မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

ဘုရားသခင်ကို ချစ်တဲ့သူတွေကို မိတ်ဆွေဖွဲ့ပါ

ဘုရားသခင်ကို ချစ်တဲ့သူတွေကို မိတ်ဆွေဖွဲ့ပါ

“ဉာဏ်ပညာ​ရှိသူ​နဲ့ ပေါင်းဖော်​ရင် ဉာဏ်ပညာ ရှိလာမယ်။” —ပညာအလိမ္မာ ၁၃:၂၀

၁-၃။ (က) ပညာအလိမ္မာ ၁၃:၂၀ ကနေ ဘာ​သင်ယူ​ရသလဲ။ (ခ) မိတ်ဆွေတွေကို ဘာကြောင့် ပညာရှိရှိ ရွေးချယ်​ရမလဲ။

 မိဘတွေကို ကလေးငယ်​တစ်ယောက် ကြည့်​နေတာကို သတိထား​မိ​ဖူး​သလား။ စကား​မပြော​တတ်​ခင်​ကတည်းက ကြားရ၊ မြင်ရ​သ​မျှ​ကို ခံယူ​မှတ်သား​ကြတယ်။ ကြီး​လာတာ​နဲ့အမျှ မရည်ရွယ်​ဘဲ မိဘတွေကို စပြီး အတုယူ​လာတယ်။ လူကြီးတွေ​တောင် ကိုယ်​နဲ့ အချိန်ပေး ပေါင်း​တဲ့​သူတွေလို တွေးခေါ်​ပြုမူ​တတ်ကြ​လို့ အံ့သြစရာတော့ မဟုတ်ပါဘူး။

ပညာအလိမ္မာ ၁၃:၂၀ ကနေ “ဉာဏ်ပညာ​ရှိသူ​နဲ့ ပေါင်းဖော်​ရင် ဉာဏ်ပညာ ရှိလာမယ်” လို့ သိရတယ်။ “ပေါင်းဖော်” ဆိုတဲ့ စကားမှာ တစ်ယောက်ယောက်နဲ့ အချိန်ပေး​ ပေါင်းသင်းခြင်း ပါဝင်တယ်။ ဒါက အဲဒီ​သူ​အနားမှာ ရှိနေခြင်းထက်မက ဆိုလိုတယ်။ ချစ်ခင်ရင်းနှီး​တဲ့​သဘော ပါဝင်တယ်​လို့ ကျမ်းပညာရှင်​တစ်ယောက် ပြောတယ်။ ကျွန်တော်တို့ဟာ ကိုယ်​အချိန်ပေး ပေါင်းသင်း​တဲ့​သူတွေ၊ အထူးသဖြင့် ရင်းနှီးတဲ့​သူတွေရဲ့ သြဇာလွှမ်းမိုး​ခံရ​တတ်တယ်။

မိတ်ဆွေတွေ​က ကျွန်တော်တို့​အပေါ် ကောင်းကျိုး၊ ဆိုးကျိုး​သက်ရောက်​နိုင်တယ်။ “လူမိုက်နဲ့ ပေါင်းဖော်​ရင်​တော့ ဒုက္ခ​လှလှ တွေ့​လိမ့်မယ်” လို့ ပညာအလိမ္မာ ၁၃:၂၀ မှာ ဆက်ပြောတယ်။ တစ်ယောက်ယောက်နဲ့ “ပေါင်းဖော်” ဆိုတဲ့ ဟီဘရူး​စကားဟာ မိတ်ဆွေ​ဖြစ်ဖို့ “ပေါင်းဖော်​နေခြင်း” လို့​လည်း ဆိုလို​နိုင်တယ်။ (ပညာအလိမ္မာ ၂၂:၂၄။ တရားသူကြီး ၁၄:၂၀) ဘုရားကို ချစ်တဲ့ မိတ်ဆွေတွေ​က ကျွန်တော်တို့ကို ဘုရား​အပေါ် ဆက်သ​စ္စာ​ရှိသွား​ဖို့ အားပေး​ကြ​လိမ့်မယ်။ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်​နိုင်ဖို့ ဘယ်လို​လူစားမျိုး​ကို မိတ်ဆွေ​အဖြစ် ယေဟောဝါ ရွေးချယ်​သလဲ​ဆိုတာ ဆွေးနွေး​ကြရအောင်။

ဘုရားရဲ့ မိတ်ဆွေတွေ​က ဘယ်သူတွေလဲ

၄။ ဘုရားရဲ့ မိတ်ဆွေ ဖြစ်​ရတာ ဘာကြောင့် ဂုဏ်ယူ​စ​ရာ ဖြစ်သလဲ။ ယေဟောဝါ​က အာဗြဟံ​ကို “ငါ့​မိတ်ဆွေ” လို့ ဘာကြောင့် ခေါ်​သလဲ။

