မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်းလင်းချက်များ

ရှင်းလင်းချက်များ

 ၁ အခြေခံမူများ

ဘုရားပညတ်တွေက အခြေခံမူတွေအပေါ် အခြေခံတယ်။ ဒီအခြေခံမူတွေဟာ ကျမ်းစာမှာပါတဲ့ အခြေခံအမှန်တရားတွေပါ။ ဒါတွေက ကိစ္စရပ်တွေအပေါ် ဘုရားရဲ့ စဉ်းစားပုံ၊ ခံစားပုံကို နားလည်ဖို့ ကူညီပေးတယ်။ ဒီအခြေခံမူတွေက ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့၊ မှန်ရာ လုပ်ဖို့ ကူညီပေးတယ်။ အထူးသဖြင့် ဘုရားပညတ် အတိအကျ မရှိတဲ့ အခြေအနေမျိုးမှာ ကူညီပေးတယ်။

အခန်း ၁၊ စာပိုဒ် ၈

 ၂ နာခံမှု

ယေဟောဝါကို နာခံတယ်ဆိုတာ ဘုရားတောင်းဆိုတာကို လိုလိုလားလား လုပ်ဆောင်တာ ဖြစ်တယ်။ ယေဟောဝါက မိမိကို ချစ်လို့ နာခံတာမျိုး ဖြစ်စေချင်တယ်။ (၁ ယောဟန် ၅:၃) ကျွန်တော်တို့ ဘုရားကို ချစ်တယ်၊ ယုံကြည်တယ်ဆိုရင် အခြေအနေတိုင်းမှာ ဘုရားရဲ့ အကြံပေးချက်ကို လိုက်နာကြပါမယ်။ ခက်ခဲရင်တောင် နာခံကြပါမယ်။ ယေဟောဝါက ကျွန်တော်တို့ကို လက်ရှိမှာ ကောင်းမွန်တဲ့ အသက်တာ ပိုင်ဆိုင်နိုင်ပုံကို သင်ပေးပြီး အနာဂတ်မှာ ကောင်းချီးများစွာ ခံစားရမယ့်အကြောင်း ကတိပေးထားတာမို့ ဘုရားကို နာခံခြင်းက အကျိုးရှိတယ်။—ဟေရှာယ ၄၈:၁၇

အခန်း ၁၊ စာပိုဒ် ၁၀

 ၃ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်

ယေဟောဝါက လူတိုင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ဒါမှမဟုတ် ရွေးချယ်နိုင်စွမ်း ပေးထားတယ်။ ကျွန်တော်တို့ကို စက်ရုပ်လို မဖန်ဆင်းထားဘူး။ (တရားဟောရာ ၃၀:၁၉။ ယောရှု ၂၄:၁၅) ကောင်းမွန်စွာ ရွေးချယ်ဖို့ လွတ်လပ်မှုကို အသုံးပြုနိုင်တယ်။ ဂရုမစိုက်ရင် ပညာမဲ့စွာ ဆုံးဖြတ်မိနိုင်တယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတာမို့ ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး အမှန်တကယ် ချစ်ကြောင်း သက်သေထူ,မထူ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။

အခန်း ၁၊ စာပိုဒ် ၁၂

 ၄ စာရိတ္တစံနှုန်းများ

အမူအကျင့်နဲ့ လုပ်ရပ်တွေအတွက် စာရိတ္တစံနှုန်းတွေ၊ လမ်းညွှန်ချက်တွေ ယေဟောဝါ ချမှတ်ပေးတယ်။ အဲဒါတွေက ဘာတွေလဲ၊ ကောင်းမွန်တဲ့ အသက်တာနဲ့ နေထိုင်ဖို့ ဘယ်လို ကူညီပေးသလဲဆိုတာတွေကို ကျမ်းစာကနေ သိနိုင်တယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉။ ၁ ကောရိန္သု ၆:၉-၁၁) အမှားအမှန်နဲ့ပတ်သက်တဲ့ ဘုရားရှုမြင်ပုံကို သိဖို့ ဒီလမ်းညွှန်ချက်တွေက ကူညီပေးတယ်။ မေတ္တာ ပြနိုင်ပုံ၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ၊ တခြားသူတွေကို ကြင်နာနိုင်ပုံတွေကို သိဖို့လည်း ကူညီပေးတယ်။ လောကစာရိတ္တစံနှုန်းတွေ ကျဆင်းလာပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကတော့ မပြောင်းလဲဘူး။ (တရားဟောရာ ၃၂:၄-၆။ မာလခိ ၃:၆) ဒီစံနှုန်းတွေကို လိုက်လျှောက်ခြင်းက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များစွာကနေ ကာကွယ်ပေးတယ်။

အခန်း ၁၊ စာပိုဒ် ၁၇

 ၅ အမှားအမှန်သိစိတ်

အမှားအမှန်သိစိတ်ဆိုတာ အတွင်းစိတ် ဖြစ်တယ်။ ယေဟောဝါက ယောက်တိုင်းကို အမှားအမှန်သိစိတ် ပေးထားတယ်။ (ရောမ ၂:၁၄၊ ၁၅) အမှားအမှန်သိစိတ် မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့ ယေဟောဝါရဲ့ စာရိတ္တ​စံနှုန်းတွေအတိုင်း လေ့ကျင့်ပေးရမယ်။ ဒါဆိုရင် ဘုရား နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ အမှားအမှန်သိစိတ်က ကူညီပေးနိုင်မယ်။ (၁ ပေတရု ၃:၁၆) မကောင်းတဲ့ ရွေးချယ်မှုတစ်ခု ပြုလုပ်မိခါနီးမှာ အမှားအမှန်သိစိတ်က သတိပေးနိုင်တယ်။ အမှားတစ်ခုခု ကျူးလွန်ပြီးတဲ့နောက် စိတ်ထိခိုက်နာကျင်စေနိုင်တယ်။ အမှားအမှန်သိစိတ် အားနည်းသွားနိုင်ပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ အမှားအမှန်သိစိတ်ကို ပြန်သန်စွမ်းလာစေနိုင်တယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ်က စိတ်ငြိမ်သက်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရရှိစေတယ်။

အခန်း ၂၊ စာပိုဒ် ၃

 ၆ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း

ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ် ရှိရင် ဘုရားကို အလွန်ချစ်ခင်ကြည်ညိုကြမယ်။ ဘုရား မနှစ်သက်တဲ့အရာမှန်သမျှ လုပ်ချင်ကြမှာ မဟုတ်ဘူး။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက မှန်ရာ လုပ်ဖို့၊ အမှား ရှောင်ဖို့ ကူညီပေးတယ်။ (ဆာလံ ၁၁၁:၁၀) ယေဟောဝါ မိန့်ဆိုသမျှကို အသေအချာ နားထောင်ဖို့ လှုံ့ဆော်ပေးတယ်။ ဘုရားကို အလွန်ရိုသေလေးစားတဲ့အတွက် ဘုရားဆီ ပေးထားတဲ့ ကတိတွေ တည်ဖို့လည်း ကူညီပေးတယ်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက ကိုယ့်တွေးခေါ်ပုံ၊ တခြားသူတွေကို ဆက်ဆံပုံ၊ နေ့စဉ် ရွေးချယ်မှုတွေအပေါ် သက်ရောက်မှု ရှိတယ်။

အခန်း ၂၊ စာပိုဒ် ၉

 ၇ နောင်တရခြင်း

နောင်တဆိုတာ အမှားတစ်ခုခု ကျူးလွန်မိတဲ့အတွက် အလွန်ဝမ်းနည်းခြင်း ဖြစ်တယ်။ ဘုရားစံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့အရာတစ်ခုခု လုပ်မိမှန်း သိတဲ့အခါ ဘုရားကို ချစ်တဲ့သူတွေ အလွန်စိတ်မကောင်း ဖြစ်ကြတယ်။ အမှားလုပ်မိရင် ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာအပေါ် အခြေခံပြီး ခွင့်လွှတ်ခံရဖို့ ယေဟောဝါဆီ အသနားခံသင့်တယ်။ (မဿဲ ၂၆:၂၈။ ၁ ယောဟန် ၂:၁၊ ၂) စိတ်ရင်းမှန်နဲ့ နောင်တရပြီး အမှား ဆက်မလုပ်တော့ရင် ယေဟောဝါ ခွင့်လွှတ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ အတိတ်က ကျူးလွန်ခဲ့ရာအတွက် စိတ်ပူနေစရာ မလိုတော့ဘူး။ (ဆာလံ ၁၀၃:၁၀-၁၄။ ၁ ယောဟန် ၁:၉။ ၃:၁၉-၂၂) အမှားတွေကနေ သင်ခန်းစာ ယူဖို့၊ အတွေးအခေါ်မှားတွေကို ပြောင်းလဲပစ်ဖို့၊ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ဖို့ ကြိုးစားကြရမယ်။

