မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား

အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား

“ကိုယ်တော်​ဟာ အသက်​ရဲ့ ပင်ရင်းပါ။” —ဆာလံ ၃၆:၉

၁၊ ၂။ ဘယ်​အဖိုးတန်​ ဆုလက်ဆောင်​ကို ယေဟောဝါ ပေးထား​သလဲ။

 ယေဟောဝါ​က ယောက်​တိုင်း​ကို အဖိုးတန်​ဆုလက်ဆောင် ပေးထားတယ်။ အဲဒါကတော့ အသက်ဆု​လက်ဆောင်ပါ။ (ကမ္ဘာဦး ၁:၂၇) ကျွန်တော်တို့ကို အကောင်းဆုံး​ဘဝ ပိုင်ဆိုင်​စေချင်တယ်။ ဒါကြောင့်လည်း ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ပုံကို သင်ပေးတဲ့ ကျမ်းစာ​အခြေခံ​မူတွေ ပြင်ဆင်​ပေးထားတယ်။ “အမှားအမှန်” ကို “ခွဲခြားသိနိုင်​အောင်” ဒီ​အခြေခံ​မူတွေကို အသုံးပြု​သင့်တယ်။ (ဟီဘရူး ၅:၁၄) ဒါဆိုရင် မှန်မှန်ကန်ကန် တွေးခေါ်​နိုင်အောင် ကျွန်တော်တို့ကို လေ့ကျင့်​ပေးဖို့ ယေဟောဝါကို ခွင့်ပြု​နေတာ​ပဲ။ ဘုရားပေး အခြေခံ​မူတွေ​နဲ့အညီ အသက်ရှင်ပြီး ကိုယ့်​ဘဝ​အသက်တာ တိုးတက်​ကောင်းမွန်​လာ​ပုံကို တွေ့မြင်တဲ့အခါ အဲဒီ​မူတွေ ဘယ်လောက် တန်ဖိုးရှိ​မှန်း နားလည်​လာကြတယ်။

ဘဝက ရှုပ်ထွေး​လွန်း​တ​ယ်။ တစ်ခါတလေ ကျမ်းစာ​ပညတ် အတိအကျ မရှိတဲ့ အခြေအနေ​တွေ ပေါ်လာ​တတ်တယ်။ ဥပမာ၊ သွေးပါ​ဝင်​တဲ့ ဆေးကုထုံးတွေ​နဲ့ပတ်သက်ပြီး ဆုံးဖြတ်​ဖို့ လို​လာနိုင်တယ်။ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်​မျိုး ဘယ်လို ချ​နိုင်မလဲ။ အသက်နဲ့ သွေး​အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို သင်ပေးတဲ့ အခြေခံ​မူတွေ ကျမ်းစာမှာ ပါတယ်။ အဲဒီ​အခြေခံ​မူတွေကို နားလည်မယ်​ဆိုရင် ပညာရှိ ဆုံးဖြတ်ချက်တွေ ချ​နိုင်မယ်။ ကြည်လင်​တဲ့​သိစိတ် ထိန်းသိမ်း​ထား​နိုင်မယ်။ (ပညာအလိမ္မာ ၂:၆-၁၁) အခြေခံ​မူ​တချို့ကို သုံးသပ်ကြည့်​ကြစို့။

အသက်နဲ့ သွေး​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ

၃၊ ၄။ (က) ဘုရားသခင်က သွေး​နဲ့ပတ်သက်တဲ့ အမြင်​ကို ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) သွေး​က ဘာကို ကိုယ်စားပြု​သလဲ။

သွေး​က အသက်ကို ကိုယ်စားပြုတာမို့ မြင့်မြတ်တယ်​ဆိုပြီး ကျမ်းစာက သွန်သင်တယ်။ ယေဟောဝါ​အမြင်မှာ အသက်​က တန်ဖိုး​ရှိတယ်။ ညီ​အာဗေလ​ကို ကာ​အိ​န သတ်​ပြီးတဲ့နောက်မှာ “မင်း​ညီ​ရဲ့ သွေး​က မြေကြီး​ထဲ​ကနေ ငါ့ကို အော်ဟစ်​နေပြီ” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၄:၁၀) အာဗေလ​ရဲ့ သွေး​က ဆုံးရှုံး​လိုက်ရ​တဲ့​အသက်ကို ကိုယ်စား​ပြုတယ်။

