တဲ့ ပညတ်တရား​က​နေလည်း သန့်ရှင်း​ဖို့ ဘယ်လောက် အရေးကြီး​မှန်း သိရတယ်။ ဥပမာ၊ အစ္စရေး​လူမျိုးရဲ့ ကိုးကွယ်မှု​ကို ယေဟောဝါ လက်ခံဖို့ ကာယပိုင်း သန့်ရှင်း​ကြရမယ်။ အပြစ်ဖြေ​ရာ​နေ့မှာ ပုရောဟိတ်မင်း​က နှစ်ကြိမ် ရေချိုး​ရမယ်။ (ဝတ်ပြုရာ ၁၆:၄၊ ၂၃၊ ၂၄) တခြား​ပုရောဟိတ်တွေလည်း ပူဇော်သက္ကာ မဆက်သခင် ခြေလက် ဆေးကြော​ရမယ်။ (ထွက်မြောက်ရာ ၃၀:၁၇-၂၁။ ၂ ရာဇဝင်ချုပ် ၄:၆) အခြေအနေ​တချို့မှာ စင်ကြယ်ခြင်း​ဆိုင်ရာ ပညတ်တွေ မလိုက်နာ​ရင် သေဒဏ်​ခံရတယ်။—ဝတ်ပြုရာ ၁၅:၃၁။ တောလည်ရာ ၁၉:၁၇-၂၀

ဒီနေ့​ကော။ ပညတ်တရား​က​တစ်ဆင့် ယေဟောဝါရဲ့ စံနှုန်းတွေ​အကြောင်း များစွာ သင်ယူနိုင်တယ်။ (မာလခိ ၃:၆) ယေဟောဝါကို ကိုးကွယ်သူ​တွေ သန့်ရှင်း​ဖို့ လိုအပ်​မှန်း ပညတ်တရား​က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေ မပြောင်းလဲ​ဘူး။ ဒီနေ့လည်း ကိုးကွယ်သူ​တွေ သန့်ရှင်း​စင်ကြယ်​ဖို့ ဘုရား မျှော်လင့်​နေတုန်းပါပဲ။—ယာကုပ် ၁:၂၇

သန့်ရှင်းခြင်း​ဆိုတာ ဘာလဲ

၈။ ဘယ်​ကဏ္ဍတွေမှာ သန့်ရှင်း​ရမလဲ။

ယေဟောဝါ​အမြင်မှာ သန့်ရှင်းခြင်း​ဆိုတာ ကိုယ်ခန္ဓာ၊ အဝတ်အစား၊ နေအိမ် သန့်ရှင်းခြင်း​ထက်မက ပါဝင်တယ်။ သန့်ရှင်းခြင်း​ဆိုတာ ဘဝ​တစ်ခုလုံးနဲ့ သက်​ဆိုင်တယ်။ ဝတ်ပြုရေး၊ အကျင့်အကြံ ပါဝင်တယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ကို သန့်ရှင်းသူ​တွေ​အဖြစ် ယေဟောဝါ ရှုမြင်​ဖို့ ဘဝကဏ္ဍ​တိုင်းမှာ သန့်ရှင်း​စင်ကြယ်​ကြရမယ်။

