မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ

အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ

“ကြိုးစားပမ်းစား လုပ်ကိုင်​မှု​ကြောင့် ပျော်ရွှင်​ကျေနပ်တာဟာ သင့်လျော်တယ်။”—ဒေသနာ ၃:၁၃

၁-၃။ (က) လူတွေ အလုပ်ကို ဘယ်လို သဘောထားကြသလဲ။ (ခ) ဒီ​အခန်းမှာ ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။

 ကမ္ဘာတစ်ဝန်းမှာ လူတွေက ကို​ယ်​တိုင်​နဲ့ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားပမ်းစား အလုပ်​လုပ်ကြတယ်။ လူများစွာက ကိုယ့်​အလုပ်ကို မကြိုက်ကြဘူး။ တစ်​နေ​ကုန် လုပ်​ရတဲ့​အတွက် လူတချို့ အလုပ်​မသွား​ချင်​ကြဘူး။ အဲဒီလို​ခံစားရရင် အလုပ်မှာ ပိုပျော်​ရွှင်​လာ​အောင် ဘာ​လုပ်နိုင်သလဲ။ အလုပ်အပေါ် ဘယ်လို သဘောထား​နိုင်သလဲ။

“စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်​မှု​ကြောင့် ပျော်ရွှင်​ကျေနပ်တာဟာ သင့်လျော်တယ်။ . . . ဒါတွေဟာ ဘုရားသခင်​ဆီက ရတဲ့ လက်ဆောင်​ပဲ” ဆိုပြီး ယေဟောဝါ မိန့်ဆိုတယ်။ (ဒေသနာ ၃:၁၃) ယေဟောဝါ​က ကျွန်တော်တို့ကို အလုပ်လုပ်ဖို့ လိုအပ်ချက်၊ စိတ်ဆန္ဒ​နဲ့ ဖန်ဆင်း​ထားတယ်။ ကျွန်တော်တို့ လုပ်ကိုင်​ရာတွေ​ကနေ ကျေနပ်မှု ရစေ​ချင်တယ်။ဒေသနာ ၂:၂၄။ ၅:၁၈ တို့ကို ဖတ်ပါ။

အလုပ်မှာ ပျော်ရွှင်ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ ဘယ်လို​အလုပ်​မျိုးကို ခရစ်ယာန်တွေ ရှောင်​ရမလဲ။ ယေဟောဝါကို ကိုးကွယ်​ဝတ်ပြုခြင်း​နဲ့ အလုပ်ကို ဘယ်လို ဟန်ချက်ညီ​စေနိုင်သလဲ။ ကျွန်တော်တို့ လုပ်ဆောင်​နိုင်တဲ့ အရေးကြီးဆုံး​လုပ်ငန်း​က ဘာလဲ။

အကြီးမြတ်ဆုံး လုပ်သား​နှစ်ဦး

၄၊ ၅။ အလုပ်အပေါ် ယေဟောဝါရဲ့ အမြင်​က ဘာလဲ။

ယေဟောဝါ​ကိုယ်တိုင် အလုပ်ကို ချစ်မြတ်နိုးတယ်။ ကမ္ဘာဦး ၁:၁ မှာ ဒီလို​ဖော်ပြ​ထားတယ်– “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။” မြေကြီးနဲ့ မြေကြီးပေါ်​ရှိသမျှကို ဖန်ဆင်း​ပြီးတဲ့အခါ “သိပ်​ကောင်းတယ်” လို့ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၁:၃၁) ဖန်ဆင်းရှင်​က ဖန်ဆင်းခဲ့တာနဲ့​ပတ်သက်ပြီး ကျေနပ်​အား​ရခဲ့တယ်။—၁ တိမောသေ ၁:၁၁

