မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”

“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”

“ဒါကြောင့် လိင်​အကျင့်​ယိုယွင်းခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်တည်းခြင်း၊ မကောင်းတဲ့ လိုအင်​ဆန္ဒရှိ​ခြင်း၊ လောဘ​ကြီး​ခြင်း​ကို ဖြစ်ပေါ်​စေတဲ့ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေကို သေစေ​ကြပါ။ လောဘ​ကြီး​ခြင်း​ဟာ ရုပ်တု​ကိုးကွယ်ခြင်း​ပဲ။”—ကောလောသဲ ၃:၅

၁၊ ၂။ ယေဟောဝါ​လူမျိုးကို ထိခိုက်​စေဖို့ ဗာလမ် ဘယ်လို ကြိုးစား​ခဲ့သလဲ။

 တံငါသည်​တစ်ယောက် ငါး​တစ်မျိုး​ကို ဖမ်း​ချင်​နေတယ်။ ရ​နိုင်မယ့်​နေရာကို ထွက်​သွားတယ်။ ငါး​စာ ရွေး​ချိတ်​ပြီး ငါးမျှား​ကြိုး​ကို ရေ​ထဲ ချ​လိုက်တယ်။ စိတ်ရှည်ရှည် စောင့်​ပြီး ငါးစာကို ငါးလာ​ဟပ်​တဲ့အခါ ငါးမျှားတံ​ကို ဆတ်ခနဲ ဆွဲ​ပြီး ကြိုး​ကို ရ​စ်​တင်​လိုက်တယ်။

လူတွေလည်း အလားတူ​နည်းနဲ့ အဖမ်းခံရ​နိုင်တယ်။ ဥပမာ၊ အစ္စရေး​တွေ မောဘ​လွင်ပြင်​မှာ စခန်းချ​ကြတယ်။ ကတိထားရာပြည် ရောက်​ခါ​နီးပြီ။ အစ္စရေး​လူမျိုးကို ကျိန်စာတိုက်​ပေးရင် ငွေ​အများကြီး ပေးမယ်လို့ ဗာလမ်​ကို မောဘ​ဘုရင် ကတိ​ပေးခဲ့တယ်။ နောက်ဆုံး​တော့ အစ္စရေး​တွေ ကိုယ့်ဘာသာကိုယ် အကျိန်​ခံရနိုင်တဲ့​နည်းကို ဗာလမ် တွေ့​သွားတယ်။ ဗာလမ်​က ငါးစာကို အသေအချာ ရွေး​လိုက်တယ်။ အစ္စရေး​အမျိုးသားတွေကို သွေးဆောင်ဖို့ မောဘ​ အမျိုးသမီးငယ်တွေကို ဗာလမ် လွှတ်လိုက်တယ်။—တောလည်ရာ ၂၂:၁-၇။ ၃၁:၁၅၊ ၁၆။ ဗျာဒိတ် ၂:၁၄

၃။ အစ္စရေး​တွေ ဗာလမ်​ရဲ့ ထောင်ချောက်​ထဲ ဘယ်လို ကျရောက်​သွား​ကြသလဲ။

ဗာလမ်​ရဲ့ ထောင်ချောက် အောင်မြင်​ခဲ့​သလား။ အောင်မြင်ခဲ့တယ်။ အစ္စရေး​အမျိုးသား​ ထောင်ချီ​က “မောဘ​ပြည်သူ​တွေ​နဲ့ မှားယွင်း​ကြတယ်။” စက်ဆုပ်ဖွယ် လိင်​နတ်ဘုရား ဗာလပေဂုရ​ အပါအဝင် မှားယွင်းတဲ့​ ဘုရားတွေကို ကိုးကွယ်​လာကြတယ်။ ဒါကြောင့် အစ္စရေး ၂၄,၀​၀​၀ ဟာ ကတိထားရာပြည်​ နယ်စပ်​မှာ​ပဲ သေဆုံး​သွားကြတယ်။—တောလည်ရာ ၂၅:၁-၉

၄။ အစ္စရေး​ထောင်ချီ ဘာကြောင့် လိင်​အကျင့် ယိုယွင်း​ခဲ့ကြသလဲ။

အစ္စရေး​ အမျိုးသား​များစွာဟာ ဗာလမ်​ရဲ့ အကွက်​ထဲ ဘာကြောင့် ကျရောက်​သွားခဲ့​သလဲ။ ကိုယ်​ပျော်ရွှင်ဖို့​ပဲ တစ်ကိုယ်ကောင်းဆန်​စွာ စဉ်းစား​ကြ​လို့၊ သူတို့​အတွက် ယေဟောဝါ လုပ်ပေး​ခဲ့​ရာ​အားလုံးကို မေ့သွားကြလို့​ပါပဲ။ အစ္စရေး​တွေ​အနေနဲ့ ဘုရားကို သစ္စာ​စောင့်သိ​ဖို့ အကြောင်းရင်း​များစွာ ရှိတယ်။ ဘုရားက သူတို့ကို အီဂျစ်​ကျွန်ဘဝက​နေ ကယ်လွှတ်​ပေးတယ်။ တော​ထဲမှာ ကျွေးမွေး​ပြီး ကတိထားရာပြည်​ နယ်စပ်​ကို လုံခြုံ​စွာ ပို့ဆောင်ပေး​နေတယ်။ (ဟီဘရူး ၃:၁၂) ဒါနဲ့​တောင် သူတို့​တစ်​တွေ လိင်​အကျင့် ယိုယွင်း​ခဲ့ကြတယ်။ “လိင်​အကျင့် ယိုယွင်းတာကို ရှောင်​ကြစို့။ သူတို့​ထဲ​က​တချို့ လိင်​အကျင့်​ယိုယွင်း” ခဲ့ကြတယ်​ဆိုပြီး တမန်တော် ပေါလု ရေးခဲ့တယ်။—၁ ကောရိန္သု ၁၀:၈

