မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

လောကနဲ့ သီးခြားနေနိုင်ပုံ

လောကနဲ့ သီးခြားနေနိုင်ပုံ

“ခင်ဗျားတို့​က ဒီ​လောက​နဲ့ ဘာမှ မပတ်သက်​ဘူး။” —ယောဟန် ၁၅:၁၉

၁။ မသေဆုံးခင်​ညမှာ ယေရှု ဘာ​အတွက် စိုးရိမ်​ခဲ့သလဲ။

 ယေရှု မသေဆုံးခင်​ည။ တပည့်​တွေ​နဲ့ ခွဲခွာ​ရတော့မှာမို့ သူတို့ရဲ့ ရှေ့ရေး​အတွက် စိုးရိမ်တယ်။ ဒါကြောင့် “ခင်ဗျားတို့​က ဒီ​လောက​နဲ့ ဘာမှ မပတ်သက်​ဘူး” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၉) အဲဒီနောက် “ကျွန်တော်က ဒီ​လောက​နဲ့ မပတ်သက်​သလို သူတို့လည်း လောက​နဲ့ မပတ်သက်ကြပါဘူး” ဆိုပြီး သူတို့​အတွက် ခမည်းတော်​ဆီ ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၁၅၊ ၁၆) ယေရှု ဘာကို ဆိုလိုသလဲ။

၂။ “လောက” ဆိုတာ ဘာလဲ။

“လောက” ဆိုတာ ဘုရားကို မသိတဲ့ လူတွေ၊ စာတန့်​အုပ်ချုပ်မှု​အောက်​က လူတွေကို ရည်ညွှန်းတယ်။ (ယောဟန် ၁၄:၃၀။ ဧဖက် ၂:၂။ ယာကုပ် ၄:၄။ ၁ ယောဟန် ၅:၁၉) ဘယ်လိုနည်းနဲ့ “ဒီ​လောက​နဲ့ မပတ်သက်” ဘဲ နေနိုင်သလဲ။ ဒီ​အခန်းမှာ လောက​နဲ့ မပတ်သက်​ဘဲ နေနိုင်တဲ့ နည်းလမ်းတွေ​အကြောင်း သုံးသပ်ပါမယ်– ကျွန်တော်တို့ ဘုရား​နိုင်ငံတော်ကို ဆက်သ​စ္စာ​စောင့်သိ​ကြတယ်။ နိုင်ငံရေး​ကိစ္စမှာ ဘက်မလိုက်​ဘဲ ကြားနေကြတယ်။ လောက​စိတ်ဓာတ်​ကို တွန်းလှန်​ကြတယ်။ ဣန္ဒြေရှိရှိ ဝတ်စား​ဆင်ယင်​ကြတယ်။ ငွေနဲ့​ပတ်သက်ပြီး မျှတတဲ့​အမြင် ရှိကြတယ်။ ဘုရား ပြင်ဆင်​ပေးထားတဲ့ “ချပ်ဝတ်တန်ဆာ” ကိုလည်း ဝတ်ဆင်​ကြတယ်။—ရှင်းလင်းချက် ၁၆ ကို ကြည့်ပါ။

ဘုရား​နိုင်ငံတော်ကို သစ္စာစောင့်သိ​ပါ

၃။ နိုင်ငံရေး​ကို ယေရှု ဘယ်လို ရှုမြင်ခဲ့​သလဲ။

ယေရှု မြေကြီးပေါ်​ရှိစဉ်​က လူတွေမှာ ပြဿနာ​များစွာ ရှိကြောင်း၊ ခက်ခဲ​ကြ​ကြောင်း သိ​မြင်ခဲ့တယ်။ လူတွေကို အမှန်တကယ် စိတ်ဝင်စား​ပြီး ကူညီ​ပေးချင်ခဲ့တယ်။ ​ယေရှု နိုင်ငံရေး​ ခေါင်းဆောင် ဖြစ်လာ​သလား။ ဖြစ်မလာ​ပါဘူး။ လူတွေ အမှန်တကယ် လိုအပ်​နေတာ​ဟာ ဘုရား​နိုင်ငံတော်​ အစိုးရ​မှန်း ယေရှု သိတယ်။ ယေရှုဟာ ဘုရား​နိုင်ငံတော်မှာ ဘုရင် ဖြစ်လာမယ်။ ယေရှု အဓိက ဟောပြောတဲ့ အကြောင်းအရာကလည်း ဘုရား​နိုင်ငံတော်​အကြောင်းပါပဲ။ (ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၄:၄၃။ ၁၇:၂၀၊ ၂၁) ယေရှု​က နိုင်ငံရေးမှာ မပါဝင်ဘဲ အမြဲ ကြား​နေခဲ့တယ်။ “ကျွန်တော့်​နိုင်ငံ​ဟာ ဒီ​လောက​နဲ့ မပတ်သက်ဘူး” လို့ ရောမ​ဘုရင်ခံ ပုန္တိပိလတ်​ရှေ့မှာ ပြောခဲ့တယ်။ (ယောဟန် ၁၈:၃၆) ယေရှု​တပည့်တွေလည်း ကြားနေခဲ့​ကြတယ်။ “ယဉ်ကျေးမှု လမ်းမ​ပေါ်​ဝယ်” ဆိုတဲ့ စာအုပ်မှာ အစောပိုင်း​ ခရစ်ယာန်တွေဟာ “နိုင်ငံရေး​ ရာထူးတွေ ခံယူ​တာ​မျိုး မရှိကြဘူး” လို့ ဖော်ပြ​ထားတယ်။ ဒီနေ့ ခရစ်ယာန်စစ်တွေလည်း အလားတူပါပဲ။ ဘုရား​နိုင်ငံတော်ကို သစ္စာရှိ​ရှိ ထောက်ခံ​ပြီး လောက​နိုင်ငံရေး​ ကိစ္စတွေမှာ ကြားနေကြတယ်။—မဿဲ ၂၄:၁၄