စကြဝဠာ​ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ​က ကျွန်တော်တို့ကို မိတ်ဆွေ​ဖြစ်ဖို့ အခွင့်အရေး ပေးထား​ပါတယ်။ တကယ်​ ဂုဏ်ယူ​စ​ရာ​ပဲ။ ယေဟောဝါ​က မိတ်ဆွေတွေကို ဂရုတစိုက် ရွေးချယ်​တ​ယ်။ မိမိကို ချစ်တဲ့​သူတွေ၊ ယုံကြည်​သူတွေကို ရွေးချယ်​တ​ယ်။ အာဗြဟံ​ကို စဉ်းစား​ကြည့်ပါ။ ဘုရားအတွက် ဘာမဆို​လုပ်ဖို့ အသင့်​ရှိခဲ့တယ်။ သစ္စာ​ရှိကြောင်း၊ နာခံ​ကြောင်း ထပ်ခါထပ်ခါ ပြခဲ့တယ်။ သား​အိဇက်​ကို​တောင် ပူဇော်​ဖို့ လိုလိုလားလား​ရှိခဲ့တယ်။ “သား​အိဇက်​ကို သေခြင်းကနေ ဘုရားသခင် ထမြောက်​စေနိုင်တယ်” လို့ ယုံကြည်​ထားတယ်။ (ဟီဘရူး ၁၁:၁၇-၁၉။ ကမ္ဘာဦး ၂၂:၁၊ ၂၊ ၉-၁၃) ယုံကြည်မှု၊ နာခံမှု ပြ​တဲ့ အာဗြဟံ​ကို ယေဟောဝါ​က “ငါ့​မိတ်ဆွေ” လို့ ခေါ်ခဲ့တယ်။—ဟေရှာယ ၄၁:၈။ ယာကုပ် ၂:၂၁-၂၃

၅။ သစ္စာစောင့်သိ​သူတွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

ယေဟောဝါ​က မိတ်ဆွေတွေကို တန်ဖိုး​ထားတယ်။ ဘုရား​မိတ်ဆွေတွေ​က ဘယ်​အရာ​ထက်​မဆို ဘုရား​အပေါ် သစ္စာစောင့်သိခြင်း​ကို ပို​အလေးထား​ကြတယ်။ (၂ ရှမွေလ ၂၂:၂၆ ကိုဖတ်ပါ။) ဘုရားကို ချစ်တဲ့​အတွက် သစ္စာ​စောင့်သိပြီး နာခံ​ကြတယ်။ နာခံတဲ့​သူတွေကို ဘုရားက “ရိုး​ဖြောင့်​သူကို​တော့ ခင်မင်​ရင်းနှီးတယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာအလိမ္မာ ၃:၃၂) ယေဟောဝါ​က မိတ်ဆွေတွေကို “တဲတော်” မှာ အထူး​ဧည့်သည်​အဖြစ် လာ​တည်းဖို့ ဖိတ်ခေါ်တယ်။ ဝတ်ပြု​ကိုးကွယ်​ဖို့၊ အချိန်မရွေး ဆုတောင်းဖို့ မိတ်ဆွေတွေကို ဖိတ်ခေါ်​ထားတယ်။—ဆာလံ ၁၅:၁-၅

၆။ ယေရှုကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

“ကျွန်တော့်ကို ချစ်တဲ့​သူဟာ ကျွန်တော့်​စကားကို လိုက်နာမှာပဲ။ အဖ​ဘုရားကလည်း သူ့ကို ချစ်​လိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၄:၂၃) ဒါကြောင့် ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ဖို့ ကျွန်တော်တို့​အနေနဲ့ ယေရှုကို ချစ်​ရမယ်။ ယေရှု သင်ပေးတဲ့​အတိုင်း လုပ်ဆောင်​ရမယ်။ ဥပမာ၊ သတင်းကောင်း ဟောပြောဖို့၊ တပည့်​ဖြစ်စေဖို့ မိန့်မှာတာကို နာခံ​ကြတယ်။ (မဿဲ ၂၈:၁၉၊ ၂၀။ ယောဟန် ၁၄:၁၅၊ ၂၁) ကျွန်တော်တို့ ယေရှုကို ချစ်တဲ့​အတွက် “သူ့​ခြေရာ​ကို ထက်ကြပ်မကွာ လိုက်လျှောက်” ကြတယ်။ (၁ ပေတရု ၂:၂၁) ကျွန်တော်တို့ ပြောဆို​လုပ်ကိုင်သမျှမှာ ယေရှုကို အတတ်နိုင်ဆုံး တုပ​နေ​ကြောင်း ယေဟောဝါ မြင်တဲ့အခါ ပျော်ရွှင်တယ်။