၅၊ ၆။ မောဘ​လွင်ပြင်​က ဖြစ်ရပ်​ကနေ ဘာသင်ယူနိုင်သလဲ။

ကမ္ဘာသစ် နီးနေပြီ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ ကတိထားရာပြည်​ နယ်စပ်​နား ရောက်နေတဲ့ အစ္စရေး​တွေ​နဲ့ တူတယ်။ (၁ ကောရိန္သု ၁၀:၁၁) ဒီနေ့ ကျွန်တော်တို့ အသက်ရှင်နေ​ရတဲ့​ လောကဟာ မောဘတွေ​ထက်​တောင် လိင်​ကိစ္စ​ကို တမ်းတမ်းစွဲ​နေကြတယ်။ ဒီ​စွဲလမ်းမှု​က ယေဟောဝါ​လူမျိုးအပေါ် အလွယ်တကူ ဩဇာ​လွှမ်းမိုး​နိုင်တယ်။ မာရ်နတ် ထိထိရောက်ရောက် အသုံးပြု​နေတဲ့ ငါး​စာ​တစ်မျိုး​ကတော့ လိင်​အကျင့်​ယိုယွင်းခြင်းပါပဲ။—တောလည်ရာ ၂၅:၆၊ ၁၄။ ၂ ကောရိန္သု ၂:၁၁။ ယုဒ ၄

ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘တစ်ခဏ​ပဲ တည်မယ့် အတ္တ​ပျော်ရွှင်မှု​ကို ငါ​ပို​နှစ်သက်​နေ​သလား။ ကမ္ဘာသစ်မှာ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ် အသက်ရှင်​ချင်​သလား။’ “လိင်​အကျင့်​ယိုယွင်းမှု​ကို ဝေးဝေး ရှောင်​ကြပါ” ဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံဖို့ အစွမ်းကုန် ကြိုးစား​သင့်တယ်​မလား။—၁ ကောရိန္သု ၆:၁၈

လိင်​အကျင့်​ယိုယွင်းမှု​ဆိုတာ ဘာလဲ

၇၊ ၈။ လိင်​အကျင့်​ယိုယွင်းမှု​ဆိုတာ ဘာလဲ။ ဘာကြောင့် အလေးအနက်​ထားရမလဲ။

ဒီနေ့ လူ​များစွာမှာ မျက်နှာပြောင်​တိုက်​တဲ့​ သဘောထား ရှိကြတယ်။ လိင်နဲ့ပတ်သက်တဲ့ ဘုရား​ပညတ်တွေ​ကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်​ပြု​ကြတယ်။ ကျမ်းစာမှာ လိင်​အကျင့်​ယိုယွင်းမှု​ဆိုတဲ့ စကားလုံးက ကျမ်းစာ​နဲ့အညီ လက်မ​ထပ်​ထားသူတွေ လိင်မှု​ကိစ္စ​ပြုခြင်း၊ ကိုယ်လက်နှီးနှောခြင်း​ကို ရည်ညွှန်းတယ်။ လိင်​တူ​ချင်း​ဖြစ်စေ၊ တိရစ္ဆာန်​နဲ့​ဖြစ်စေ လိင်မှု​ကိစ္စ​ပြုခြင်း ပါဝင်တယ်။ လိင်မှု​ကိစ္စ​ထဲမှာ လိင်ဆက်ဆံခြင်း၊ ပါးစပ်​နဲ့ လိင်ဆက်ဆံခြင်း၊ စအိုနဲ့ လိင်ဆက်ဆံခြင်း၊ တခြားသူရဲ့ လိင်​အင်္ဂါ​ကို လိင်စိတ်​နဲ့ ကိုင်တွယ်ခြင်း ပါဝင်တယ်။—ရှင်းလင်းချက် ၂၃ ကို ကြည့်ပါ