ဘုရား​နိုင်ငံတော်ကို သစ္စာရှိ​ရှိ ထောက်ခံရတဲ့ အကြောင်းရင်းကို ရှင်းပြ​နိုင်သလား။

၄။ ခရစ်ယာန်စစ်တွေ​က ဘုရား​နိုင်ငံတော်ကို ဘယ်လို ထောက်ခံကြ​သလဲ။

တိုင်းတစ်ပါး​ အစိုးရ သံအမတ်​တွေ​က ကိုယ်​တာဝန်ကျရာ​ နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်​မ​စွက်ဖက်​ကြဘူး။ ကောင်းကင်မှာ ခရစ်တော်​နဲ့ တွဲဖက်​အုပ်ချုပ်​ဖို့ မျှော်လင့်ချက် ရှိ​ကြ​တဲ့ ဘိသိက်ခံ​တွေ​လည်း အလားတူပဲ။ “ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ ကိုယ်စား သံအမတ်​တွေ​ပဲ” လို့ ဘိသိက်ခံ​ ခရစ်ယာန်တွေဆီ ပေါလု စာရေးခဲ့တယ်။ (၂ ကောရိန္သု ၅:၂၀) ဘိသိက်ခံ​တွေ​က ဘုရားသခင့်​ အစိုးရ​ကို ကိုယ်စားပြု​ကြတယ်။ ဒီ​လောက​နိုင်ငံရေး၊ အစိုးရ​ အရေးကိစ္စ​တွေ​မှာ ဝင်​မ​စွက်​ကြဘူး။ (ဖိလိပ္ပိ ၃:၂၀) ဘုရား​နိုင်ငံတော်​အကြောင်း သင်ယူဖို့ လူ​သန်းနဲ့​ချီကို ဘိသိက်ခံ​တွေ ကူညီ​ပေးကြတယ်။ ဘုရားသခင့် ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိ​ကြ​တဲ့ “တခြား​သိုး​တွေ” က ဘိသိက်ခံ​တွေကို ကူညီ​ထောက်မ​ပေးကြတယ်။ သူတို့လည်း ကြားနေကြတယ်။ (ယောဟန် ၁၀:၁၆။ မဿဲ ၂၅:၃၁-၄၀) ဘယ်​ခရစ်ယာန်စစ်​မှ လောက​နိုင်ငံရေး​တွေ​မှာ ပါဝင်ပတ်သက်​မှာ မဟုတ်​ကြောင်း ထင်ရှား​ပါတယ်။ဟေရှာယ ၂:၂-၄ ကိုဖတ်ပါ။

၅။ ခရစ်ယာန်တွေ စစ်​မ​တိုက်​ရတဲ့ အကြောင်းရင်း​တစ်ခုက ဘာလဲ။

ခရစ်ယာန်စစ်တွေ​က ယုံကြည်သူချင်း​အားလုံးကို မိသားစု​လို့ သဘောထား​ကြတယ်။ ဘယ်​နိုင်ငံ၊ ဘယ်​နောက်ခံ​က​ပဲ လာပါစေ စည်းလုံး​ကြတယ်။ (၁ ကောရိန္သု ၁:၁၀) ကျွန်တော်တို့​သာ စစ်​ထဲ ဝင်​ကြ​မ​ယ်​ဆိုရင် ချစ်ကြပါ​လို့ ယေရှု မိန့်မှာ​ထားတဲ့ ယုံကြည်သူချင်းတွေ၊ ကိုယ့်​မိသားစုဝင်တွေကို တိုက်ခိုက်​ကြ​ရလိမ့်မယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၀-၁၂) ရန်သူတွေကို​တောင် ချစ်​ဖို့ တပည့်​တွေကို ယေရှု မိန့်မှာခဲ့တယ်။—မဿဲ ၅:၄၄။ ၂၆:၅၂