ယေဟောဝါ​က အမြဲ အလုပ်လုပ်တယ်။ “ကျွန်တော့်ရဲ့ အဖဘုရား​ဟာ အခု​ချိန်​ထိ အလုပ်လုပ်​နေတုန်းပဲ” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၅:၁၇) ယေဟောဝါ လုပ်ဆောင်​သ​မျှ အံ့ဖွယ်အမှု​အားလုံးကို ကျွန်တော်တို့ မသိပေမဲ့ တချို့ကို​တော့ သိကြတယ်။ ဘုရား​နိုင်ငံတော်မှာ သားတော်​ ယေရှု​ခရစ်​နဲ့အတူ အုပ်ချုပ်မယ့်​သူတွေကို ရွေးချယ်​တ​ယ်။ (၂ ကောရိန္သု ၅:၁၇) လူသားတွေကို စိတ်ဝင်တစား လမ်းညွှန်၊ ဂရုစိုက်​ပေးနေတယ်။ ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​ကြောင့် လူ​သန်းပေါင်း​များစွာ ယေဟောဝါကို သိကျွမ်း​လာကြတယ်။ ကမ္ဘာ့​ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာ​ကြတယ်။—ယောဟန် ၆:၄၄။ ရောမ ၆:၂၃

၆၊ ၇။ ယေရှုဟာ ဘယ်လို လုပ်သားမျိုးလဲ။

ခမည်းတော်​လို​ပဲ ယေရှုလည်း အလုပ်ကို ချစ်မြတ်နိုးတယ်။ မြေကြီးပေါ် မလာခင် ကောင်းကင်နဲ့ မြေကြီးပေါ်​ရှိသမျှကို ဖန်ဆင်းရာမှာ ဘုရားရဲ့ “ကျွမ်းကျင်လုပ်သား” အဖြစ် အမှုထမ်းခဲ့​တယ်။ (ပညာအလိမ္မာ ၈:၂၂-၃၁။ ကောလောသဲ ၁:၁၅-၁၇) မြေကြီးပေါ်​မှာလည်း ကြိုးစားပမ်းစား အလုပ်​လုပ်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်တဲ့ လက်သမား ဖြစ်လာပြီး ပရိဘောဂ​နဲ့ အိမ်တွေ ဆောက်လုပ်ခဲ့​ပုံ​ရတယ်။ ကျွမ်းကျင်​လာတဲ့​အတွက် လူတွေက ယေရှုကို “လက်သမား” လို့ သိလာကြတယ်။—မာကု ၆:၃

ဒါပေမဲ့ မြေကြီးပေါ် ရှိ​စဉ် ယေရှု​အတွက် အရေးကြီးဆုံး​လုပ်ငန်း​ကတော့ သတင်းကောင်း ဟောပြောခြင်းနဲ့ ယေဟောဝါ​အကြောင်း လူတွေကို သွန်သင်ပေး​ခြင်း​ပါပဲ။ အမှုဆောင်ခြင်း​လုပ်ငန်း ပြီးစီး​ဖို့ ယေရှု သုံးနှစ်ခွဲ အချိန်ရခဲ့တယ်။ မနက်စောစော​ကနေ ညနက်​တဲ့​အထိ ကြိုးစားပမ်းစား အလုပ်​လုပ်ခဲ့တယ်။ (လုကာ ၂၁:၃၇၊ ၃၈။ ယောဟန် ၃:၂) ဖုန်ထူတဲ့ လမ်းတွေပေါ် မိုင်ရာချီ လမ်းလျှောက်​ပြီး လူများ​နိုင်သမျှ​များများ​ကို သတင်းကောင်း ဟော​ပြောခဲ့တယ်။—လုကာ ၈:၁

၈၊ ၉။ ယေရှု အလုပ်မှာ ဘာကြောင့် ပျော်ရွှင်​ကျေနပ်​ခဲ့သလဲ။

ဘုရား​အမှုဆောင်ခြင်းက ယေရှု​အတွက် အစားအစာ​လို​ပဲ။ အမှုဆောင်ခြင်းက​နေ အစွမ်း​ခွန်အား ရခဲ့တယ်။ အစာ​စားချိန် မရှိ​လောက်​အောင် ကြိုးစားပမ်းစား အလုပ်​လုပ်တဲ့​နေ့​တွေ ရှိတယ်။ (ယောဟန် ၄:၃၁-၃၈) ခမည်းတော်​အကြောင်း တခြား​သူတွေ သိလာ​ဖို့ အခွင့်အရေးတိုင်းကို အသုံး​ချခဲ့တယ်။ ဒါကြောင့်လည်း ယေဟောဝါ​ဆီ ဒီလို​ပြော​နိုင်ခဲ့တယ်– “ကမ္ဘာပေါ်မှာ အဖရဲ့ ဘုန်း​ကို ကျွန်တော် ထင်ရှားစေ​ခဲ့​ပါပြီ။ အဖ ခိုင်း​ထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ။”—ယောဟန် ၁၇:၄