၇။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဟာ ယေဟောဝါရဲ့ မိတ်ဆွေတွေ ဘာကြောင့် ဖြစ်သင့်သလဲ။

ယေဟောဝါရဲ့ မိတ်ဆွေတွေဟာ ယုံကြည်ခြင်း ရှိကြတယ်။ သစ္စာ​စောင့်သိ​ကြတယ်။ နာခံ​ကြတယ်။ သားတော်ကို ချစ်​ကြတယ်။ ယေဟောဝါ ရွေးချယ်​တဲ့ မိတ်ဆွေမျိုး ကျွန်တော်တို့ ရွေးချယ်​သလား။ ကိုယ့်​မိတ်ဆွေတွေ​က ယေရှုကို တုပ​နေကြတယ်၊ တခြား​သူတွေကို ဘုရား​နိုင်ငံတော်​အကြောင်း သွန်သင်ပေး​နေကြတယ်​ဆိုရင် ကိုယ့်ကို ပိုကောင်းတဲ့​လူ ဖြစ်လာဖို့၊ ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိ​ဖို့ ကူညီပေး​နိုင်ကြ​မယ်။

ကျမ်းစာ​စံနမူနာများ​မှ သင်ယူခြင်း

၈။ နောမိ​နဲ့ ရုသ​တို့ ရင်းနှီးမှု​နဲ့ပတ်သက်ပြီး ဘာကို နှစ်သက်​သလဲ။

ကျမ်းစာမှာ ရုသ​နဲ့ ယောက္ခမ​သူ နောမိ​စတဲ့ လူတွေရဲ့ ခင်မင်​ရင်​နှီး​မှု​အကြောင်းတွေ ဖတ်​နိုင်တယ်။ သူတို့တစ်တွေဟာ ဘဝနောက်ခံ၊ နေရာ​ဒေသ မတူကြ​ဘူး။ နောမိ​က ရုသ​ထက် အသက်​ပိုကြီးတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး ယေဟောဝါကို ချစ်တဲ့​အတွက် ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာကြတယ်။ နောမိ​က မောဘ​ပြည်​ကနေ အစ္စရေး​ပြည်​ကို ပြန်​ချင်တဲ့​အခါ “ရုသ​ကတော့ အနားကနေ မခွာ” ဘူး။ “အမေ့​ရဲ့ လူမျိုးဟာ ကျွန်မ​ရဲ့​လူမျိုး၊ အမေ့​ရဲ့ ဘုရားသခင်ဟာ ကျွန်မ​ရဲ့ ဘုရားသခင်ပါ​ပဲ” လို့ ရုသ ပြောခဲ့တယ်။ (ရုသ ၁:၁၄၊ ၁၆) ရုသ​က နောမိ​ကို သိပ်​ချစ်တယ်။ အစ္စရေး​ပြည်​ကို ရောက်တဲ့အခါ ရုသ​က မိတ်ဆွေ နောမိ​ကို ကြိုးကြိုးစားစား ရှာဖွေ​ကျွေးမွေးခဲ့တယ်။ နောမိ​က ရုသ​ကို သိပ်ချစ်​ပြီး အကြံဉာဏ်​ကောင်း ပေးတယ်။ ရုသကလည်း နောမိ​စကားကို နားထောင်တယ်။ ရလဒ်​ကတော့ နှစ်ယောက်စလုံး ကောင်းချီး​များစွာ ရရှိ​ခဲ့ကြတယ်။—ရုသ ၃:၆

၉။ ဒါဝိဒ်​နဲ့ ယောနသန်​တို့ရဲ့ မိတ်ဆွေ​နှောင်ကြိုး​နဲ့ပတ်သက်ပြီး ဘာကို သဘောကျ​သလဲ။