လူတစ်ယောက် လိင်​အကျင့်​ယိုယွင်း​နေရင် အသင်းတော်​နဲ့ ဆ​က်​ပူးပေါင်း​နိုင်မှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ အတိအလင်း ဖော်ပြ​ထားတယ်။ (၁ ကောရိန္သု ၆:၉။ ဗျာဒိတ် ၂၂:၁၅) ဒါ့အပြင် အကျင့်​ယိုယွင်း​သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု​ကော၊ သူတစ်ပါးရဲ့ ယုံကြည်​စိတ်ချမှု​ကို​ပါ ဆုံးရှုံး​သွားတယ်။ အကျင့်​ယိုယွင်းမှုက ပြဿနာတွေ​ပဲ ဖြစ်ပေါ်​စေတယ်။ အမှားအမှန်​သိစိတ် မကြည်လင်တာ၊ မလိုချင်​တဲ့​ ကိုယ်ဝန် ရတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ ရောဂါ​ရတာ၊ သေဆုံး​တာ​တွေ​တောင် ဖြစ်ပေါ်​စေ​တတ်တယ်။ (ဂလာတိ ၆:၇၊ ၈ ကိုဖတ်ပါ။) အကျင့်​ယိုယွင်းခြင်း​ရဲ့ ဆိုးကျိုးတွေကို တကယ်တမ်း ခဏလောက် စဉ်းစား​ကြည့်​လိုက်မယ်​ဆိုရင် အကျင့်​ယိုယွင်း​ချင်​တော့​မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကျင့်​ယိုယွင်းမှု​ကို ပထမ​ခြေလှမ်း စ​လှမ်း​ချိန်မှာ ကိုယ့်​အလိုဆန္ဒ ပြည့်​ရေး​ကိုပဲ စဉ်းစားတတ်​ကြတယ်။ အဲဒီ​ပထမ​ခြေလှမ်း​မှာ ညစ်ညမ်း​ရုပ်ပုံ​စာပေ ပါဝင်​လေ့​ရှိတယ်။

ပထမ​ခြေလှမ်း—ညစ်ညမ်း​ရုပ်ပုံ​စာပေ

၉။ ညစ်ညမ်း​ရုပ်ပုံ​စာပေ​ဟာ ဘာကြောင့် အန္တရာယ် ရှိသလဲ။

ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ​က လိင်ဆန္ဒ​ကို လှုံ့ဆော်​ပေးတယ်။ ဒီနေ့ ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ နေရာတိုင်းမှာ ရှိနေတယ်။ မဂ္ဂဇင်း၊ စာအုပ်၊ တေးဂီတ၊ တီဗီ​အစီအစဉ်၊ အင်တာနက်​တို့မှာ တွေ့ရတယ်။ ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ အန္တရာယ်​ မရှိပါဘူး​လို့ လူတွေ ယူဆကြတယ်။ ဒါပေမဲ့ အန္တရာယ်​များ​လှတယ်။ လိင်ကို စွဲလမ်း​လာ​စေတယ်။ မတော်လျော်တဲ့ အလိုဆန္ဒတွေ ပေါ်လာ​စေတယ်။ ညစ်ညမ်း​ရုပ်ပုံ​စာပေ​က တစ်ကိုယ်တည်း ရာဂစိတ်​ဖြေခြင်း၊ အိမ်ထောင်ရေး ပြဿနာတွေ၊ ကွာရှင်းခြင်း​ကို​တောင် ဦးတည်​စေနိုင်တယ်။—ရောမ ၁:၂၄-၂၇။ ဧဖက် ၄:၁၉ရှင်းလင်းချက် ၂၄ ကို ကြည့်ပါ။

အင်တာနက် သုံးတဲ့​အခါ ဂရုစိုက်ခြင်းက ပညာရှိ​ရာ​ရောက်

၁၀။ လိင်​အကျင့်​ယိုယွင်းမှု​ကို ရှောင်​ဖို့ ယာကုပ် ၁:၁၄၊ ၁၅ ပါ ကျမ်းစာ​အခြေခံ​မူ​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၀ လိင်​အကျင့်​ယိုယွင်း​ဖို့ ဆွဲဆောင်​ခံရနိုင်​ပုံကို သိထား​တာ အရေးကြီးတယ်။ “ကိုယ့်​အလို​ဆန္ဒရဲ့ ဆွဲငင်​ဖြားယောင်းမှုကို ခံရ​တာကသာ လူတိုင်း​အတွက် စမ်းသပ်မှုပါ။ အဲဒီ​အလိုဆန္ဒ​က ကြီးထွား​လာ​ရင် အပြစ်ကို လုပ်မိ​စေတယ်။ အပြစ်​လုပ်ပြီး​တဲ့​နောက်မှာတော့ သေခြင်းကို ဖြစ်ပေါ်​စေတယ်” ဆိုတဲ့ ယာကုပ် ၁:၁၄၊ ၁၅ ပါ သတိပေး​ချက်​ကို သတိပြုပါ။ ဒါကြောင့် မှားယွင်းတဲ့​ အတွေး​တွေ ဝင်လာတာ​နဲ့ ချက်ချင်း ထုတ်ပစ်ပါ။ လိင်စိတ်​နိုးကြွစေတဲ့ ရုပ်ပုံတွေကို အမှတ်တမဲ့ မြင်​မိရင် မျက်နှာလွှဲ​လိုက်ပါ။ ကွန်ပျူတာ ပိတ်​လိုက်ပါ။ တီဗီ​လိုင်း ပြောင်း​လိုက်ပါ။ ကိုယ့်​ဘဝ​ထဲ မကောင်းတဲ့​ စိတ်ဆန္ဒတွေ မဝင်​စေ​ပါ​နဲ့။ မဟုတ်​ရင် မကောင်းတဲ့ စိတ်ဆန္ဒတွေ ပြင်းထန်လာ​ပြီး ထိန်းချုပ်​ဖို့ ခက်​လာမယ်။မဿဲ ၅:၂၉၊ ၃၀ ကိုဖတ်ပါ။