ယေဟောဝါ​ကော ယေရှုပါ အလုပ်​ကြိုးစားပြီး အလုပ်​ကနေ ပျော်ရွှင်​ကျေနပ်မှု ခံစား​ကြတယ်။ ကျွန်တော်တို့ “ဘုရားသခင်ကို အတုယူ” ချင်ကြတယ်။ “[ယေရှုရဲ့ ] ခြေရာ​ကို ထက်ကြပ်မကွာ လိုက်လျှောက်” ချင်​ကြပါတယ်။ (ဧဖက် ၅:၁။ ၁ ပေတရု ၂:၂၁) ဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားပမ်းစား လုပ်ကိုင်​ကြတယ်။

အလုပ်ကို ဘယ်လို သဘောထား​သင့်သလဲ

၁၀၊ ၁၁။ အလုပ်အပေါ် အပြုသဘောထား ရှိဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၁၀ ယေဟောဝါရဲ့ ကျေးကျွန်တွေ​က ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားပမ်းစား အလုပ်​လုပ်ကြတယ်။ အလုပ်​ကနေ ပျော်ရွှင်​ကျေနပ်မှု ခံစားချင်​ပေ​မဲ့ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ အလုပ်မှာ မပျော်ရွှင်​ဘူးဆိုရင် ဘာ​လုပ်နိုင်သလဲ။

အပြုသဘောထား ရှိ​ခြင်းက ဘယ်​အလုပ်ကို​မဆို ပိုပျော်​ပျော်ရွှင်​ရွှင် လုပ်ဆောင်​စေနိုင်

၁၁ အပြုသဘောထား ရှိပါ။ ဘယ်မှာ လုပ်​မ​ယ်၊ ဘယ်လောက် လုပ်မယ်​ဆိုတာကို ပြောင်းလဲ​လို့ ရ​ချင်​မှ ရမယ်။ ဒါပေမဲ့ ကိုယ့်​သဘောထားကို​တော့ ပြောင်းလဲ​လို့ ရတယ်။ ကျွန်တော်တို့ဆီက ယေဟောဝါ ဘာ​မျှော်လင့်​ကြောင်း နားလည်​ထားခြင်းက အကူအညီ ဖြစ်နိုင်တယ်။ ဥပမာ၊ မိသားစု​ လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ကြိုးစား​ဖြည့်ဆည်း​ပေးဖို့ အိမ်ထောင်ဦးစီး​ဆီက ယေဟောဝါ မျှော်လင့်တယ်။ မိသားစုကို မထောက်ပံ့​သူဟာ “မယုံကြည်သူ​ထက်​တောင် ဆိုးရွားတယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (၁ တိမောသေ ၅:၈) အိမ်ထောင်ဦးစီး ဖြစ်မယ်ဆိုရင် မိသားစုကို ထောက်ပံ့ဖို့ အလုပ်​ကြိုးစား​ရမယ်။ ကိုယ့်​အလုပ်ကို ကြိုက်​ကြိုက်, မကြိုက်​ကြိုက် မိသားစုကို ထောက်ပံ့တာက ယေဟောဝါ နှစ်သက်ရာကို လုပ်ဆောင်​နေတာ​ပဲ​ဆိုတာ သိထား​ရမယ်။

၁၂။ အလုပ်​ကြိုးစားခြင်း၊ ရိုးသားခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြု​သလဲ။