ယေဟောဝါအပေါ် သစ္စာရှိခဲ့​ကြ​တဲ့ ဒါဝိဒ်​နဲ့ ယောနသန်တို့လည်း မိတ်ဆွေကောင်းတွေ ဖြစ်ကြတယ်။ ယောနသန်ဟာ ဒါဝိဒ်​ထက် အသက်​သုံး​ဆယ်​လောက် ပိုကြီးတယ်။ အစ္စရေး​မင်းလောင်း ဖြစ်တယ်။ (၁ ရှမွေလ ၁၇:၃၃။ ၃၁:၂။ ၂ ရှမွေလ ၅:၄) ဒါပေမဲ့ မင်းလောင်း​အဖြစ် ဒါဝိဒ်​ကို ယေဟောဝါ ရွေးချယ်​မှန်း ယောနသန် သိတဲ့​အခါ ပြိုင်ဆိုင်ခြင်း၊ မနာလိုခြင်း မရှိခဲ့ဘူး။ ဒါဝိဒ်​ကို အတတ်နိုင်ဆုံး ကူညီ​ထောက်မခဲ့တယ်။ ဥပမာ၊ ဒါဝိဒ် အန္တရာယ် ကြုံနေတဲ့​အချိန်မှာ “ယေဟောဝါကို ယုံကြည်​စိတ်ချ” ဖို့ ယောနသန် အားပေးခဲ့တယ်။ ဒါဝိဒ်​အတွက် အသက်​တောင် စွန့်​ရဲ​ခဲ့​တ​ယ်။ (၁ ရှမွေလ ၂၃:၁၆၊ ၁၇) ဒါဝိဒ်​လည်း သစ္စာရှိ မိတ်ဆွေ ဖြစ်ခဲ့တယ်။ ယောနသန်​ရဲ့ မိသားစုကို စောင့်ရှောက်​မယ်​လို့ ကတိ​ပေးခဲ့တယ်။ ယောနသန် သေဆုံး​ပြီးနောက်ပိုင်း​မှာ​တောင် ကတိအတိုင်း ဒါဝိဒ် လုပ်ခဲ့တယ်။—၁ ရှမွေလ ၁၈:၁။ ၂၀:၁၅-၁၇၊ ၃၀-၃၄။ ၂ ရှမွေလ ၉:၁-၇

၁၀။ ဟီဘရူး​ လူငယ်​သုံး​ယောက်ရဲ့ စံနမူနာ​ကနေ မိတ်ဆွေ​နှောင်ကြိုး​နဲ့ပတ်သက်ပြီး ဘာ​သင်ယူ​ရသလဲ။​

၁၀ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့ဟာ ငယ်ရွယ်စဉ်​ကတည်းက အိမ်က​နေ အဝေး​ကို ခေါ်ဆောင်​သွားခံရတဲ့ ဟီဘရူး​ သူငယ်ချင်းတွေ ဖြစ်ကြတယ်။ မိသားစုနဲ့ ဝေးကွာ​နေတဲ့​ သူတို့တစ်တွေဟာ ယေဟောဝါအပေါ် သစ္စာရှိ​နေဖို့ အချင်းချင်း ကူညီ​ဖေးမ​ကြတယ်။ အရွယ်​ရောက်လာပြီး ရွှေရုပ်​တု​ကို ဦးချ​ရှိခိုး​ဖို့ ဘုရင်​ နေဗုခဒ်နေဇာ အမိန့်ပေး​တဲ့အခါ သူတို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်​ခံရတယ်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့​က “မင်းကြီး တည်ထား​တဲ့ ရွှေရုပ်​တု​ကိုလည်း ဝတ်ပြုမှာ မဟုတ်ဘူး” လို့ ပြောပြီး ဦးချ​ရှိခိုး​ဖို့ ငြင်းဆန်ခဲ့တယ်။ သူတို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်​ခံရတဲ့အခါ ဒီ​သူငယ်ချင်း​ သုံးယောက်စလုံး ဘုရား​အပေါ် သစ္စာ​စောင့်သိ​ခဲ့ကြတယ်။—ဒံယေလ ၁:၁-၁၇။ ၃:၁၂၊ ၁၆-၂၈

၁၁။ ပေါလုနဲ့ တိမောသေဟာ မိတ်ဆွေကောင်းတွေ​ဆိုတာ ဘယ်လို သိရသလဲ။

၁၁ လူငယ်​ တိမောသေကို တမန်တော်​ ပေါလု တွေ့​တဲ့အခါ ယေဟောဝါကို ချစ်တဲ့​လူငယ်၊ အသင်းတော်ကို တကယ်​ ဂရုစိုက်​တဲ့​ လူငယ်​ပဲ​ဆိုတာ သိမြင်​နိုင်ခဲ့တယ်။ ဒါကြောင့် ရပ်​နီး​ရပ်​ဝေး​ ဒေသတွေ​က ညီအစ်ကို/မတွေကို ကူညီဖို့ တိမောသေကို ပေါလု လေ့ကျင့်​ပေးခဲ့တယ်။ တိမောသေဟာ ကြိုးစား​ခဲ့​တဲ့​အတွက် “သတင်းကောင်း ပျံ့နှံ့​စေဖို့ ကျွန်တော်​နဲ့အတူ သားအဖ​လို ကြိုးစား​အမှုဆောင်ခဲ့” သူ​လို့ ပေါလု ပြောခဲ့တယ်။ တိမောသေဟာ ညီအစ်ကို/မတွေရဲ့ “အကျိုးကို တကယ်​ လိုလား” မှန်း ပေါလု သိတယ်။ ပေါလုနဲ့ တိမောသေ​တို့ဟာ ယေဟောဝါ​အမှုတော်ကို အတူတူ ကြိုးစား​ဆောင်ရွက်ခဲ့​တဲ့​အတွက် မိတ်ဆွေကောင်းတွေ ဖြစ်လာကြတယ်။—ဖိလိပ္ပိ ၂:၂၀-၂၂။ ၁ ကောရိန္သု ၄:၁၇

