မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ

ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ

“ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်ကြပါ။”—၁ ကောရိန္သု ၁၀:၃၁

၁၊ ၂။ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ ဘာကြောင့် ဂရုစိုက်​ရမလဲ။

 အသီး​တစ်လုံး စား​တော့​မ​ယ့်​ဆဲ​ဆဲ တစ်​နေရာမှာ ပုပ်နေတာ တွေ့​လိုက်တယ် ဆိုပါစို့။ ဘာလုပ်မလဲ။ ဘာပဲ​ဖြစ်ဖြစ် စား​လိုက်​မလား။ လွှင့်ပစ်လိုက်​မလား။ ဒါမှမဟုတ် ပုပ်နေတဲ့ အပိုင်းကို လှီးထုတ်ပြီး ကောင်းတဲ့ အပိုင်းကို စား​မလား။

ဖျော်ဖြေမှုက အဲဒီ​အသီး​နဲ့ တူတယ်။ ဖျော်ဖြေမှု​တချို့က နှစ်သက်စရာ​ကောင်းပေမဲ့ အများစုမှာ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုးနဲ့​ဆိုင်တာတွေ ပါဝင်​နေလို့ ပုပ်နေတဲ့​အပိုင်းနဲ့ တူတယ်။ ဒါကြောင့် ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ “ဒါက ငါ့​ကိစ္စ။ ငါ​ကြိုက်​တဲ့ ဖျော်ဖြေမှုကို ငါ​ရွေးချယ်လို့ ရတယ်” လို့ ပြော​သလား။ ဒါမှမဟုတ် “ဖျော်ဖြေမှု​အားလုံး မကောင်း​ဘူး” လို့ ပြော​သလား။ ဒါမှမဟုတ် အကျိုးမပြု​တဲ့ ဖျော်ဖြေမှုကို ရှောင်​ပြီး အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ဂရုတစိုက် ရွေးချယ်​သလား။

၃။ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ ဘာကို စဉ်းစား​သုံးသပ်​သင့်သလဲ။

ကျွန်တော်တို့​အားလုံး အပန်းဖြေမှု၊ ဖျော်ဖြေမှု လိုအပ်​ကြတယ်။ ဂရုတစိုက် ရွေးချယ်​ချင်ကြတယ်။ ဒါကြောင့် ဖျော်ဖြေရေး​နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုက ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်ခြင်း​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေး​ရမယ်။

“ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်ကြပါ”

၄။ ဖျော်ဖြေမှု ရွေးချယ်ရာမှာ အကူအညီ ဖြစ်စေ​နိုင်မယ့် ကျမ်းစာ​အခြေခံ​မူ​တစ်ခုက ဘာလဲ။

ယေဟောဝါ​ဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်​အပ်နှံ​တုန်း​က အသက်တာ​တစ်ခုလုံးကို အမှုတော်​ဆောင်ရာမှာ အသုံးပြု​ပါ့​မ​ယ်လို့ ကတိ​ပေးကြတယ်။ (ဒေသနာ ၅:၄ ကိုဖတ်ပါ။) “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်” ပါ့​မ​ယ်လို့ ကတိပြု​ကြတယ်။ (၁ ကောရိန္သု ၁၀:၃၁) ကျွန်တော်တို့ဟာ အစည်းအဝေး တက်​ချိန်၊ အမှုဆောင်ချိန်​မှာ​သာမက အနားယူချိန်၊ အပန်းဖြေ​ချိန်​မှာပါ ဘုရားကို ဆက်ကပ်​အပ်နှံထားသူ​တွေ ဖြစ်တယ်လို့ ဆိုလိုတယ်။