၉၊ ၁၀။ ဝတ်ပြုကိုးကွယ်ရေးမှာ သန့်ရှင်းခြင်း​ဆိုတာ ဘာလဲ။

စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်​ရေး။ မှားယွင်းတဲ့ ဘာသာရေး​နဲ့ ကျွန်တော်တို့ ဘယ်နည်းနဲ့​မှ မပတ်သက်​ရ​ဘူး။ အစ္စရေး​တွေ ဗာဗုလုန်​သုံ့ပန်း​ဘဝမှာ အကျင့်ပျက်​တဲ့ တိတ္ထိ​ဘာသာဝင်တွေ​ကြားမှာ နေထိုင်ခဲ့​ကြတယ်။ အစ္စရေး​တွေ နေရင်းပြည် ပြန်လာပြီး စင်ကြယ်​တဲ့ ဝတ်ပြု​ကိုးကွယ်​ရေး ပြန်တည်ထောင်မယ့်​အကြောင်း ဟေရှာယ ပရောဖက်ပြု​ခဲ့​တ​ယ်။ “အဲဒီကနေ ထွက်သွားကြ။ မသန့်ရှင်းတာ​မှန်သမျှ လက်နဲ့​တောင် မထိ​ကြနဲ့။ . . . သူ့ဆီကနေ ထွက်သွား​ကြ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်း​အောင်​နေကြ” လို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ အစ္စရေးတွေရဲ့ ဝတ်ပြုရေး​ဟာ ဗာဗုလုန်ရဲ့ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေ၊ အကျင့်အကြံ​တွေ၊ ဓလေ့​ထုံးစံတွေနဲ့ ရောယှက်​မနေ​ရ​ဘူး။—ဟေရှာယ ၅၂:၁၁

၁၀ ဒီနေ့ ခရစ်ယာန်စစ်တွေလည်း မှားယွင်းတဲ့ ဘာသာရေး​ကို ရှောင်ကြဉ်​ကြတယ်။ (၁ ကောရိန္သု ၁၀:၂၁ ကိုဖတ်ပါ။) ကမ္ဘာ​တစ်ဝန်း​က လူကြိုက်များ​တဲ့ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှု​ဓလေ့တွေ၊ ယုံကြည်ချက်​တွေဟာ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေ​အပေါ် အခြေခံတယ်။ ဥပမာ၊ ယဉ်ကျေးမှု​များစွာမှာ လူသေ​ပြီးတဲ့နောက် ဆ​က်​အသက်ရှင်​တဲ့​အရာ ရှိတယ်လို့ ယုံကြည်​ကြတယ်။ ဒီ​ယုံကြည်ချက်​အပေါ် အခြေခံ​တဲ့ ဓလေ့​ထုံးစံ​များစွာ ရှိတယ်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀) အဲဒီ​ထုံးစံတွေကို ခရစ်ယာန်တွေ ရှောင်ရမယ်။ ဒီဓလေ့​ထုံးစံ​တချို့မှာ ပါဝင်ဖို့ မိသားစုဝင်တွေက ဖိအားပေး​လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို သန့်ရှင်းတယ်လို့ ယေဟောဝါ ရှုမြင်​စေချင်တဲ့​အတွက် အဲဒီလို​ဖိအားတွေကို အလျှော့ပေး​လိုက်လျောကြမှာ မဟုတ်ဘူး။—တမန်တော် ၅:၂၉

၁၁။ အမူအကျင့် သန့်ရှင်းခြင်း​ဆိုတာ ဘာလဲ။

၁၁ စင်ကြယ်​တဲ့ အမူအကျင့်။ ကျွန်တော်တို့ကို သန့်ရှင်းတယ်လို့ ယေဟောဝါ ရှုမြင်​စေ​ချင်​ရင် လိင်​အကျင့်​ယိုယွင်းမှု​မှန်သမျှကို ရှောင်ကြဉ်​ရမယ်။ (ဧဖက် ၅:၅ ကို ဖတ်ပါ။) ကျမ်းစာမှာ “လိင်​အကျင့်​ယိုယွင်းမှု​ကို ဝေးဝေးရှောင်” ဖို့ ယေဟောဝါ မိန့်မှာ​ထားတယ်။ အကျင့်​ယိုယွင်း​သူတွေ၊ နောင်တမရ​သူတွေ “ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံ​ရ​ဘူး” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထားတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀၊ ၁၈ရှင်းလင်းချက် ၂၂ ကို ကြည့်ပါ။