မိတ်ဆွေ ရွေးချယ်​နိုင်ပုံ

၁၂၊ ၁၃။ (က) အသင်းတော်ထဲမှာ​တောင် မိတ်ဆွေတွေကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်​ရမလဲ။ (ခ) ၁ ကောရိန္သု ၁၅:၃၃ ပါ သတိပေး​ချက်​ကို တမန်တော်​ပေါလု ဘာကြောင့် ပေးခဲ့သလဲ။

၁၂ အသင်းတော်မှာ ညီအစ်ကို/မတွေဆီ​ကနေ ကျွန်တော်တို့ သင်ယူနိုင်တယ်။ ဘုရား​အပေါ် သစ္စာရှိ​နေဖို့ အချင်းချင်း ကူညီ​နိုင်ကြတယ်။ (ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။) ဒါပေမဲ့ အသင်းတော်ထဲမှာ​တောင် ဘယ်သူ့ကို မိတ်ဆွေရင်းတွေ​အဖြစ် ရွေးချယ်မလဲ​ဆိုတာ​နဲ့ပတ်သက်ပြီး ဂရုစိုက်​ဖို့ လိုအပ်တယ်။ ကျွန်တော်တို့မှာ ယဉ်ကျေးမှု၊ ဘဝနောက်ခံ​မျိုးစုံ​တဲ့ ညီအစ်ကို/မများ​စွာ ရှိကြတယ်။ တချို့က အသင်းတော်​ထဲ ရောက်ခါစ လူသစ်တွေ။ တချို့ကတော့ နှစ်ပေါင်းများစွာ ယေဟောဝါ​အမှုတော် ဆောင်ခဲ့​သူတွေ။ သစ်သီး​မှည့်​ဖို့ အချိန်​လို​သလို ယေဟောဝါနဲ့ ရင်းနှီး​လာဖို့ အချိန် လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ အချင်းချင်း စိတ်ရှည်​သည်းခံ​ဖို့၊ ချစ်ခင်​ဖို့၊ မိတ်ဆွေတွေကို အမြဲတမ်း ပညာရှိရှိ ရွေးချယ်​ဖို့ လိုအပ်တယ်။—ရောမ ၁၄:၁။ ၁၅:၁။ ဟီဘရူး ၅:၁၂–၆:၃

၁၃ တစ်ခါတလေ အသင်းတော်မှာ အရေးကြီးတဲ့ အခြေအနေတွေ ပေါ်ပေါက်​လာနိုင်တဲ့​အတွက် အထူး သတိထားဖို့ လိုအပ်တယ်။ ကျမ်းစာက မှားတယ်လို့ ပြော​ထားတဲ့​အရာတွေကို ညီအစ်ကို/မ​တစ်ယောက် လုပ်​နေတာမျိုး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အသင်းတော်ကို ထိခိုက်​နိုင်တဲ့ မကျေမနပ်၊ ပြစ်တင်​ညည်းညူ​တဲ့ သဘောထား ရှိ​နိုင်တယ်။ ဒါက အံသြ​စ​ရာ မဟုတ်ပါဘူး။ ပထမ​ရာစု​တုန်း​က​တောင် အသင်းတော်မှာ ပြဿနာတွေ ရှိခဲ့တယ်။ ဒါကြောင့် “လှည့်စား​မခံ​ကြပါ​နဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့​အကျင့်​ကို ပျက်စီး​စေ​တတ်တယ်” ဆိုပြီး ခရစ်ယာန်တွေ​ကို တမန်တော်​ ပေါလု သတိ​ပေးခဲ့တယ်။ (၁ ကောရိန္သု ၁၅:၁၂၊ ၃၃) တိမောသေ​ကိုလည်း မိတ်ဆွေရင်းတွေ​အဖြစ် ရွေးချယ်တာနဲ့​ပတ်သက်ပြီး ပေါလု သတိ​ပေးခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့လည်း သတိထား​သင့်တယ်။၂ တိမောသေ ၂:၂၀-၂၂ ကိုဖတ်ပါ။