နောဧ​ခေတ် ရေလွှမ်းမိုး​ဘေး​ပြီးတဲ့နောက် အသား​စားဖို့ လူတွေကို ဘုရား ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ “သွေး​ဟာ အသက် ဖြစ်လို့ သွေးပါ​တဲ့ အသားကိုတော့ မစား​နဲ့” လို့ ဘုရား တိတိကျကျ မိန့်မှာခဲ့တယ်။ (ကမ္ဘာဦး ၉:၄) ဒီ​မိန့်မှာချက်​က ကျွန်တော်တို့​အပါအဝင် နောဧ​ရဲ့ သားစဉ်မြေးဆက်​အားလုံး​နဲ့ သက်​ဆိုင်တယ်။ ယေဟောဝါ​အမြင်မှာ သွေး​က အသက်ကို ကိုယ်စားပြု​ကြောင်း ရှင်း​နေပါတယ်။ ကျွန်တော်တို့လည်း သွေး​နဲ့ပတ်သက်ပြီး အလားတူ ရှုမြင်​ဖို့ လိုတယ်။—ဆာလံ ၃၆:၉

၅၊ ၆။ အသက်၊ သွေး​နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို မောရှေ​ပညတ်​က ဘယ်လို ဖော်ပြသလဲ။

မောရှေ​ကို ယေဟောဝါ ပေးတဲ့ ပညတ်​ထဲမှာ “သွေး​တစ်မျိုးမျိုးကို စားရင် စားတဲ့​လူကို ငါ​ငြင်းပယ်​ပြီး ပယ်ရှင်း​မ​ယ်။ သတ္တဝါ​ရဲ့ အသက်ဟာ သွေးမှာ ရှိတယ်” ဆိုပြီး မိန့်မှာ​ထားတယ်။—ဝတ်ပြုရာ ၁၇:၁၀၊ ၁၁

စားဖို့ တိရစ္ဆာန်​ကို သတ်​တဲ့အခါ မြေပေါ်မှာ သွေးသွန်​ရမယ်လို့ မောရှေ​ပညတ်​က ဖော်ပြတယ်။ ဒါဟာ တိရစ္ဆာန်​ရဲ့ အသက်ကို ဖန်ဆင်းရှင် ယေဟောဝါ​ဆီ ပြန်ပေး​အပ်​တဲ့ သဘော​ပဲ။ (တရားဟောရာ ၁၂:၁၆။ ယေဇကျေလ ၁၈:၄) ဒါပေမဲ့ အစ္စရေး​တွေ တိရစ္ဆာန် သွေး​ထုတ်​တဲ့အခါ ယေဟောဝါ အလွန်အကျွံ မမျှော်လင့်​ဘူး။ ထုတ်​သင့်​သလော​က် ထုတ်ပြီး​ပြီဆို​ရင် အသားကို သိစိတ် ကြည်လင်​စွာ စားသုံး​နိုင်တယ်။ တိရစ္ဆာန်​ရဲ့ သွေး​ကို လေးမြတ်ခြင်း​အားဖြင့် အသက်​ပေးရှင် ယေဟောဝါကို လေးစားကြောင်း ပြကြတယ်။ အပြစ်ဖြေ​ရာ​အဖြစ် တိရစ္ဆာန်​ပူဇော်သက္ကာတွေ ဆက်သဖို့လည်း အစ္စရေးတွေကို ပညတ်​ထားတယ်။—ရှင်းလင်းချက် ၁၉ နဲ့ ၂၀ ကို ကြည့်ပါ။