၁၂ အလုပ်​ကြိုးစားပါ၊ ရိုးသားပါ။ ဒါက အလုပ်မှာ ပျော်ရွှင်ဖို့ ပိုလွယ်ကူ​စေနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၂၄။ ၂၂:၂၉) တစ်ချက်​အနေနဲ့ အလုပ်ရှင်​က ကိုယ့်အပေါ် ယုံကြည်​စိတ်ချ​လာမယ်။ ငွေ၊ ပစ္စည်း၊ အချိန် မခိုး​တဲ့၊ ရိုးသားတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေ တန်ဖိုးထား​ကြတယ်။ (ဧဖက် ၄:၂၈) ပိုအရေးကြီးတာက အလုပ်​ကြိုးစားတာ၊ ရိုးသားတာကို ယေဟောဝါ သိတယ်။ ကိုယ်​ချစ်​မြတ်နိုးတဲ့​ ဘုရားရဲ့ နှစ်သက်မှု ရတယ်ဆိုတဲ့ အသိ​ကြောင့် “အမှားအမှန်​သိစိတ် ကြည်လင်” နိုင်တယ်။—ဟီဘရူး ၁၃:၁၈။ ကောလောသဲ ၃:၂၂-၂၄

၁၃။ လုပ်ငန်းခွင်​မှာ ကိုယ့်​ရိုးသားမှု​ကြောင့် ဘာအကျိုး​ကျေးဇူး ရနိုင်​သေး​သလဲ။

၁၃ လုပ်ငန်းခွင်​မှာ တင်ပြတဲ့ အမူအကျင့်​က ယေဟောဝါကို ချီးမွမ်း​ဂုဏ်တင်​နိုင်ကြောင်း အသိအမှတ်​ပြုပါ။ ဒါက အလုပ်မှာ ပျော်ရွှင်​ကျေနပ်​နိုင်တဲ့ နောက်ထပ်​ အကြောင်းရင်း​တစ်ရပ်ပါ။ (တိတု ၂:၉၊ ၁၀) ကိုယ့်​စံနမူနာကောင်း​ကြောင့် အလုပ်ဖော်​တစ်ယောက် ကျမ်းစာ လေ့လာ​ချင်စိတ်​တောင် ဝင်​လာနိုင်တယ်။ပညာအလိမ္မာ ၂၇:၁၁။ ၁ ပေတရု ၂:၁၂ တို့ကို ဖတ်ပါ။

ဘယ်​အလုပ်ကို ရွေးချယ်​သင့်သလဲ

၁၄-၁၆။ အလုပ်အကိုင် ရွေးချယ်​တဲ့အခါ ဘာ​ထည့်​စဉ်းစား​ရမလဲ။

၁၄ ခရစ်ယာန်​တစ်ယောက် လုပ်သင့်တဲ့၊ မလုပ်သင့်တဲ့ အလုပ်အကိုင်​စာရင်း ကျမ်းစာမှာ မပါဘူး။ ဒါပေမဲ့ အလုပ်အကိုင်​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချ​နိုင်​စေတဲ့ အခြေခံ​မူတွေ​တော့ ပါတယ်။ (ပညာအလိမ္မာ ၂:၆) ကျမ်းစာ​အခြေခံ​မူတွေ သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဒီလို​မေး​နိုင်တယ်–

ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ မဆန့်ကျင်မယ့်​အလုပ် ရှာပါ

၁၅ မှားတယ်လို့ ယေဟောဝါ မိန့်ဆို​ထားတဲ့​အရာ​ တစ်ခုခုကို ဒီ​အလုပ်​ကြောင့် လုပ်ဖို့ လို​လာ​မလား။ ခိုးတာ၊ လိမ်တာ​စတဲ့ ယေဟောဝါ ရွံမုန်းတဲ့ အကျင့်တွေကို သိခဲ့ကြပြီ။ (ထွက်မြောက်ရာ ၂၀:၄။ တမန်တော် ၁၅:၂၉။ ဧဖက် ၄:၂၈။ ဗျာဒိတ် ၂၁:၈) ဒါကြောင့် ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဘယ်​အလုပ်ကို​မဆို ဂရုတစိုက် ရှောင်ကြတယ်။၁ ယောဟန် ၅:၃ ကိုဖတ်ပါ။