အခန်း ၂၊ စာပိုဒ် ၁၈

 ၈ နှင်ထုတ်ခြင်း

ကြီးလေးတဲ့အမှား ကျူးလွန်ခဲ့သူတစ်ယောက် နောင်တမရဘဲ ယေဟောဝါရဲ့ စံနှုန်းတွေကို မလိုက်လျှောက်ချင်တဲ့အခါ အသင်းတော်မှာ ဆက်ရှိမနေသင့်ဘူး။ နှင်ထုတ်ရမယ်။ တစ်ယောက်ယောက် နှင်ထုတ်ခံရတဲ့အခါ သူနဲ့ အဆက်အဆံ မလုပ်ကြတော့ဘူး။ စကားမပြောကြတော့ဘူး။ (၁ ကောရိန္သု ၅:၁၁။ ၂ ယောဟန် ၉-၁၁) နှင်ထုတ်ခြင်းအစီအစဉ်က ယေဟောဝါရဲ့ နာမတော်နဲ့ အသင်းတော်ကို ကာကွယ်ပေးတယ်။ (၁ ကောရိန္သု ၅:၆) နှင်ထုတ်ခြင်းဆိုတာ ယေဟောဝါဆီ ပြန်လှည့်လာနိုင်အောင် ပြစ်မှားသူကို နောင်တရစေဖို့ ကူညီပေးတဲ့ ဆုံးမခြင်းပါပဲ။—လုကာ ၁၅:၁၇

အခန်း ၃၊ စာပိုဒ် ၁၉

 ၉ လမ်းညွှန်ချက်၊ ညွှန်ကြားချက်၊ အကြံပြုချက်

ယေဟောဝါက ကျွန်တော်တို့ကို ချစ်တယ်။ ကူညီပေးချင်တယ်။ ဒါကြောင့် ကျမ်းစာကတစ်ဆင့်၊ ဘုရားကို ချစ်တဲ့သူတွေကတစ်ဆင့် လမ်းညွှန်ချက်၊ ညွှန်ကြားချက်၊ အကြံပြုချက်တွေ ပေးတယ်။ မစုံလင်တဲ့ လူသားတွေအနေနဲ့ ဒီအကူအညီကို အမှန်တကယ် လိုအပ်ကြတယ်။ (ယေရမိ ၁၇:၉) ကျွန်တော်တို့ကို လမ်းညွှန်ဖို့ ယေဟောဝါ အသုံးပြုတဲ့သူတွေကို လေးလေးစားစား နာခံတဲ့အခါ ဘုရားကို လေးစားကြောင်း၊ နာခံချင်စိတ် ရှိကြောင်း တင်ပြနေတာပါ။—ဟီဘရူး ၁၃:၇

အခန်း ၄၊ စာပိုဒ် ၂

 ၁၀ မာန်မာနနဲ့ နှိမ့်ချမှု

ကျွန်တော်တို့ မစုံလင်ကြလို့ တစ်ကိုယ်ကောင်းစိတ်၊ မာနစိတ် အလွယ်တကူ ဝင်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ နှိမ့်ချစေချင်တယ်။ ယေဟောဝါနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ ဘယ်လောက် သေးနုပ်မှန်း သိရလို့ နှိမ့်ချတတ်လာကြတယ်။ (ယောဘ ၃၈:၁-၄) နှိမ့်ချမှုရဲ့ အရေးကြီးတဲ့ နောက်အပိုင်းကတော့ တခြားသူတွေအတွက် စဉ်းစားပေးဖို့၊ ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးကို စဉ်းစားပေးဖို့ သင်ယူခြင်း ဖြစ်တယ်။ မာနစိတ်က ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာတယ်လို့ ခံစားစေတယ်။ နှိမ့်ချတဲ့သူက ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ပြီး ကိုယ့်အားသာချက်ကိုရော ကိုယ့်အားနည်းချက်ကိုပါ မြင်တယ်။ အမှား ဝန်ခံဖို့၊ တောင်းပန်ဖို့၊ အကြံပေးဆုံးမမှုကို လက်ခံဖို့ မတွန့်ဆုတ်ဘူး။ နှိမ့်ချသူက ယေဟောဝါကို မှီခိုအားထားပြီး ဘုရားရဲ့ ညွှန်ကြားချက်တွေကို လိုက်နာတယ်။—၁ ပေတရု ၅:၅

အခန်း ၄၊ စာပိုဒ် ၄

 ၁၁ အခွင့်အာဏာ

အခွင့်အာဏာဆိုတာ အမိန့်ပေးပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်တယ်။ ယေဟောဝါဟာ ကောင်းကင်နဲ့ မြေကြီးပေါ်မှာ အမြင့်ဆုံး အခွင့်အာဏာပိုင်ရှင် ဖြစ်တယ်။ အရာအားလုံးကို ဖန်ဆင်းခဲ့လို့ စကြဝဠာမှာ တန်ခိုးအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်တယ်။ ဘုရားက အခွင့်အာဏာကို တခြားသူတွေအကျိုးအတွက် အသုံးပြုတယ်။ ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ဖို့ လူသားတချို့ကို ယေဟောဝါ တာဝန်ပေးတယ်။ ဥပမာ၊ မိဘတွေ၊ အသင်းတော် အကြီးအကဲတွေ၊ အစိုးရအာဏာပိုင်တွေမှာ အခွင့်အာဏာ အထိုက်အလျောက် ရှိကြတယ်။ ယေဟောဝါက သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်စေချင်တယ်။ (ရောမ ၁၃:၁-၅။ ၁ တိမောသေ ၅:၁၇) လူ့ဥပဒေတွေက ဘုရားပညတ်တွေနဲ့ ဆန့်ကျင်တဲ့အခါမှာတော့ လူထက် ဘုရားသခင်ကို နာခံကြတယ်။ (တမန်တော် ၅:၂၉) ယေဟောဝါ အသုံးပြုနေသူတွေရဲ့ အခွင့်အာဏာကို လက်ခံတဲ့အခါ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားကြောင်း တင်ပြနေတာပါ။

အခန်း ၄၊ စာပိုဒ် ၇

 ၁၂ အကြီးအကဲများ

အသင်းတော်ကို ဂရုစိုက်စောင့်ရှောက်ဖို့ အတွေ့အကြုံရှိတဲ့ အကြီးအကဲတွေကို ယေဟောဝါ အသုံးပြုတယ်။ (တရားဟောရာ ၁:၁၃။ တမန်တော် ၂၀:၂၈) ဒီအမျိုးသားတွေက ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ခိုင်မြဲနေဖို့၊ ဘုရားသခင်ကို ငြိမ်သက်စွာ၊ စည်းစနစ်ကျနစွာ ဝတ်ပြုကိုးကွယ်နိုင်ဖို့ ကူညီပေးကြတယ်။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀) သန့်ရှင်းသောစွမ်းအားတော်နဲ့ ရွေးချယ်ခံရဖို့ အကြီးအကဲတွေအနေနဲ့ ကျမ်းစာပါ သတ်သတ်မှတ်မှတ် အရည်အသွေးတွေ ပြည့်မီကြရမယ်။ (၁ တိမောသေ ၃:၁-၇။ တိတု ၁:၅-၉။ ၁ ပေတရု ၅:၂၊ ၃) ကျွန်တော်တို့ ဘုရားသခင့်အဖွဲ့အစည်းကို ယုံကြည်စိတ်ချပြီး ထောက်မပေးကြတယ်။ ဒါကြောင့် အကြီးအကဲတွေနဲ့ ဝမ်းမြောက်စွာ ပူးပေါင်းလုပ်ဆောင်ကြတယ်။—ဆာလံ ၁၃၈:၆။ ဟီဘရူး ၁၃:၁၇