၇။ သွေး​ကို လေးမြတ်​ကြောင်း ဒါဝိဒ် ဘယ်လို ပြခဲ့သလဲ။

ဖိလိတိတွေကို တိုက်ခိုက်​တုန်း​က ဒါဝိဒ်​ရဲ့ လုပ်ရပ်​ကနေ သွေး​ရဲ့ တန်ဖိုးကို သိမြင်​နိုင်တယ်။ ဒါဝိဒ် ရေ​ဆာငတ်​နေတာကို ဒါဝိဒ်​ရဲ့ လူတွေ သတိပြုမိ​တော့ ရေခပ်​ဖို့ အန္တရာယ်​များတဲ့ ရန်​သူ့​နယ်မြေ​ထဲ အသက်​ရင်း​ပြီး ထိုးဖောက်​ခဲ့ကြတယ်။ ဒါပေမဲ့ ရေ​ယူလာ​တဲ့အခါ ဒါဝိဒ်​က မ​သောက်​ဘဲ “ယေဟောဝါ​ရှေ့မှာ သွန်​ချ​လိုက်တယ်။” ဒါဝိဒ်​က “ယေဟောဝါ​ဘုရား၊ ဒီရေ​ကို သောက်ဖို့ ကျွန်တော် စဉ်း​တောင် မစဉ်းစားဝံ့​ပါဘူး။ ဒီ​ရေဟာ ကိုယ့်​အသက်ကို ရင်း​ပြီး သွားယူတဲ့​သူတွေရဲ့ သွေးပါ” လို့ ပြောခဲ့တယ်။ ဘုရား​အမြင်မှာ အသက်နဲ့ သွေး​ဟာ ဘယ်လောက် တန်ဖိုးရှိ​မှန်း ဒါဝိဒ် နားလည်ခဲ့တယ်။—၂ ရှမွေလ ၂၃:၁၅-၁၇

၈၊ ၉။ ဒီနေ့ ခရစ်ယာန်တွေ သွေး​ကို ဘယ်လို ရှုမြင်​သင့်သလဲ။

အစောပိုင်း ခရစ်ယာန်ခေတ်​မှာ ဘုရား​လူမျိုးဟာ တိရစ္ဆာန်​ ပူဇော်သက္ကာတွေ ဆက်သဖို့ မလို​တော့​ဘူး။ ဒါပေမဲ့ သွေး​နဲ့ပတ်သက်ပြီး မှန်ကန်တဲ့​အမြင် ရှိဖို့ လို​နေဆဲပဲ။ ခရစ်ယာန်တွေ ဆ​က်​စောင့်ထိန်း​ဖို့ ယေဟောဝါ တောင်းဆိုတဲ့ ပညတ်​တစ်ခုက​တော့ “သွေး . . . ရှောင်ကြဉ်” ခြင်း ဖြစ်တယ်။ ဒါက လိင်အကျင့်​ယိုယွင်းခြင်း၊ ရုပ်တု​ကိုးကွယ်ခြင်း​ကို ရှောင်ကြဉ်တာလောက် အရေးကြီးတယ်။—တမန်တော် ၁၅:၂၈၊ ၂၉

သွေး​အပိုင်းအစ​တွေ အသုံးပြုခြင်းနဲ့​ပတ်သက်ပြီး ငါ့​ဆုံးဖြတ်ချက်ကို ဘယ်လို ရှင်းပြ​မလဲ။

ဒီနေ့လည်း အလားတူပဲ။ ယေဟောဝါဟာ အသက်​ရဲ့ ပင်ရင်း ဖြစ်မှန်း၊ အသက်​အားလုံးကို ပိုင်​မှန်း ကျွန်တော်တို့​ ခရစ်ယာန်တွေ သိကြပါတယ်။ သွေးက မြင့်မြတ်​ပြီး အသက်ကို ကိုယ်စားပြုမှန်းလည်း သဘောပေါက်​ကြတယ်။ ဒါကြောင့် သွေးပါ​တဲ့ ဆေးကု​ထုံး​တစ်မျိုးမျိုး​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာ​အခြေခံ​မူတွေကို တွေးတော​ဆင်ခြင်​ကြတယ်။

ဆေးကု​သ​တဲ့အခါ သွေး​အသုံးပြုခြင်း

၁၀၊ ၁၁။ (က) သွေးသွင်း​ခြင်း၊ သွေး​ရဲ့ အဓိက​အစိတ်အပိုင်း​လေးမျိုး သွင်း​ခြင်းနဲ့​ပတ်သက်ပြီး ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြ​သလဲ။ (ခ) ခရစ်ယာန်​ယောက်​တိုင်း ဘယ်​ကိုယ်ပိုင်​ ဆုံးဖြတ်ချက်တွေ ချ​ရမလဲ။

၁၀ “သွေး . . . ရှောင်ကြဉ်” ခြင်း​မှာ သွေး​ကို မစားသောက်ခြင်း​ထက်မက ပါဝင်​မှန်း ယေဟောဝါသက်သေတွေ နားလည်​ကြတယ်။ သွေးမသွင်း​ခြင်း၊ သွေးမလှူခြင်း၊ သွေးသွင်း​ဖို့ ကိုယ့်​သွေး​ကို သိုလှောင်​မထား​ခြင်းတို့ ပါဝင်တယ်။ သွေးနီဥ၊ သွေး​ဖြူ​ဥ၊ သွေးဥမွှား၊ သွေးရည်ကြည်​စတဲ့ သွေး​ရဲ့ အဓိက အစိတ်အပိုင်း​လေးမျိုး​ကို မ​သွင်း​ခြင်း​လ​ည်း ဖြစ်တယ်။