၆။ ယေဟောဝါရဲ့ ကျေးကျွန်တွေ အစိုးရ​ကို ဘယ်လို ရှုမြင်ကြ​သလဲ။

ကျွန်တော်တို့ ခရစ်ယာန်တွေ ကြားနေ​ကြပေမဲ့ နိုင်ငံသား​ကောင်း ဖြစ်ဖို့​တော့ ကြိုးစား​ကြပါတယ်။ ဥပမာ၊ ဥပဒေ လိုက်နာခြင်း၊ အခွန်​ပေးဆောင်ခြင်း​အားဖြင့် အစိုးရ​ကို လေးစားကြောင်း ပြကြတယ်။ ဒါပေမဲ့ “ဘုရားသခင်နဲ့​ ဆိုင်တာ” ကို​တော့ “ဘုရားသခင်ကို ပေး” မြဲ​ပေးကြတယ်။ (မာကု ၁၂:၁၇။ ရောမ ၁၃:၁-၇။ ၁ ကောရိန္သု ၆:၁၉၊ ၂၀) “ဘုရားသခင်နဲ့​ ဆိုင်တာ” တွေ​ထဲမှာ ဘုရားကို ချစ်တာ၊ နာခံ​တာ၊ ဝတ်ပြု​ကိုးကွယ်တာတွေ ပါဝင်တယ်။ ယေဟောဝါကို ဖီဆန်မယ့်အစား ကိုယ့်​အသက်ကို​တောင် စွန့်ဖို့ အသင့်​ရှိကြတယ်။—လုကာ ၄:၈။ ၁၀:၂၇။ တမန်တော် ၅:၂၉။ ရောမ ၁၄:၈ တို့ကို​ဖတ်ပါ။

“လောက​စိတ်ဓာတ်” ကို တွန်းလှန်ပါ

၇၊ ၈။ “လောက​စိတ်ဓာတ်” ဆိုတာ ဘာလဲ။ လူတွေ​အပေါ် ဘယ်လို သက်​ရောက်​သလဲ။

စာတန့်​လောက​နဲ့ သီးခြား​နေတယ်​ဆိုတာ “လောက​စိတ်ဓာတ်” ရဲ့ ထိန်းချုပ်မှု မခံ​တာ​ကို ဆိုလိုတယ်။ လောက​စိတ်ဓာတ်​ဆိုတာ စာတန်ဆီက လာတဲ့ တွေးခေါ်​ပြုမူပုံ ဖြစ်ပြီး ယေဟောဝါကို မကိုးကွယ်တဲ့​သူတွေကို ထိန်းချုပ်​ထားတယ်။ ခရစ်ယာန်တွေ​ကတော့ လောက​စိတ်ဓာတ်​ကို တွန်းလှန်​ကြတယ်။ ပေါလု ပြောခဲ့​သလိုပဲ “ကျွန်တော်တို့ဟာ လောက​စိတ်ဓာတ်​ကို မရဘဲ ဘုရားသခင်​ဆီက စွမ်းအားတော်ကို ရထားတယ်။”—၁ ကောရိန္သု ၂:၁၂။ ဧဖက် ၂:၂၊ ၃ရှင်းလင်းချက် ၁၇ ကို ကြည့်ပါ။

လောက​စိတ်ဓာတ်​က လူတွေကို တစ်ကိုယ်ကောင်းဆန်​စေတယ်။ မာနကြီး​စေတယ်။ ပုန်ကန်​တတ်​စေတယ်။ ဘုရားကို နာခံဖို့ မလိုဘူးလို့ ထင်မြင်​စေတယ်။ စာတန်​က လူတွေကို အကျိုးဆက်​တွေ ထည့်​မစဉ်းစား​ဘဲ ကိုယ့်​စိတ်ကြိုက် လုပ်​စေချင်တယ်။ “သွေးသား​အလိုဆန္ဒ၊ မျက်စိ​ရဲ့ အလိုဆန္ဒ” တွေကို ဘဝရဲ့ အရေးကြီးဆုံး​အရာတွေ​အဖြစ် လက်ခံ​ယုံကြည်​စေချင်တယ်။ (၁ ယောဟန် ၂:၁၆။ ၁ တိမောသေ ၆:၉၊ ၁၀) မာရ်နတ်​က ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကို လမ်းလွဲ​သွား​စေဖို့၊ မိမိ​တွေးခေါ်​သလို တွေးခေါ်​လာ​အောင် လှည့်စားဖို့ အစွမ်းကုန် ကြိုးစား​နေတယ်။—ယောဟန် ၈:၄၄။ တမန်တော် ၁၃:၁၀။ ၁ ယောဟန် ၃:၈