၁၄။ မိတ်ဆွေ ရွေးချယ်မှုက ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး​အပေါ် ဘယ်လို သက်ရောက်မှု ရှိ​နိုင်သလဲ။

၁၄ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကာကွယ်​ရမယ်။ ဒါက ကျွန်တော်တို့မှာ ရှိတဲ့ တန်ဖိုး​အရှိဆုံး​အရာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အားနည်း​သွား​စေနိုင်တဲ့​သူ၊ ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေ​နိုင်တဲ့​သူကို ရင်းရင်းနှီးနှီး မပေါင်းသင်း​ကြဘူး။ ရှာလကာရည်ထဲ နှစ်​ထားတဲ့ ရေ​မြှုပ်​က ရေ​ကို စုပ်ယူ​မှာ မဟုတ်သလို အမှား​လုပ်​သူတွေနဲ့ ပေါင်းသင်း​နေ​လျ​က်​နဲ့ မှန်ရာ လုပ်နိုင်မှာ​ပါလို့ မျှော်လင့်​လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဂရုတစိုက် ရွေးချယ်​ရမယ်။—၁ ကောရိန္သု ၅:၆။ ၂ သက်သာလောနိတ် ၃:၆၊ ၇၊ ၁၄

ယေဟောဝါကို ချစ်တဲ့ မိတ်ဆွေကောင်းတွေ ရှာတွေ့နိုင်

၁၅။ အသင်းတော်မှာ မိတ်ဆွေကောင်းတွေ ဖွဲ့​ဖို့ ဘာ​လုပ်နိုင်သလဲ။

၁၅ အသင်းတော်မှာ ယေဟောဝါကို အမှန်တကယ် ချစ်တဲ့​သူတွေ ရှာတွေ့​နိုင်ပါတယ်။ သူတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်။ (ဆာလံ ၁၃၃:၁) ဘဝနောက်ခံ​တူ​သူ၊ သက်တူ​ရွယ်တူတွေ​ကို​ပဲ မိတ်ဆွေ မဖွဲ့ပါနဲ့။ ယောနသန်​က ဒါဝိဒ်​ထက် ကြီးတယ်၊ ရုသ​က နောမိ​ထက် ငယ်တယ်​ဆိုတာကို သတိရပါ။ “ညီအစ်ကို​အသင်းအပင်း တစ်​ရပ်​လုံး​ကို ချစ်ကြပါ” ဆိုတဲ့ ကျမ်းစာ​အကြံပြုချက်ကို ကျွန်တော်တို့ လိုက်လျှောက်​ချင်​ကြပါတယ်။ (၂ ကောရိန္သု ၆:၁၃။ ၁ ပေတရု ၂:၁၇ ကိုဖတ်ပါ။) ယေဟောဝါကို ပို​တုပ​လေ သင့်ကို တခြား​သူတွေ မိတ်ဆွေဖွဲ့​ချင်​လေ ဖြစ်လာလိမ့်မယ်။

အခက်အခဲတွေ ပေါ်လာ​တဲ့အခါ

၁၆၊ ၁၇။ အသင်းတော်​ထဲ​က တစ်ယောက်ယောက် ကျွန်တော်တို့ကို စိတ်ထိခိုက်​စေ​ရင် ဘာမလုပ်သင့်​ဘူး​လဲ။

၁၆ မိသားစု​တိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မတူတဲ့​သူတွေ၊ အယူအဆ မတူတဲ့​သူတွေ၊ လုပ်ကိုင်ပုံ မတူတဲ့​သူတွေ ရှိကြတယ်။ အသင်းတော်မှာလည်း အဲဒီလို​ပါပဲ။ ဒီလို​မတူ​ကွဲပြားမှုတွေ​က ဘဝကို စိတ်ဝင်စားဖွယ် ကောင်း​စေပြီး အချင်းချင်း​ဆီက အများကြီး သင်ယူနိုင်တယ်။ ဒါပေမဲ့ တစ်ခါတလေ ကွဲပြားမှုတွေ​က ညီအစ်ကို/မတွေနဲ့ နားလည်မှု လွဲ​စေတယ်၊ စိတ်ဆိုး​စေတယ်။ အဲဒီအခါ ကျွန်တော်တို့ စိတ်ထိခိုက်​နိုင်တယ်၊ စိတ်နာ​နိုင်တယ်။ (ပညာအလိမ္မာ ၁၂:၁၈) ဒီလို​ပြဿနာတွေ​ကြောင့် စိတ်ပျက်ပြီး အသင်းတော်​နဲ့ ဝေးကွာ​သွားတာ​မျိုး ဖြစ်​သင့်​သလား။

