မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

အရာရာမှာ ရိုးသားပါ

အရာရာမှာ ရိုးသားပါ

“ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူ​ချင်စိတ်​ရှိ . . . တယ်။”—ဟီဘရူး ၁၃:၁၈

၁၊ ၂။ ရိုးသား​ဖို့ ကျွန်တော်တို့ ကြိုးစားတာ​ကို မြင်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

 တစ်နေ့ ကလေး​တစ်ယောက် ကျောင်း​ကနေ အိမ်​ပြန်လာ​တော့ လမ်းမှာ ပိုက်ဆံ​အပြည့်​ပါတဲ့ အိတ် ကော​က်​ရတယ်။ ဘာလုပ်မလဲ။ ယူ​ထား​လိုက်လို့ ရတယ်။ ဒါပေမဲ့ ပိုင်ရှင်​ကို ပြန်ပေး​လိုက်တယ်။ ကလေးရဲ့ လုပ်ရပ်​ကို အမေ ကြားသိ​တဲ့​အခါ သိပ်​ဂုဏ်​ယူတယ်။

သားသမီးတွေ ရိုးသားတဲ့​အခါ မိဘတွေ ပျော်ရွှင်​ကြတယ်။ ကောင်းကင်ဘုံစံ​ဖခင် ယေဟောဝါဟာ “အမှန်တရား​ရဲ့ ဘုရား” ဖြစ်ပြီး ကျွန်တော်တို့ ရိုးသားတဲ့​အခါ ပျော်ရွှင်တယ်။ (ဆာလံ ၃၁:၅) ဘုရား​နှစ်သက်မှု​ကို ကျွန်တော်တို့ ရချင်ကြတယ်။ “အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူ” ချင်ကြတယ်။ (ဟီဘရူး ၁၃:၁၈) ရိုးသား​ဖို့ အခက်တွေ့​နိုင်တဲ့ ဘဝကဏ္ဍ​လေး​ရပ်​ကို ဆွေးနွေးကြစို့။ ပြီးတော့ ရိုးသားခြင်း​ရဲ့ အကျိုး​တချို့​ကိုလည်း သုံးသပ်ကြ​မယ်။

ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ

၃-၅။ (က) ကိုယ့်ကိုယ်ကိုယ် ဘယ်လို လှည့်စား​မိ​နိုင်သလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ရိုးသား​ဖို့ ဘာက ကူညီပေး​မလဲ။

တခြား​သူတွေ​အပေါ် ရိုးသား​ဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ရိုးသား​ရမယ်။ အမြဲ​တော့ မလွယ်​ဘူး။ ပထမရာစု လောဒိကိ​ အသင်းတော်က ညီအစ်ကို​တွေဟာ ဘုရား​နှစ်သက်မှု ရ​နေတယ်လို့ ယူမှတ်​ပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စား​ကြတယ်။ (ဗျာဒိတ် ၃:၁၇) ကိုယ်​ဘယ်လို​ လူစားမျိုး​လဲ​ ဆိုတာနဲ့​ပတ်သက်ပြီး​လည်း ကိုယ့်ကိုယ်ကိုယ် လှည့်စား​မိ​နိုင်တယ်။

“ဘုရားသခင်ကို ဝတ်ပြု​နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်​ကို မ​စောင့်စည်း​ရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာ​ပဲ။ သူ့ရဲ့ ဝတ်ပြုမှု​ဟာ အချည်းနှီး​ပဲ” လို့ တပည့်တော် ယာကုပ် ရှင်းပြခဲ့တယ်။ (ယာကုပ် ၁:၂၆) ကောင်းတာတွေ လုပ်​နေသရွေ့ ရိုင်းစိုင်းတာ၊ ထေ့ငေါ့တာ၊ လိမ်လည်တာ​တွေကို ဘုရား ဂရုမစိုက်​ပါဘူး​လို့ တွေးရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာ​ပဲ။ ကိုယ့်ကိုယ်ကိုယ် မလှည့်စား​မိဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

