မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

မင်္ဂလာဆောင်ပြီးနောက်ပိုင်း

မင်္ဂလာဆောင်ပြီးနောက်ပိုင်း

“မေတ္တာ​ဟာ အစဉ်​တည်​တ​ယ်။” —၁ ကောရိန္သု ၁၃:၈

၁၊ ၂။ ပြဿနာတွေ ကြုံရလို့ အိမ်ထောင်ရေး မအောင်မြင်​ဘူးလို့ ဆိုလို​သလား။ ရှင်းပြပါ။

 အိမ်ထောင်​ဟာ ယေဟောဝါ​ဆီက ဆုလက်ဆောင်ပါ။ ဘဝကို ပိုပျော်​ရွှင်​စေနိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်​တိုင်းမှာ ပြဿနာ ကိုယ်စီ ရှိတယ်။ ပြဿနာတွေ အဆုံးတိုင်​မှာ မဟုတ်ဘူးလို့​တောင် ထင်​ရနိုင်တယ်။ လင်​နဲ့ မယား အရင်ကလို မ​ရင်းနှီး​တော့​ဘူးလို့ ခံစား​ရနိုင်တယ်။

အိမ်ထောင်မှာ တစ်ခါတလေ အခက်အခဲ ကြုံ​တဲ့အခါ မ​အံ့ဩ​သင့်ဘူး။ အခက်အခဲ ကြုံရလို့ အိမ်ထောင်ရေး မအောင်မြင်​ဘူးလို့ မဆိုလို​ဘူး။ ပြဿနာကြီး​တွေ ရှိခဲ့တဲ့ မောင်နှံစုံတွေတောင် သူတို့ရဲ့ ဆက်ဆံရေး၊ အိမ်ထောင်​ကို ပြန်ကောင်း​စေ၊ ပို​ခိုင်မြဲ​စေတဲ့ နည်းလမ်းတွေ ရှာတွေ့ခဲ့​ကြတယ်။ ဘယ်လို​နည်းနဲ့လဲ။

ဘုရားနဲ့​ကော အချင်းချင်းနဲ့ပါ ပို​ရင်းနှီး​လာ

၃၊ ၄။ အိမ်ထောင်မှာ တစ်ခါတလေ ဘာတွေ ဖြစ်နိုင်သလဲ။

အိမ်ထောင်​ဆိုတာ အကြိုက်၊ စိတ်ကူး၊ လုပ်ပုံကိုင်ပုံ မတူတဲ့ လူ​နှစ်ယောက်ကို ပေါင်းစည်းခြင်း ဖြစ်တယ်။ ခင်ပွန်း​နဲ့ ဇနီးဟာ မတူညီတဲ့ ဘဝနောက်ခံ၊ ယဉ်ကျေးမှု​က ဖြစ်နိုင်တယ်။ တစ်ယောက်​အကြောင်း တစ်ယောက် သိ​နားလည်ဖို့ အချိန်နဲ့ ကြိုးစား​အားထုတ်မှု လိုအပ်တယ်။

အချိန်ကြာတာနဲ့​အမျှ ခင်ပွန်း​နဲ့ ဇနီးဟာ ကိုယ့်​အရေး​ကိုပဲ အလေး​ထားလို့ စိတ်ဝမ်းကွဲ​လာနိုင်တယ်။ အစေး​မ​ကပ်​တော့​ဘူး။ ဇနီးမောင်နှံ​တွေ ပို​ရင်းနှီး​လာဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

သာယာတဲ့​ အိမ်ထောင် ဖြစ်ဖို့ ကျမ်းစာ​အကြံဉာဏ် မရှိမဖြစ် လို

၅။ (က) ဘာက အိမ်ထောင်ဖက်​နဲ့ ပို​ရင်းနှီး​လာ​စေနိုင်သလဲ။ (ခ) ဟီဘရူး ၁၃:၄ အရ အိမ်ထောင်ကို ဘယ်လို ရှုမြင်​သင့်သလဲ။