၁၁ သွေး​ရဲ့ အဓိက အစိတ်အပိုင်း​လေးမျိုး​ကို ပို​သေးငယ်တဲ့ သွေး​အပိုင်းအစ​တွေ​အဖြစ် ထပ်ဆင့် ခွဲထုတ်​ကြတယ်။ သွေး​အပိုင်းအစတွေကို လက်ခံ၊ မခံ​ဆိုတာ ခရစ်ယာန်​တစ်ဦးချင်း​စီ ဆုံးဖြတ်​ရမယ်။ လူနာ​ရဲ့ ကိုယ်ပိုင်​သွေး အသုံးပြုတဲ့ ဆေးကုထုံးတွေ​လ​ည်း အလားတူပဲ။ ခွဲစိတ်မှု၊ ဆေး​ဘက်​ဆိုင်ရာ စမ်းသပ်မှု၊ လတ်တလော ခံယူ​တဲ့ ဆေးကု​ထုံး​တို့မှာ ကိုယ်ပိုင်​သွေး​ကို ဘယ်လို အသုံးပြုမယ်​ဆိုတာ ယောက်​တိုင်း ဆုံးဖြတ်​ရမယ်။—ရှင်းလင်းချက် ၂၁ ကို ကြည့်ပါ။

၁၂။ (က) အမှားအမှန်​သိစိတ်​အတိုင်း ချ​တဲ့ ဆုံးဖြတ်ချက်​တွေဟာ ယေဟောဝါ​အတွက် ဘာကြောင့် အရေးကြီး​သလဲ။ (ခ) ဆေးကုထုံးတွေ​နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချ​နိုင်သလဲ။

၁၂ အမှားအမှန်​ သိစိတ်​အတိုင်း ချ​တဲ့ ဆုံးဖြတ်ချက်တွေကို ယေဟောဝါ တကယ် ဂရုစိုက်​ရဲ့​လား။ ဂရုစိုက်​ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေး​နဲ့ သဘောထားကို ယေဟောဝါ စိတ်ဝင်​စားတယ်။ (ပညာအလိမ္မာ ၁၇:၃။ ၂၄:၁၂ ကိုဖတ်ပါ။) ဒါကြောင့် ဆေး​ကုသနည်း​နဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့​အခါ ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်း​ရမယ်။ ကုသနည်း​အကြောင်း ရှာဖွေ​လေ့လာ​ရမယ်။ ပြီးမှ ကျမ်းစာနဲ့ လေ့ကျင့်​ထားတဲ့ အမှားအမှန်​သိစိတ်ကို အသုံးပြုပြီး ဆုံးဖြတ်​ကြပါတယ်။ သူတို့​ဆိုရင်​ကော ဘယ်လို လုပ်မလဲ​ဆိုပြီး မ​မေး​သင့်​ဘူး။ တခြားသူ​တွေရဲ့ ဩဇာ​လွှမ်းမိုးမှု​နဲ့ ဆုံးဖြတ်​တာ​မျိုး မဖြစ်သင့်ဘူး။ ခရစ်ယာန်တိုင်း “ကိုယ့်​တာဝန်​ကိုယ် ထမ်း​ရမှာ ဖြစ်လို့ပဲ။”—ဂလာတိ ၆:၅။ ရောမ ၁၄:၁၂