၅။ ယေဟောဝါကို ဘယ်လို ဝတ်ပြုမှု​မျိုး ပေး​သင့်သလဲ။

ဘဝမှာ ကျွန်တော်တို့ လုပ်ဆောင်​သ​မျှ​က ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဆက်နွှယ်​နေတယ်။ “အသက်ရှင်​နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာ​အဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာ​ကို ဆက်သ​ကြပါ” လို့ ပြောပြီး အဲဒီ​အချက်ကို ပေါလု ရှင်းပြခဲ့တယ်။ (ရောမ ၁၂:၁) “ယေဟောဝါ​ဘုရားကို စိတ်စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှ၊ ခွန်အား​ရှိသမျှနဲ့ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာကု ၁၂:၃၀) ယေဟောဝါကို ကျွန်တော်တို့ အကောင်းဆုံး ပေးဆက်​ချင်​ကြပါတယ်။ ရှေး​အစ္စရေး​တွေ ယေဟောဝါ​ဆီ တိရစ္ဆာန်​ ပူဇော်သက္ကာ ဆက်သ​တဲ့အခါ အနာအဆာ​ မရှိတဲ့ တိရစ္ဆာန် ဆက်သ​ရတယ်။ အနာအဆာ​ပါတဲ့ ပူဇော်သက္ကာ ဖြစ်နေရင် ဘုရား လက်မခံဘူး။ (ဝတ်ပြုရာ ၂၂:၁၈-၂၀) အလားတူပဲ ကျွန်တော်တို့ရဲ့ ဝတ်ပြု​ကိုးကွယ်မှု​ကို ယေဟောဝါ လက်မခံတာမျိုး ဖြစ်သွား​နိုင်တယ်။ ဘယ်လို​နည်းနဲ့လဲ။

၆၊ ၇။ ဖျော်ဖြေမှုက ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်ခြင်း​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်သလဲ။

“ငါဟာ သန့်ရှင်းတဲ့​အတွက် မင်းတို့လည်း သန့်ရှင်း​ရမယ်” လို့ ကျွန်တော်တို့ကို ယေဟောဝါ မိန့်မှာတယ်။ (၁ ပေတရု ၁:၁၄-၁၆။ ၂ ပေတရု ၃:၁၁) ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု သန့်ရှင်း​စင်ကြယ်​နေ​မှ ယေဟောဝါ လက်ခံ​မယ်။ (တရားဟောရာ ၁၅:၂၁) အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုး စတဲ့​အရာတွေနဲ့​ပတ်သက်တဲ့ ယေဟောဝါ ရွံမုန်း​တဲ့ အရာတွေကို လုပ်​မ​ယ်​ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု မသန့်ရှင်း​နိုင်​ဘူး။ (ရောမ ၆:၁၂-၁၄။ ၈:၁၃) အဲဒီ​အရာတွေနဲ့ အပန်းဖြေ​နေမယ်ဆိုရင်လည်း ယေဟောဝါ နှစ်သက်မှာ မဟုတ်ဘူး။ အဲဒါတွေက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေး​ကို မ​သန့်​မ​ရှင်း ဖြစ်သွား​စေနိုင်တယ်။ ဘုရား လက်မခံ​နိုင်တဲ့​အရာ ဖြစ်သွား​နိုင်ပြီး ဘုရားနဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်​နိုင်တယ်။

ဒါဆိုရင် ဖျော်ဖြေမှုကို ဘယ်လို ပညာရှိရှိ ရွေးချယ်​နိုင်သလဲ။ လက်ခံနိုင်တဲ့၊ လက်မခံ​နိုင်တဲ့ ဖျော်ဖြေမှုကို ခွဲခြားသိနိုင်​အောင် ဘယ်​အခြေခံ​မူတွေ​က ကူညီပေး​မလဲ။

မကောင်းမှု​ကို မုန်း​ကြပါ

၈၊ ၉။ ဘယ်လို ဖျော်ဖြေမှု​မျိုးကို ရှောင်​ကြသလဲ။ ဘာကြောင့်လဲ။

ဒီနေ့ ဖျော်ဖြေမှု ပုံစံ​အမျိုးမျိုး ရှိတယ်။ ဖျော်ဖြေမှု​တချို့ကို ခရစ်ယာန်တွေ လက်ခံ​လို့ ရပေမဲ့ အများစုကို​တော့ လက်ခံ​လို့ မရဘူး။ ဦးဆုံး၊ ကျွန်တော်တို့ ဘယ်လို ဖျော်ဖြေမှု​မျိုးကို ရှောင်ရမယ်​ဆိုတာ သုံးသပ်ကြည့်​ကြစို့။