၁၂၊ ၁၃။ အတွေးအခေါ် ဘာကြောင့် သန့်ရှင်း​ရမလဲ။

၁၂ စင်ကြယ်​တဲ့ အတွေးအခေါ်​များ။ စိတ်ထဲ​ရှိတဲ့​အတိုင်း ပြုမူ​တတ်တယ်။ (မဿဲ ၅:၂၈။ ၁၅:၁၈၊ ၁၉) အတွေး စင်ကြယ်​ရင် အလုပ် စင်ကြယ်တယ်။ ကျွန်တော်တို့ မစုံလင်​ကြ​တဲ့​အတွက် အတွေးအခေါ်​တွေ မှားတတ်ကြတယ်။ အတွေးအခေါ် မှားသွား​ရင် ချက်ချင်း တိုက်ထုတ်​သင့်တယ်။ မတိုက်ထုတ်ရင် ကျွန်တော်တို့ရဲ့ စိတ်နှလုံး မစင်ကြယ်​တော့ဘဲ ဖြစ်လာမယ်။ ကိုယ်​စဉ်းစား​နေတဲ့​အရာကို လုပ်ချင်​လာမယ်။ ဒါကြောင့် စိတ်နှလုံး​ထဲ စင်ကြယ်​တဲ့ အတွေး​တွေ ဖြည့်​ထားရမယ်။ (ဖိလိပ္ပိ ၄:၈ ကိုဖတ်ပါ။) ဒါကြောင့် အကျင့်ပျက်​တဲ့၊ အကြမ်းဖက်​တဲ့ ဖျော်ဖြေရေး​တွေ ရှောင်ကြတယ်။ ဖတ်​တဲ့၊ ကြည့်တဲ့၊ ပြောဆိုတဲ့ အကြောင်းအရာ​တွေ ဂရုစိုက်​ကြတယ်။—ဆာလံ ၁၉:၈၊ ၉

၁၃ ဘုရား​မေတ္တာတော် ဆက်ခံစား​နေ​နိုင်ဖို့ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေး၊ အမူအကျင့်၊ အတွေးအခေါ်​တွေ စင်ကြယ်​ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကာယရေး သန့်ရှင်းခြင်းကလည်း ယေဟောဝါ​အတွက် အရေးကြီးတယ်။

ကာယရေးမှာ ဘယ်လို သန့်ရှင်း​နေနိုင်သလဲ

၁၄။ ကာယရေး သန့်ရှင်း​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၄ ကိုယ်ခန္ဓာ​နဲ့ ပတ်ဝန်းကျင် သန့်ရှင်း​ရင် ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်​ကလူ​တွေ အကျိုး​ရရှိမယ်။ ကိုယ်တိုင် ကျေနပ်​ပျော်ရွှင်​မ​ယ်။ တခြား​သူတွေလည်း ကျွန်တော်တို့နဲ့​အတူ နေချင်​မ​ယ်။ ဒါပေမဲ့ ကာယရေး သန့်ရှင်း​ဖို့ ပိုအရေးကြီးတဲ့ အကြောင်းရင်း ရှိတယ်။ ကျွန်တော်တို့ရဲ့ သန့်ရှင်းခြင်းက ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။ စဉ်းစား​ကြည့်ပါ– အမြဲ ညစ်ပတ်​ပေရေနေတဲ့ ကလေး​တစ်ယောက်ကို တွေ့​တဲ့အခါ မိဘတွေကို မကောင်း​မြင်တတ်​ကြတယ်။ အလားတူပဲ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်​ဘူး၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘူး​ဆိုရင် ယေဟောဝါကို လူတွေ မကောင်းမြင်​နိုင်တယ်။ “အမှုဆောင်​လုပ်ငန်းကို လူတွေ အပြစ်​တင်စရာ မဖြစ်စေဖို့ တိုက်မိ​လဲ​စေနိုင်တဲ့​အရာ တစ်ခု​မှ ကျွန်တော်တို့ မလုပ်ကြဘူး။ ဘုရားသခင်ရဲ့ အမှုဆောင်​သူတွေ ဖြစ်မှန်း ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်” လို့ ပေါလု ပြောခဲ့တယ်။—၂ ကောရိန္သု ၆:၃၊ ၄

ယေဟောဝါ​လူမျိုး​အနေနဲ့ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်​ကို သန့်ရှင်း​နေ​စေ​ရမယ်