အခန်း ၄၊ စာပိုဒ် ၈

 ၁၃ အိမ်ထောင်ဦးစီး

ယေဟောဝါက မိဘတွေကို သားသမီးတွေနဲ့ အိမ်ထောင် ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန် ပေးအပ်ထားတယ်။ ဒါပေမဲ့ ခင်ပွန်းသည်ဟာ အိမ်ထောင်ဦးစီး ဖြစ်တယ်ဆိုပြီး ကျမ်းစာမှာ ရှင်းပြထားတယ်။ အိမ်ထောင်စုမှာ ဖခင် မရှိရင် မိခင်က အိမ်ထောင်ဦးစီး ဖြစ်လာတယ်။ အိမ်ထောင်ဦးစီးရဲ့ တာဝန်တွေထဲမှာ မိသားစုကို စားဝတ်နေရေး ထောက်ပံ့ပေးခြင်း ပါဝင်တယ်။ မိသားစုဝင်တွေ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်အောင် ကူညီပေးရာမှာ ဦးဆောင်ပေးဖို့လည်း အလွန်အရေးကြီးတယ်။ ဥပမာ၊ အသင်းတော် အစည်းအဝေးတွေ မှန်မှန် တက်ရောက်ဖို့၊ အမှုဆောင်လုပ်ငန်းမှာ မှန်မှန် ပါဝင်ဖို့၊ ကျမ်းစာ အတူတကွ မှန်မှန် လေ့လာဖို့ ကြိုးစားတယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါလည်း ဦးဆောင်တယ်။ ကြင်နာခြင်း၊ အကျိုးသင့်အကြောင်းသင့်သဘော ရှိခြင်းအားဖြင့် ယေရှုကို အမြဲ ကြိုးစားတုပတယ်။ ဘယ်တော့မှ မကြမ်းတမ်းဘူး၊ မခက်ထန်ဘူး။ အဲဒါက မိသားစုဝင်အားလုံးကို လုံခြုံမှု ခံစားရစေတဲ့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မာလာစေတဲ့ မေတ္တာရိပ်မြုံ ဖန်တီးနိုင်ဖို့ ကူညီပေးတယ်။

အခန်း ၄၊ စာပိုဒ် ၁၂

 ၁၄ အုပ်ချုပ်ရေးအဖွဲ့

အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘုရားလူမျိုးရဲ့ လုပ်ငန်းကို ညွှန်ကြားဖို့ ဘုရား အသုံးပြုတဲ့၊ ကောင်းကင်ဆိုင်ရာ မျှော်လင့်ချက်ရှိတဲ့ အမျိုးသားအုပ်စုငယ်လေး ဖြစ်တယ်။ ပထမရာစု အစောပိုင်း ခရစ်ယာန်အသင်းတော်ရဲ့ ဝတ်ပြုရေးနဲ့ ဟောပြောခြင်းလုပ်ငန်းကို လမ်းညွှန်ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ (တမန်တော် ၁၅:၂) ဒီနေ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမှုဆောင်နေကြတဲ့ ညီအစ်ကိုအုပ်စုက ဘုရားလူမျိုးကို ညွှန်ကြားရာမှာ၊ လမ်းညွှန်ရာမှာ၊ ကာကွယ်ရာမှာ ဦးဆောင်ပေးနေတယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာနဲ့ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို မှီခိုအားထားကြတယ်။ ယေရှုက ဒီဘိသိက်ခံ အမျိုးသားအုပ်စုကို “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဆိုပြီး ခေါ်ခဲ့တယ်။—မဿဲ ၂၄:၄၅-၄၇

အခန်း ၄၊ စာပိုဒ် ၁၅

 ၁၅ ခေါင်းဖုံးခြင်း

အသင်းတော်မှာ ပုံမှန်အားဖြင့် ညီအစ်ကို လုပ်ရတဲ့တာဝန်ကို ညီအစ်မတစ်ယောက် လုပ်ဖို့ တောင်းဆိုခံရတဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ ညီအစ်မက ခေါင်းဖုံးခြင်းအားဖြင့် ယေဟောဝါရဲ့ အစီအစဉ်ကို လေးစားကြောင်း ပြတယ်။ ဒါပေမဲ့ အခြေအနေတချို့မှာပဲ ခေါင်းဖုံးဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ၊ ခင်ပွန်း ဒါမှမဟုတ် နှစ်ခြင်းခံပြီးသား ညီအစ်ကို ရှိနေခိုက်မှာ ညီအစ်မက ကျမ်းစာသင်အံမှု ကျင်းပရင် ခေါင်းဖုံးရပါမယ်။—၁ ကောရိန္သု ၁၁:၁၁-၁၅

အခန်း ၄၊ စာပိုဒ် ၁၇

 ၁၆ ကြားနေခြင်း

ကြားနေတဲ့အခါ နိုင်ငံရေးကိစ္စတွေမှာ ဘက်လိုက်ခြင်းကို ရှောင်တယ်။ (ယောဟန် ၁၇:၁၆) ယေဟောဝါလူမျိုးက ဘုရားနိုင်ငံတော်ကို ထောက်ခံတယ်။ ယေရှုလိုပဲ လောကအရေးကိစ္စတွေမှာ ကြားနေတယ်။

“အစိုးရနဲ့ အာဏာပိုင်တွေကို . . . နာခံဖို့” ယေဟောဝါ မိန့်မှာထားတယ်။ (တိတု ၃:၁၊ ၂။ ရောမ ၁၃:၁-၇) ဒါပေမဲ့ လူမသတ်ဖို့လည်း ဘုရားပညတ်က မိန့်မှာတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ယောက်ရဲ့ အမှားအမှန်သိစိတ်က စစ်ထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ စစ်မှုထမ်းမယ့်အစား အရပ်ဘက်ဆိုင်ရာအလုပ် ရွေးချယ်လို့ ရရင် ကိုယ့်အမှားအမှန်သိစိတ် ခွင့်ပြု,မပြုအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ်။

ယေဟောဝါတစ်ပါးတည်းသာ ဖန်ဆင်းရှင် ဖြစ်လို့ ကိုယ်တော့်ကိုပဲ ကိုးကွယ်ကြတယ်။ အမျိုးသားရေးအထိမ်းအမှတ်တွေကို လေးစားပေမဲ့ အလံ အလေးမပြုကြဘူး။ နိုင်ငံတော်သီချင်း မသီဆိုကြဘူး။ (ဟေရှာယ ၄၃:၁၁။ ဒံယေလ ၃:၁-၃၀။ ၁ ကောရိန္သု ၁၀:၁၄) ဒါ့အပြင် ယေဟောဝါလူမျိုးက နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကို မဲမပေးဖို့လည်း ကိုယ်တိုင် ဆုံးဖြတ်ကြတယ်။ ဘုရားနိုင်ငံတော်အစိုးရဘက် ရပ်တည်ပြီးသား ဖြစ်နေလို့ပါ။—မဿဲ ၂၂:၂၁။ ယောဟန် ၁၅:၁၉။ ၁၈:၃၆

အခန်း ၅၊ စာပိုဒ် ၂

 ၁၇ လောကစိတ်ဓာတ်

လောက,က စာတန့်အတွေးအခေါ်ကို အားပေးအားမြှောက်လုပ်နေတယ်။ ယေဟောဝါကို မချစ်တဲ့၊ မတုပတဲ့၊ ဘုရားစံနှုန်းကို လျစ်လျူရှုတဲ့သူတွေမှာ အဲဒီအတွေးအခေါ်မျိုး တွေ့ရ​တတ်တယ်။ (၁ ယောဟန် ၅:၁၉) ဒီအတွေးအခေါ်နဲ့ ဒီအတွေးအခေါ်ကြောင့် ဖြစ်ပေါ်တဲ့ လုပ်ရပ်တွေကို လောကစိတ်ဓာတ်ဆိုပြီး ဖော်ပြတယ်။ (ဧဖက် ၂:၂) ယေဟောဝါလူမျိုးက ကိုယ့်ကိုယ်ကိုယ် အဲဒီစိတ်ဓာတ် လွှမ်းမိုးမခံဘူး။ (ဧဖက် ၆:၁၀-၁၈) ယေဟောဝါရဲ့ နည်းလမ်းတော်တွေကို ချစ်မြတ်နိုးတယ်။ ဘုရားစဉ်းစားတွေးခေါ်ပုံကို ကိုင်စွဲဖို့ ကြိုးစားတယ်။