ပညတ်တွေ​က ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြ

၁၃။ သွေး​နဲ့ပတ်သက်တဲ့ ပညတ်တွေ၊ အခြေခံ​မူတွေ​ကနေ ယေဟောဝါ​အကြောင်း ဘာသိရသလဲ။

၁၃ ယေဟောဝါ တောင်းဆို​သ​မျှ​ဟာ ကျွန်တော်တို့ ကောင်းကျိုး​အတွက် ဖြစ်ပြီး ကျွန်တော်တို့​အပေါ်​ထားတဲ့ မေတ္တာကို ဖော်ပြတယ်။ (ဆာလံ ၁၉:၇-၁၁) ဘုရား​ပညတ်တွေ​က အကျိုး​ရှိလို့သာ ဘုရားကို နာခံကြတာ မဟုတ်ပါဘူး။ ဘုရားကို ချစ်လို့ နာခံ​ကြတာပါ။ ယေဟောဝါကို ချစ်တဲ့​မေတ္တာ​က သွေးသွင်းခြင်း​ကို ရှောင်ကြဉ်​ဖို့ လှုံ့ဆော်​ပေးတယ်။ (တမန်တော် ၁၅:၂၀) ကျန်းမာရေး​ကိုလည်း အကာအကွယ် ဖြစ်စေတယ်။ သွေးသွင်း​ခြင်း​ရဲ့ အန္တရာယ်​တချို့ကို ဒီနေ့ လူအများစု သိကြတယ်။ သွေးမဲ့ ခွဲစိတ်​ကုသခြင်း​က လူနာ​ရဲ့ ကျန်းမာရေး​အတွက် ပို​ကောင်း​မှန်း ဆရာဝန်​များစွာ လက်ခံကြတယ်။ ယေဟောဝါရဲ့ နည်းလမ်းတော်တွေဟာ ပညာရှိ​ပြီး မေတ္တာပါ​တာ ရှင်း​နေပါတယ်။ဟေရှာယ ၅၅:၉ ကိုဖတ်ပါ။ ယောဟန် ၁၄:၂၁၊ ၂၃

၁၄၊ ၁၅။ (က) ယေဟောဝါ​က မိမိ​လူမျိုးကို ကာကွယ်ဖို့ ဘယ်​ပညတ်တွေ ပေးခဲ့သလဲ။ (ခ) အဲဒီ​ပညတ်​နောက်ကွယ်​က အခြေခံ​မူတွေကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။

၁၄ ဘုရား​ပညတ်တွေ​က အမြဲ မိမိ​လူမျိုး ကောင်းကျိုး​အတွက်ပဲ။ ပြင်းထန်တဲ့ မတော်တဆမှု​တွေ​ကနေ ကာကွယ်ဖို့ ရှေး​အစ္စရေးတွေကို ပညတ်တွေ ယေဟောဝါ ပေးခဲ့တယ်။ ဥပမာ၊ အိမ်မိုးပေါ်​ကနေ တစ်ယောက်ယောက် ပြုတ်​မကျ​စေဖို့ အိမ်မိုး​ပတ်လည်မှာ အကာအရံ လုပ်ရမယ်လို့ အိမ်ရှင်​တွေကို ပညတ်​ထားတယ်။ (တရားဟောရာ ၂၂:၈) နောက်​ပညတ်​ကတော့ တိရစ္ဆာန်တွေနဲ့​ပတ်သက်တယ်။ ခွေ့တတ်တဲ့ နွား​ရှိတယ်ဆိုရင် တစ်ယောက်ယောက်ကို မခွေ့ဖို့၊ လူ​မသေ​စေဖို့ ပိုင်ရှင်မှာ တာဝန်​ရှိတယ်။ (ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉) အစ္စရေး​တစ်ယောက် ဒီပညတ်တွေ​ကို မလိုက်နာ​ဘဲ လူသေ​ခဲ့ရင် သွေးပြစ်​သင့်တယ်။

၁၅ အသက်ဟာ ယေဟောဝါ​အတွက် တန်ဖိုးရှိ​မှန်း ဒီ​ပညတ်တွေ​ကနေ သိနိုင်တယ်။ ဒါကို သိထားခြင်းက ကျွန်တော်တို့​အပေါ် ဘယ်လို အကျိုး​သက်ရောက်​သင့်သလဲ။ ကျွန်တော်တို့ရဲ့ နေအိမ်၊ ယာဉ်​ကို ဂရုစိုက်ပုံ၊ ယာဉ်မောင်းပုံ၊ အပန်းဖြေမှု ရွေးချယ်ပုံ​တို့​အားဖြင့် အသက်ကို လေးမြတ်​ကြောင်း ပြသင့်တယ်။ လူတချို့၊ အထူးသဖြင့် လူငယ်တွေဟာ အန္တရာယ်​ မရှိဘူး​ဆိုပြီး စွန့်စား​တတ်ကြတယ်၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်​တွေကို လျစ်လျူရှု​တတ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​က ကျွန်တော်တို့ကို အဲဒီလို မပြုမူ​စေချင်ဘူး။ ကိုယ့်​အသက်ကို​ကော သူတစ်ပါး​အသက်ကိုပါ အရေးကြီး​ကိစ္စ​အဖြစ် ရှုမြင်​စေချင်တယ်။—ဒေသနာ ၁၁:၉၊ ၁၀