၁၅၊ ၁၆။ တစ်ကိုယ်ရေ သန့်ရှင်း​ဖို့ ဘာ​လုပ်နိုင်သလဲ။

၁၅ ကိုယ်ခန္ဓာ​နဲ့ အဝတ်အစား။ တစ်ကိုယ်ရေ သန့်ရှင်းခြင်းက နေ့စဉ် လုပ်ရိုးလုပ်စဉ် ဖြစ်နေ​ရမယ်။ ဥပမာ၊ ဖြစ်နိုင်ရင် နေ့တိုင်း ရေချိုး​ကြတယ်။ မချက်ပြုတ်ခင်၊ အစာ​မစား​ခင်၊ အိမ်သာ​သွားပြီး​နောက်၊ ညစ်ပတ်​တဲ့​အရာ​တစ်ခုခု ကိုင်ပြီး​နောက် လက်ကို ဆပ်ပြာ​နဲ့ ဆေးကြော​ကြတယ်။ လက်​ဆေး​ခြင်း​ဟာ အသေးအမွှား​ကိစ္စ ဖြစ်ပုံရ​ပေ​မဲ့ ရောဂါ​ပိုးမွှား မ​ပျံ့ပွား​စေဖို့ ကာကွယ်​ပေးတယ်။ အသက်ကို​တောင် ကယ်​နိုင်တယ်။ အိမ်သာ၊ မိလ္လာ​စနစ် မရှိဘူး​ဆိုရင် အညစ်အကြေး စွန့်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေ ရှာ​နိုင်ပါတယ်။ ရှေးအစ္စရေးတွေမှာ မိလ္လာ​စနစ် မရှိတဲ့အတွက် လူနေအိမ်၊ ရေ​ရင်းမြစ်​နဲ့ ဝေး​တဲ့​နေရာမှာ အညစ်အကြေးတွေကို မြေမှာ မြှုပ်​ကြတယ်။—တရားဟောရာ ၂၃:၁၂၊ ၁၃

၁၆ အဝတ်အစား​တွေဟာ လှပ​ဖို့၊ စျေးကြီး​ဖို့၊ နောက်ဆုံး​ပေါ်​ ဖက်ရှင် ဖြစ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ သန့်ရှင်း​သပ်ရပ်​နေ​သင့်တယ်။ (၁ တိမောသေ ၂:၉၊ ၁၀ ကိုဖတ်ပါ။) ကိုယ့်​အသွင်အပြင်​အားဖြင့် ယေဟောဝါကို အမြဲ ဂုဏ်တင်​ချင်​ကြပါတယ်။—တိတု ၂:၁၀

၁၇။ အိမ်နဲ့ ပတ်ဝန်းကျင်​ကို ဘာကြောင့် သန့်ရှင်း​စေ​ချင်​ကြသလဲ။

၁၇ အိမ်နဲ့ ပတ်ဝန်းကျင်။ ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ ကျွန်တော်တို့ရဲ့ အိမ်ကို သန့်သန့်ရှင်းရှင်း ထား​ကြတယ်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကိုယ့်မှာရှိတဲ့ ဘယ်​ယာဉ်​ကို​မဆို သန့်သန့်ရှင်းရှင်း ထား​ကြတယ်။ အထူးသဖြင့် အစည်း​အဝေး၊ အမှုဆောင် သွားဖို့ အသုံးပြုတဲ့​အချိန်တွေမှာ သန့်ရှင်း​နေရမယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ တခြား​သူတွေကို သန့်ရှင်းတဲ့ မြေကြီး​ပရဒိသု အသက်တာ​အကြောင်း ဟောပြော​ကြတယ်။ (လုကာ ၂၃:၄၃။ ဗျာဒိတ် ၁၁:၁၈) သန့်ရှင်းတဲ့ ကမ္ဘာသစ် အသက်တာ​အတွက် အခု​ကတည်းက ပြင်ဆင်​နေ​ကြောင်း ကိုယ့်​အိမ်​အသွင်အပြင်၊ ကိုယ့်​ပတ်ဝန်းကျင်​က ဖော်ပြ​နိုင်တယ်။