မှန်​ကြည့်တဲ့အခါ ကိုယ့်​ရုပ်သွင်​ကို မြင်နိုင်တယ်။ ကျမ်းစာ​ဖတ်တဲ့အခါ ကိုယ့်​အတွင်းစိတ်​ကို မြင်နိုင်တယ်။ ကိုယ့်​အားသာချက်တွေကို​ရော ကိုယ့်​အားနည်းချက်တွေကိုပါ သိမြင်ဖို့ ကျမ်းစာက ကူညီ​ပေးနိုင်တယ်။ စဉ်းစားပုံ၊ ပြုမူ​ပြောဆိုပုံ​တို့နဲ့​ပတ်သက်ပြီး ပြောင်းလဲဖို့ လိုအပ်တဲ့​အရာကို သိရတယ်။ (ယာကုပ် ၁:၂၃-၂၅ ကိုဖတ်ပါ။) ဒါပေမဲ့ ဘာ​ချွတ်ယွင်းချက်​မှ မရှိဘူးလို့ ယူဆ​ရင် လိုအပ်တဲ့​ တိုးတက်မှုတွေ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်​ဖို့ ကျမ်းစာကို အသုံးပြု​ရမယ်။ (မြည်းတမ်း​စကား ၃:၄၀။ ဟဂ္ဂဲ ၁:၅) ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း မြင်တတ်ဖို့ ဆုတောင်းခြင်းကလည်း ကူညီ​ပေးတယ်။ ကျွန်တော့်ကို စစ်ဆေး​ပေးပါ၊ ချို့ယွင်းချက်တွေ မြင်တတ်​ပြီး ပြုပြင်​ပြောင်းလဲ​နိုင်ဖို့ ကူညီ​ပေးပါလို့ ယေဟောဝါ​ဆီ ဆုတောင်း​နိုင်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) “ယေဟောဝါဟာ စဉ်းလဲ​သူကို ရွံရှာတယ်။ ရိုး​ဖြောင့်​သူကို​တော့ ခင်မင်​ရင်းနှီးတယ်” ဆိုတာကို သတိရ​ကြတယ်။—ပညာအလိမ္မာ ၃:၃၂

မိသားစု​အတွင်း ရိုးသားပါ

၆။ ဘာ​ကြောင့် လင်​နဲ့ မယား အချင်းချင်း​အပေါ် ရိုးသား​သင့်သလဲ။

ရိုးသားခြင်းက မိသားစု​အတွင်း မရှိမဖြစ် လိုအပ်တယ်။ လင်​နဲ့ မယား အချင်းချင်း ပွင့်လင်း​ရင် လုံခြုံမှု ခံစားရတယ်။ အချင်းချင်း​အပေါ် အမှန်တကယ် ယုံကြည်​နိုင်တယ်။ အိမ်ထောင်​အတွင်း မရိုးသားမှု​ပုံစံမျိုးစုံ ရှိ​နိုင်တယ်။ ဥပမာ၊ အိမ်ထောင်သည်​တစ်ယောက်က တခြား​တစ်ယောက်နဲ့ ပရောပရည်လုပ်တာ၊ ညစ်ညမ်း​ရုပ်ပုံ​စာပေ ကြည့်တာ၊ တိတ်​တိတ်​ပုန်း အချစ်​ဇာတ်လမ်း ဆင်တာ ဖြစ်နိုင်တယ်။ “လူလိမ်​လူညာတွေနဲ့ မ​ပေါင်း​ဘူး။ သရုပ်မှန် ဖုံးကွယ်​ထားသူတွေ​ကို ရှောင်တယ်” ဆိုပြီး ဆာလံဆရာ ပြောခဲ့တာ သတိပြုပါ။ (ဆာလံ ၂၆:၄) အတွေး​ထဲမှာ​တောင် အိမ်ထောင်ဖက်​အပေါ် မရိုးသား​ရင် အိမ်ထောင်ရေး ထိခိုက်​မ​ယ်။

အိမ်ထောင်​နှောင်ကြိုး​ကို လျော့နည်း​သွား​စေနိုင်တဲ့ အရာ​မှန်သမျှကို ချက်ချင်း ငြင်းဆန်ပါ

၇၊ ၈။ ရိုးသားမှု​တန်ဖိုး​အကြောင်း သားသမီးတွေကို သင်ပေးဖို့ ကျမ်းစာကို ဘယ်လို သုံးနိုင်​သလဲ။