၁၇ မဖြစ်​သင့်​ပါဘူး။ တစ်ယောက်ယောက်​က ကျွန်တော်တို့ကို တစ်နည်းနည်း​နဲ့ စိတ်နာ​စေ​ရင်တောင် အသင်းတော်​နဲ့ ဝေးဝေး​နေကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ထိခိုက်​နစ်နာစေတာ ယေဟောဝါ မဟုတ်ဘူး။ ဘုရားက ကျွန်တော်တို့ကို အသက်နဲ့ တခြား​အရာအားလုံး ပေးထားတယ်။ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှု​နဲ့ ချစ်ခြင်းမေတ္တာကို ရထိုက်တယ်။ (ဗျာဒိတ် ၄:၁၁) အသင်းတော်​ဟာ ယေဟောဝါ​ဆီက လက်ဆောင် ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မာ​နေ​စေဖို့ ကူညီ​ပေးတယ်။ (ဟီဘရူး ၁၃:၁၇) တစ်ယောက်ယောက်​က စိတ်ပျက်​စေတဲ့​အတွက် ဘုရားပေး​ လက်ဆောင်​ကို ပစ်ပယ်ကြမှာ မဟုတ်ဘူး။ဆာလံ ၁၁၉:၁၆၅ ကိုဖတ်ပါ။

၁၈။ (က) ညီအစ်ကို/မတွေနဲ့ အဆင်ပြေ​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ (ခ) တခြား​သူတွေကို ဘာကြောင့် ခွင့်လွှတ်​သင့်သလဲ။

၁၈ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ချစ်​ပြီး သူတို့နဲ့ အဆင်ပြေ​ချင်ကြတယ်။ ယေဟောဝါ​က ဘယ်​လူသားတွေ​ဆီက​မှ စုံလင်မှု​ကို မမျှော်လင့်​သလို ကျွန်တော်တို့လည်း တခြား​သူတွေဆီ​က မမျှော်လင့်သင့်​ပါဘူး။ (ပညာအလိမ္မာ ၁၇:၉။ ၁ ပေတရု ၄:၈) ကျွန်တော်တို့​အားလုံး မှား​တတ်ကြတယ်။ ဒါပေမဲ့ မေတ္တာ​က “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” နေဖို့ ကူညီ​ပေးမယ်။ (ကောလောသဲ ၃:၁၃) မေတ္တာ​ကြောင့် သေးငယ်တဲ့ အထင်လွဲ​မှု​ကို ရေးကြီးခွင်ကျယ် လုပ်မှာ မဟုတ်ဘူး။ မှန်ပါတယ်၊ တစ်ယောက်ယောက်​က ကျွန်တော်တို့ကို စိတ်ထိခိုက်​စေတဲ့​အခါ အဲဒါကို မစဉ်းစားမိဖို့ ခက်တယ်။ အလွယ်တကူ ဒေါသထွက်​ပြီး အငြိုးအတေး ထား​လာ​စေတယ်။ ဒါနဲ့ မပျော်​မ​ရွှင် ဖြစ်လာမယ်။ နာကြည်း​လာမယ်။ ခွင့်လွှတ်​တတ်​ရင်​တော့ စိတ်​ငြိမ်သက်မှု ရနိုင်တယ်။ အသင်းတော်ကို စည်းလုံးစေ​နိုင်တယ်။ အရေးကြီးဆုံး​က ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ရနိုင်တယ်။—မဿဲ ၆:၁၄၊ ၁၅။ လုကာ ၁၇:၃၊ ၄။ ရောမ ၁၄:၁၉