၁၈။ ဝတ်ပြုရာ​နေရာကို ဘာကြောင့် သန့်ရှင်း​စေ​ချင်​ကြသလဲ။

၁၈ ဝတ်ပြုရာ​နေရာ။ နိုင်ငံတော်​ခန်းမ​ဖြစ်စေ၊ စည်းဝေးပွဲ ကျင်းပတဲ့​နေရာ​ဖြစ်စေ ဝတ်ပြုရာ​နေရာတွေကို သန့်သန့်ရှင်းရှင်း ထားခြင်း​အားဖြင့် သန့်ရှင်းခြင်း​ဟာ ကျွန်တော်တို့​အတွက် အရေးကြီးကြောင်း ပြကြတယ်။ နိုင်ငံတော်​ခန်းမ​ကို လူသစ်တွေ ပထမဆုံး​အကြိမ် လာတဲ့အခါ သန့်ရှင်းမှုကို သတိထား​မိ​တတ်ကြတယ်။ အဲဒါက ယေဟောဝါရဲ့ ဘုန်းတော်ကို ထင်ရှားစေတယ်။ နိုင်ငံတော်​ခန်းမ​ကို သန့်ရှင်း​နေ​စေဖို့၊ ပြုပြင်​ထိန်းသိမ်းဖို့ ယောက်တိုင်းမှာ အခွင့်အရေး ရှိတယ်။—၂ ရာဇဝင်ချုပ် ၃၄:၁၀

ညစ်ညမ်း​တဲ့ အကျင့်စရိုက်တွေကို ရှောင်ပါ

၁၉။ ဘာတွေ ရှောင်​ရမလဲ။

၁၉ ကျမ်းစာမှာ ရှောင်သင့်​တဲ့ အကျင့်ဆိုး​အားလုံးကို ဖော်ပြ​မ​ထားပေမဲ့ ယေဟောဝါရဲ့ သဘောထားကို နားလည်ဖို့ ကူညီ​ပေးတဲ့ အခြေခံ​မူတွေကို​တော့ ဖော်ပြ​ထားတယ်။ ဘုရားက ကျွန်တော်တို့ကို ဆေးလိပ် မ​သောက်​စေချင်ဘူး။ အရက်​နဲ့ မူးယစ်​ဆေး တလွဲ မ​သုံး​စေချင်ဘူး။ ဘုရား​မိတ်ဆွေ​တွေ​ဆိုရင် ဒီ​လုပ်ရပ်တွေကို ရှောင်ကြပါမယ်။ ဘာကြောင့်လဲ။ အသက်ဆု​လက်ဆောင်​ကို အလွန်​လေးမြတ်ကြလို့ပါပဲ။ အဲဒီ​အကျင့်တွေက အသက်​တို​စေနိုင်တယ်။ ကျန်းမာရေး ထိခိုက်​စေနိုင်တယ်။ ကိုယ့်​ပတ်ဝန်းကျင်​က လူတွေကို ထိခိုက်​စေနိုင်တယ်။ လူများစွာက ကျန်းမာရေး​အတွက် ဒီ​အကျင့်ဆိုးတွေကို ကြိုးစား​ဖြတ်​ကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ မိတ်ဆွေ​အနေနဲ့ ကျွန်တော်တို့မှာ အကျင့်ဆိုး​တွေ ဖြတ်​ရတဲ့ အကြောင်းရင်း​ကောင်း ရှိတယ်။ အဲဒါကတော့ ဘုရားကို ချစ်တဲ့​မေတ္တာပါပဲ။ “ယေဟောဝါရဲ့ အကူအညီ​နဲ့ ဆေးစွဲ​တဲ့​အကျင့် ပြတ်​သွာပြီ။ ကျွန်မ​ဘဝလည်း သန့်ရှင်း​သွားပြီ။ . . . ဒီလို​ပြောင်းလဲဖို့​ဆိုတာ ကိုယ်ပိုင်အစွမ်း​အစ​နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်” ဆိုပြီး မိန်းကလေး​တစ်ယောက် ပြောခဲ့တယ်။ အန္တရာယ်​ရှိတဲ့ အကျင့်တွေကို ဖြတ်ပစ်ဖို့ ကူညီ​ပေးတဲ့ ကျမ်းစာ​အခြေခံ​မူ​ ငါးခု​ကို သုံးသပ်​ကြစို့။