ရိုးသားခြင်းက အရေးကြီး​မှန်း သားသမီးတွေလည်း သိထား​ရမယ်။ မိဘတွေက ကျမ်းစာ​သုံးပြီး သင်ပေး​နိုင်တယ်။ သူခိုး အာခန်၊ ငွေ​ရဖို့ လိမ်ပြောတဲ့ ဂေဟာဇိ၊ ပိုက်ဆံ​ခိုး​တတ်​ပြီး နောက်ပိုင်း ငွေ​ဒင်္ဂါး​ပြား ၃၀ နဲ့ ယေရှုကို သစ္စာဖောက်​ခဲ့​တဲ့ ယုဒရှကာရုတ်​စတဲ့ မရိုးသား​သူတွေရဲ့ စံနမူနာ​ဆိုးတွေ ကျမ်းစာမှာ ရှိတယ်။—ယောရှု ၆:၁၇-၁၉။ ၇:၁၁-၂၅။ ၂ ဘုရင်များ ၅:၁၄-၁၆၊ ၂၀-၂၇။ မဿဲ ၂၆:၁၄၊ ၁၅။ ယောဟန် ၁၂:၆

တွေ့ရှိတဲ့ ငွေတွေ ပြန်​အပ်ဖို့ သားတွေကို တိုက်တွန်း​ခဲ့​တဲ့ ယာကုပ်၊ ဘုရား​အပေါ် ကတိတည်​ခဲ့​တဲ့ ယေဖသ​နဲ့ သမီး၊ ခက်ခဲတဲ့ အခြေအနေတွေမှာ​တောင် ရိုးသား​ခဲ့​တဲ့ ယေရှု​စတဲ့ ရိုးသား​သူတွေရဲ့ စံနမူနာ​ကောင်းတွေလည်း ကျမ်းစာမှာ ရှိပါတယ်။ (ကမ္ဘာဦး ၄၃:၁၂။ တရားသူကြီး ၁၁:၃၀-၄၀။ ယောဟန် ၁၈:၃-၁၁) ဒီ​စံနမူနာတွေက ရိုးသားမှု​တန်ဖိုးကို သားသမီးတွေ နားလည်ဖို့ ကူညီပေး​နိုင်ပါတယ်။

၉။ မိဘတွေ ရိုးသား​ရင် သားသမီးတွေကို ဘယ်လို အကူအညီ ဖြစ်စေ​မလဲ။

“သူတစ်ပါး​ကို သင်ကြား​ပေးပြီး ကိုယ်တိုင်​ကျတော့ ဘာလို့ မသင်ယူ​သလဲ။ ‘မခိုး​နဲ့’ လို့ သူတစ်ပါး​ကို ဆုံးမ​ပြီး ဘာလို့ ကိုယ်တိုင် ခိုး​နေသလဲ” ဆိုတဲ့ အရေးကြီးတဲ့ ကျမ်းစာ​အခြေခံ​မူ​ကနေ မိဘတွေ သင်ယူ​နိုင်ပါတယ်။ (ရောမ ၂:၂၁) မိဘတွေ အပြော​တစ်မျိုး အလုပ်​တစ်မျိုး လုပ်တဲ့​အခါ သားသမီးတွေ သိတယ်။ ရိုးသား​ရမယ်လို့ ပြောပြီး ကိုယ်တိုင် မရိုးသား​ရင် သားသမီးတွေ စိတ်ရှုပ်​သွားမယ်။ အသေးအဖွဲ​ပဲ​ဖြစ်ဖြစ် မိဘတွေ လိမ်ပြောတာကို သတိထား​မိရင် သားသမီးတွေလည်း လိမ်ပြော​တတ်လာမယ်။ (လုကာ ၁၆:၁၀ ကိုဖတ်ပါ။) မိဘတွေ ရိုးသား​တာ မြင်ရင်​တော့ သားသမီးတွေ​ကိုယ်တိုင် မိဘ ဖြစ်လာတဲ့​အခါ ယုံကြည်​စိတ်ချထိုက်တဲ့​သူတွေ ဖြစ်လာဖို့ အကူအညီ ဖြစ်နိုင်တယ်။—ပညာအလိမ္မာ ၂၂:၆။ ဧဖက် ၆:၄