၁၁။ မကောင်းတဲ့ အတွေး​တွေ ဝင်​လာတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၁၁ ကိုယ့်​အကြောင်းကို ကိုယ်တိုင်​ထက် ယေဟောဝါ ပို​သိတယ်။ ကျွန်တော်တို့ ဘယ်လောက် မစုံလင်​ကြ​မှန်း သိတယ်။ ဒါပေမဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေ​ကို ချိုးနှိမ်​နိုင်တာ​ကိုလည်း သိတယ်။ “လိင်​အကျင့်​ယိုယွင်းခြင်း၊ ညစ်ညူးစွာ​ကျင့်ခြင်း၊ ရမ္မက်​ဆန္ဒ​ကို မချုပ်တည်းခြင်း၊ မကောင်းတဲ့ လိုအင်​ဆန္ဒရှိ​ခြင်း၊ လောဘကြီး​ခြင်း​ကို ဖြစ်ပေါ်​စေတဲ့ ကိုယ်ခန္ဓာ​ အစိတ်အပိုင်း​တွေကို သေစေ​ကြပါ။ လောဘ​ကြီး​ခြင်း​ဟာ ရုပ်တု​ကိုးကွယ်ခြင်း​ပဲ” ဆိုပြီး ယေဟောဝါ မိန့်မှာ​ထားတယ်။ (ကောလောသဲ ၃:၅) ဒီလို​လုပ်ဖို့ မလွယ်ကူပေမဲ့ ကျွန်တော်တို့​အပေါ် ယေဟောဝါ စိတ်ရှည်​ပေးတယ်။ ကျွန်တော်တို့ကို ကူညီ​ပေးမယ်။ (ဆာလံ ၆၈:၁၉) လူငယ်​ ညီအစ်ကို​တစ်ယောက်ဟာ ညစ်ညမ်း​ရုပ်ပုံ​စာပေ ကြည့်ရှုခြင်းနဲ့ တစ်ကိုယ်တည်း ရာဂစိတ်​ဖြေခြင်း​အကျင့် စွဲခဲ့တယ်။ ကျောင်းနေဖက် သူငယ်ချင်းတွေက​တော့ ကြီးကောင်​ဝင်ချိန်​မှာ ဖြစ်​တတ်တဲ့ သာမန်​ကိစ္စ​လို့ မြင်​ကြတယ်။ ညီအစ်ကို​ငယ်​လေး ဒီလို​ပြောခဲ့​တ​ယ်– “ကျွန်တော့်​ အမှားအမှန်​သိစိတ် ပျက်စီး​သွားတယ်။ အကျင့်ပျက်​လမ်းစဉ်​ထဲ နစ်မွန်း​ခဲ့​ရတယ်။” စိတ်​အလိုဆန္ဒကို ထိန်းချုပ်​ဖို့ လိုအပ်​မှန်း သဘောပေါက်​လာလို့ ယေဟောဝါရဲ့ အကူအညီ​နဲ့ အဲဒီ​အကျင့်​ကို ဖျောက်ဖျက်​နိုင်ခဲ့တယ်။ မကောင်းတဲ့ အတွေး​တွေ ဝင်​လာ​ရင် အတွေး​တွေကို သန့်ရှင်း​စေနိုင်​ဖို့ “သာမန်​ထက်​ ထူးကဲ​တဲ့ တန်ခိုး” ကို ယေဟောဝါ​ဆီက တောင်းခံပါ။—၂ ကောရိန္သု ၄:၇။ ၁ ကောရိန္သု ၉:၂၇

၁၂။ ဘာကြောင့် “စိတ်နှလုံးကို ကာကွယ်​စောင့်ရှောက်” ကြ​ရမလဲ။

၁၂ “အသက်ဟာ စိတ်နှလုံးမှာ တည်မှီ​နေလို့ အရာအားလုံး​ထက် စိတ်နှလုံးကို ကာကွယ်​စောင့်ရှောက်ပါ” လို့ ရှောလမုန် ရေးခဲ့တယ်။ (ပညာအလိမ္မာ ၄:၂၃) “စိတ်နှလုံး” ဆိုတာ အတွင်းစိတ်​သဘောထား၊ ယေဟောဝါ ကြည့်မြင်​တဲ့​အရာကို ဆိုလိုတယ်။ ကိုယ်​ကြည့်ရှု​တဲ့​အရာတွေ​က ကိုယ့်အပေါ် အကြီးအကျယ် ဩဇာ​လွှမ်းမိုး​နိုင်တယ်။ သစ္စာရှိ ယောဘ ဒီလို​ပြောခဲ့တယ်– “ကျုပ်​က တခြား​မိန်းမကို တပ်မက်​တဲ့​စိတ်နဲ့ မကြည့်​ဘူးလို့ ကိုယ့်မျက်စိ​နဲ့ ကတိသစ္စာ​ပြု​ထားပြီးပြီ။” (ယောဘ ၃၁:၁) ယောဘ​လို​ပဲ ကျွန်တော်တို့ ကြည့်ရှု​တွေးတော​တဲ့​အရာတွေကို ထိန်းချုပ်​ကြရမယ်။ “အချည်းနှီး​ဖြစ်တဲ့​အရာတွေကို မကြည့်မိအောင် ကျွန်တော့်​မျက်စိ​ကို လွှဲ​ပေးပါ” လို့ ဆာလံ​ဆရာလို ကျွန်တော်တို့ ဆုတောင်း​ကြပါတယ်။—ဆာလံ ၁၁၉:၃၇