တစ်စုံ​တစ်ဦး နှင်ထုတ်​ခံရတဲ့အခါ

၁၉။ အသင်းတော်​ထဲ​က တစ်ယောက်ယောက်နဲ့ ပေါင်းသင်းတာကို ဘယ်​အချိန်မှာ ရပ်​ရမလဲ။

၁၉ ချစ်စရာ​ကောင်းတဲ့ မိသားစုမှာ မိသားစုဝင်​တိုင်း တခြားသူကို ပျော်ရွှင်​စေ​ရမယ့်​ တာဝန် ရှိတယ်။ ဒါပေမဲ့ တစ်ယောက်က ကလန်ကဆန် လုပ်တယ်လို့ မြင်ယောင်​ကြည့်ပါ။ မိသားစုဝင်​တိုင်း​က အကြိမ်ကြိမ် ကူညီ​ဖျောင်းဖျ​ကြပေမဲ့ လက်မခံ​ဘူး။ အိမ်က​နေ ထွက်သွားဖို့ ဆုံးဖြတ်​နိုင်တယ်။ ဒါမှမဟုတ် အိမ်ထောင်ဦးစီး​က ထွက်သွားခိုင်းတာ ဖြစ်နိုင်တယ်။ အသင်းတော်မှာလည်း အဲဒီလိုမျိုး ဖြစ်နိုင်တယ်။ တစ်ယောက်ယောက်​က ယေဟောဝါ မကြိုက်​တဲ့​အရာကို လုပ်​မြဲ​ လုပ်​နေပြီး အသင်းတော်ကို ထိခိုက်​စေနိုင်တယ်။ ကူညီ​ပေးတာကို လက်မခံဘဲ အသင်းတော်​သား မဖြစ်ချင်​တော့​ကြောင်း လုပ်ရပ်နဲ့ ပြ​နိုင်တယ်။ ကိုယ်တိုင် အသင်းတော်က​နေ ထွက်သွားဖို့ ရွေးချယ်​နိုင်တယ်၊ ဒါမှမဟုတ် အသင်းတော်ကနေ နှင်ထုတ်​ခံရနိုင်​တယ်။ ဒါဆိုရင် သူနဲ့ “ဆက်​မပေါင်းဖော်” သင့်​ကြောင်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထားတယ်။ (၁ ကောရိန္သု ၅:၁၁-၁၃ ကိုဖတ်ပါ။ ၂ ယောဟန် ၉-၁၁) သူဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ ဖြစ်နေရင် တော်​တော်​ ခက်​မယ်။ ဒါပေမဲ့ ဒီလို​အခြေအနေ​မျိုးမှာ ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုဟာ ဘယ်သူ​မဆို​ထက် ပို​ခိုင်မာ​ရမယ်။—ရှင်းလင်းချက် ၈ ကို ကြည့်ပါ။

၂၀၊ ၂၁။ (က) နှင်ထုတ်ခြင်း​ အစီအစဉ်​က ဘယ်လိုနည်းနဲ့ မေတ္တာပြ​ရာ​ရောက်သလဲ။ (ခ) မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၂၀ နှင်ထုတ်ခြင်း​ အစီအစဉ်​က ယေဟောဝါရဲ့ မေတ္တာ​ပါတဲ့ ပြင်ဆင်​ပေး​ချက် ဖြစ်တယ်။ ဒါက ယေဟောဝါရဲ့ စံနှုန်းတွေကို အလေးမထားတဲ့​သူတွေရဲ့ အန္တရာယ်​ကနေ အသင်းတော်ကို ကာကွယ်​ပေးတယ်။ (၁ ကောရိန္သု ၅:၇။ ဟီဘရူး ၁၂:၁၅၊ ၁၆) ဒါက ယေဟောဝါရဲ့ နာမတော်မြတ်၊ မြင့်မားတဲ့ စံနှုန်းတွေနဲ့ ယေဟောဝါကို ချစ်ကြောင်း ဖော်ပြဖို့ ကူညီ​ပေးတယ်။ (၁ ပေတရု ၁:၁၅၊ ၁၆) နှင်ထုတ်ခြင်း​ အစီအစဉ်​က အသင်းသား မဟုတ်တော့တဲ့​သူ​ကိုလည်း မေတ္တာပြ​ရာ​ရောက်တယ်။ ဒီ​ပြင်းထန်တဲ့ ဆုံးမမှု​က သူ့​လုပ်ရပ်​က မှားကြောင်း၊ ပြောင်းလဲဖို့ လို​ကြောင်း သဘောပေါက်​ဖို့ ကူညီ​ပေးနိုင်တယ်။ နှင်ထုတ်ခံရသူတွေ​ဟာ နောက်ပိုင်း ယေဟောဝါ​ဆီ ပြန်လှည့်​လာပြီး အသင်းတော်မှာ နွေး​နွေးထွေး​ထွေး ပြန်​ကြိုဆို​ခံရကြ​ပါတယ်။—ဟီဘရူး ၁၂:၁၁

၂၁ မိတ်ဆွေတွေ​က ကျွန်တော်တို့​အပေါ် တစ်နည်းနည်းနဲ့ အကျိုး​သက်ရောက်တယ်။ ဒါကြောင့် မိတ်ဆွေတွေကို ဂရုတစိုက် ရွေးချယ်​ဖို့ အရေးကြီးပါတယ်။ ယေဟောဝါ ချစ်တဲ့​သူတွေကို ချစ်​မယ်​ဆိုရင် ဘုရား​အပေါ် ထာဝစဉ် သစ္စာရှိ​နေဖို့ ကူညီ​ပေးနိုင်မယ့်​သူတွေနဲ့ ဝန်းရံ​ခံရ​ကြပါမယ်။