၉။ လောက​စိတ်ဓာတ်​က ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ဩဇာ​လွှမ်းမိုး​နိုင်သလဲ။

ကျွန်တော်တို့ ရှူ​ရှို​က်​နေတဲ့ လေ​လို​ပဲ လောက​စိတ်ဓာတ်​က ကျွန်တော်တို့​ပတ်ဝန်းကျင်မှာ ပျံ့နှံ့​နေတယ်။ ကြိုးစား​မတွန်းလှန်​ဘူးဆိုရင် အဲဒီ​စိတ်ဓာတ် ဝင်လာနိုင်တယ်။ (ပညာအလိမ္မာ ၄:၂၃ ကိုဖတ်ပါ။) အပြစ်ကင်း​ပုံ​ရတဲ့ နည်းတွေနဲ့ မသိမသာ ဝင်​လာ​တတ်တယ်။ ဥပမာ၊ ယေဟောဝါကို ဝတ်​မပြု​တဲ့​သူတွေရဲ့ အတွေးအခေါ်၊ သဘောထားတွေ လက်ခံ​လာတာ​မျိုး​ပေါ့။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) ဒါမှမဟုတ် ညစ်ညမ်း​ရုပ်ပုံ​စာပေ၊ အယူဖောက်ပြန်မှု၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အားကစားပွဲ​တွေ​က​တစ်ဆင့် ဩဇာ​လွှမ်းမိုး​ခံရနိုင်​တယ်။—ရှင်းလင်းချက် ၁၈ ကို ကြည့်ပါ။

၁၀။ လောက​စိတ်ဓာတ်​ကို ဘယ်လိုနည်းနဲ့ တွန်းလှန်​နိုင်သလဲ။

၁၀ ဒါဆိုရင် လောက​စိတ်ဓာတ်​ရဲ့ ထိန်းချုပ်မှု မခံရအောင် ဘယ်လို တွန်းလှန်​နိုင်သလဲ။ ယေဟောဝါနဲ့ ရင်းရင်းနှီးနှီး ရှိနေရမယ်။ ဘုရား​လမ်းညွှန်မှု ခံယူရမယ်။ သန့်ရှင်းသော စွမ်းအားတော်​ရဖို့ မပြတ် ဆုတောင်း​ရမယ်။ ဘုရား​အမှုဆောင်ခြင်းမှာ အလုပ်​များနေ​ရမယ်။ ယေဟောဝါဟာ စကြဝဠာ​မှာ တန်ခိုး​အကြီးဆုံး​အရှင် ဖြစ်တာမို့ လောက​စိတ်ဓာတ် တွန်းလှန်ဖို့ ကျွန်တော်တို့ကို ကူညီ​ပေးနိုင်မှန်း စိတ်ချ​ကြပါတယ်။—၁ ယောဟန် ၄:၄

ဘုရားကို ဂုဏ်တင်တဲ့​နည်းနဲ့ ဝတ်စားဆင်ယင်ပါ

၁၁။ လူတွေရဲ့ ဝတ်စားဆင်ယင်ပုံ​ကို လောက​စိတ်ဓာတ် ဘယ်လို ဩဇာ​လွှမ်းမိုး​နေသလဲ။

၁၁ ဝတ်စားဆင်ယင်ပုံ​အားဖြင့်​လ​ည်း ကျွန်တော်တို့ ဒီ​လောက​နဲ့ မပတ်သက်​မှန်း ပြကြတယ်။ လောက,က လူများစွာဟာ အာရုံစိုက်​ခံရဖို့၊ တခြားသူရဲ့ စိတ်ထဲမှာ မတော်လျော်တဲ့​အတွေး​တွေ ပေါ်လာစေဖို့၊ ပုန်ကန်တဲ့ သဘောထား ပြဖို့၊ ဘယ်လောက် ချမ်းသာ​မှန်း ပြဖို့ ဝတ်စား​ဆင်ယင်​တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်​အသွင်အပြင်​ကို ဂရုမစိုက်​ကြဘူး။ ဖြစ်ကတတ်ဆန်း၊ ဖိုသီဖတ်သီ ဝတ်စား​ကြတယ်။ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံ​ကို အဲဒီလို​သဘောထား​တစ်ခု​မှ လွှမ်းမိုးခွင့် ပြုလို့​မဖြစ်​ဘူး။