ဒိနရဲ့ ပညာမဲ့​ရွေးချယ်မှု

၁၃။ ဘယ်လို အပေါင်းအသင်း​မျိုးကို ဒိန ရွေးချယ်​ခဲ့သလဲ။

၁၃ အပေါင်းအသင်းတွေက ကျွန်တော်တို့​အပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်​နိုင်တယ်။ ဘုရားစံနှုန်းတွေ​အတိုင်း လိုက်လျှောက်တဲ့ အပေါင်းအသင်းတွေကို ရွေးချယ်​ရင် ကျွန်တော်တို့ကိုလည်း ဘုရားစံနှုန်းတွေအတိုင်း လိုက်လျှောက်​အောင် ကူညီ​ပေးနိုင်တယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃ ကိုဖတ်ပါ။) အပေါင်းအသင်း ရွေးချယ်ခြင်းက ဘယ်လောက်​ အရေးကြီးကြောင်း ဒိနရဲ့ အဖြစ်​ကနေ သိနိုင်တယ်။ ဒိနဟာ ယာကုပ်​ရဲ့ သမီး​တစ်ယောက်​ ဖြစ်လို့ ယေဟောဝါကို ကိုးကွယ်တဲ့​ မိသားစုမှာ ကြီးပြင်း​လာတယ်။ ဒိနဟာ အကျင့်ပျက်သူ မဟုတ်ပေမဲ့ ယေဟောဝါကို မကိုးကွယ်တဲ့ ခါနာန်​သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့တယ်။ လိင်​ကိစ္စနဲ့​ပတ်သက်ပြီး ခါနာန်​လူမျိုးရဲ့ အမြင်​ဟာ ဘုရား​လူမျိုးနဲ့ အလွန်​ကွဲပြားတယ်။ ခါနာန်​လူမျိုးဟာ အကျင့်ပျက်မှု​ကြောင့် နာမည်​ကြီးတယ်။ (ဝတ်ပြုရာ ၁၈:၆-၂၅) ဒိနဟာ အပေါင်းအသင်းတွေ​နဲ့ အတူ​ရှိနေတုန်း​မှာ​ပဲ ခါနာန်​အမျိုးသား ရှေခင်​နဲ့ ဆုံခဲ့တယ်။ ရှေခင်​က ဒိနကို စွဲလမ်း​သွားတယ်။ ရှေခင်​ဟာ ဆွေမျိုးတွေ​ထဲမှာ “ဂုဏ်​သ​ရေ​ အရှိဆုံး” လူငယ်​လို့ သတ်မှတ်​ခံရတယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့​သူ​တော့ မဟုတ်ဘူး။—ကမ္ဘာဦး ၃၄:၁၈၊ ၁၉

၁၄။ ဒိန ဘာ​ဖြစ်ခဲ့သလဲ။

၁၄ ရှေခင်​က သာမန်​သဘာဝ​ကိစ္စ၊ လက်သင့်ခံ​နိုင်တဲ့​ ကိစ္စ​ကို လုပ်တာ​လို့ ယူဆခဲ့တယ်။ ဒိနကို စွဲလမ်း​သွားတဲ့​အတွက် “ခေါ်သွားပြီး စော်ကား​လိုက်တယ်။” (ကမ္ဘာဦး ၃၄:၁-၄ ကိုဖတ်ပါ။) ဒီ​ပြစ်မှု​ကြောင့် ဒိန​နဲ့ တစ်မိသားစုလုံးကို ဒုက္ခရောက်​စေတဲ့​ ဖြစ်ရပ်တွေ တစ်ခု​ပြီး​တစ်ခု ပေါ်လာခဲ့တယ်။—ကမ္ဘာဦး ၃၄: ၇၊ ၂၅-၃၁။ ဂလာတိ ၆: ၇၊ ၈

၁၅၊ ၁၆။ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ပညာရှိ​နိုင်ကြ​သလဲ။

၁၅ ကိုယ်ကျင့်တရား​ဆိုင်ရာ ယေဟောဝါရဲ့ စံနှုန်းတွေ​က ကျွန်တော်တို့ကို အကျိုးပြု​မှန်း သိဖို့ ဒိနလို အမှား​မျိုး ကျူးလွန်​စ​ရာ မလိုပါဘူး။ “ဉာဏ်ပညာ​ရှိသူ​နဲ့ ပေါင်းဖော်​ရင် ဉာဏ်ပညာ​ရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်​ရင်​တော့ ဒုက္ခ​လှလှ တွေ့​လိမ့်မယ်။” (ပညာအလိမ္မာ ၁၃:၂၀) “မွန်မြတ်တဲ့ လမ်းစဉ်​မှန်သမျှကို” နားလည်ဖို့ ပန်းတိုင်​ထားပါ။ ဒါဆိုရင် မလိုလား​အပ်​တဲ့ နာကျင်မှု၊ ဒုက္ခတွေကို ရှောင်နိုင်​ပါလိမ့်မယ်။—ပညာအလိမ္မာ ၂:၆-၉။ ဆာလံ ၁:၁-၃