ရုပ်ရှင်၊ ဝက်ဘ်ဆိုက်၊ ရုပ်မြင်သံကြား အစီအစဉ်၊ ဗီဒီယိုဂိမ်း၊ သီချင်း​များစွာဟာ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ နတ်ဆိုး​တွေ​နဲ့ ဆက်နွှယ်​နေတယ်။ မကောင်းတာတွေကို အပြစ်ကင်း​သ​ယောင်၊ ဟာသ​အနေနဲ့​တောင် တင်ဆက်​တတ်ကြတယ်။ ခရစ်ယာန်တွေ​ကတော့ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီ​တဲ့ ဖျော်ဖြေမှုကို ငြင်းပယ်​ကြတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉။ ၁ ကောရိန္သု ၆:၉၊ ၁၀) အဲဒီလို​ဖျော်ဖြေမှုတွေကို ငြင်းပယ်​တဲ့အခါ မကောင်းမှု​ကို မုန်း​ကြောင်း ယေဟောဝါ​ဆီ သက်သေပြ​ရာ​ရောက်တယ်။—ဆာလံ ၃၄:၁၄။ ရောမ ၁၂:၉

၁၀။ ဖျော်ဖြေမှု အရွေးမှား​ရင် ဘာဖြစ်​နိုင်သလဲ။

၁၀ အကြမ်းဖက်၊ အကျင့်ပျက်မှု၊ နတ်ဆိုးနဲ့​ဆိုင်တဲ့ ဖျော်ဖြေမှုတွေ ကြည့်တာ မမှား​ဘူးလို့ တချို့ ယူဆကြတယ်။ ‘ဘာမှ မဖြစ်ပါဘူး။ အဲဒီအတိုင်း လိုက်လုပ်​မှာ​မှ မဟုတ်တာ’ လို့ ထင်ကြတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာ​ပဲ။ “စိတ်နှလုံးဟာ အရာအားလုံး​ထက် စဉ်းလဲတယ်။ ထင်ရာစိုင်း​တတ်တယ်” လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ယေရမိ ၁၇:၉) ယေဟောဝါ လက်မခံ​နိုင်တဲ့​အရာတွေနဲ့ အပန်းဖြေ​မ​ယ်​ဆိုရင် အဲဒါတွေကို မုန်းတယ်​လို့ ဆိုနိုင်​ပါ့မလား။ အဲဒါတွေနဲ့ အပန်းဖြေ​လေ သာမန်​အရာ​အဖြစ် ပို​လက်ခံ​လာနိုင်​လေ​ပဲ။ နောက်ပိုင်း ကျွန်တော်တို့ရဲ့ သိစိတ် ထုံထိုင်း​မ​ယ်။ ရွေးချယ်မှု မှားတော့မယ့်​အခါမှာ သတိ​မပေး​တော့​ဘူး။—ဆာလံ ၁၁၉:၇၀။ ၁ တိမောသေ ၄:၁၊ ၂

၁၁။ ဖျော်ဖြေမှု ရွေးချယ်ရာမှာ ဂလာတိ ၆:၇ က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၁ “လူဟာ မျိုးစေ့ကြဲ​တဲ့​အတိုင်း ရိတ်သိမ်း​ရလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဂလာတိ ၆:၇) မကောင်းတဲ့​အရာတွေ​ပါတဲ့ ဖျော်ဖြေမှု​နဲ့ ကျွန်တော်တို့ အပန်းဖြေ​မ​ယ်​ဆိုရင် နောက်ပိုင်း ကိုယ်တိုင် လုပ်​လာနိုင်တယ်။ ဥပမာ၊ တချို့က လိင်​အကျင့်​ယိုယွင်း​တဲ့ ဖျော်ဖြေမှုကို အမြဲ​ ကြည့်တဲ့​အတွက် ကိုယ်တိုင် လိင်​အကျင့်​ယိုယွင်း​ခဲ့ကြတယ်။ ဒါပေမဲ့ ဖျော်ဖြေမှုကို ပညာရှိရှိ ရွေးချယ်​နိုင်အောင် ယေဟောဝါ အကူအညီ ပေးထားတယ်။