၁၆ ဒီ​အလုပ်​က ယေဟောဝါ ပြစ်တင်​ရှုတ်ချ​တဲ့​အကျင့်​ကို အားပေး​ထောက်ခံ​နေ​သလား။ ဥပမာ၊ ကိုယ်ဝန်ဖျက်​ချ​ပေးတဲ့ ဆေးခန်း​မှာ ဧည့်ကြို လုပ်ဖို့ ကမ်းလှမ်း​ခံရတယ်​ဆိုရင်​ကော။ ဧည့်ကြို​ဝန်ထမ်း လုပ်တာ မမှား​ဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်​ချ​ခြင်းနဲ့​ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို သိထားတယ်။ ကိုယ်တိုင် ကိုယ်ဝန်ဖျက်​ချ​မ​ပေးပေမဲ့ အပြစ်​ရှိတယ်လို့ ယေဟောဝါ ရှုမြင်​တဲ့​အလုပ်မှာ ပါဝင်​နေတယ်လို့ မခံစားရဘူး​လား။—ထွက်မြောက်ရာ ၂၁:၂၂-၂၄

၁၇။ ဘုရား နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

၁၇ ကျမ်းစာ​အခြေခံ​မူတွေ သုံး​ခြင်းအားဖြင့် ဟီဘရူး ၅:၁၄ မှာ ဖော်ပြ​ထားတဲ့ “ပိုင်းခြားသိမြင်နိုင်စွမ်း​ကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်​အောင် လေ့ကျင့်​ထား” တဲ့ လူစားမျိုး ဖြစ်နိုင်​ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ဒီ​အလုပ်ကို လက်ခံ​လိုက်ရင် တခြား​သူတွေ ထိမိ​လဲသွား​မလား။ အိမ်ထောင်ဖက်​နဲ့ သားသမီးတွေကို ထားခဲ့ပြီး နိုင်ငံ​ရပ်​ခြား​မှာ သွားလုပ်ဖို့ လိုလာ​မလား။ အဲဒါက သူတို့​အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။’

“ပိုအရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိ” ပါ

၁၈။ ဝတ်ပြုရေး​ကို အာရုံစိုက်​နေဖို့ ဘာကြောင့် စိန်ခေါ်ချက် ဖြစ်နိုင်သလဲ။

၁၈ “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလမှာ ယေဟောဝါရဲ့ ဝတ်ပြုရေး​ကို ပထမ​နေရာ ထားဖို့ ခက်ခဲ​နိုင်ပါတယ်။ (၂ တိမောသေ ၃:၁) အလုပ် ရဖို့၊ မြဲနေဖို့​ဆိုတာ တကယ့်​ စိန်ခေါ်ချက်ပါပဲ။ မိသားစုကို ထောက်ပံ့​ရမယ် ဆိုပေမဲ့ ဝတ်ပြုရေး​က ပထမပါပဲ။ ကိုယ့်​အသက်တာမှာ ရုပ်ပစ္စည်း​တွေ သိပ်​အရေးပါ​လာတာမျိုး မဖြစ်စေ​သင့်​ဘူး။ (၁ တိမောသေ ၆:၉၊ ၁၀) “ပိုအရေးကြီးတဲ့​အရာတွေကို ပိုင်းခြား​သိနိုင်” ပြီး တစ်ချိန်တည်းမှာ မိသားစုကို ဘယ်လို ထောက်ပံ့​နိုင်ကြ​မလဲ။—ဖိလိပ္ပိ ၁:၁၀

၁၉။ အလုပ်နဲ့​ပတ်သက်ပြီး ဟန်ချက်ညီ​ဖို့ ယေဟောဝါကို ယုံကြည်​ကိုးစားခြင်း​က ဘယ်လို ကူညီပေး​သလဲ။