အခန်း ၅၊ စာပိုဒ် ၇

 ၁၈ အယူဖောက်ပြန်ခြင်း

အယူဖောက်ပြန်ခြင်းဆိုတာ ကျမ်းစာအမှန်တရားကို ဆန့်ကျင်ခြင်း ဖြစ်တယ်။ အယူဖောက်ပြန်သူတွေက ယေဟောဝါနဲ့ ဘုရားနိုင်ငံတော်ရဲ့ ခန့်အပ်ခံ ဘုရင်ယေရှုကို ဆန့်ကျင်ကြတယ်။ သူတို့လမ်းစဉ် လိုက်အောင် တခြားသူတွေအပေါ်လည်း ဩဇာလွှမ်းမိုးကြတယ်။ (ရောမ ၁:၂၅) ယေဟောဝါကို ကိုးကွယ်သူတွေရဲ့ စိတ်ထဲ သံသယတွေ ဝင်အောင် ဖန်တီးချင်ကြတယ်။ အစောပိုင်း ခရစ်ယာန်အသင်းတော်သားတချို့ အယူဖောက်ပြန်လာကြတယ်။ ဒီနေ့လည်း အလားတူပဲ။ (၂ သက်သာလောနိတ် ၂:၃) ယေဟောဝါကို သစ္စာစောင့်သိသူတွေဟာ အယူဖောက်ပြန်သူတွေနဲ့ မပတ်သက်ရဘူး။ အယူဖောက်ပြန်သူတွေရဲ့ အတွေးအခေါ်တွေကို ဖတ်ဖို့၊ နားထောင်ဖို့ မစူးစမ်းသင့်ဘူး။ တခြားသူတွေ ဖိအားပေးတာကိုလည်း မခံသင့်ဘူး။ ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး ဘုရားတစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ကြတယ်။

အခန်း ၅၊ စာပိုဒ် ၉

 ၁၉ အပြစ်ဖြေခြင်း

မောရှေပညတ်အောက်မှာ အစ္စရေးလူမျိုးက ယေဟောဝါဆီမှာ အပြစ်ခွင့်လွှတ်ပေးဖို့ တောင်းခံကြတယ်။ ကောက်နှံ၊ ဆီ၊ တိရစ္ဆာန်စတဲ့ အပြစ်ဖြေရာ ပူဇော်သက္ကာတွေကို ဗိမာန်တော်ဆီ ယူလာကြတယ်။ ဒီနည်းအားဖြင့် ယေဟောဝါဟာ လူမျိုးတစ်မျိုးလုံးကိုကော တစ်ဦးချင်းစီကိုပါ ခွင့်လွှတ်ဖို့ တလိုတလား ရှိကြောင်း အစ္စရေးတွေ သတိပေးခံရတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ယေရှု အသက်စွန့်ပြီးတဲ့နောက် အပြစ်ဖြေရာ ပူဇော်သက္ကာတွေ မလိုတော့ဘူး။ ယေရှုက ပြည့်ဝစုံလင်တဲ့ ပူဇော်သက္ကာကို “တစ်ကြိမ်တည်း အပြီး” ဆက်သခဲ့တယ်။—ဟီဘရူး ၁၀:၁၊ ၄၊ ၁၀

အခန်း ၇၊ စာပိုဒ် ၆

 ၂၀ တိရစ္ဆာန်များကို ထောက်ထားခြင်း

မောရှေပညတ်အရ အစားအစာအတွက် တိရစ္ဆာန်တွေကို သတ်ခွင့် ရှိတယ်။ တိရစ္ဆာန်ပူဇော်သက္ကာတွေ ဆက်သဖို့လည်း မိန့်မှာထားတယ်။ (ဝတ်ပြုရာ ၁:၅၊ ၆) တိရစ္ဆာန်တွေကို နှိပ်စက်ညှဉ်းပန်းတာကိုတော့ ယေဟောဝါ ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဘူး။ (ပညာအလိမ္မာ ၁၂:၁၀) တကယ်တော့ တိရစ္ဆာန်တွေ နှိပ်စက်မခံရအောင် ကာကွယ်ပေးတဲ့ စည်းမျဉ်းတွေ ပညတ်တရားမှာ ပါတယ်။ တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်ဖို့ အစ္စရေးတွေ မိန့်မှာခံရတယ်။—တရားဟောရာ ၂၂:၆၊ ၇

အခန်း ၇၊ စာပိုဒ် ၆

 ၂၁ သွေးအပိုင်းအစငယ်များနဲ့ ဆေးကုသနည်းများ

သွေးအပိုင်းအစငယ်များ။ သွေးဟာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ဆိုတဲ့ အဓိကအစိတ်အပိုင်းလေးခုနဲ့ ဖွဲ့စည်းထားတယ်။ ဒီအဓိကအစိတ်အပိုင်း လေးမျိုးကို သွေးအပိုင်းအစငယ်များအဖြစ် ထပ်ဆင့်ခွဲနိုင်တယ်။ *

သွေးသွင်းတာ၊ အဓိက သွေးအစိတ်အပိုင်းလေးမျိုးထဲက တစ်မျိုးမျိုး သွင်းတာကို ခရစ်ယာန်တွေ ငြင်းပယ်ကြတယ်။ ဒါပေမဲ့ သွေးအပိုင်းအစငယ်တွေကို လက်ခံသင့်သလား။ ကျမ်းစာမှာ အသေးစိတ် လမ်းညွှန်မထားဘူး။ ဒါကြောင့် ခရစ်ယာန်ယောက်တိုင်း ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်အပေါ် အခြေခံပြီး ကိုယ်တိုင် ဆုံးဖြတ်ရမယ်။

ခရစ်ယာန်တချို့က သွေးအပိုင်းအစအားလုံးကို ငြင်းပယ်တယ်။ တိရစ္ဆာန်ရဲ့ သွေးကို “မြေပေါ် သွန်ပစ်ပါ” ဆိုပြီး အစ္စရေးတွေကို တောင်းဆိုခဲ့တဲ့ ဘုရားပညတ်ကို စဉ်းစားမိလို့ ဖြစ်နိုင်ပါတယ်။—တရားဟောရာ ၁၂:၂၂-၂၄

တချို့ကျတော့ တစ်မျိုးတစ်ဖုံ ရွေးချယ်မယ်။ သွေးအပိုင်းအစတချို့ကို လက်ခံဖို့ အမှားအမှန်သိစိတ်က ခွင့်ပြုတယ်။ သွေးအပိုင်းအစငယ်တွေက သွေးထုတ်ယူတဲ့ သတ္တဝါရဲ့ အသက်ကို ကိုယ်စားမပြုတော့ဘူးလို့ ဆင်ခြင်နိုင်တယ်။

သွေးအပိုင်းအစငယ်တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ အောက်ပါမေးခွန်းတွေကို သုံးသပ်ကြည့်ပါ–

  • သွေးအပိုင်းအစငယ်အားလုံးကို ငြင်းပယ်တာဟာ ရောဂါတိုက်ဖျက်တဲ့၊ သွေးတိတ်စေတဲ့ ဆေးဝါးတချို့ကိုလည်း လက်မခံကြောင်း ငါသဘောပေါက်ပါသလား။

  • သွေးအပိုင်းအစတစ်ခု ဒါမှမဟုတ် တစ်ခုထက်မက အသုံးပြုခြင်းကို လက်ခံကြောင်း၊ လက်မခံကြောင်း ဆရာဝန်ကို ငါ ဘယ်လို ရှင်းပြမလဲ။

ဆေးကုသနည်းများ။ ကျွန်တော်တို့ ခရစ်ယာန်တွေအနေနဲ့ သွေးမလှူကြသလို ကိုယ်ပိုင်သွေး ခွဲစိတ်မကုသခင် အပတ်အနည်းငယ် ကြိုတင်သိုလှောင်တာမျိုးလည်း မလုပ်ကြဘူး။ ဒါပေမဲ့ လူနာရဲ့ ကိုယ်ပိုင်သွေး အသုံးပြုတဲ့ တခြားကုသနည်းတွေ ရှိတယ်။ ခွဲစိတ်ကုသနေစဉ်၊ ဆေးစစ်ခံနေစဉ်၊ လက်ရှိခံယူနေတဲ့ ကုသနည်းတို့နဲ့ ကုသနေစဉ်အတွင်း ကိုယ့်သွေးကို ဘယ်လို လုပ်မလဲဆိုတာ ခရစ်ယာန်ယောက်တိုင်း ဆုံးဖြတ်ရမယ်။ အဲဒီလိုကုသနည်းတွေ ခံယူနေစဉ်အတွင်းမှာ လူနာရဲ့ သွေးကို အချိန်အတိုင်းအတာတစ်ခုအထိ လူနာဆီကနေ သီးခြားခွဲထုတ်နိုင်တယ်။—ထပ်သိချင်ရင် ၂၀၀၀၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၃၁ ကို ကြည့်ပါ။