ကျမ်းစာ​အခြေခံ​မူတွေ သုံးပြီး ဆုံးဖြတ်ပါ

၁၂။ ဖျော်ဖြေမှု​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချ​နိုင်အောင် ဘာက ကူညီပေး​မလဲ။

၁၂ ယေဟောဝါ မနှစ်သက်​ကြောင်း သိသာ​တဲ့ ဖျော်ဖြေမှုတွေကို ကျွန်တော်တို့ ရှောင်ကြတယ်။ မသိသာ​တဲ့ ဖျော်ဖြေမှုတွေကော။ ကြည့်​သင့်တဲ့၊ နားထောင်​သင့်တဲ့၊ ဖတ်​သင့်တဲ့ စာရင်းကို ယေဟောဝါ မပေး​ထားပါ​ဘူး။ ကျမ်းစာနဲ့ လေ့ကျင့်​ထားတဲ့ သိစိတ်ကို သုံးပြီး ဆုံးဖြတ်​စေချင်တယ်။ (ဂလာတိ ၆:၅ ကိုဖတ်ပါ။) ကိစ္စရပ်တွေ​အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို သင်ပေးတဲ့ အခြေခံ​အမှန်တရား၊ အခြေခံ​မူတွေကို ယေဟောဝါ ပေးထားတယ်။ အဲဒီ​မူတွေက ကျွန်တော်တို့ရဲ့ သိစိတ်ကို လေ့ကျင့်ပေး​နိုင်တယ်။ “ယေဟောဝါရဲ့ အလိုတော်ကို” သိရှိ​စေပြီး ဘုရား​နှစ်သက်ရာကို ရွေးချယ်​နိုင်အောင် ကူညီ​ပေးတယ်။—ဧဖက် ၅:၁၇

ကျမ်းစာ​အခြေခံ​မူတွေ​က ဖျော်ဖြေမှု ရွေးချယ်​တတ်ဖို့ ကူညီပေး

၁၃။ ခရစ်ယာန်တွေ ဖျော်ဖြေမှု ရွေးချယ်တာ ဘာကြောင့် မတူကြ​သလဲ။ ဘာက အရေးကြီး​သလဲ။

၁၃ ဖျော်ဖြေမှု​နဲ့ပတ်သက်ပြီး ခရစ်ယာန်​တစ်ယောက်နဲ့ တစ်ယောက် ရွေးချယ်တာ မတူကြ​ဘူး။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်​ချင်း မတူကြ​လို့​ပဲ။ တစ်ယောက် လက်သင့်ခံ​တဲ့​အရာက နောက်​တစ်ယောက်​အတွက် လက်​သင့်​မခံနိုင်​တဲ့​အရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ခရစ်ယာန်​အားလုံး ကျမ်းစာ​အခြေခံ​မူတွေ​အတိုင်း လိုက်ရမယ်။ (ဖိလိပ္ပိ ၁:၉) ကျမ်းစာ​မူတွေ​က ဘုရား လက်သင့်ခံ​နိုင်တဲ့ ဖျော်ဖြေမှု​မျိုး ရွေးချယ်​နိုင်အောင် ကူညီ​ပေးပါလိမ့်မယ်။—ဆာလံ ၁၁၉:၁၁၊ ၁၂၉။ ၁ ပေတရု ၂:၁၆

၁၄။ (က) အချိန်​အသုံးပြုပုံကို ထည့်​စဉ်းစားဖို့ ဘာကြောင့် အရေးကြီး​သလဲ။ (ခ) ခရစ်ယာန်တွေ​ကို ပေါလု ဘာ​အကြံပေး​ခဲ့သလဲ။