ကိုယ့်​ဝတ်စား​ဆင်​ယ​င်​ပုံ​အားဖြင့် ယေဟောဝါကို ဂုဏ်တင်​နေ​သလား။

၁၂၊ ၁၃။ အဝတ်အစား ရွေးချယ်​ဆုံးဖြတ်တဲ့​အခါ ဘယ်​ကျမ်းစာ​အခြေခံ​မူတွေ​က လမ်းညွှန်​သင့်သလဲ။

၁၂ ယေဟောဝါရဲ့ ကျေးကျွန်တွေ​အနေနဲ့ ကျွန်တော်တို့ဟာ သန့်ရှင်း​သပ်ရပ်​တဲ့၊ နှစ်သက်ဖွယ်​ကောင်းတဲ့၊ အချိန်​အခါ​နဲ့ လိုက်ဖက်​တဲ့ အဝတ်အစားမျိုး အမြဲ ဝတ်ဆင်​ချင်​ကြပါတယ်။ “ဘုရားသခင်ကို ကြည်ညို” ကြောင်း ဖော်ပြဖို့ “ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှု​ရှိ​ရှိ” ဝတ်ဆင်​ကြပါတယ်။—၁ တိမောသေ ၂:၉၊ ၁၀။ ယုဒ ၂၁

၁၃ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံ​က ယေဟောဝါနဲ့ ဘုရား​လူမျိုးအပေါ် တခြားသူ​တွေရဲ့ ရှုမြင်ပုံကို သက်ရောက်မှု ရှိ​နိုင်တယ်။ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်​ပြီး အရာရာကို” လုပ်ဆောင်​ချင်ကြတယ်။ (၁ ကောရိန္သု ၁၀:၃၁) ဣန္ဒြေရှိ​ခြင်း​မှာ တခြားသူ​တွေရဲ့ ခံစားချက်၊ ထင်မြင်ချက်​ကို လေးစား​တဲ့​သဘော ပါဝင်တယ်။ ဒါကြောင့် အဝတ်အစား ရွေးချယ်​ဆုံးဖြတ်တဲ့​အခါ ကိုယ့်​ရွေးချယ်မှုက တခြား​သူတွေ​အပေါ် သက်ရောက်မှု ရှိ​မှန်း သတိရ​ကြပါတယ်။—၁ ကောရိန္သု ၄:၉။ ၂ ကောရိန္သု ၆:၃၊ ၄။ ၇:၁

၁၄။ ခရစ်ယာန် လုပ်ငန်း​ဆောင်​တာ​တွေ​အတွက် အဝတ်အစား ရွေးချယ်​တဲ့အခါ ဘာထည့်​စဉ်းစား​ရမလဲ။

၁၄ အစည်းအဝေး တက်တဲ့အခါ၊ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ ဘယ်လို ဝတ်ဆင်​ကြသလဲ။ တရားလွန် အာရုံစိုက်​စ​ရာ ဖြစ်စေသလား။ တခြား​သူတွေကို စိတ်​အနှောင့်အယှက် ဖြစ်စေသလား။ ကိုယ့်​လုပ်ပိုင်ခွင့်​ပဲ၊ ကိုယ်ကြိုက်​သလို ဝတ်​မ​ယ်လို့ သဘောထား​သလား။ (ဖိလိပ္ပိ ၄:၅။ ၁ ပေတရု ၅:၆) ကြည့်ပျော်ရှုပျော် ဖြစ်ချင်​ကြ​တာ သဘာဝ​ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကို အမှန်တကယ် နှစ်သက်ဖွယ်ကောင်း​စေ​တာ​က ခရစ်ယာန်​အရည်အသွေးတွေပါ။ ယေဟောဝါလည်း အဲဒီ​အရည်အသွေးတွေကို​ပဲ ကြည့်တာပါ။ အဲဒီ​အရည်အသွေးတွေ​က “ဘုရားသခင့်​ရှေ့မှာ အလွန်​အဖိုးတန်​တဲ့” ကျွန်တော်တို့ရဲ့ အတွင်းသဘော၊ “စိတ်ထား​အလှ” ကို ပေါ်လွင်​စေတယ်။—၁ ပေတရု ၃:၃၊ ၄

၁၅။ ဘယ်လို ဝတ်စား​ဆင်ယင်​သင့်​ပုံ​နဲ့ပတ်သက်ပြီး ဘာကြောင့် ယေဟောဝါ အတိအကျ မပြော​ထားသလဲ။