အသင်းတော်​အတွင်း ရိုးသားပါ

၁၀။ ခရစ်ယာန်ချင်းတွေနဲ့ စကားစမြည် ပြောတဲ့အခါ ဘယ်လို ရိုးသား​နိုင်ကြ​သလဲ။

၁၀ ခရစ်ယာန် ညီအစ်ကို/မ​တွေ​အပေါ်လည်း ရိုးသား​ရမယ်။ စကားစမြည် ပြော​ရာ​ကနေ အတင်းအဖျင်း ပြော​မိဖို့၊ အသရေ​ဖျက်​ပြောဆို​မိဖို့ လွယ်တယ်။ ကိစ္စ​တစ်ခုကို မှန်,မမှန် မသိဘဲ ပြန်​ပြောရင် မုသာ​စကား ဖြန့်​ရာ​ရောက်​သွားမယ်။ ‘နှုတ်​စောင့်စည်း’ တာ ပို​ကောင်းတယ်။ (ပညာအလိမ္မာ ၁၀:၁၉) ရိုးသား​တ​ယ်​ဆိုတာ ထင်သမျှ၊ သိ​သ​မျှ၊ ကြား​သ​မျှ ပြောရမယ်လို့ မဆိုလို​ပါဘူး။ ပြောမယ့် အကြောင်းအရာ မှန်နေရင်တောင် ကိုယ်​နဲ့ မဆိုင်တဲ့​ကိစ္စ၊ ပြောဖို့ မလိုအပ်တဲ့​ကိစ္စ၊ ပြောလိုက်ရင် မစာနာ​ရာ​ရောက်တဲ့​ကိစ္စ ဖြစ်နိုင်တယ်။ (၁ သက်သာလောနိတ် ၄:၁၁) တချို့က “ငါ​ရိုးရိုးသားသား ပြောတာပဲ​လေ” ဆိုပြီး ရိုင်းပျမှု​အတွက် ဆင်ခြေပေး​တတ်ကြတယ်။ ယေဟောဝါ​လူမျိုး ကျွန်တော်တို့​ကတော့ အမြဲ ယဉ်ကျေး​သိမ်မွေ့ပြီး ကြင်နာ​တတ်​ချင်ကြတယ်။ကောလောသဲ ၄:၆ ကိုဖတ်ပါ။

၁၁၊ ၁၂။ (က) အပြစ်ကျူးလွန်​သူ မရိုးသားတဲ့​အခါ ပြဿနာ ဘယ်လို ပိုဆိုး​သွား​နိုင်သလဲ။ (ခ) ဘယ်​မေးခွန်း​တချို့ မေး​နိုင်သလဲ။ (ဂ) ယေဟောဝါရဲ့ အဖွဲ့အစည်း​အပေါ် ဘယ်လို ရိုးသား​နိုင်သလဲ။

၁၁ အသင်းတော်ကို ကူညီဖို့ အကြီးအကဲ​တွေကို ယေဟောဝါ တာဝန်​ပေးထားတယ်။ ကျွန်တော်တို့ ရိုးသား​ရင် အကြီးအကဲ​တွေ ကူညီ​ပေးဖို့ ပိုလွယ်တယ်။ ဘာကြောင့်လဲ။ နေမကောင်း​လို့ ဆရာဝန်​ဆီ သွား​ပြ​ရင် ရောဂါ​လက္ခဏာ​တချို့ကို မပြောပြ​ဘဲ​ နေ​မလား။ မပြောပြ​ရင် ဆရာဝန်​က ဘယ်လို ကုနိုင်​မလဲ။ အလားတူပဲ ကျွန်တော်တို့ ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ခဲ့ရင် လိမ်​မပြော​သင့်​ဘူး။ အကြီးအကဲ​တွေ​ဆီ သွားပြီး ရိုးရိုးသားသား ပြောပြ​သင့်တယ်။ (ဆာလံ ၁၂:၂။ တမန်တော် ၅:၁-၁၁) အခြေအနေ​ နောက်​တစ်မျိုး​ကို စဉ်းစား​ကြည့်ပါ– ကိုယ့်​မိတ်ဆွေ​တစ်ယောက် ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ခဲ့​မှန်း သိရင်​ကော။ (ဝတ်ပြုရာ ၅:၁) “ငါ​သာ မိတ်ဆွေစစ်​ဆိုရင် လျှို့ဝှက်​ထား​ပေးမယ်” လို့ ပြော​မလား။ ဒါမှမဟုတ် သူ ပြုပြင်​ပြောင်းလဲဖို့၊ ယေဟောဝါနဲ့ သူ့​ဆက်ဆံရေး ပို​ခိုင်မာ​ဖို့ လိုအပ်တဲ့ အကူအညီကို အကြီးအကဲ​တွေ ပေးမယ်ဆိုတာ သတိရ​မလား။—ဟီဘရူး ၁၃:၁၇။ ယာကုပ် ၅:၁၄၊ ၁၅