၂၀၊ ၂၁။ ယေဟောဝါ​က ကျွန်တော်တို့ကို ဘယ်လို​ အကျင့်မျိုးတွေနဲ့ ကင်းရှင်း​စေ​ချင်​သလဲ။

၂၀ “ချစ်ရသူ​တို့၊ အဲဒီ​ကတိတော်တွေ​ကို ကျွန်တော်တို့ ရရှိ​ထားတဲ့​အတွက် ကိုယ်​စိတ်​နှစ်ပါး​ကို ညစ်ညူး​စေတဲ့​အရာရှိသမျှ​နဲ့ ကင်းစင်​နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ​တဲ့​စိတ်နဲ့ သန့်ရှင်း​သည်ထက် သန့်ရှင်း​အောင် အသက်​ရှင်​နေကြစို့။” (၂ ကောရိန္သု ၇:၁) စိတ်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်​စေတဲ့၊ မသန့်ရှင်းတဲ့ အကျင့်​တွေ​နဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကင်းရှင်း​စေချင်တယ်။

၂၁ “ညစ်ညူး​စေတဲ့​အရာရှိသမျှ​နဲ့ ကိုယ့်ကိုယ်ကိုယ် ကင်းစင်​နေ” ဖို့ ခိုင်လုံတဲ့ အကြောင်းရင်းကို ၂ ကောရိန္သု ၆:၁၇၊ ၁၈ မှာ ဖော်ပြတယ်။ “မသန့်ရှင်းတဲ့​အရာကို လက်နဲ့​တောင် မထိ​နဲ့​တော့” လို့ ယေဟောဝါ မိန့်ဆိုတယ်။ ပြီးတဲ့နောက် “မင်းတို့ကို ငါ​လက်ခံ​မ​ယ်။ ငါက မင်းတို့ရဲ့ ဖခင် ဖြစ်လာမယ်။ မင်းတို့လည်း ငါ့ရဲ့ သားသမီးတွေ ဖြစ်လာလိမ့်မယ်” လို့ ကတိ​ပေးတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ကို ဘုရားသခင်ရှေ့ မ​သန့်​မ​ရှင်း ဖြစ်​စေမယ့်၊ ညစ်ညူး​စေမယ့် အကျင့်တွေကို ရှောင်​မ​ယ်​ဆိုရင် သားသမီးတွေကို ချစ်တဲ့ ဖခင်​လို ယေဟောဝါ​က ကျွန်တော်တို့ကို ချစ်ပါလိမ့်မယ်။

၂၂-၂၅။ ညစ်ညမ်း​တဲ့ အကျင့်တွေကို ရှောင်​ဖို့ ဘယ်​ကျမ်းစာ​မူတွေ​က ကူညီ​ပေးနိုင်သလဲ။

၂၂ “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှနဲ့ ချစ်ပါ။” (မဿဲ ၂၂:၃၇) ဒီ​ပညတ်​က အရေးကြီးဆုံး​ပညတ် ဖြစ်တယ်။ (မဿဲ ၂၂:၃၈) ကျွန်တော်တို့ရဲ့ အကြွင်းမဲ့​ မေတ္တာကို ယေဟောဝါ ရထိုက်တယ်။ ကျွန်တော်တို့​အသက်ကို တို​စေနိုင်တဲ့​အရာ၊ ဦးနှောက်ကို ပျက်စီးစေ​နိုင်တဲ့​အရာ​တစ်ခုခု လုပ်​မ​ယ်​ဆိုရင် ဘုရားကို အကြွင်းမဲ့ ချစ်​နိုင်​ပါဦးမလား။ ဘုရားပေး​အသက်ကို လေးမြတ်​ကြောင်း ပြဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်​ကြပါတယ်။