၁၆ ဘုရား​စကားတော် ကျမ်းစာ လေ့လာခြင်း၊ ဆုံးဖြတ်ချက်တွေ မချခင် ဆုတောင်းခြင်း၊ သစ္စာနဲ့ သတိပညာရှိတဲ့​ ကျွန်ရဲ့ အကြံဉာဏ်​ကောင်းတွေကို လိုက်နာခြင်း​အားဖြင့် ကျွန်တော်တို့ ပညာရှိ​နိုင်ကြ​ပါတယ်။ (မဿဲ ၂၄:၄၅။ ယာကုပ် ၁:၅) ကျွန်တော်တို့​အားလုံး အားနည်း​မှန်း၊ မစုံလင်​မှန်း သိကြပါတယ်။ (ယေရမိ ၁၇:၉) ဒါပေမဲ့ လိင်​အကျင့်​ယိုယွင်းမှု အန္တရာယ်​ထဲ ကျရောက်တော့မယ်လို့ တစ်ယောက်ယောက်​က သတိပေး​လာတဲ့အခါ ဘယ်လို တုံ့ပြန်​မလဲ။ စိတ်ဆိုး​မလား။ အကူအညီကို နှိမ့်ချ​စွာ လက်ခံ​မလား။—၂ ဘုရင်များ ၂၂:၁၈၊ ၁၉

၁၇။ ခရစ်ယာန်ချင်း​တစ်ယောက်ရဲ့ အကြံပေး​ချက်​က ကျွန်တော်တို့ကို ကူညီပေး​နိုင်ပုံ​ကို ဥပမာ ပေးပါ။

၁၇ ဒီ​အခြေအနေကို စဉ်းစား​ကြည့်ပါ။ အလုပ်ခွင်မှာ ညီအစ်မ​တစ်ယောက်ကို အမျိုးသား​တစ်ယောက်က အရေး​ပေးတယ်၊ ချိန်းတွေ့ဖို့ တောင်းဆိုတယ် ဆိုပါစို့။ အဲဒီ​အမျိုးသား​ဟာ ယေဟောဝါကို မကိုးကွယ်​ပေ​မဲ့ သဘောကောင်း၊ ကြင်နာ​တတ်​ပုံ ရတယ်။ ဒါကို ညီအစ်မ​ တစ်ယောက်က တွေ့​သွားပြီး နောက်ပိုင်းမှာ အဲဒီ​ညီအစ်မ​ကို သတိ​ပေးတယ်။ ပထမ​ ညီအစ်မ ဘယ်လို တုံ့ပြန်​မလဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ပြီး ပြော​မလား။ သတိပေး​ချက်​ နောက်ကွယ်​က ဉာဏ်ပညာ​ကို မြင်​မလား။ ညီအစ်မ​က ယေဟောဝါကို ချစ်​ပြီး မှန်ရာ လုပ်ချင်​မှာပါ။ ဒါပေမဲ့ အဲဒီ​အမျိုးသားနဲ့ ဆက်​ချိန်းတွေ့​နေမယ်ဆိုရင် ‘လိင်​အကျင့်​ယိုယွင်းမှု​ကို ဝေးဝေးရှောင်’ နေတာလား။ ‘ကိုယ့်​စိတ်နှလုံးကို ယုံကြည်​ကိုးစား’ နေတာလား။—ပညာအလိမ္မာ ၂၂:၃။ ၂၈:၂၆။ မဿဲ ၆:၁၃။ ၂၆:၄၁

ယောသပ်​ရဲ့ စံနမူနာ​ကနေ သင်ယူပါ

၁၈၊ ၁၉။ လိင်​အကျင့်​ယိုယွင်းမှုက​နေ ယောသပ် ထွက်ပြေးခဲ့​ပုံကို ရှင်းပြပါ။

၁၈ လူငယ်​ ယောသပ်ဟာ အီဂျစ်​ပြည်မှာ ကျွန်ခံ​နေရတယ်။ သခင်ရဲ့ ဇနီးက အတူ​အိပ်​ဖို့ နေ့စဉ်​ ရက်​ဆက် သွေးဆောင်တယ်။ ဒီလိုလုပ်​တာ မှား​မှန်း ယောသပ် သိထားတယ်။ ယောသပ်​က ယေဟောဝါကို ချစ်​ပြီး အလိုတော်အတိုင်း လုပ်​ချင်တယ်။ ဒါကြောင့် သွေးဆောင်​ခံရ​တိုင်း ယောသပ် ငြင်းဆိုခဲ့တယ်။ ကျွန်​တစ်ယောက်​ဖြစ်လို့ အလုပ်​ထွက်​လို့ မရဘူး။ တစ်နေ့ အတူ​အိပ်​ဖို့ သခင်မ​က အတင်းအကျပ် တောင်းဆို​လာတဲ့အခါ​မှာ​တော့ ယောသပ် “ထွက်ပြေး” ခဲ့​တ​ယ်။ကမ္ဘာဦး ၃၉:၇-၁၂ ကိုဖတ်ပါ။

၁၉ ယောသပ်​မှာ အကျင့်ပျက်​တဲ့​ အတွေး​တွေ ဝင်​ခဲ့​မယ်၊ အဲဒီ​မိန်းမ​အကြောင်း စိတ်ကူးယဉ်​ခဲ့​မ​ယ်​ဆိုရင် အခြေအနေ အတော်လေး ကွဲပြား​သွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး​က ဘယ်​အရာ​ထက်​မဆို ယောသပ်​အတွက် အရေးကြီးတယ်။ “အားလုံးကို ကျွန်တော့်​လက်ထဲ အပ်​ထားတယ်။ ဒါပေမဲ့ သခင့်​ဇနီး ဖြစ်တဲ့ သခင်မ​ကို​တော့ ထိပါး​ခွင့် မရှိပါဘူး။ ဒီလို​ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့ အဖြစ်မျိုး ကျွန်တော် အရောက်​မခံနိုင်​ဘူး” ဆိုပြီး သခင်မ​ကို ယောသပ် ပြန်​ပြောခဲ့တယ်။—ကမ္ဘာဦး ၃၉:၈၊ ၉