ဥပမာ၊ သွေးကျဲစေခြင်းလို့ခေါ်တဲ့ ကုသနည်းမှာ မခွဲစိတ်ခင်လေးမှာ လူနာရဲ့ သွေးတချို့ကို ခန္ဓာကိုယ်ကနေ လွှဲထုတ်ထားပြီး သွေးထုထည်ချဲ့ ဆေးရည် အစားထိုးထည့်ပေးတယ်။ နောက်ပိုင်း ခွဲစိတ်နေချိန်အတွင်းဖြစ်ဖြစ်၊ ခွဲစိတ်ပြီးပြီးချင်းဖြစ်ဖြစ် သွေးကို လူနာဆီ ပြန်သွင်းပေးတယ်။

နောက်ကုသနည်းက ဆဲလ်ဆယ်ထုတ်ခြင်း ဖြစ်တယ်။ ဒီကုသနည်းမှာ ခွဲစိတ်နေချိန်အတွင်း ထွက်လာတဲ့သွေးကို သိမ်းထားပြီး သန့်စင်ပေးတယ်။ ခွဲစိတ်နေစဉ် ဒါမှမဟုတ် ခွဲစိတ်ပြီး မကြာခင် လူနာဆီ ပြန်သွင်းပေးတယ်။

ဒီနည်းတွေ သုံးပြီး ကုသရာမှာ ဆရာဝန်တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ ဒါကြောင့် ခရစ်ယာန်တစ်ယောက်က ခွဲစိတ်ကုသနည်း၊ ဆေးစစ်ခြင်း၊ လက်ရှိခံယူနေတဲ့ ကုသနည်းတစ်မျိုးမျိုးကို လက်မခံခင် ကိုယ့်သွေးကို ဘယ်လိုလုပ်မလဲဆိုတာ အတိအကျ သိအောင် လုပ်ရမယ်။

ကိုယ့်သွေးကို အသုံးပြုမယ့် ဆေးကုသနည်းတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ–

  • ငါ့သွေးတချို့ကို ခန္ဓာကိုယ်ပြင်ပ လွှဲပြောင်းထားပြီး သွေးလည်ပတ်မှု တစ်ခဏ ရပ်တံ့မယ်ဆိုရင်တောင် အဲဒီသွေးဟာ ငါ့အစိတ်အပိုင်း ဖြစ်နေသေးတယ်၊ “မြေပေါ်မှာ သွန်” ဖို့ မလိုအပ်ဘူးလို့ ငါ့အမှားအမှန်သိစိတ်က ခွင့်ပြုသလား။—တရားဟောရာ ၁၂:၂၃၊ ၂၄

  • ဆေးကုသမှု ခံယူနေစဉ်အတွင်း ငါ့သွေးတချို့ကို ထုတ်ယူ၊ ပြုပြင်မွမ်းမံပြီး ခန္ဓာကိုယ်ထဲ ပြန်စီးဝင်စေမယ်ဆိုရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို အနှောင့်အယှက် ဖြစ်စေမလား။

  • ငါ့သွေးကို အသုံးပြုတဲ့ ဆေးကုသနည်းအားလုံးကို ငြင်းပယ်တာဟာ သွေးစစ်ခြင်း၊ သွေးကို စက်အတွင်း လည်ပတ်သန့်စင်ပြီး ကျောက်ကပ်ဆေးခြင်း၊ နှလုံး-အဆုတ်စက်ကို အသုံးပြုခြင်းစတဲ့ ကုသနည်းတွေကိုလည်း ငြင်းပယ်တာ ဖြစ်ကြောင်း သဘောပေါက်သလား။

သွေးအပိုင်းအစငယ်တွေ၊ ကိုယ်ပိုင်သွေး အသုံးပြုတဲ့ ဆေးကုသနည်းတွေနဲ့ပတ်သက်ပြီး မဆုံးဖြတ်ခင် ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်းပြီး သေသေချာချာ လေ့လာထားရမယ်။ (ယာကုပ် ၁:၅၊ ၆) ပြီးမှ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်နဲ့ ဆုံးဖြတ်ရမယ်။ ကိုယ့်နေရာမှာသာဆိုရင် ဘာလုပ်မလဲဆိုပြီး တခြားသူတွေကို မမေးသင့်သလို ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို တခြားသူတွေ လွှမ်းမိုးတာမျိုးလည်း မဖြစ်သင့်ဘူး။—ရောမ ၁၄:၁၂။ ဂလာတိ ၆:၅

အခန်း ၇၊ စာပိုဒ် ၁၁

 ၂၂ စာရိတ္တရေး သန့်ရှင်းခြင်း

စာရိတ္တရေး သန့်ရှင်းခြင်းဆိုတာ ဘုရားသခင့်အမြင်မှာ ကျွန်တော်တို့ရဲ့ အပြုအမူ၊ လုပ်ရပ် သန့်ရှင်းနေခြင်း ဖြစ်တယ်။ စာရိတ္တ သန့်ရှင်းခြင်းမှာ ကျွန်တော်တို့ စဉ်းစားတာ၊ ပြောဆိုပြုမူတာတွေ ပါဝင်တယ်။ လိင်အကျင့်ယိုယွင်းမှုမှန်သမျှကို ရှောင်ကြဉ်ဖို့ ယေဟောဝါ မိန့်မှာထားတယ်။ (ပညာအလိမ္မာ ၁:၁၀။ ၃:၁) အမှား လုပ်ဖို့ သွေးဆောင်ခံရနိုင်တဲ့ အခြေအနေမျိုး မကြုံရခင်ကတည်းက ယေဟောဝါရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေကို လိုက်နာဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ စိတ်နှလုံး စင်ကြယ်နေအောင် ဘုရားအကူအညီ ရဖို့ မပြတ် ဆုတောင်းကြရမယ်။ ကိုယ်ကျင့်တရား ယိုယွင်းစေတဲ့ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။—၁ ကောရိန္သု ၆:၉၊ ၁၀၊ ၁၈။ ဧဖက် ၅:၅

အခန်း ၈၊ စာပိုဒ် ၁၁

 ၂၃ မျက်နှာပြောင်တိုက်ခြင်း၊ မသန့်ရှင်းခြင်း

မျက်နှာပြောင်တိုက်ခြင်းမှာ ဘုရားစံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့၊ အရှက်မဲ့သဘောထား ထင်ဟပ်တဲ့ အပြောအဆို၊ အပြုအမူတွေ ပါဝင်တယ်။ မျက်နှာပြောင်တိုက်သူတွေက ဘုရားပညတ်တွေကို မလေးစားကြောင်း ပြတယ်။ မျက်နှာပြောင်တိုက်မှုကို ကျူးလွန်ရင် တရားရေး ကော်မတီက ကိုင်တွယ်ရပါမယ်။ မသန့်ရှင်းခြင်းထဲမှာ အမှားအမျိုးမျိုး ပါဝင်တယ်။ အခြေအနေ အတိမ်အနက်အပေါ် မူတည်ပြီး မသန့်ရှင်းမှု ပါဝင်တဲ့ ကိစ္စတချို့ကို အသင်းတော် တရားရေးကော်မတီက ကိုင်တွယ်ဖို့ လိုအပ်ပါလိမ့်မယ်။—ဂလာတိ ၅:၁၉-၂၁။ ဧဖက် ၄:၁၉။ ထပ်ဆင့်အချက်အလက်အတွက် ၂၀၀၆၊ ဇူလိုင်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