၁၄ ထည့်​စဉ်းစား​ရမယ့်​အရာ နောက်​တစ်ခုက ဖျော်ဖြေမှု​အတွက် အသုံးပြုတဲ့ အချိန်​ပဲ။ အဲဒါက ဖျော်ဖြေမှုကို ဘယ်လောက် အလေးထားတယ်​ဆိုတာ ဖော်ပြတယ်။ ကျွန်တော်တို့​ ခရစ်ယာန်တွေ​အတွက် အရေးကြီးဆုံး​ကတော့ ယေဟောဝါရဲ့ ဝတ်ပြုရေးပါ။ (မဿဲ ၆:၃၃ ကိုဖတ်ပါ။) ဒါပေမဲ့ သတိ​မထား​လိုက်​မိ​ဘဲ ဖျော်ဖြေမှု​အတွက် အချိန်​များများ ပို​ပေး​လာ​မိ​နိုင်တယ်။ “ဉာဏ်​ပညာမဲ့​သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာ​ရှိသူတွေလို ကျင့်ကြံပြုမူ​နေရဲ့လား​ဆိုတာ အထူး​သတိပြု​ကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ခရစ်ယာန်တွေ​ကို ပေါလု အကြံ​ပေးခဲ့တယ်။ (ဧဖက် ၅:၁၅၊ ၁၆) ဒါကြောင့် ဖျော်ဖြေမှု​အတွက် သုံး​မ​ယ့်​အချိန်ကို ကန့်သတ်​ထားရမယ်။ ဝတ်ပြုရေး​နဲ့​ဆိုင်တဲ့ လုပ်ဆောင်မှုတွေကို အမြဲ ဦးစား​ပေးနေ​ရမယ်။—ဖိလိပ္ပိ ၁:၁၀

၁၅။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်​နိုင်တဲ့ ဖျော်ဖြေမှုကို ဘယ်လို ရှောင်နိုင်​မလဲ။

၁၅ ယေဟောဝါ မနှစ်သက်တဲ့ ဖျော်ဖြေမှုကို ရှောင်ရမယ်​ဆိုတာ ရှင်း​ပါတယ်။ ဒါပေမဲ့ ဒွိဟ​ဖြစ်နေတဲ့ ဖျော်ဖြေမှုတွေကော။ ဂရုစိုက်​နေရ​ဦး​မလား။ စဉ်းစား​ကြည့်ပါ။ တောင်ပေါ်​လမ်းမှာ လျှော​က်​နေတယ်​ဆိုရင် ချောက်ကမ်းပါး အစွန်းနား​ကနေ လျှော​က်​မလား။ မလျှောက်​ဘူး။ အသက်ကို တန်ဖိုး​ထားရင် အန္တရာယ်​ရှိတဲ့ နေရာကို ရှောင်​မ​ယ်။ ဖျော်ဖြေမှု ရွေးချယ်​တဲ့​အခါလည်း အဲဒီလိုပဲ။ “မကောင်းတဲ့​လမ်း​ကို ရှောင်ရှားပါ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၄:၂၅-၂၇) ဒါကြောင့် မကောင်း​ဘူးလို့ သိထားတဲ့ ဖျော်ဖြေမှုကို​ပဲ ရှောင်မှာ​မဟုတ်ဘူး။ ကောင်း​ပုံ​မရ​တဲ့၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်​နိုင်တဲ့ သံသယဖြစ်ဖွယ် ဖျော်ဖြေမှုတွေကိုလည်း ရှောင်​ကြရမယ်။

ယေဟောဝါရဲ့ အမြင်​ကို သိထားခြင်း

၁၆။ (က) ယေဟောဝါ မုန်းတဲ့​အရာ​တချို့က ဘာတွေလဲ။ (ခ) ယေဟောဝါ မုန်းတဲ့​အရာတွေကို မုန်း​ကြောင်း ဘယ်လို ပြ​ကြသလဲ။