၂၀။ ယောသပ်​ကို ယေဟောဝါ နှစ်သက်​မှန်း ဘယ်လို သိရသလဲ။

၂၀ မိသားစု၊ အိမ်နဲ့ ဝေးကွာ​နေပေမဲ့ ယောသပ်​က ဘုရား​အပေါ် အမြဲ သစ္စာစောင့်​သိခဲ့တယ်။ ယေဟောဝါကလည်း ယောသပ်​ကို ကောင်းချီး​ပေးတယ်။ (ကမ္ဘာဦး ၄၁:၃၉-၄၉) ယောသပ်​ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ ကျေနပ်​အား​ရခဲ့တယ်။ (ပညာအလိမ္မာ ၂၇:၁၁) လိင်​အကျင့်​ယိုယွင်းမှု​ကို ခုခံ​တွန်းလှန်ဖို့ ခက်​နိုင်ပါတယ်။ ဒါပေမဲ့ “ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှု​ကို မုန်း​ကြပါ။ ဘုရားက သစ္စာစောင့်သိ​သူတွေရဲ့ အသက်ကို စောင့်ရှောက်တယ်။ လူဆိုးတွေ​လက်​ကနေ သူတို့ကို​ကယ်တင်တယ်” ဆိုတဲ့ စကားတွေကို သတိရပါ။—ဆာလံ ၉၇:၁၀

၂၁။ လူငယ်​ညီအစ်ကို​တစ်ယောက် ယောသပ်​ကို ဘယ်လို တုပ​ခဲ့သလဲ။

၂၁ ယေဟောဝါရဲ့ လူတွေဟာ “မကောင်းမှု​ကို မုန်း” ပြီး “ကောင်းမှုကို ချစ်” ကြောင်း နေ့တိုင်း သတ္တိရှိရှိ ပြ​နေကြတယ်။ (အာမုတ် ၅:၁၅) ဘယ်​အသက်အရွယ်​ပဲ ဖြစ်ပါစေ ယေဟောဝါကို သစ္စာ​စောင့်သိ​နိုင်ပါတယ်။ ကျောင်းမှာ လူငယ်​ ညီအစ်ကို​တစ်ယောက် ယုံကြည်ခြင်း စမ်းသပ်​ခံခဲ့ရတယ်။ သင်္ချာ​စာမေးပွဲ​မှာ ကူညီ​ပေးရင် လိင်​ဆက်ဆံခွင့် ပေးမယ်​ဆိုပြီး မိန်းကလေး​တစ်ယောက် ပြောတယ်။ ဒီ​ညီအစ်ကို ဘာလုပ်ခဲ့သလဲ။ ယောသပ်​လို လုပ်ခဲ့တယ်။ “ကျွန်တော် ချက်ချင်း ငြင်း​လိုက်တယ်။ သမာဓိ​ စောင့်ထိန်း​ခဲ့လို့ ဂုဏ်​သိက္ခာ​နဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဆ​က်​ထိန်း​နိုင်ခဲ့တယ်။” လိင်​အကျင့် ယိုယွင်း​လို့ “ခဏ ပျော်ပါး” တာ​က နာကျင်မှုနဲ့ စိတ်ဒဏ်ရာ​တွေ​ပဲ ရစေ​ပါလိမ့်မယ်။ (ဟီဘရူး ၁၁:၂၅) ယေဟောဝါကို နာခံခြင်းက​တော့ ထာဝစဉ် ပျော်ရွှင်​စေပါလိမ့်မယ်။—ပညာအလိမ္မာ ၁၀:၂၂

ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ

၂၂၊ ၂၃။ ကျွန်တော်တို့ ကြီးလေး​တဲ့​အပြစ် ကျူးလွန်မိ​ရင်တောင် ယေဟောဝါ ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၂၂ ကျွန်တော်တို့ကို အမိ​ဖမ်းဖို့ လိင်​အကျင့်​ယိုယွင်းခြင်း​ကို စာတန် အသုံးပြုပါ​လိမ့်မယ်။ တကယ့်​စိန်ခေါ်ချက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့​အားလုံးမှာ မကောင်းတဲ့​အတွေး​တွေ မကြာမကြာ ပေါ်လာ​နိုင်တယ်။ (ရောမ ၇:၂၁-၂၅) ဒါကို ယေဟောဝါ နားလည်တယ်။ ကျွန်တော်တို့ “မြေမှုန့်​ပဲ ဆိုတာကို မမေ့ဘူး။” (ဆာလံ ၁၀၃:၁၄) ဒါဆို ခရစ်ယာန်​တစ်ယောက် လိင်​အကျင့် ယိုယွင်း​မိတယ်​ဆိုရင်​ကော။ မျှော်လင့်ချက်​မဲ့သွားတဲ့ အဖြစ်​လား။ မဟုတ်ပါဘူး။ နောင်တ​စစ် ရမယ်​ဆိုရင် ယေဟောဝါ ကူညီ​ပေးမယ်။ ဘုရားသခင်ဟာ “ခွင့်လွှတ်ဖို့ အသင့်​ရှိတယ်။”—ဆာလံ ၈၆:၅။ ယာကုပ် ၅:၁၆။ ပညာအလိမ္မာ ၂၈:၁၃ ကို ဖတ်ပါ။