ဘုရားနဲ့​ကော အချင်းချင်းနဲ့ပါ ပို​ရင်းနှီး​လာဖို့ ဇနီးမောင်နှံ​တွေကို ကူညီ​ပေးနိုင်တဲ့ အကြံဉာဏ်​ကောင်း ယေဟောဝါ ပေးထားတယ်။ (ဆာလံ ၂၅:၄။ ဟေရှာယ ၄၈:၁၇၊ ၁၈) “အိမ်ထောင်မင်္ဂလာ​ကို လူတိုင်း လေးစား​ရမယ်” လို့ မိန့်မှာတယ်။ (ဟီဘရူး ၁၃:၄) လေး​စားတယ်​ဆိုတာ တန်ဖိုးထား​တာ၊ လေးမြတ်တာကို ဆိုလိုတယ်။ တန်ဖိုး​ထားရတဲ့​အရာကို ကာကွယ်တယ်။ ပေါ့ပေါ့တန်တန် သဘော​မထားဘူး။ ယေဟောဝါ​က အိမ်ထောင်​ကို အဲဒီလို ရှုမြင်​စေချင်တယ်။

ယေဟောဝါကို ချစ်တဲ့​မေတ္တာ​က အိမ်ထောင်​ကို အကူအညီ ဖြစ်စေ​နိုင်

၆။ အိမ်ထောင်​အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံ​အကြောင်း မဿဲ ၁၉:၄-၆ မှာ ဘာ​ဆို​ထားသလဲ။

ပထမဆုံး အိမ်ထောင်​ကို ယေဟောဝါ အစပြု​ပေးခဲ့တယ်။ “အစအဦးမှာ ဖန်ဆင်းရှင်​က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တဲ့​အကြောင်း မဖတ်ဖူး​ဘူး​လား။ ‘ဒါကြောင့် ယောက်ျား​က မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့​နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ လို့ ပြောခဲ့တာ​ကိုလည်း မဖတ်ဖူး​ဘူး​လား။ သူတို့ဟာ နှစ်ယောက် မဟုတ်​တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်​သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထား​သူတွေကို ဘယ်သူမှ မခွဲကြနဲ့” ဆိုပြီး သားတော် ယေရှု ပြောခဲ့တယ်။ (မဿဲ ၁၉:၄-၆) အိမ်ထောင်​ကို ရာသက်ပန် ဖြစ်စေဖို့ အစ​ကတည်းက ယေဟောဝါ ရည်ရွယ်​ခဲ့​တယ်။ မိသားစု​တွေကို ရင်းနှီး​စေချင်တယ်။ သာယာ​စေချင်တယ်။ ဘဝကို အတူတူ ပျော်မွေ့​စေချင်တယ်။

၇။ ခင်ပွန်း​နဲ့ ဇနီး​တို့ အိမ်ထောင်​ကို ဘယ်လို ခိုင်မြဲ​စေနိုင်သလဲ။

ဒါပေမဲ့ ဒီနေ့ ဇနီးမောင်နှံတွေဟာ အရင်ကထက် ဖိစီးမှု၊ သောကတွေ ပို​ကြုံရတယ်။ တစ်ခါတလေ ဖိစီးမှု များ​လွန်း​လို့ အိမ်ထောင်​ကို အဖတ်ဆယ်​လို့ မရတော့ဘူး​ဆိုပြီး အရှုံး​ပေးလိုက်​ကြတယ်။ ဒါပေမဲ့ အိမ်ထောင်​အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်​ထားခြင်းက အကူအညီ ဖြစ်စေ​နိုင်တယ်။—၁ ယောဟန် ၅:၃

၈၊ ၉။ (က) အိမ်ထောင်နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘယ်​အချိန်မှာ လိုက်လျှောက်သင့်​သလဲ။ (ခ) အိမ်ထောင်​ကို တန်ဖိုး​ထားကြောင်း ဘယ်လို ပြနိုင်သလဲ။

ယေဟောဝါရဲ့ လမ်းညွှန်မှု​ဟာ အမြဲ ကျွန်တော်တို့ ကောင်းကျိုး​အတွက်ပါ။ လေ့လာ​ခဲ့​ပြီး​တဲ့​အတိုင်း “အိမ်ထောင်မင်္ဂလာ​ကို လူတိုင်း လေးစား​ရမယ်” လို့ ဘုရား အကြံပေး​ထားတယ်။ (ဟီဘရူး ၁၃:၄။ ဒေသနာ ၅:၄) ခက်ခဲတဲ့​အချိန်မှာ​တောင် ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်​ရင် သေချာပေါက် အကျိုး​ရမယ်။—၁ သက်သာလောနိတ် ၁:၃။ ဟီဘရူး ၆:၁၀