၁၆ “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှု​ကို မုန်း​ကြပါ” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာလံ ၉၇:၁၀) ယေဟောဝါရဲ့ စဉ်းစား​ပုံ၊ သဘောထား​အကြောင်း ကျမ်းစာက သင်ပေးတယ်။ ယေဟောဝါ ရှုမြင်သလို ရှုမြင်​ဖို့ သင်ယူခဲ့ရာတွေက ဘယ်လို ကူညီ​ပေးနိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဥပမာ၊ “လိမ်​တတ်တဲ့​လျှာ၊ အပြစ်မဲ့​သူကို သတ်​တဲ့​လက်၊ ဆိုးညစ်​တာတွေကို ကြံစည်​တဲ့​စိတ်နှလုံး၊ မကောင်းတာ​လုပ်ဖို့ အမြန်​ပြေး​တတ်တဲ့​ခြေ” ကို ယေဟောဝါ မုန်းကြောင်း သိရှိ​ကြတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) “လိင်​အကျင့်​ယိုယွင်းခြင်း၊ . . . ရုပ်တု​ကိုးကွယ်ခြင်း၊ နတ်ဆိုး​ပညာ​လိုက်စားခြင်း၊ . . . မနာလိုခြင်း၊ ဒေါသ​ပေါက်ကွဲခြင်း၊ . . . မနာလို​မ​ရှု​ဆိတ်​ဖြစ်​ခြင်း၊ သောက်​စား​မူးယစ်​ခြင်း၊ အထိန်းအကွပ်မဲ့ ပွဲလုပ်ခြင်း​စတဲ့ အရာတွေ” ကို ရှောင်ရမယ်​ဆိုတာလည်း သိထားကြတယ်။ (ဂလာတိ ၅:၁၉-၂၁) ဖျော်ဖြေမှု ရွေးချယ်ရာမှာ ဒီကျမ်းစာ​အခြေခံ​မူတွေ ကူညီပေး​နိုင်ပုံ​ကို သိမြင်​ပါသလား။ တခြားသူ​တွေ​နဲ့ ရှိချိန်မှာ​ကော တစ်ယောက်တည်း​ရှိချိန်​မှာပါ ဘဝကဏ္ဍ​အားလုံးမှာ ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်လျှောက်​ချင်ကြတယ်။ (၂ ကောရိန္သု ၃:၁၈) တစ်ယောက်တည်း​ရှိနေ​ချိန်မှာ ကျွန်တော်တို့​ရွေးချယ်မှုက ဘယ်လို လူစားမျိုး ဖြစ်တယ်ဆိုတာကို ဖော်ပြတယ်။—ဆာလံ ၁၁:၄။ ၁၆:၈

၁၇။ ဖျော်ဖြေမှု မရွေးချယ်ခင် ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။

၁၇ ဒါကြောင့် ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ငါ့​ရွေးချယ်မှုက ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘယ်လို ထိခိုက်​မလဲ။ ငါ့​အမှားအမှန်​သိစိတ်ကို ဘယ်လို ထိခိုက်​မလဲ။’ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ အကူအညီ ဖြစ်​စေမယ့် နောက်ထပ်​ ကျမ်းစာ​အခြေခံ​မူ​တချို့ကို သုံးသပ်ကြည့်​ကြစို့။

၁၈၊ ၁၉။ (က) ခရစ်ယာန်တွေ​ကို ပေါလု ဘာ​အကြံပေး​ခဲ့သလဲ။ (ခ) ဖျော်ဖြေမှု ရွေးချယ်​ဖို့ ဘယ်ကျမ်းစာ​အခြေခံ​မူတွေ​က ကူညီပေး​မလဲ။

၁၈ ဖျော်ဖြေမှု ရွေးချယ်​တ​ယ်​ဆိုတာ စိတ်ထဲ ဘာတွေ ဖြည့်​မလဲ​ဆိုတာကို ရွေးချယ်​နေတာပါ။ “မှန်ကန်တဲ့​အရာ၊ အလေးအနက်​ထား​ရမယ့်​အရာ၊ ဖြောင့်မတ်တဲ့​အရာ၊ စင်ကြယ်​တဲ့​အရာ၊ မေတ္တာ​တိုး​စေတဲ့​အရာ၊ အားပေးမှု ဖြစ်စေတဲ့​အရာ၊ မွန်မြတ်တဲ့​အရာ၊ ချီးမွမ်းထိုက်တဲ့​အရာ မှန်သမျှကို အမြဲ ဆင်ခြင်​သုံးသပ်​နေကြပါ” လို့ ပေါလု ရေးခဲ့တယ်။ (ဖိလိပ္ပိ ၄:၈) စိတ်ထဲမှာ ကောင်းတဲ့​အရာတွေ ဖြည့်​ထားရင် “အို ယေဟောဝါ၊ . . . ကျွန်တော့်​နှုတ်​က ထွက်​တဲ့ စကားတွေနဲ့ စိတ်ထဲ​က အတွေး​တွေဟာ ကိုယ်တော် နှစ်သက်တာတွေ ဖြစ်ပါစေ” လို့ ပြောနိုင်မယ်။—ဆာလံ ၁၉:၁၄