၁၂ အမှုဆောင်​လုပ်ငန်း​ မှတ်တမ်း​လို​မျိုး မှတ်တမ်း ဖြည့်​ရတဲ့အခါ​တွေ​မှာလည်း ယေဟောဝါရဲ့ အဖွဲ့အစည်း​အပေါ် ရိုးသား​ရမယ်။ ရှေ့ဆောင် ဒါမှမဟုတ် တခြား​အမှုဆောင်​လုပ်ငန်း​ တစ်မျိုးမျိုး​အတွက် လျှောက်လွှာ ဖြည့်​တဲ့အခါ​မှာလည်း ရိုးသား​ကြတယ်။ပညာအလိမ္မာ ၆:၁၆-၁၉ ကို ဖတ်ပါ။

၁၃။ ခရစ်ယာန်ချင်း​နဲ့ စီးပွားရေး လုပ်တဲ့​အခါ ဘယ်လို ရိုးသား​နိုင်သလဲ။

၁၃ ခရစ်ယာန် ညီအစ်ကို/မ​တွေဟာ ဝတ်ပြုရေး​နဲ့ စီးပွားရေး​ကိစ္စတွေကို ခွဲခြား​ထားရမယ်။ ဥပမာ၊ နိုင်ငံတော်​ခန်းမ​မှာ၊ အမှုဆောင်​လုပ်ငန်းမှာ စီးပွားရေး မလုပ်ကြဘူး။ ဒါ့အပြင် စီးပွားရေး​ကိစ္စတွေမှာ ညီအစ်ကို/မ​တွေကို အမြတ်​မ​ထုတ်​ကြဘူး။ သက်သေခံတွေ​ကို အလုပ်ခန့်​ရင် အချိန်​မှန် လခ​ပေး​ရမယ်။ သဘောတူ​ထားတဲ့ လုပ်အားခ ပေး​ရမယ်။ ဥပဒေ တောင်းဆိုတဲ့ အကျိုး​ခံစားခွင့်တွေကိုလည်း ပေး​ရမယ်။ ကျန်းမာရေး အာမခံ၊ ခွင့်ရက်​ပေးခြင်းတို့လည်း ပါဝင်တယ်။ (၁ တိမောသေ ၅:၁၈။ ယာကုပ် ၅:၁-၄) သက်သေခံ​တစ်ယောက်​ဆီမှာ အလုပ်​လုပ်ရင်လည်း ဦးစား​ပေးခံ​ရဖို့ မမျှော်လင့်ပါနဲ့။ (ဧဖက် ၆:၅-၈) သဘောတူ​ထားတဲ့ အချိန်​ပမာဏ​အတိုင်း အလုပ်​လုပ်ရမယ်။ လုပ်ခ​နဲ့ ထိုက်တန်​အောင် အလုပ်​လုပ်ရမယ်။—၂ သက်သာလောနိတ် ၃:၁၀