အိမ်ထောင်​ကို တန်ဖိုး​ထားတဲ့​အတွက် အိမ်ထောင်ရေး​ကို ထိခိုက်​စေနိုင်တဲ့ အ​ပြု​အမူ၊ အပြောအဆို​မှန်သမျှ ရှောင်​ချင်ကြတယ်။ ကိုယ့်​အိမ်ထောင်ဖက်​နဲ့ ဆက်ဆံရေး ပို​ခိုင်မြဲ​ချင်ကြတယ်။ ဘယ်လို ခိုင်မြဲ​စေနိုင်သလဲ။

အပြောအဆို၊ အ​ပြု​အမူ​အားဖြင့် အိမ်ထောင်​ကို လေးစားပါ

၁၀၊ ၁၁။ (က) အိမ်ထောင်​တချို့မှာ ဘာ​ပြဿနာကြီး​တွေ ရှိ​တတ်​သလဲ။ (ခ) အိမ်ထောင်ဖက်​အပေါ် စကားပြော​ဆို​ပုံ​က ဘာကြောင့် အရေးကြီး​သလဲ။

၁၀ ကိုယ့်​အိမ်ထောင်ဖက်​ကို ထိခိုက်​နာကျင်စေ​နိုင်တဲ့ နည်း​အမျိုးမျိုး ရှိတယ်။ ခရစ်ယာန်တွေ​က အိမ်ထောင်ဖက်​ကို မ​ရိုက်နှက်​သင့်​မှန်း၊ ကိုယ်ထိလက်ရောက် မ​နာကျင်စေ​သင့်​မှန်း ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ စကားနဲ့ နာကျင်အောင် လုပ်မိ​နိုင်တယ်။ စကားတွေက လက်နက် ဖြစ်လာနိုင်တယ်။ “ကျွန်မ​ယောက်ျား​က စကားနဲ့ ထိုးနှက်တယ်။ ကိုယ်​ပေါ်မှာ အညို​အ​မည်း မ​စွဲပေ​မဲ့ ‘ဆန်​ကုန်​မြေ​လေး၊ အသုံးမကျတဲ့ မိန်းမ’ ဆိုပြီး ပြောတတ်​လို့ စိတ်ဒဏ်ရာ ရခဲ့တယ်” လို့ ဇနီး​တစ်ယောက် ပြောပြတယ်။ ဇနီးသည်​က တစ်ချိန်လုံး စကားနဲ့ နှိမ်တယ်။ နာမည်​ပြောင်​နဲ့ ခေါ်တယ်​ဆိုပြီး ခင်ပွန်း​တစ်ယောက် ပြောပြတယ်– “ကျွန်တော်လည်း ယ​ဉ်​ယဉ်ကျေး​ကျေး မတုံ့ပြန်​နိုင်​တော့​ဘူး။ ဒါကြောင့် မိန်းမ​နဲ့ စကား​မပြောတော့ဘူး။ အလုပ်မှာ ညနက်​တဲ့​အထိ နေတယ်။ အိမ်ပြန်လာ​တာ​ထက် ပို​အေးချမ်း​တ​ယ်” လို့​ပြောတယ်။ ရင့်သီး​ကြမ်းတမ်းတဲ့ စကားတွေ၊ အညှာအတာမဲ့တဲ့ လုပ်ရပ်တွေ​က စိတ်ထိခိုက်​နာကျင်​စေတယ်။ ဒါတွေကို ဒီနေ့ တွေ့​နေရတယ်။