၁၉ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ငါ့​စိတ်ထဲ ဘာတွေ ဖြည့်တင်း​နေသလဲ။ ရုပ်ရှင်၊ ပွဲ ကြည့်​ပြီးတဲ့အခါ ငါ ကျေနပ်​လန်းဆန်း​သွား​သလား။ စိတ်ချမ်းသာ​သလား။ စိတ်​ကြည်လင်​သလား။ (ဧဖက် ၅:၅။ ၁ တိမောသေ ၁:၅၊ ၁၉) ယေဟောဝါ​ဆီ ဆုတောင်းဖို့ စိတ်​ပေါ့ပါး​သလား။ စိတ်​လေး​နေ​သလား။ ဖျော်ဖြေမှုက ငါ့ကို အကြမ်းဖက်မှု၊ အကျင့်ပျက်မှု အကြောင်း​တွေကို တွေးတော​စေသလား။ (မဿဲ ၁၂:၃၃။ မာကု ၇:၂၀-၂၃) ငါ​ရွေးချယ်​တဲ့ ဖျော်ဖြေမှု​ကြောင့် “ဒီ​လောကစနစ်ရဲ့ ပုံသွင်းမှု” ကို ခံ​နေရ​သလား။’ (ရောမ ၁၂:၂) ရိုးသား​စွာ ဖြေဆိုခြင်းက ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ခိုင်ခံ့​နေ​စေဖို့ ဘာလုပ်ဖို့ လို​မှန်း သိမြင်​နိုင်မယ်။ ဆာလံ​ဆရာလို “အချည်းနှီး​ဖြစ်တဲ့​အရာတွေကို မကြည့်မိအောင် ကျွန်တော့်​မျက်စိ​ကို လွှဲ​ပေးပါ” လို့ ဆုတောင်း​ချင်​ကြပါတယ်။ *ဆာလံ ၁၁၉:၃၇

ကိုယ့်​ဆုံးဖြတ်ချက်တွေက တခြား​သူတွေ​အပေါ် သက်ရောက်မှု​ရှိ

၂၀၊ ၂၁။ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ တခြားသူ​တွေရဲ့ ခံစားချက်ကို ဘာကြောင့် ထည့်​စဉ်းစား​ရမလဲ။

၂၀ “အရာအားလုံးကို လုပ်လို့​ရတာ မှန်ပေမဲ့ အရာအားလုံး အားပေးမှု​ ဖြစ်စေတာ မဟုတ်ဘူး။ လူတိုင်း ကိုယ့်​အကျိုးကို မ​ရှာ​ဘဲ သူတစ်ပါး​အကျိုးကို ရှာကြပါ” ဆိုတဲ့ အရေးကြီးတဲ့ ကျမ်းစာ​အခြေခံ​မူကို မှတ်ထား​ရမယ်။ (၁ ကောရိန္သု ၁၀:၂၃၊ ၂၄) တစ်ခုခုကို လုပ်ပိုင်ခွင့်​ ရှိတာနဲ့​ပဲ လုပ်ရမယ်လို့ မဆိုလို​ဘူး။ ကိုယ့်​ဆုံးဖြတ်ချက်တွေက ညီအစ်ကို/မ​တွေ​အပေါ် ဘယ်လို သက်ရောက်မှု ရှိကြောင်း အသေအချာ စဉ်းစား​ရမယ်။