အခန်း ၉၊ စာပိုဒ် ၇အခန်း ၁၂၊ စာပိုဒ် ၁၀

 ၂၄ တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း

လိင်ကိစ္စဟာ လင်မယားတွေ မေတ္တာပြတဲ့အရာ ဖြစ်စေဖို့ ယေဟောဝါ ရည်ရွယ်တယ်။ တစ်ကိုယ်တည်း ရာဂစိတ်ဖြေမယ်၊ လိင်စိတ်ကြွလာဖို့ ကိုယ့်လိင်အင်္ဂါကို ကိုင်တွယ်ပွတ်သပ်မယ်ဆိုရင် လိင်ကို မသန့်ရှင်းတဲ့နည်းနဲ့ အသုံးပြုနေတာပဲ။ ဒီအကျင့်က ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ မတော်လျော်တဲ့ အလိုဆန္ဒတွေ ပေါ်လာစေပြီး လိင်ကို တလွဲ ရှုမြင်စေနိုင်တယ်။ (ကောလောသဲ ၃:၅) လူတစ်ယောက်မှာ ဒီလိုမသန့်ရှင်းတဲ့အကျင့်မျိုး ရှိနေရင်၊ ချိုးနှိမ်ဖို့ အခက်တွေ့နေရင် လက်မလျှော့သင့်ပါဘူး။ (ဆာလံ ၈၆:၅။ ၁ ယောဟန် ၃:၂၀) ကိုယ်တိုင် ဒီလိုဖြစ်နေရင် ယေဟောဝါဆီ ရိုးရိုးသားသား ဆုတောင်းပြီး အကူအညီ တောင်းခံပါ။ မသန့်ရှင်းတဲ့အတွေး ပေါ်လာစေတဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေကို ရှောင်ပါ။ ခရစ်ယာန်မိဘ ဒါမှမဟုတ် ယေဟောဝါရဲ့ ပညတ်တွေကို လေးမြတ်တဲ့၊ ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ကို ပြောပြပါ။ (ပညာအလိမ္မာ ၁:၈၊ ၉။ ၁ သက်သာလောနိတ် ၅:၁၄။ တိတု ၂:၃-၅) ကိုယ်ကျင့်တရား သန့်ရှင်းနေဖို့ ကြိုးစားအားထုတ်တာကို ယေဟောဝါ တွေ့မြင်ပြီး တန်ဖိုးထားကြောင်း စိတ်ချနိုင်ပါတယ်။—ဆာလံ ၅၁:၁၇။ ဟေရှာယ ၁:၁၈

အခန်း ၉၊ စာပိုဒ် ၉

 ၂၅ လင်ပြိုင်မယားပြိုင်ထားခြင်း

လက်ထပ်ခြင်းကို ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အတွက်ပဲ ယေဟောဝါ ရည်ရွယ်တယ်။ ရှေးအစ္စရေးအချိန်မှာ ဇနီးတစ်ယောက်ထက်မက ယူဖို့ ဘုရား ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ မူလရည်ရွယ်ချက်တော့ မဟုတ်ဘူး။ ဒီနေ့ ဘုရားလူမျိုးကိုတော့ လင်ပြိုင်မယားပြိုင်ထားခွင့် မပြုတော့ဘူး။ ယောက်ျားတစ်ယောက်မှာ မိန်းမတစ်ယောက်ပဲ ရှိရမယ်။ မိန်းမတစ်ယောက်မှာ ယောက်ျားတစ်ယောက်ပဲ ရှိရမယ်။—မဿဲ ၁၉:၉။ ၁ တိမောသေ ၃:၂

အခန်း ၁၀၊ စာပိုဒ် ၁၂

 ၂၆ ကွာရှင်းခြင်းနဲ့ ခွဲနေခြင်း

လင်နဲ့ မယား ရာသက်ပန် အတူနေထိုင်သွားကြဖို့ ယေဟောဝါ ရည်ရွယ်တယ်။ (ကမ္ဘာဦး ၂:၂၄။ မာလခိ ၂:၁၅၊ ၁၆။ မဿဲ ၁၉:၃-၆။ ၁ ကောရိန္သု ၇:၃၉) အိမ်ထောင်ဖက် ဖောက်ပြန်မှသာ ကွာရှင်းခွင့် ပြုတယ်။ ဒီလိုအခြေအနေမှာ ဆက်ပေါင်းမလား၊ ကွာရှင်းမလားဆိုတာကို အပြစ်မရှိတဲ့ အိမ်ထောင်ဖက်ကို ယေဟောဝါ ဆုံးဖြတ်ခွင့် ပြုတယ်။—မဿဲ ၁၉:၉

• အိမ်ထောင်ဖက် မဖောက်ပြန်ပေမဲ့ ခွဲနေဖို့ ခရစ်ယာန်တချို့ ဆုံးဖြတ်ခဲ့ကြတယ်။ (၁ ကောရိန္သု ၇:၁၁) အောက်ပါအခြေအနေတွေမှာ ခရစ်ယာန်တစ်ယောက် ခွဲနေဖို့ သုံးသပ်​နိုင်တယ်–

  • တမင်သက်သက် မထောက်ပံ့ခြင်း။ လင်ယောက်ျားက မိသားစုအတွက် ငွေ၊ စားစရာ မရှိတဲ့အထိ မိသားစုရဲ့ ရုပ်ပိုင်းဆိုင်ရာကို မထောက်ပံ့ခြင်း ဖြစ်တယ်။—၁ တိမောသေ ၅:၈

  • အလွန်အမင်း ရိုက်ပုတ်နှိပ်စက်ခြင်း။ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ရှိတဲ့အထိ ရိုက်ပုတ်နှိပ်စက်ခြင်း ဖြစ်တယ်။—ဂလာတိ ၅:၁၉-၂၁

  • ယေဟောဝါနဲ့ ဆက်ဆံရေးကို လုံးလုံး ထိခိုက်စေခြင်း။ လင်ယောက်ျား ဒါမှမဟုတ် ဇနီးသည်က ယေဟောဝါကို ကိုယ့်အိမ်ထောင်ဖက် ဝတ်မပြုနိုင်အောင် လုပ်ခြင်း ဖြစ်တယ်။—တမန်တော် ၅:၂၉

အခန်း ၁၁၊ စာပိုဒ် ၁၉

 ၂၇ ချီးမွမ်းခြင်းနဲ့ အားပေးခြင်း

ကျွန်တော်တို့အားလုံး ချီးမွမ်းမှုနဲ့ အားပေးမှု လိုအပ်ကြတယ်။ (ပညာအလိမ္မာ ၁၂:၂၅။ ၁၆:၂၄) ချစ်ခင်ကြင်နာတဲ့ စကားတွေနဲ့ အချင်းချင်း အားရှိစေနိုင်တယ်။ နှစ်သိမ့်ပေးနိုင်တယ်။ အဲဒါက ကြီးမားတဲ့ အခက်အခဲတွေကြားကနေ ခံနိုင်ရည်ရှိရှိ ယေဟောဝါကို ဆက်ဝတ်ပြုနိုင်အောင် ညီအစ်ကို/မတွေကို ကူညီပေးတယ်။ (ပညာအလိမ္မာ ၁၂:၁၈။ ဖိလိပ္ပိ ၂:၁-၄) တစ်ယောက်ယောက် အကြီးအကျယ် စိတ်ဓာတ်ကျတဲ့အခါ သူပြောတာကို လေးလေးစားစား နားထောင်ပေးသင့်တယ်။ သူ့ခံစားချက်ကို နားလည်ဖို့ ကြိုးစားသင့်တယ်။ အဲဒါက သူ့အတွက် ပြောနိုင်တဲ့စကား၊ လုပ်ပေးနိုင်တဲ့အရာကို သိဖို့ ကူညီပေးနိုင်တယ်။ (ယာကုပ် ၁:၁၉) ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို နားလည်နိုင်အောင် သူတို့အကြောင်း ကောင်းကောင်း သိကျွမ်းဖို့ ပန်းတိုင်ထားပါ။ ဒီနည်းအားဖြင့် အားပေးနှစ်သိမ့်မှုအမျိုးမျိုးရဲ့ အရှင်ဆီ ချဉ်းကပ်ဖို့ သူတို့ကို ကူညီပေးနိုင်တယ်။ အဲဒီအရှင်ဆီမှာ လန်းဆန်းမှု အစစ်အမှန် ရှာတွေ့နိုင်ကြပါလိမ့်မယ်။—၂ ကောရိန္သု ၁:၃၊ ၄။ ၁ သက်သာလောနိတ် ၅:၁၁