၁၁ လင်​နဲ့ မယား ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့​အခါ တော်ရုံနဲ့ မပျောက်​နိုင်တဲ့ စိတ်ဒဏ်ရာ ရစေတယ်။ ယေဟောဝါ​က လင်​နဲ့ မယား​ကို အဲဒီလို မဆက်ဆံ​စေ​ချင်​တာ ရှင်း​ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် သတိ​မထား​မိ​လိုက်ဘဲ အိမ်ထောက်​ဖက်​ကို နာကျင်စေ​နိုင်တယ်။ အိမ်ထောင်ဖက်​အပေါ် ကြင်နာပါတယ်​လို့ ဆိုပေမဲ့ ကိုယ့်​အိမ်ထောင်ဖက်​ကော ဘယ်လို ခံစားရသလဲ။ ကိုယ့်​စကား​ကြောင့် အိမ်ထောင်ဖက် စိတ်ထိခိုက်​ရတယ်​ဆိုရင် လိုလိုလားလား ပြုပြင်​ပြောင်းလဲ​မလား။—ဂလာတိ ၅:၁၅။ ဧဖက် ၄:၃၁ ကိုဖတ်ပါ။

၁၂။ ဘာက အိမ်ထောင်သည်​နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​အပေါ် အကျိုး​သက်ရောက်​နိုင်သလဲ။

၁၂ လူ​ပုံ​အလယ်မှာ​ဖြစ်စေ၊ နှစ်ကိုယ်ကြား​ဖြစ်စေ အိမ်ထောင်ဖက်​အပေါ် စကားပြော​ဆို​ပုံ​က ယေဟောဝါ​အမြင်မှာ အရေးကြီးတယ်။ (၁ ပေတရု ၃:၇ ကို ဖတ်ပါ။) “ဘုရားသခင်ကို ဝတ်ပြု​နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်​ကို မ​စောင့်စည်း​ရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာ​ပဲ။ သူ့ရဲ့ ဝတ်ပြုမှု​ဟာ အချည်းနှီး​ပဲ” လို့ ယာကုပ် ၁:၂၆ မှာ သတိပေး​ထားတယ်။

၁၃။ အိမ်ထောင်ဖက်​ကို စိတ်ထိခိုက်​စေနိုင်တဲ့ နောက်​တစ်နည်း​က ဘာလဲ။

၁၃ အချင်းချင်း စာနာ​နားလည်​ပေး​သင့်တဲ့ တခြား​နည်းလမ်းတွေ ရှိတယ်။ ဥပမာ၊ တခြား​တစ်ယောက်ကို အချိန်ပေး​လွန်းနေ​ရင် ကိုယ့်​အိမ်ထောင်ဖက် ဘယ်လို ခံစား​ရမလဲ။ တွဲ​အမှုဆောင်တာ၊ ပြ​ဿနာ ဖြေရှင်း​ပေးတာ စတဲ့ ရိုးသားတဲ့​ အကြောင်းပြချက် ရှိပေမဲ့ ကိုယ့်​အိမ်​ထောင်​ဖက် စိတ်ထိခိုက်​မလား။ “ကျွန်မ​ယောက်ျား​က အသင်းတော်က ညီအစ်မ​တစ်ယောက်ကို အချိန်​အများကြီး ပေးပြီး ဂရုစိုက်​နေမှန်း သိရ​တော့ စိတ်ထိခိုက်​မိတယ်။ အားငယ်​မိတယ်” လို့ ခရစ်ယာန် ဇနီး​တစ်ယောက် ပြောပြတယ်။

၁၄။ (က) ကမ္ဘာဦး ၂:၂၄ မှာ ဘယ်​အခြေခံ​ အမှန်တရားကို သင်ယူ​ရသလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘာ​မေး​သင့်သလဲ။

၁၄ ခရစ်ယာန်တွေ​အနေနဲ့ မိဘ၊ အသင်းတော်က ညီအစ်ကို/မ​တွေကို ဂရုစိုက်​ပေး​ရမယ့် တာဝန်တွေ ရှိတယ်။ ဒါပေမဲ့ အိမ်ထောင်ပြု​လိုက်ရင်​တော့ အဓိက​တာဝန်​က ကိုယ့်​အိမ်ထောင်ဖက်​ကို ဂရုစိုက်​ဖို့ ဖြစ်တယ်။ ခင်ပွန်းက “ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၂:၂၄) အိမ်ထောင်ဖက်​ရဲ့ ခံစားချက်​က ကိုယ့်အတွက် အလွန်​အရေးကြီး​သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ‘ငါ့​အိမ်ထောင်ဖက် ရထိုက်တဲ့ အချိန်၊ ဂရုစိုက်မှု၊ ချစ်ခင်​ကြင်နာမှု​ကို တကယ်ပဲ ပေး​နေရဲ့လား။’