၁၅ ကျွန်တော်တို့ ဝတ်​သင့်တဲ့၊ မ​ဝတ်​သင့်တဲ့ အဝတ်အစား​နဲ့ပတ်သက်ပြီး စည်းမျဉ်း​စည်းကမ်း​စာရင်း ယေဟောဝါ ပေး​မထားဘူး။ မှန်ကန်စွာ ရွေးချယ်​နိုင်ဖို့ ကူညီ​ပေးတဲ့ ကျမ်းစာ​အခြေခံ​မူတွေကို​တော့ ပေးထားတယ်။ (ဟီဘရူး ၅:၁၄) ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့​မေတ္တာ​အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ကြီးကြီးငယ်ငယ် ချ​စေချင်တယ်။ (မာကု ၁၂:၃၀၊ ၃၁ ကိုဖတ်ပါ။) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါ​လူမျိုး​က ကိုယ့်​ယဉ်ကျေးမှု၊ ကိုယ်​နှစ်သက်ရာ​တွေ​ပေါ် မူတည်ပြီး အမျိုးမျိုး ဝတ်စား​ဆင်ယင်​ကြတယ်။ ဝတ်စားဆင်ယင်ပုံ​အမျိုးမျိုး​က မျက်စိပသာဒ ဖြစ်စေတယ်။ လန်းဆန်း​စေတယ်။

ငွေနဲ့​ပတ်သက်ပြီး မျှတတဲ့​အမြင်

၁၆။ ငွေ​အပေါ်​ထားတဲ့ လောက​အမြင်​က ယေရှုရဲ့ သွန်သင်ချက်နဲ့ ဘယ်လို ဆန့်ကျင်​နေသလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။

၁၆ ငွေနဲ့ ဥစ္စာ​ပစ္စည်းတွေက ပျော်ရွှင်​စေမယ်လို့ လူတွေကို စာတန် ယူမှတ်​စေချင်တယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကတော့ ဒါ​မမှန်ဘူး​ဆိုတာ သိကြတယ်။ “လူ​တစ်ယောက်ဟာ စည်းစိမ်​ကြွယ်ဝ​နေရင်တောင် သူ့​စည်းစိမ်​က အသက်​မပေးနိုင်​ဘူး” ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ကျွန်တော်တို့ ယုံကြည်​ကြတယ်။ (လုကာ ၁၂:၁၅) ငွေ​က စစ်မှန်တဲ့ ပျော်ရွှင်မှု မပေးနိုင်​ဘူး။ မိတ်ဆွေစစ်၊ စစ်မှန်တဲ့ စိတ်​ငြိမ်သက်မှု၊ ထာဝရ​အသက် မပေးနိုင်​ဘူး။ ဥစ္စာ​ပစ္စည်း​တချို့ လိုအပ်တာ၊ ဘဝကို ပျော်မွေ့ချင်ကြတာ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားနဲ့ ဆက်ဆံရေး​ကောင်း ရှိရင်၊ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းက ဘဝမှာ အရေးကြီးဆုံး ဖြစ်ရင် ပျော်ရွှင်​မ​ယ်လို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၅:၃။ ၆:၂၂) ‘ငွေ​အပေါ် ထားတဲ့ လောက​အမြင် ငါ့ကို လွှမ်းမိုး​နေပြီလား။ ငွေ​အကြောင်း​ပဲ အဓိက ပြောဆို​စဉ်းစား​နေ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။—လုကာ ၆:၄၅။ ၂၁:၃၄-၃၆။ ၂ ယောဟန် ၆

၁၇။ ငွေ​အပေါ်​ထားတဲ့ လောက​အမြင်​ကို ငြင်းပယ်​မ​ယ်​ဆိုရင် ဘဝက ဘယ်လို တိုးတက်လာ​နိုင်သလဲ။

၁၇ ယေဟောဝါရဲ့ အမှုတော်​ဆောင်ခြင်း​ကို အာရုံစိုက်​မ​ယ်၊ ငွေ​အပေါ်​ထားတဲ့ လောက​အမြင်​ကို ငြင်းပယ်​မ​ယ်​ဆိုရင် ကျွန်တော်တို့​ဘဝ အ​ဓိပ္ပာယ်​ရှိလာမယ်။ (မဿဲ ၁၁:၂၉၊ ၃၀) ကျေနပ်​ရောင့်ရဲ​ပြီး စိတ်​ငြိမ်သက်မှု ခံစားရမယ်။ (မဿဲ ၆:၃၁၊ ၃၂။ ရောမ ၁၅:၁၃) ဥစ္စာ​ပစ္စည်း​နဲ့ပတ်သက်ပြီး စိုးရိမ်​ပူပန်မှု လျော့နည်း​လာမယ်။ (၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။) ပေးကမ်းခြင်း​ကြောင့် ရရှိမယ့် ပျော်ရွှင်မှု​ကို ခံစားရမယ်။ (တမန်တော် ၂၀:၃၅) ကိုယ့်​ဘဝပုံစံ​ကြောင့် ချစ်ခင်​ရတဲ့​သူတွေကို အချိန်ပို​ပေး​နိုင်မယ်။ နှစ်နှစ်​ခြိုက်​ခြိုက် အိပ်စက်​နိုင်မယ်။—ဒေသနာ ၅:၁၂