၁၄။ ဖက်စပ်​စီးပွားရေး မ​လုပ်​ခင် ခရစ်ယာန်တွေ ဘာ​လုပ်သင့်သလဲ။

၁၄ ညီအစ်ကို/မ​တစ်ယောက်နဲ့ စီးပွားရေး လုပ်ရင်​ကော။ ရင်းနှီး​မြှုပ်နှံ​တာ၊ ငွေချေးတာ ဖြစ်နိုင်တယ်။ ဒီလို​အခြေအနေ​တွေ​အတွက် လက်တွေ့ကျတဲ့ ကျမ်းစာ​အခြေခံ​မူ ရှိတယ်။ စာချုပ်​စာတမ်း​မှာ အသေးစိတ် ဖော်ပြ​ရေးမှတ်ခြင်းပါပဲ။ ပရောဖက်​ ယေရမိ လယ်​ဝယ်​တဲ့အခါ သဘောတူ​စာချုပ်​ နှစ်စောင် ကူး​ရေးခဲ့တယ်။ စာချုပ်​တစ်စောင်​မှာ သက်သေတွေကို လက်မှတ်ထိုး​ခိုင်းတယ်။ နောက်နောင် အထောက်အထား​ ပြဖို့ စာချုပ်​နှစ်စောင်​လုံး​ကို သိမ်း​ထားတယ်။ (ယေရမိ ၃၂:၉-၁၂။ ကမ္ဘာဦး ၂၃:၁၆-၂၀ ကိုလည်း ကြည့်ပါ။) စာချုပ်​ချုပ်တာက ညီအစ်ကိုတွေကို မယုံကြည်​ရာ​ရောက်တယ်​လို့ တချို့ ခံစား​ကြတယ်။ ဒါပေမဲ့ စာချုပ်​ချုပ်တာက အထင်လွဲ​စ​ရာ၊ စိတ်ပျက်​စ​ရာ၊ စိတ်ဝမ်းကွဲ​စရာတွေ မဖြစ်အောင် ကာကွယ်​ပေးနိုင်တယ်။ စီးပွားရေး​ကိစ္စ လုပ်တဲ့​အချိန်မှာ​တောင် အသင်းတော်ရဲ့ စည်းလုံး​ငြိမ်သက်မှု​ဟာ ပို​အရေးကြီးကြောင်း သတိရပါ။—၁ ကောရိန္သု ၆:၁-၈ရှင်းလင်းချက် ၃၀ ကို ကြည့်ပါ။

လောကမှာ ရိုးသားပါ

၁၅။ စီးပွားရေး လုပ်တဲ့​အခါ မရိုးသားမှုတွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။

၁၅ ယေဟောဝါ​သက်သေ မဟုတ်​သူတွေ​ အပါအဝင် လူတိုင်း​အပေါ် ရိုးသား​ရမယ်။ ကျွန်တော်တို့ရဲ့ ရိုးသားမှု​က ယေဟောဝါ​အတွက် အရေးကြီးတယ်။ “ယေဟောဝါ​က မမှန်တဲ့ ချိန်ခွင်​ကို ရွံရှာတယ်။ မှန်တဲ့ အလေး​ကို​တော့ နှစ်သက်တယ်။” (ပညာအလိမ္မာ ၁၁:၁။ ၂၀:၁၀၊ ၂၃) ကျမ်းစာ​ခေတ်​က အရောင်းအဝယ်​ ကိစ္စတွေမှာ ချိန်ခွင်​ကို အသုံးပြုလေ့​ရှိတယ်။ ဒါပေမဲ့ ကုန်သည်​တချို့က ဝယ်​သူတွေကို လှည့်စားဖို့ အလေး​နှစ်မျိုး​နဲ့ မမှန်တဲ့​ချိန်ခွင် သုံး​ကြတယ်။ ကျမ်းစာ​ခေတ်​ကလို​ပဲ ဒီနေ့လည်း စီ​ပွား​ရေး​လုပ်ငန်းတွေမှာ မရိုးသားမှု​တွေ တွေ့​နေရတယ်။ ယေဟောဝါ​က မရိုးသားမှု​ကို အတိတ်​က မုန်း​ခဲ့​သလို ဒီနေ့လည်း မုန်းတယ်။

၁၆၊ ၁၇။ မရိုးသားတဲ့ ဘယ်​အကျင့်တွေကို ရှောင်​ရမလဲ။

၁၆ အလုပ် လျှောက်တဲ့​အခါ၊ အစိုးရ လျှောက်လွှာ​ပုံစံတွေ ဖြည့်​တဲ့အခါ၊ စာမေးပွဲ ဖြေ​တဲ့အခါ​တွေ​မှာ မရိုးမသား ပြုမူဖို့ ကြုံ​လာနိုင်​ပါတယ်။ လိမ်လည်တာ၊ ချဲ့ကား​ပြောဆိုတာ၊ တလွဲ​ဖြေတာ မမှား​ဘူးလို့ လူများစွာ ယူဆကြတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီ​လောကစနစ်ရဲ့ နောက်ဆုံး​ကာလမှာ လူတွေဟာ “ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ၊ ငွေကို တပ်မက်သူ၊ . . . ကောင်းမြတ်ရာကို မုန်းတီးသူ” ဖြစ်​ကြ​မ​ယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။—၂ တိမောသေ ၃:၁-၅