၂၁ လူတိုင်း​ရဲ့ အမှားအမှန်​သိစိတ် မတူကြ​ပါဘူး။ ဥပမာ၊ ကိုယ့်​အမှားအမှန်​သိစိတ်​က ရုပ်မြင်သံကြား အစီအစဉ် တစ်ခုကို ကြည့်ဖို့ ခွင့်ပြု​နိုင်တယ်။ ဒါပေမဲ့ ညီအစ်ကို ဒါမှမဟုတ် ညီ​အစ်မရဲ့ သိစိတ်​က ကြည့်ဖို့ ခွင့်မပြု​မှန်း သိလာတယ်။ ဘာလုပ်မလဲ။ ကြည့်​ပိုင်ခွင့် ရှိရင်တောင်​မှ မကြည့်ဖို့ ဆုံးဖြတ်ပါ​လိမ့်မယ်။ ဘာကြောင့်လဲ။ “ညီအစ်ကိုတွေကို ပြစ်မှားတာ၊” ဒါမှမဟုတ် “ခရစ်တော်ကို ပြစ်မှားတာ” မဖြစ်ချင်​လို့​ပဲ။ (၁ ကောရိန္သု ၈:၁၂) ယုံကြည်​သူ​ချင်း​တွေကို ထိမိ​လဲ​စေမယ့် အရာ​မှန်သမျှကို မ​လုပ်ချင်​ကြဘူး။—ရောမ ၁၄:၁။ ၁၅:၁။ ၁ ကောရိန္သု ၁၀:၃၂

၂၂။ တခြား​ခရစ်ယာန်တွေရဲ့ ရွေးချယ်မှု​နဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်​ရှိကြောင်း ဘယ်လို ပြ​ကြ​မလဲ။

၂၂ တခြား​တစ်ယောက် လက်သင့်ခံ​တဲ့​အရာ​တစ်ခုခုကို ကိုယ့်​အမှားအမှန်​သိစိတ်​က ကြည့်ခွင့်၊ ဖတ်​ခွင့်၊ လုပ်​ခွင့် မပြုဘူး​ဆိုရင်​ကော။ ကိုယ့်ညီအစ်ကို​ကို ချစ်လို့၊ လေးစားလို့ ကိုယ်နဲ့ထပ်တူ ရွေးချယ်​ဖို့ ဖိအားပေး​မှာ မဟုတ်ဘူး။ ယာဉ်မောင်း​တစ်ယောက်က တခြား​ယာဉ်မောင်းတွေ ကိုယ့်ထက် မြန်​အောင်၊ နှေး​အောင် မောင်း​နိုင်တယ်၊ ကျွမ်းကျင်​ကြတယ်ဆိုတာ သိတယ်။ အလားတူပဲ လက်သင့်ခံ​နိုင်တဲ့ ဖျော်ဖြေမှု​နဲ့ပတ်သက်ပြီး အယူအဆ အနည်းငယ် ကွဲပြား​နိုင်ပေမဲ့ နှစ်ယောက်စလုံး ကျမ်းစာ​မူတွေကို လိုက်လျှောက်​နေကြတယ်။—ဒေသနာ ၇:၁၆။ ဖိလိပ္ပိ ၄:၅

၂၃။ ဖျော်ဖြေမှုကို ကောင်းမွန်​စွာ ရွေးချယ်​ဖို့ ဘာက ကူညီပေး​မလဲ။

၂၃ ဖျော်ဖြေမှုကို ကောင်းမွန်​စွာ ရွေးချယ်​ဖို့ ဘာက ကူညီပေး​မလဲ။ ကျမ်းစာ​အခြေခံ​မူတွေ​နဲ့ လေ့ကျင့်​ထားတဲ့ အမှားအမှန်​သိစိတ်ကို အသုံးပြုတဲ့​အခါ၊ ညီအစ်ကို/မ​တွေကို အမှန်တကယ် ဂရုစိုက်​တဲ့အခါ ကောင်းကောင်း ရွေးချယ်မယ်။ အဲဒီအခါ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို လုပ်ဆောင်” နေကြတာ​မို့ ပျော်ရွှင်မှု ခံစား​ကြ​ရ​မှာပါ။

^ ပညာအလိမ္မာ ၃:၃၁။ ၁၃:၂၀။ ဧဖက် ၅:၃၊ ၄။ ကောလောသဲ ၃:၅၊ ၈၊ ၂၀ တို့မှာ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ အကူအညီ ဖြစ်​စေမယ့် ကျမ်းစာ​အခြေခံ​မူတွေ တွေ့​နိုင်ပါတယ်။