“ချပ်ဝတ်တန်ဆာ အပြည့်အစုံ”

၁၈။ ကျွန်တော်တို့ကို စာတန် ဘာလုပ်ဖို့ ကြိုးစား​နေသလဲ။

၁၈ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ စာတန် ကြိုးစား​နေတယ်။ ဒါကြောင့် ဘုရားနဲ့ ဆက်ဆံရေးကို အတတ်နိုင်ဆုံး ကာကွယ်​ကြရမယ်။ ကျွန်တော်တို့ “နတ်ဆိုး​များစွာနဲ့ တိုက်ခိုက်​နေရတာပါ။” (ဧဖက် ၆:၁၂) စာတန်နဲ့ နတ်ဆိုးတွေက ကျွန်တော်တို့ကို မပျော်ရွှင်​စေချင်ဘူး။ ထာဝရ​အသက် မရ​စေချင်ဘူး။ (၁ ပေတရု ၅:၈) တန်ခိုးကြီး​ရန်သူတွေ တိုက်ခိုက်​နေကြပေမဲ့ ယေဟောဝါရဲ့ အကူအညီ​နဲ့ ကျွန်တော်တို့ အောင်မြင်​နိုင်ပါတယ်။

၁၉။ ခရစ်ယာန် “ချပ်ဝတ်တန်ဆာ” အကြောင်း ဧဖက် ၆:၁၄-၁၈ မှာ ဘယ်လို ဖော်ပြ​ထားသလဲ။

၁၉ ရှေးခေတ် စစ်သားတွေ​က စစ်​မြေပြင်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ချပ်ဝတ်တန်ဆာ ဝတ်ဆင်​ကြတယ်။ အလားတူပဲ ကျွန်တော်တို့လည်း ယေဟောဝါ ပေးထားတဲ့ “ချပ်ဝတ်တန်ဆာ” ကို ဝတ်ဆင်​ကြရမယ်။ (ဧဖက် ၆:၁၃) အဲဒီ​ချပ်ဝတ်တန်ဆာ​က ကျွန်တော်တို့ကို ကာကွယ်​ပေးမယ်။ ချပ်ဝတ်တန်ဆာ​အကြောင်း ဧဖက် ၆:၁၄-၁၈ မှာ ဒီလို​ဖတ်​ရတယ်– “ဒီတော့ အမှန်တရား​ခါးပန်းကို စည်းထား​ကြ၊ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်ဆင်​ပြီး အခိုင်အမာ ရပ်တည်​ကြ။ ငြိမ်သက်ခြင်း​ သတင်းကောင်း ဟော​ဖို့ အသင့်ရှိနေ​ခြင်း​ဆိုတဲ့ ဖိနပ်​ကို စီး​ထား​ကြ။ အဲဒါတွေ​အပြင် ဆိုးညစ်သူ ပစ်ခတ်​တဲ့ မီးမြားတွေကို ငြိမ်းသတ်​နိုင်တဲ့ ယုံကြည်ခြင်း ဒိုင်းလွှား​ကြီး​ကိုလည်း ကိုင်ဆောင်​ထား​ကြ။ ကယ်တင်ခြင်း သံခမောက်ကို ဆောင်း​ထား​ကြ။ ဘုရားသခင့်​ တရား​စကား ဖြစ်တဲ့ စွမ်းအားတော်​ ဓား​ကိုလည်း ကိုင်စွဲ​ကြ။ အချိန်​အခါတိုင်း​မှာ စွမ်းအားတော်​ လမ်းညွှန်မှုနဲ့​အညီ တိုးလျှိုး​အသနားခံခြင်း၊ ဆုတောင်းခြင်း အမျိုးမျိုးနဲ့ ဆုတောင်း​နေပါ။”