၁၇ တစ်ခါတလေ လောကမှာ မရိုးသားတဲ့​သူတွေ ကြီးပွား​အောင်မြင်နေ​ကြ​ပုံ​ပဲ။ (ဆာလံ ၇၃:၁-၈) ခရစ်ယာန်​တစ်ယောက် ရိုးသားမှု​ကြောင့် အလုပ်ပြုတ်​တာ၊ ငွေ​လိမ်​ခံရ​တာ၊ အလုပ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရ​တာ​တွေ​တောင် ကြုံရ​နိုင်တယ်။ ဒါပေမဲ့ ကိုယ်ကျိုးစွန့်​ အနစ်နာခံ​ရ​ကျိုး နပ်​ပါတယ်။ ဘာကြောင့်လဲ။

ရိုးသားခြင်း​ကြောင့် ရရှိတဲ့ ကောင်းချီး​များ

၁၈။ နာမည်ကောင်း​ဟာ ဘာကြောင့် အလွန်​တန်ဖိုး​ရှိသလဲ။

၁၈ ရိုးသား​သူ၊ ယုံကြည်​အားထား​ရသူ​ဆိုတဲ့ နာမည်ကောင်း​က တန်ဖိုး​ရှိတယ်။ လောကမှာ တွေ့ရခဲ​တ​ယ်။ ဒီလို​နာမည်ကောင်း ထိန်းသိမ်းဖို့ အခွင့်အရေး ယောက်တိုင်းမှာ ရှိတယ်။ (မိက္ခာ ၇:၂) မှန်ပါတယ်၊ ကိုယ်​ရိုးသားတာကို လူတချို့ လှောင်ပြောင်​နိုင်တယ်။ မိုက်မဲ​သူ​လို့ ခေါ်​နိုင်တယ်။ တခြားသူ​တွေ​ကတော့ ရိုးသားမှု​ကို တန်ဖိုး​ထားမယ်။ ကိုယ့်ကို ယုံကြည်​ကြ​လိမ့်မယ်။ ယေဟောဝါ​သက်သေတွေကို ရိုးသားမှု​ကြောင့် ကမ္ဘာ​တစ်ဝန်းလုံး​က သိကြတယ်။ အလုပ်ရှင်​တချို့က သက်သေခံတွေ ရိုးသား​မှန်း သိလို့ အလုပ်ခန့်​ချင်ကြတယ်။ မရိုးသားမှု​ကြောင့် တခြား​အလုပ်သမားတွေ အလုပ်​ဖြုတ်​ခံရချိန်မှာ သက်သေခံတွေ အလုပ်​မပြုတ်တာလည်း ရှိတတ်တယ်။

အလုပ်​ကြိုးစားခြင်း​အားဖြင့် ယေဟောဝါကို ဂုဏ်တင်​နိုင်

၁၉။ ရိုးသားမှု​က ယေဟောဝါနဲ့ သင့်​ဆက်ဆံရေး​အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။

၁၉ အရာရာမှာ ရိုးသားတာက ကြည်လင်​တဲ့ အမှားအမှန်​သိစိတ်၊ စိတ်​ငြိမ်သက်မှု​တို့ကို ရရှိ​စေတယ်။ “အမှားအမှန်​သိစိတ် ကြည်လင်​နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်” လို့ ရေးခဲ့တဲ့ ပေါလုနဲ့ ကျွန်တော်တို့ တူ​နိုင်ကြတယ်။ (ဟီဘရူး ၁၃:၁၈) အရေးကြီးဆုံး​ကတော့ အရာရာမှာ ရိုးသား​ဖို့ ကြိုးစား​အားထုတ်​တာ​ကို မေတ္တာရှင်​ဖခင် ယေဟောဝါ သတိပြုမိ​ပြီး တန်ဖိုး​ထားပါ​မ​ယ်။ဆာလံ ၁၅:၁၊ ၂။ ပညာအလိမ္မာ ၂၂:၁ တို့ကို ဖတ်ပါ။