၂၃ “[ယေဟောဝါ] ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်​ဝင်​သက်ကို ပေးတဲ့​အရှင်၊ အရာခပ်သိမ်း​ကို ပေးသနားတဲ့​အရှင် ဖြစ်လို့ပဲ။” (တမန်တော် ၁၇:၂၄၊ ၂၅) မိတ်ဆွေ​တစ်ယောက်က အထူး​လက်ဆောင် ပေးခဲ့ရင် ဖျက်ဆီး​ပစ်​မလား ဒါမှမဟုတ် လွှင့်ပစ်​မလား။ အသက်ဟာ ယေဟောဝါ ပေးတဲ့ အံ့ဖွယ်​လက်ဆောင်ပါ။ ဒီလက်ဆောင်​ကို ကျွန်တော်တို့ အလွန်​လေးမြတ်​ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသက်ကို ဘုရားသခင့်​ဘုန်းတော် ထင်ရှား​စေမယ့်​နည်းနဲ့ အသုံးပြု​ချင်ကြတယ်။—ဆာလံ ၃၆:၉

၂၄ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မဿဲ ၂၂:၃၉) ညစ်ညမ်း​တဲ့ အကျင့်တွေက ကျွန်တော်တို့ကို​ပဲ ထိခိုက်တာ မဟုတ်ဘူး။ ပတ်ဝန်းကျင်​ကလူ​တွေ၊ ကျွန်တော်တို့ အချစ်​ခင်​ရ​ဆုံး​လူတွေ​ကိုလည်း ထိခိုက်​စေနိုင်တယ်။ ဥပမာ၊ ဆေးလိပ်​သောက်​သူနဲ့ တစ်အိမ်​တည်း အတူ​နေတဲ့​သူဟာ ဆေးလိပ်​ငွေ့ ရှူ​မိ​ရာ​ကနေ ဆိုးရွား​တဲ့ ကျန်းမာရေး​ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီ​အကျင့်ဆိုးတွေကို ဖြတ်လိုက်တဲ့​အခါ ကိုယ့်​ပတ်ဝန်းကျင်​က လူ​တွေကို ချစ်ကြောင်း ပြရာ​ရောက်တယ်။—၁ ယောဟန် ၄:၂၀၊ ၂၁

၂၅ “အစိုးရ​နဲ့ အာဏာပိုင်တွေကို လက်အောက်ခံ​ပြီး နာခံ . . . ပါ၊၊” (တိတု ၃:၁) နိုင်ငံ​များစွာမှာ မူးယစ်​ဆေးဝါး လက်ဝယ်​ပိုင်ဆိုင်​တာ၊ သုံးစွဲ​တာ​ဟာ ဥပဒေ​ ချိုးဖောက်တာပဲ။ အစိုးရ​ကို ရိုသေ​လေးစားဖို့ ယေဟောဝါ မိန့်မှာ​ထားလို့ ကျွန်တော်တို့​တစ်​တွေ ဥပဒေတွေကို နာခံ​ကြတယ်။—ရောမ ၁၃:၁

သန့်ရှင်း​စင်ကြယ်​နေရင် ယေဟောဝါကို ဂုဏ်တင်ရာ​ရောက်

၂၆။ (က) ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ လက်ခံဖို့ ဘာလုပ်ရမလဲ။ (ခ) ဘုရား​အမြင်မှာ သန့်ရှင်း​နေခြင်း​က ဘာကြောင့် အကောင်းဆုံး ဘဝ​လမ်းစဉ် ဖြစ်သလဲ။

၂၆ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ချင်​ရင် ပြောင်းလဲမှု​တချို့ လုပ်ဖို့ လိုအပ်မှန်း သိလာမယ်။ သိတာနဲ့ ချက်ချင်း လုပ်ဆောင်​သင့်တယ်။ အကျင့်ဆိုး ဖြတ်ဖို့ အမြဲ မလွယ်ကူပေမဲ့ ဖြတ်​နိုင်ပါတယ်။ ကူညီ​ပေးမယ်လို့ ယေဟောဝါ ကတိ​ပေးထားတယ်။ “ငါ​ယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်ပေး​တဲ့​အရှင်၊ မင်းတို့​လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်​ပေးတဲ့ အရှင်​ပဲ” လို့ မိန့်ဆိုတယ်။ (ဟေရှာယ ၄၈:၁၇) သန့်ရှင်း​စင်ကြယ်​နေဖို့ အတတ်နိုင်ဆုံး ကြိုးစား​ရင် ယေဟောဝါကို ဘုန်း​ထင်ရှားစေ​တာ သေချာ​ပါတယ်။