၁၅။ အိမ်ထောင်ဖက် မဟုတ်တဲ့​သူနဲ့ ရင်းနှီးလွန်းတာကို အိမ်ထောင်သည် ခရစ်ယာန်တွေ ဘာကြောင့် ရှောင်သင့်​သလဲ။

၁၅ အိမ်ထောင်ဖက် မဟုတ်​သူနဲ့ ရင်းနှီး​လွန်း​ရင် အိမ်ထောင်မှာ ဖိစီးမှုတွေ ပေါ်​လာမယ်။ တခြား​တစ်ယောက်​အပေါ် သံယောဇဉ်​တွယ်​ပြီး ချစ်စိတ် ဝင်​လာနိုင်တယ်။ (မဿဲ ၅:၂၈) အဲဒီ​စိတ် ကြီးထွား​လာပြီး အိမ်ထောင်​ကို မလေးစား​ရာ​ရောက်တဲ့ လုပ်ရပ်တွေ ပြုမူ​မိ​နိုင်တယ်။

“အိမ်ထောင်မင်္ဂလာ​ကို မညစ်ညူးစေပါနဲ့”

၁၆။ အိမ်ထောင်နဲ့​ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​မိန့်မှာ​သလဲ။

၁၆ “အိမ်ထောင်မင်္ဂလာ​ကို လေးစား​ရမယ်” လို့ ဖော်ပြပြီး​တဲ့​နောက် “အိမ်ထောင်မင်္ဂလာ​ကို မညစ်ညူးစေပါနဲ့။ လိင်​အကျင့်​ယိုယွင်း​သူတွေ၊ အိမ်ထောင်ရေး​ ဖောက်ပြန်သူ​တွေကို ဘုရားသခင် ပြစ်ဒဏ်​စီရင်​လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟီဘရူး ၁၃:၄) ဒီနေရာမှာ “အိမ်ထောင်မင်္ဂလာ” ဆိုတာ ခင်ပွန်း​နဲ့ ဇနီး​ကြား လိင်ဆက်ဆံခြင်း​ကို ရည်ညွှန်းတယ်။ (ပညာအလိမ္မာ ၅:၁၈) အိမ်ထောင်မင်္ဂလာ​ကို လေးစားကြောင်း၊ မ​ညစ်ညူး​စေ​ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၇။ (က) ဒီနေ့ လူများစွာက အိမ်ထောင်ရေး ဖောက်ပြန်​တာ​ကို ဘယ်လို ရှုမြင်ကြ​သလဲ။ (ခ) အိမ်ထောင်ရေး ဖောက်ပြန်​တာ​ကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်​သင့်သလဲ။

၁၇ အိမ်ထောင်ဖက်​အပေါ် သစ္စာမဲ့တာကို မှားတယ်လို့ လူတချို့ မထင်ကြဘူး။ ကျွန်တော်တို့​အနေနဲ့ ဒီလို​သဘောထားမျိုး လွှမ်းမိုး​ခံ​လို့ မဖြစ်​ဘူး။ လိင်အကျင့်​ယိုယွင်းခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်​ခြင်း​ကို ရွံမုန်း​ကြောင်း ယေဟောဝါ အတိအလင်း ဖော်ပြ​ထားတယ်။ (ရောမ ၁၂:၉ ကို ဖတ်ပါ။ ဟီဘရူး ၁၀:၃၁။ ၁၂:၂၉) အိမ်ထောင်ဖက် မဟုတ်​သူနဲ့ လိင်​ဆက်ဆံရင် အိမ်ထောင်မင်္ဂလာ​ကို ညစ်ညူး​စေ​ရာ​ရောက်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလေးစား​ရာ​ရောက်တယ်။ ဘုရားနဲ့ ဆက်ဆံရေး​လည်း ထိခိုက်​မယ်။ ဒါကြောင့် အိမ်ထောင်ရေး ဖောက်ပြန်စေ​နိုင်တဲ့ ပထမ​ ခြေလှမ်း​ကို​တောင် မလှမ်း​မိဖို့ ရှောင်ရမယ်။ အဲဒီမှာ တခြား​တစ်ယောက်​အကြောင်း မတော်လျော်တဲ့​အတွေး မတွေးခြင်းလည်း ပါဝင်တယ်။—ယောဘ ၃၁:၁