၁၉ ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုးစား​ပါ။ (ပညာအလိမ္မာ ၃:၅၊ ၆ ကို ဖတ်ပါ။) ကျွန်တော်တို့ လိုအပ်ရာကို ဘုရားသခင် အတိအကျ သိမှန်း၊ ဂရုစိုက်​မှန်း သိကြတယ်။ (ဆာလံ ၃၇:၂၅။ ၁ ပေတရု ၅:၇) “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေ​တပ်မက်တာကို ရှောင်ပါ။ ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြော​ထားတာပဲ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (ဟီဘရူး ၁၃:၅) မိသားစုကို ထောက်ပံ့ဖို့ ကျွန်တော်တို့ တစ်ချိန်လုံး စိတ်ပူ​နေရတာ​ကို ယေဟောဝါ မလိုလား​ဘူး။ မိမိ​လူမျိုးရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေးနိုင်ကြောင်း ဘုရား အကြိမ်ကြိမ် ပြခဲ့တယ်။ (မဿဲ ၆:၂၅-၃၂) ကိုယ့်​အလုပ်​ အခြေအနေ ဘယ်လိုပဲ​ ရှိပါစေ ကျမ်းစာ မှန်မှန် ဖတ်​ကြတယ်။ သတင်းကောင်း ဟောပြော​ကြတယ်။ ခရစ်ယာန်​ အစည်းအဝေးတွေ တက်ရောက်​ကြတယ်။—မဿဲ ၂၄:၁၄။ ဟီဘရူး ၁၀:၂၄၊ ၂၅

၂၀။ ဘယ်လို ရိုးရိုးရှင်းရှင်း အသက်ရှင်​နေထိုင်​နိုင်သလဲ။

၂၀ တစ်ခုတည်းကို​ပဲ အာရုံစိုက်​ကြည့်ပါ။ (မဿဲ ၆:၂၂၊ ၂၃ ကိုဖတ်ပါ။) တစ်ခုတည်းကို​ပဲ အာရုံစိုက်ကြည့်​တ​ယ်​ဆိုတာ ယေဟောဝါရဲ့ အမှုတော် ဆောင်ခြင်း​ကို အာရုံစိုက်​နိုင်ဖို့ ရိုးရိုးရှင်းရှင်း အသက်ရှင်နေ​ထိုင်တာ​ကို ဆိုလိုတယ်။ ဘုရားနဲ့ ဆက်ဆံရေး​ထက် ငွေ၊ သက်သောင့်သက်သာ ဘဝပုံစံ၊ နောက်ဆုံး​ပေါ် ပစ္စည်းတွေကို ပို​အလေးထား​ခြင်းက ပညာမဲ့​ရာ​ရောက်​မှန်း ကျွန်တော်တို့ သိကြပါတယ်။ ဒါဆိုရင် ဦးစား​ပေး​ရမယ့်​အရာတွေကို ဦးစား​ပေးဖို့ ဘာက ကူညီပေး​မလဲ။ အကြွေး​မတင်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ရမယ်။ အကြွေးတင်​နေရင် လျှော့ချဖို့၊ ဆပ်ဖို့ လက်တွေ့ကျကျ စီစဉ်ပါ။ ဂရုမစိုက်ရင် ရုပ်ပစ္စည်းတွေ​ကြောင့် အချိန်နဲ့ ခွန်အား​များစွာ ကုန်ဆုံး​ပြီး ဆုတောင်းဖို့၊ လေ့လာဖို့၊ ဟောပြောဖို့ အချိန်​မရှိတော့ဘဲ ဖြစ်သွားမယ်။ ရုပ်ပစ္စည်း​ကြောင့် ဘဝကို ရှုပ်ထွေး​စေမယ့်​အစား “စားစရာ၊ ဝတ်စရာ” စတဲ့ အခြေခံ​လိုအပ်ရာတွေ​နဲ့ ရောင့်ရဲတတ်​ချင်​ကြပါတယ်။ (၁ တိမောသေ ၆:၈) ယေဟောဝါကို ဘယ်လို အပြည့်အဝ အမှုဆောင်​နိုင်မလဲ​ဆိုတာ သိမြင်ဖို့ မကြာခဏ ကိုယ့်​အခြေအနေကို ဆန်းစစ်​သင့်တယ်။