အခန်း ၁၂၊ စာပိုဒ် ၁၆

 ၂၈ ထိမ်းမြားမင်္ဂလာပွဲများ

ကျမ်းစာမှာ ထိမ်းမြားမင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်စည်းမျဉ်းတွေ မပါဘူး။ ဒေသခံဓလေ့ထုံးစံတွေ၊ ဥပဒေတောင်းဆိုချက်တွေ တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး။ (ကမ္ဘာဦး ၂၄:၆၇။ မဿဲ ၁:၂၄။ ၂၅:၁၀။ လုကာ ၁၄:၈) မင်္ဂလာပွဲရဲ့ အရေးကြီးဆုံးအပိုင်းက ယေဟောဝါရှေ့မှောက် ပြုတဲ့ မောင်နှံစုံကတိသစ္စာ ဖြစ်တယ်။ မောင်နှံစုံများစွာက ကတိသစ္စာ ပြုချိန်မှာ မိသားစု၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ရှိနေဖို့ စီစဉ်ကြတယ်။ ကျမ်းစာအခြေပြု ဟောပြောချက် ပေးဖို့ အကြီးအကဲတစ်ယောက်ကို ရွေးချယ်ကြတယ်။ မင်္ဂလာပွဲပြီးရင် ဘယ်လို ဧည့်ခံမယ်ဆိုတာ မောင်နှံစုံရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။ (လုကာ ၁၄:၂၈။ ယောဟန် ၂:၁-၁၁) မင်္ဂလာပွဲ စီစဉ်မယ့်ပုံနဲ့ပတ်သက်ပြီး ဘာပဲဆုံးဖြတ်ပါစေ ယေဟောဝါကို ဂုဏ်တင်စရာ ဖြစ်စေသင့်တယ်။ (ကမ္ဘာဦး ၂:၁၈-၂၄။ မဿဲ ၁၉:၅၊ ၆) ဆုံးဖြတ်ချက်ကောင်း ချဖို့ ကျမ်းစာအခြေခံမူတွေက ကူညီပေးနိုင်တယ်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ဧည့်ခံပွဲမှာ အရက်တည်ခင်းဖို့ စီစဉ်ရင် စုဆုံပေါင်းသင်းမှုကို ကောင်းကောင်း ကြပ်မတ်သင့်တယ်။ (ပညာအလိမ္မာ ၂၀:၁။ ဧဖက် ၅:၁၈) တေးဂီတနဲ့ ဖျော်ဖြေရေး စီစဉ်ရင် ယေဟောဝါကို ဂုဏ်တင်စရာ ဖြစ်စေသင့်တယ်။ ခရစ်ယာန်မောင်နှံဟာ မင်္ဂလာပွဲကို မဟုတ်ဘဲ ဘုရားနဲ့ ဆက်ဆံရေး၊ အချင်းချင်းရဲ့ ဆက်ဆံရေးကို အာရုံစိုက်သင့်တယ်။—ပညာအလိမ္မာ ၁၈:၂၂။ ထပ်ဆင့်အချက်အလက်အတွက် ၂၀၀၆၊ အောက်တိုဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၈-၃၁ ကို ကြည့်ပါ။

အခန်း ၁၃၊ စာပိုဒ် ၁၈

 ၂၉ ဆုံးဖြတ်ချက်ကောင်း ချခြင်း

ကျမ်းစာအခြေခံမူတွေအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချချင်ကြတယ်။ ဥပမာ၊ အခါကြီးရက်ကြီးတွေမှာ ဆွေမျိုးတွေနဲ့ မိတ်ဆုံစားဖို့ ယေဟောဝါသက်သေ မဟုတ်တဲ့ အိမ်ထောင်ဖက်က ဖိတ်နိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ သင် ဘာလုပ်မလဲ။ သင့်အမှားအမှန်သိစိတ်က သွားခွင့်ပြုရင် မိတ်ဆုံစားပွဲမှာ အယူမှားဓလေ့ထုံးတမ်းတွေ ရှိရင်တော့ ပါဝင်သုံးဆောင်မှာ မဟုတ်ကြောင်း အိမ်ထောင်ဖက်ကို ရှင်းပြထားနိုင်တယ်။ မိတ်ဆုံစားပွဲကို သွားလို့ တခြားသူတွေ တိုက်မိလဲမလားဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။—၁ ကောရိန္သု ၈:၉။ ၁၀:၂၃၊ ၂၄

ဒါမှမဟုတ် အလုပ်ရှင်က ပွဲတော်ရာသီမှာ အပိုဆုငွေ ပေးနိုင်တယ်။ အပိုဆုငွေကို ငြင်းသင့်သလား။ ငြင်းစရာ မလိုပါဘူး။ လက်ခံ,မခံဆိုတာ ကိုယ့်အလုပ်ရှင်ရဲ့ ရှုမြင်ပုံပေါ် အတိုင်းအတာတစ်ခုအထိ မူတည်တယ်။ အလုပ်ရှင်က ဒီအပိုဆုငွေကို ပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်သလား။ ဒါမှမဟုတ် ကျေးဇူးတင်ကြောင်း ပြတဲ့နည်းလို့ပဲ မြင်သလား။ ဒီအချက်နဲ့ တခြားအချက်တွေကို ထည့်စဉ်းစားပြီး အပိုဆုငွေ လက်ခံ,မခံ ဆုံးဖြတ်ရမယ်။

နောက်အခြေအနေတစ်ခုကတော့ ပွဲတော်ရာသီမှာ တစ်ယောက်ယောက်က ကိုယ့်ကို လက်ဆောင်ပေးပြီး “ဒီပွဲကို ခင်ဗျား မကျင်းပမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလက်ဆောင်လေး ပေးချင်လို့ပါ” လို့ ပြောလာနိုင်တယ်။ မေတ္တာပြချင်လို့ ပေးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်ယုံကြည်ချက်ကို စမ်းသပ်ချင်လို့လား၊ ပွဲနေ့မှာ ပါဝင်စေချင်လို့လားဆိုပြီး စဉ်းစားဖို့ လိုမလား။ ဒါကို သုံးသပ်ပြီးတဲ့နောက် လက်ဆောင် လက်ခံ,မခံ သင့်အပေါ်မှာ မူတည်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းမှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိချင်ကြတယ်။ ယေဟောဝါအပေါ် သစ္စာစောင့်သိချင်ကြပါတယ်။—တမန်တော် ၂၃:၁

အခန်း ၁၃၊ စာပိုဒ် ၂၂

 ၃၀ စီးပွားရေးနဲ့ တရားရေးကိစ္စများ

အခြေအနေအများစုမှာ အငြင်းပွားမှုတွေကို အေးအေးဆေးဆေးနဲ့ ချက်ချင်း ဖြေရှင်းတဲ့အခါ ပြဿနာကြီးမလာတော့ဘူး။ (မဿဲ ၅:၂၃-၂၆) ယေဟောဝါကို ဂုဏ်တင်ဖို့၊ အသင်းတော် စည်းလုံးနေဖို့ ခရစ်ယာန်အားလုံး အဓိက ဦးစားပေးသင့်တယ်။—ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ကောရိန္သု ၁၃:၄၊ ၅

ခရစ်ယာန်တွေမှာ စီးပွားရေးကိစ္စ အငြင်းပွားစရာတွေ ပေါ်လာတဲ့အခါ အချင်းချင်း တရားမစွဲဘဲ ဖြေရှင်းဖို့ ကြိုးစားသင့်တယ်။ ကောရိန္သု ပထမစောင် ၆:၁-၈ မှာ ခရစ်ယာန်အချင်းချင်း တရားစွဲဆိုတာနဲ့ပတ်သက်တဲ့ တမန်တော် ပေါလုရဲ့ အကြံပေးချက်ကို မှတ်တမ်းတင်ထားတယ်။ ကိုယ့်ညီအစ်ကိုကို တရားစွဲဆိုတာက ယေဟောဝါနဲ့ အသင်းတော်ကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်။ မဿဲ ၁၈:၁၅-၁၇ မှာ အသရေဖျက်ခြင်း၊ ကလိမ်ကျခြင်းတို့လို ကြီးမားတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လိုက်နာသင့်တဲ့ အဆင့်သုံးဆင့်ကို ဖော်ပြထားတယ်။ (၁) အငြင်းပွားသူ အချင်းချင်း သီးသန့်ဖြေရှင်းဖို့ ကြိုးစားသင့်တယ်။ (၂) အဆင်မပြေရင် အသင်းတော်က ရင့်ကျက်သူ တစ်ယောက်၊ နှစ်ယောက်ကို အကူအညီ တောင်းနိုင်တယ်။ (၃) လိုအပ်ရင် ပြဿနာ ဖြေရှင်းပေးဖို့ အသင်းတော် အကြီးအကဲတွေကို တောင်းဆိုနိုင်တယ်။ ဒီအဆင့် ရောက်လာပြီဆိုရင်တော့ အကြီးအကဲတွေက ပါဝင်ပတ်သက်သူအားလုံးကို ကျမ်းစာမူတွေ သုံးပြီး ပြေပြေလည်လည် ဖြေရှင်းဖို့ ကူညီပေးကြပါမယ်။ ဒါပေမဲ့ ပါဝင်ပတ်သက်သူတွေက ကျမ်းစာစံနှုန်းကို လိုက်နာချင်စိတ် မရှိရင် အသင်းတော် အကြီးအကဲတွေက တရားရေးအရ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။