၁၈။ (က) အိမ်ထောင်ရေး ဖောက်ပြန်​ခြင်းက မှားယွင်းတဲ့​ဘုရား ကိုးကွယ်ခြင်းနဲ့ ဘယ်လို ဆင်တူ​သလဲ။ (ခ) အိမ်ထောင်ရေး ဖောက်ပြန်​ခြင်း​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

၁၈ ရှေး​အစ္စရေး​အချိန်မှာ မောရှေ​ပညတ်​အရ အိမ်​ထောက်​ရေး ဖောက်ပြန်​ခြင်း​ဟာ မှားယွင်းတဲ့​ဘုရား ကိုးကွယ်ခြင်း​လောက် အပြစ်​ကြီးတယ်။ အပြစ်​နှစ်မျိုး​စ​လုံး​အတွက် သေဒဏ်​ပဲ။ (ဝတ်ပြုရာ ၂၀:၂၊ ၁၀) အိမ်ထောင်ရေး ဖောက်ပြန်​ခြင်းက မှားယွင်းတဲ့​ဘုရား ကိုးကွယ်ခြင်းနဲ့ ဘယ်လို ဆင်တူ​သလဲ။ အစ္စရေး​တစ်ယောက် မှားယွင်းတဲ့​ဘုရား ကိုးကွယ်​ရင် ယေဟောဝါအပေါ် သစ္စာရှိ​ပါ့​မယ်​ဆိုတဲ့​ ကတိ​ကို ချိုးဖောက်တာပဲ။ အိမ်ထောင်ရေး ဖောက်​ပြန်တယ်​ဆိုရင် အိမ်ထောင်ဖက်​အပေါ် သစ္စာရှိ​ပါ့​မ​ယ်​ဆိုတဲ့ ကတိ​ကို ချိုးဖောက်တာ။ (ထွက်မြောက်ရာ ၁၉:၅၊ ၆။ တရားဟောရာ ၅:၉။ မာလခိ ၂:၁၄ ကို ဖတ်ပါ။) ရှေး​အချိန်မှာ အိမ်ထောင်ရေး ဖောက်ပြန်​ခြင်း​ကို ကြီးလေး​တဲ့​အပြစ်​လို့ ယေဟောဝါ ရှုမြင်ခဲ့​မှန်း ရှင်း​ပါတယ်။

၁၉။ အိမ်ထောင်ရေး မဖောက်ပြန်​မိအောင် ဘာက ကူညီ​ပေးနိုင်သလဲ။

၁၉ ဒီနေ့​ကော။ ကျွန်တော်တို့ မောရှေ​ပညတ်​အောက်မှာ မရှိကြတော့ပေမဲ့ အိမ်ထောင်ရေး ဖောက်ပြန်​ခြင်းနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံ​ကတော့ မ​ပြောင်း​ဘူး။ မှားယွင်းတဲ့​ဘုရားကို ကိုးကွယ်​ကြ​မှာ မဟုတ်သလို အိမ်ထောင်ဖက်​အပေါ်လည်း ဘယ်တော့မှ သစ္စာ​မ​ဖောက်​သင့်​ဘူး။ (ဆာလံ ၅၁:၁၊ ၄။ ကောလောသဲ ၃:၅) သစ္စာဖောက်​ရင် အိမ်ထောင်မင်္ဂလာ​နဲ့ ယေဟောဝါ​ဘုရားကို မလေးစား​ရာ​ရောက်တယ်။—ရှင်းလင်းချက် ၂၆ ကို ကြည့်ပါ။