၂၀။ “ချပ်ဝတ်တန်ဆာ” ကနေ အကာအကွယ် ရဖို့ ဘာလုပ်​ကြ​ရမလဲ။

၂၀ စစ်သား​တစ်ယောက်က ချပ်ဝတ်တန်ဆာ​တစ်မျိုး ဝတ်ဖို့ မေ့သွား​လို့ ခန္ဓာကိုယ် အစိတ်အပိုင်း​တစ်ခု အကာအကွယ်မဲ့​နေရင် အဲဒီ​အစိတ်အပိုင်းဟာ ရန်သူရဲ့ ပစ်မှတ်​ပဲ။ အကာအကွယ် ရချင်တယ်​ဆိုရင် “ချပ်ဝတ်တန်ဆာ” တစ်ပိုင်း​ကို​တောင် မေ့​လို့​ မဖြစ်​ဘူး။ အချိန်ပြည့် ဝတ်​ထားရမယ်။ အဲဒါကို မပျက်စီး​အောင် ထိန်းသိမ်း​ထားရမယ်။ စာတန့်​လောက ဖျက်ဆီး​ခံရ​ချိန်​အထိ၊ စာတန်နဲ့ နတ်ဆိုး​တွေ ကမ္ဘာပေါ်​ကနေ ဖယ်ရှားခံရ​တဲ့အချိန်​အထိ ကျွန်တော်တို့ တိုက်ခိုက်​နေရ​ဦး​မှာပါ။ (ဗျာဒိတ် ၁၂:၁၇။ ၂၀:၁-၃) ဒါကြောင့် မကောင်းတဲ့​ဆန္ဒတွေ၊ အားနည်းချက်တွေကို တိုက်လှန်​နေရတယ်​ဆိုရင် လက်မလျှော့​သင့်​ပါဘူး။—၁ ကောရိန္သု ၉:၂၇

၂၁။ တိုက်ခိုက်မှု​မှာ ဘယ်လို အောင်မြင်နိုင်​ကြ​မလဲ။

၂၁ ကိုယ့်​အစွမ်း​ခွန်အား​နဲ့ မာရ်နတ်ကို မ​တိုက်လှန်​နိုင်​ဘူး။ ယေဟောဝါရဲ့ အကူအညီ ပါ​ရင်​တော့ တိုက်လှန်​နိုင်ပါတယ်။ သစ္စာရှိ​နေ​နိုင်ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ရမယ်။ ကျမ်းစာ လေ့လာ​ရမယ်။ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​ရမယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ဒါတွေ​က ဘုရား​အပေါ် သစ္စာစောင့်သိ​နေနိုင်အောင်၊ ယုံကြည်ခြင်းကို ခုခံ​ကာကွယ်ဖို့ အသင့်ရှိနေ​အောင် ကူညီ​ပေးပါလိမ့်မယ်။

ယုံကြည်ခြင်းကို ခုခံ​ကာကွယ်ဖို့ အသင့်​ရှိပါ

၂၂၊ ၂၃။ (က) ယုံကြည်ခြင်းကို ခုခံ​ကာကွယ်ဖို့ ဘယ်လို အမြဲ အသင့်​ရှိနေ​နိုင်သလဲ။ (ခ) နောက်​အခန်းမှာ ဘာအကြောင်း လေ့လာ​ကြ​မလဲ။

၂၂ ယုံကြည်ခြင်းကို ခုခံ​ကာကွယ်ဖို့ အမြဲ အသင့်​ရှိနေရမယ်။ (ယောဟန် ၁၅:၁၉) ကိစ္စရပ်​တချို့မှာ ယေဟောဝါ​သက်သေတွေဟာ လူအများစု​နဲ့ ရပ်တည်ချက် မတူကြ​ဘူး။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ဒီလို​ရပ်တည်​ရတဲ့ အကြောင်းရင်းကို ငါ​တကယ်​ကော နားလည်​ရဲ့​လား။ ကျမ်းစာ၊ သစ္စာနဲ့ သတိပညာရှိတဲ့​ကျွန် ပြောတာ မှန်တယ်လို့ ငါ​ယုံကြည်​သလား။ ယေဟောဝါ​သက်သေ​တစ်ယောက် ဖြစ်​ရတာ ငါ​ဂုဏ်ယူ​သလား။ (ဆာလံ ၃၄:၂။ မဿဲ ၁၀:၃၂၊ ၃၃) တခြား​သူတွေကို ငါ့​ယုံကြည်ချက်​အကြောင်း ရှင်းပြ​နိုင်သလား။’—မဿဲ ၂၄:၄၅။ ယောဟန် ၁၇:၁၇။ ၁ ပေတရု ၃:၁၅ ကိုဖတ်ပါ။

၂၃ အခြေအနေ​များစွာမှာ လောက​နဲ့ သီးခြား​နေဖို့ ဘာ​လုပ်ရမယ်​ဆိုတာ ရှင်း​ပါတယ်။ တစ်ခါတလေကျတော့ သိပ်​မသိသာ​ဘူး။ စာတန်​က ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ထောင်ချောက်​ဆင်​ဖို့ ကြိုးစားတယ်။ စာတန် အသုံးပြုတဲ့ ထောင်ချောက်​တစ်ခုက​တော့ ဖျော်ဖြေရေး​ပါပဲ။ ဖျော်ဖြေရေး​ကို ပညာရှိရှိ ဘယ်လို ရွေးချယ်​နိုင်မလဲ။ နောက်​အခန်းမှာ လေ့လာပါ​မ​ယ်။