ဥပဒေအရ တရားစွဲဆိုဖို့ လိုအပ်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ကွာရှင်းခြင်း၊ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်၊ မယားစရိတ်၊ အာမခံလျော်ကြေး၊ ဒေဝါလီ၊ သေတမ်းစာ စတာတွေ ဖြစ်တယ်။ ပြဿနာကို တရားရေးနည်းလမ်းတွေ သုံးပြီး ဖြေရှင်းဖို့ ခရစ်ယာန်တစ်ယောက် တတ်နိုင်သလောက် ကြိုးစားတာက ပေါလုရဲ့ အကြံပေးချက်ကို ဆန့်ကျင်ရာ မရောက်ပါဘူး။

မုဒိမ်းမှု၊ ကလေးသူငယ် မတော်မတရားပြုမှု၊ ကိုယ်ထိလက်ရောက်မှု၊ ခိုးမှု၊ လူသတ်မှုစတဲ့ ရာဇဝတ်မှုကြီးတွေအကြောင်း လောကအာဏာပိုင်တွေကို ခရစ်ယာန်တစ်ယောက် တိုင်တန်းတာဟာ ပေါလုရဲ့ အကြံပေးချက်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။

အခန်း ၁၄၊ စာပိုဒ် ၁၄

 ၃၁ စာတန့်လှည့်ဖြားမှုများ

ဧဒင်ဥယျာဉ်မှာကတည်းက လူသားတွေကို စာတန် လှည့်ဖြားခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆။ ဗျာဒိတ် ၁၂:၉) ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံ လွဲမှားအောင် လုပ်နိုင်ရင် မကောင်းတာ လုပ်ဖို့ ဩဇာလွှမ်းမိုးနိုင်မှန်း စာတန် သိတယ်။ (၂ ကောရိန္သု ၄:၄။ ယာကုပ် ၁:၁၄၊ ၁၅) နိုင်ငံရေး၊ ဘာသာရေး၊ ကုန်သွယ်ရေး၊ ဖျော်ဖြေရေး၊ ပညာရေးနဲ့ တခြားအရာတွေ သုံးပြီး သူ့စဉ်းစားတွေးခေါ်ပုံ ပျံ့နှံ့အောင်၊ လက်ခံနိုင်စရာလို့ မြင်လာအောင် လုပ်နေတယ်။—ယောဟန် ၁၄:၃၀။ ၁ ယောဟန် ၅:၁၉

လူတွေကို လှည့်ဖြားဖို့ အချိန် သိပ်မကျန်တော့မှန်း စာတန် သိတယ်။ ဒါကြောင့် လူများနိုင်သမျှ များများကို လှည့်စားဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ အထူးသဖြင့် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေကို လမ်းလွဲသွားစေချင်တယ်။ (ဗျာဒိတ် ၁၂:၁၂) သတိမထားရင် မာရ်နတ်က ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို တဖြည်းဖြည်း ပျက်ပြားသွားစေနိုင်တယ်။ (၁ ကောရိန္သု ၁၀:၁၂) ဥပမာ၊ ယေဟောဝါက အိမ်ထောင်မင်္ဂလာကို ရာသက်ပန် ဖြစ်စေချင်တယ်။ (မဿဲ ၁၉:၅၊ ၆၊ ၉) ဒါပေမဲ့ ဒီနေ့လူများစွာက အိမ်ထောင်ကို အလွယ်တကူ ပယ်ဖျက်နိုင်တဲ့ ယာယီသဘောတူညီချက်လို့ ရှုမြင်ကြတယ်။ ရုပ်ရှင်၊ တီဗီအစီအစဉ်များစွာကလည်း ဒီအတွေးအခေါ်ကို အားပေးအားမြှောက်လုပ်တယ်။ အိမ်ထောင်နဲ့ပတ်သက်တဲ့ လောကအမြင် ကျွန်တော်တို့အပေါ် ဩဇာမလွှမ်းမိုးဖို့ ဂရုစိုက်ရမယ်။

ကျွန်တော်တို့ကို လှည့်ဖြားဖို့ စာတန် ကြိုးစားတဲ့ နောက်တစ်နည်းကတော့ လွတ်လပ်ချင်တဲ့ သဘောထား ပျံ့နှံ့စေခြင်း ဖြစ်တယ်။ (၂ တိမောသေ ၃:၄) ကျွန်တော်တို့ ဂရုမစိုက်ရင် ယေဟောဝါ ခန့်အပ်ထားတဲ့ အခွင့်အာဏာရှိသူတွေကို လေးစားစိတ် ပျောက်သွားနိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက် အသင်းတော် အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်ကို ကလန်ကဆန် လုပ်လာနိုင်တယ်။ (ဟီဘရူး ၁၂:၅) ဒါမှမဟုတ် ညီအစ်မတစ်ယောက် မိသားစုမှာ ယေဟောဝါရဲ့ ဦးစီးမှု အစီအစဉ်ကို စောဒကတက်လာနိုင်တယ်။—၁ ကောရိန္သု ၁၁:၃

ကျွန်တော်တို့ရဲ့ အတွေးအခေါ်အပေါ် မာရ်နတ် ဩဇာလွှမ်းမိုးတာကို ခွင့်မပြုဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို တုပချင်ကြတယ်။ “အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကို စိတ်စွဲလမ်း” ချင်ကြပါတယ်။—ကောလောသဲ ၃:၂။ ၂ ကောရိန္သု ၂:၁၁

အခန်း ၁၆၊ စာပိုဒ် ၉

 ၃၂ ဆေးကုသနည်းများ

ကျွန်တော်တို့ ကျန်းမာချင်ကြတယ်။ နေမကောင်းတဲ့အခါ အတတ်နိုင်ဆုံး ကုသချင်ကြတယ်။ (ဟေရှာယ ၃၈:၂၁။ မာကု ၅:၂၅၊ ၂၆။ လုကာ ၁၀:၃၄) ဒီနေ့ခေတ်မှာ ဆရာဝန်နဲ့ တခြားသူတွေဆီက ဆေးကုသနည်းတွေ၊ ကုထုံးတွေ များစွာ ရရှိနိုင်တယ်။ လက်ခံမယ့် ကုသနည်းကို ဆုံးဖြတ်တဲ့အခါ ကျမ်းစာအခြေခံမူတွေနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်။ ဘုရားနိုင်ငံတော်ကသာ ကျွန်တော်တို့ကို ထာဝစဉ် ကျန်းမာစေနိုင်မယ်ဆိုတာ သတိရကြပါတယ်။ ယေဟောဝါရဲ့ ဝတ်ပြုရေးကို လျစ်လျူရှုတဲ့အထိ ကျန်းမာရေးကို အာရုံမစိုက်ချင်ကြပါဘူး။—ဟေရှာယ ၃၃:၂၄။ ၁ တိမောသေ ၄:၁၆

နတ်ဆိုးပညာပါတဲ့ ဘ​ယ်ကုသနည်းကိုမဆို ဂရုတစိုက် ရှောင်ကြဉ်ရမယ်။ (တရားဟောရာ ၁၈:၁၀-၁၂။ ဟေရှာယ ၁:၁၃) ဒါကြောင့် ကုသနည်း ဒါမှမဟုတ် ဆေးဝါးတစ်မျိုးမျိုး လက်မခံခင် နောက်ကွယ်မှာ ဘာရှိသလဲ၊ ဘယ်အတွေးအခေါ်ကို အားပေးနေသလဲဆိုတာ အတတ်နိုင်ဆုံး ဆန်းစစ်ရမယ်။ (ပညာအလိမ္မာ ၁၄:၁၅) နတ်ဆိုးပညာနဲ့ ပတ်သက်လာအောင် ကျွန်တော်တို့ကို စာတန် ထောင်ချောက်ဆင်ချင်မှန်း မေ့ထားလို့ မရဘူး။ နတ်ဆိုးပညာနဲ့ ဆက်နွှယ်ပုံရတယ်လို့ သံသယဝင်ရင် ရှောင်လိုက်တာ အကောင်းဆုံးပဲ။—၁ ပေတရု ၅:၈

အခန်း ၁၆၊ စာပိုဒ် ၁၈

^ ဆရာဝန်တချို့က အဓိကသွေးအစိတ်အပိုင်းလေးမျိုးကို အပိုင်းအစငယ်တွေအဖြစ် ယူဆနိုင်တယ်။ ဒါကြောင့် ပကတိသွေး သွင်းတာဖြစ်ဖြစ်၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ဆိုတဲ့ အဓိကအစိတ်အပိုင်း လေးမျိုးသွင်းတာဖြစ်ဖြစ် လက်မခံကြောင်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရှင်းပြဖို့ လိုနိုင်တယ်။