၂၃ ကျွန်တော်တို့​အပေါ် မေတ္တာ​ရှေ့​ထားပြီး ဂရုစိုက်​ပေးတဲ့ အကြီးအကဲ​တွေကို “လက်ဆောင်​အဖြစ်” ယေဟောဝါ ပေးထားတယ်။ (ဧဖက် ၄:၈၊ ၁၂။ ယာကုပ် ၅:၁၄၊ ၁၅) ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပြန်ကောင်း​လာ​အောင် ကူညီ​ပေးဖို့ အကြီးအကဲ​တွေ ပေးထားတယ်။—ပညာအလိမ္မာ ၁၅:၃၂

“ဆင်ခြင်​ဉာဏ်” အသုံးပြုပါ

၂၄၊ ၂၅။ လိင်​အကျင့်​ယိုယွင်းမှု​ကို ရှောင်​ဖို့ “ဆင်ခြင်​ဉာဏ်” က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

၂၄ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ယေဟောဝါရဲ့ ပညတ်တွေ​က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြု​ကြောင်း နားလည်​ရမယ်။ ပညာအလိမ္မာ ၇:၆-၂၃ မှာ ဖော်ပြ​ထားတဲ့ လူငယ်​လို မဖြစ်ချင်​ကြပါဘူး။ “ဆင်ခြင်​ဉာဏ်” မဲ့လို့ လိင်အကျင့်​ယိုယွင်းမှု​ ထောင်ချောက်​ထဲ ကျရောက်​သွားတယ်။ ဆင်ခြင်​ဉာဏ်​ဆိုတာ ဉာဏ်​ကောင်းခြင်း​ထက်မက ပို​ပါတယ်။ ကျွန်တော်တို့မှာ ဆင်ခြင်​ဉာဏ် ရှိရင် ဘုရားရဲ့ စဉ်းစား​တွေးခေါ်ပုံကို နားလည်ဖို့၊ ဘဝမှာ လက်တွေ့​ကျင့်သုံးဖို့ ကြိုးစား​မှာ ဖြစ်တယ်။ ဒီ​ပညာရှိ​စကားတွေကို သတိရပါ–“ဆင်ခြင်​ဉာဏ်​ကို ရယူ​တဲ့​သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့​သူ​ပဲ။ ပိုင်းခြားသိမြင်မှုကို တန်ဖိုး​ထားတဲ့​သူဟာ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၁၉:၈

၂၅ ဘုရားစံနှုန်းတွေ မှန်ကန်ကြောင်း အကြွင်းမဲ့ ယုံပါသလား။ ဘုရားစံနှုန်းတွေ လိုက်နာခြင်းက ပျော်ရွှင်​စေ​ကြောင်း တကယ်​ ယုံပါသလား။ (ဆာလံ ၁၉:၇-၁၀။ ဟေရှာယ ၄၈:၁၇၊ ၁၈) မသေချာ​သေး​ရင် ကိုယ့်အတွက် ယေဟောဝါ လုပ်ဆောင်​ပေးခဲ့တဲ့ ကောင်းမှု​အားလုံးကို သတိရပါ။ “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်​သလဲ​ဆိုတာ မြည်းစမ်း​ပြီး ကိုယ်တိုင်ခံစား​ကြည့်ပါ။” (ဆာလံ ၃၄:၈) ပို​မြည်းစမ်း​လေ ဘုရားကို ပို​ချစ်​လာ​လေ ဖြစ်ပါလိမ့်မယ်။ ဘုရား ချစ်တဲ့​အရာကို ချစ်ပါ။ ဘုရား မုန်းတဲ့​အရာကို မုန်းပါ။ မှန်ကန်တဲ့​အရာ၊ ဖြောင့်မတ်တဲ့​အရာ၊ စင်ကြယ်​တဲ့​အရာ၊ မေတ္တာ​တိုး​စေတဲ့​အရာ၊ မွန်မြတ်တဲ့​အရာ​စတဲ့ ကောင်းမြတ်တဲ့ အတွေး​တွေ​နဲ့ ကိုယ့်​စိတ်နှလုံးကို ဖြည့်​ထားပါ။ (ဖိလိပ္ပိ ၄:၈၊ ၉) ယေဟောဝါရဲ့ ဉာဏ်ပညာက​နေ အကျိုး​ရယူ​ခဲ့​တဲ့ ယောသပ်​လို ဖြစ်နိုင်​ကြပါတယ်။—ဟေရှာယ ၆၄:၈

၂၆။ နောက်​အခန်းမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၆ တစ်ကိုယ်ရေ​ဖြစ်စေ၊ အိမ်ထောင်သည်​ဖြစ်စေ သင့်ကို ယေဟောဝါ ပျော်ရွှင်​စေချင်တယ်။ နောက်​အခန်း နှစ်ခန်း​မှာ အိမ်ထောင်ရေး သာယာ​အောင်မြင်​စေနိုင်တဲ့ အချက်အလက်​တွေ ပါတယ်။