အိမ်ထောင်​နှောင်ကြိုး​ကို ခိုင်မြဲ​စေနိုင်​ပုံ

၂၀။ ဉာဏ်ပညာက အိမ်ထောင်​ကို ဘယ်လို အကျိုးပြု​နိုင်သလဲ။

၂၀ အိမ်ထောင်​ကို ဘယ်လို ပို​ခိုင်မြဲ​စေနိုင်သလဲ။ “အိမ်ကို ဉာဏ်ပညာနဲ့ တည်ဆောက်​ပြီး ပိုင်းခြားသိမြင်မှုနဲ့ ခိုင်ခံ့​မြဲမြံ​အောင် ထိန်းသိမ်း​ရတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၄:၃) အိမ်တစ်လုံး​ဟာ အေးစိမ့်၊ ဟာလာဟင်းလင်း ဖြစ်နိုင်သလို နွေး​နွေးထွေး​ထွေး၊ သက်သောင့်သက်သာ၊ လုံလုံခြုံခြုံလည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်လည်း အလားတူပဲ။ ဉာဏ်ပညာ​ရှိသူက ကိုယ့်​အိမ်ထောင်​ကို လုံခြုံ​အောင်၊ သာယာ​ချမ်းမြေ့​အောင်၊ ပျော်စရာ​ကောင်း​အောင် လုပ်ပါ​လိမ့်မယ်။

၂၁။ အသိပညာက အိမ်ထောင်​ကို ဘယ်လို ပို​ခိုင်မြဲ​စေနိုင်သလဲ။

၂၁ “အသိပညာ​ကြောင့် အခန်း​တွေဟာ နှစ်သက်ဖွယ် အဖိုးတန်​ဘဏ္ဍာ​ အမျိုးမျိုးနဲ့ ပြည့်နေတယ်” လို့ ကျမ်းစာမှာ ဆက်ဆို​ထားတယ်။ (ပညာအလိမ္မာ ၂၄:၄) ဘုရားသခင့်​ စကားတော်​ကနေ သိလာတဲ့​အရာတွေ​က အိမ်ထောင်ကို ပိုသာ​ယာ​စေနိုင်တယ်။ (ရောမ ၁၂:၂။ ဖိလိပ္ပိ ၁:၉) ဇနီးမောင်နှံ​တွေ​အနေနဲ့ ကျမ်းစာ၊ ကျမ်းစာ​အခြေပြု​စာပေတွေ အတူ​ဖတ်တဲ့အခါ သိလာတဲ့​အရာကို လက်တွေ့​ကျင့်သုံး​နိုင်ပုံ​အကြောင်း ဆွေးနွေးပါ။ အချင်းချင်း ချစ်ခင်​လေးစားကြောင်း၊ ကြင်နာကြောင်း၊ ထောက်ထား​စာနာ​ကြောင်း ပြ​နိုင်တဲ့ နည်းလမ်းတွေ ရှာပါ။ အိမ်ထောင်​ကို ခိုင်မြဲ​စေမယ့်၊ ပို​ချစ်မြတ်နိုး​စ​ရာ​ကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာ​စေနိုင်တဲ့ အရည်အသွေးတွေ ပျိုးထောင်​ဖို့ ကူညီ​ပေးပါလို့ ယေဟောဝါ​ဆီ ဆုတောင်းပါ။—ပညာအလိမ္မာ ၁၅:၁၆၊ ၁၇။ ၁ ပေတရု ၁:၇

မိသားစု​ဝတ်ပြု​ချိန်​တွင်း လမ်းညွှန်မှု​အတွက် ယေဟောဝါကို မှီခို​အား​ထားပါ

၂၂။ အိမ်ထောင်ဖက်​အပေါ် မေတ္တာ၊ လေးစားမှု၊ ဂုဏ်တင်မှု ဘာကြောင့် ပြသင့်​သလဲ။

၂၂ အိမ်ထောင်ဖက်​ကို မေတ္တာ၊ လေးစားမှု၊ ဂုဏ်တင်မှု​တို့နဲ့ အတတ်နိုင်ဆုံး ဆက်ဆံ​သင့်ပါတယ်။ ဒါဆိုရင် အိမ်ထောင်​ဟာ ပို​နွေးထွေး​လာမယ်။ ပို​ခိုင်မြဲ​လာမယ်။ အရေးကြီးဆုံး​က ယေဟောဝါကို ကျေနပ်​ပျော်ရွှင်​စေမယ်။—ဆာလံ ၁၄၇:၁၁။ ရောမ ၁၂:၁၀