၂၁။ ဦးစားထားရာ​ကို ဘာကြောင့် ဆုံးဖြတ်​ရမလဲ။

၂၁ ဦးစား​ထားရာတွေကို မှန်ကန်စေပါ။ အချိန်၊ ခွန်အား၊ ရုပ်ပစ္စည်း​တွေကို ပညာရှိရှိ သုံး​ရမယ်။ ဂရုမစိုက်​ရင် ပညာရေး၊ ငွေ​စတဲ့ သိပ်​အရေး​မကြီးတဲ့​အရာတွေကြောင့် တန်ဖိုးရှိတဲ့​အချိန်တွေ ကုန်​သွားမယ်။ “ဘုရားသခင်ရဲ့ နိုင်ငံတော် . . . ကို အမြဲ ဦးစား​ထားကြပါ” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၃၃) ကိုယ့်ရွေးချယ်မှု၊ အလေ့အကျင့်၊ နေ့စဉ် လုပ်ရိုးလုပ်စဉ်၊ ပန်းတိုင်တွေက ကိုယ့်​စိတ်နှလုံး​ထဲ ဘာကို ဦးစား​ထား​နေ​ကြောင်း ဖော်ပြ​တယ်။

လုပ်ဆောင်​နိုင်တဲ့ အရေးကြီးဆုံး​လုပ်ငန်း

၂၂၊ ၂၃။ (က) ခရစ်ယာန်တွေ လုပ်ဆောင်​နိုင်တဲ့ အရေးကြီးဆုံး​လုပ်ငန်း​က ဘာလဲ။ (ခ) အလုပ်မှာ ပျော်ရွှင်ဖို့ ဘာက ကူညီပေး​မလဲ။

၂၂ လုပ်ဆောင်​နိုင်တဲ့ အရေးကြီးဆုံး​လုပ်ငန်း​ကတော့ ယေဟောဝါရဲ့ အမှုတော်​ဆောင်ခြင်း​နဲ့ တခြား​သူတွေကို သတင်းကောင်း ဟောပြောခြင်းပါပဲ။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ယေရှု​လို​ပဲ ဒီ​လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ချင်​ကြတယ်။ တချို့က ဟောပြောသူတွေ ပိုလိုအပ်တဲ့​နေရာမှာ အမှုဆောင်ဖို့ ပြောင်းရွှေ့​ကြတယ်။ တချို့က ဘာသာခြား​စကားပြော​သူတွေကို ဟောပြော​နိုင်ဖို့ နိုင်ငံ​ခြား​ဘာသာစကား သင်ယူ​ကြတယ်။ သူတို့နဲ့ စကား​ပြောပြီး ဘယ်လို လုပ်ဆောင်ခဲ့ကြောင်းကို မေးကြည့်ပါ။ အသက်တာမှာ ပိုပျော်​ရွှင်​ပြီး ပို​အဓိပ္ပာယ်​ရှိလာ​ကြောင်း ပြောပြ​ကြပါလိမ့်မယ်။ပညာအလိမ္မာ ၁၀:၂၂ ကို ဖတ်ပါ။

ကျွန်တော်တို့ လုပ်ဆောင်​နိုင်တဲ့ အရေးကြီးဆုံး​အလုပ်​က ယေဟောဝါရဲ့ အမှုတော်​ဆောင်ခြင်း​ပါ

၂၃ ဒီနေ့ ကျွန်တော်တို့​တစ်​တွေ မိသားစု အခြေခံ​လိုအပ်ရာတွေ ထောက်ပံ့ဖို့ နာရီ​ပေါင်း​များစွာ အလုပ်​လုပ်ကြ​ရတယ်။ ဒါမှမဟုတ် အလုပ်​အတော်များများ လိုက်​လုပ်ကြ​ရတယ်။ ဒါကို ယေဟောဝါ သိတယ်။ မိသားစုကို စောင့်ရှောက်ဖို့ လုပ်ဆောင်သမျှကို ဘုရား တန်ဖိုး​ထားတယ်။ ဒါကြောင့် ဘယ်​အလုပ်​မျိုးပဲ လုပ်ရပါစေ ကြိုးစားပမ်းစား လုပ်ကိုင်​ခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို တုပ​ကြပါစို့။ အရေးကြီးဆုံး​လုပ်ငန်း​က ယေဟောဝါရဲ့ အမှုတော်​ဆောင်ခြင်း​နဲ့ ဘုရား​နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း ဖြစ်ကြောင်း သတိရ​ကြရအောင်။ အဲဒါက စစ်မှန်တဲ့ ပျော်ရွှင်မှု ရ​ရှိစေပါ​မ​ယ်။