၁၆။ ကိုယ်ဝန်ဖျက်​ချ​ခြင်း​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

၁၆ ယေဟောဝါ​အမြင်မှာ လူတိုင်း​ရဲ့ အသက်​က အရေး​ပါတယ်။ မမွေးသေးတဲ့ ကလေး​တစ်ယောက်​တောင် ဘုရားအတွက် တန်ဖိုး​ရှိတယ်။ မောရှေ​ပညတ်​အောက်မှာ ကိုယ်ဝန်ဆောင်​ အမျိုးသမီးကို ထိခိုက်​မိ​လို့ မိခင် ဒါမှမဟုတ် ကလေး သေဆုံး​ခဲ့ရင် ထိခိုက်​စေ​သူကို လူသေ​မှု​နဲ့ ယေဟောဝါ အပြစ်​စီရင်တယ်။ မတော်တဆ​ဆိုရင်တောင် တစ်ယောက်ယောက်ကို သေစေခဲ့ပြီမို့ အသက်​အတွက် အသက် ပြန်လျော်ပေး​ရမယ်ဆိုတဲ့ သဘော​ပဲ။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ ကိုဖတ်ပါ။) ဘုရား​အမြင်မှာ မမွေးသေးတဲ့ ကလေးဟာလည်း သက်ရှိ​လူတစ်ယောက်ပါပဲ။ ဒါဆိုရင် ကိုယ်ဝန်ဖျက်​ချတာ​ကို ဘုရား ဘယ်လို ခံစား​ရမယ်လို့ ထင်သလဲ။ နှစ်စဉ် မမွေးသေးတဲ့ ကလေး​သန်း​ချီ ဖျက်​ချ​ခံ​နေတာကို မြင်တဲ့အခါ ဘုရား ဘယ်လို ခံစား​ရမယ်လို့ ထင်သလဲ။

၁၇။ ယေဟောဝါကို မသိ​ခင် ကိုယ်ဝန်ဖျက်​ချခဲ့ဖူးတဲ့ အမျိုးသမီး​တစ်ယောက်ကို ဘယ်အချက်​က နှစ်သိမ့်မှု ဖြစ်စေ​မလဲ။

၁၇ ယေဟောဝါရဲ့ အမြင် မသိ​ခင် အမျိုးသမီး​တစ်ယောက် ကိုယ်ဝန်ဖျက်ချခဲ့​ဖူး​ရင်​ကော။ ယေရှုရဲ့ ပူဇော်သက္ကာ​အပေါ် အခြေပြု​ပြီး ယေဟောဝါ ခွင့်လွှတ်​ပေးနိုင်ကြောင်း စိတ်ချ​နိုင်ပါတယ်။ (လုကာ ၅:၃၂။ ဧဖက် ၁:၇) စိတ်ရင်းမှန်နဲ့ နောင်တ​ရမယ်​ဆိုရင် အတိတ်မှာ ဒီလို​အပြစ်​မျိုး ကျူးလွန်ခဲ့တဲ့ အမျိုးသမီး​အနေနဲ့ အပြစ်ရှိ​နေတုန်းပဲ​လို့ ခံစား​နေဖို့ မလို​တော့​ဘူး။ “ယေဟောဝါဟာ ကရုဏာ​ရှိပြီး သနား​စာနာတတ်တယ်။ . . . နေ​ထွက်​ရာ​အရပ်​နဲ့ နေဝင်​ရာ​အရပ် အလှမ်းဝေး​သလို အပြစ်တွေကို ငါ​တို့နဲ့ အလှမ်းဝေး​စေတယ်။”—ဆာလံ ၁၀၃:၈-၁၄

မုန်းတီးတဲ့ သဘောထားတွေ ရှောင်ကြဉ်ပါ

၁၈။ မုန်းတီးစိတ်​ကို တိုက်​ထုတ်ပစ်ဖို့ ဘာကြောင့် အစွမ်းကုန် ကြိုးစား​သင့်သလဲ။

၁၈ ဘုရားပေး အသက်ဆု​လက်ဆောင်​ကို လေးမြတ်ခြင်းက စိတ်နှလုံး​ထဲ​ကနေ အစ​ပြုတယ်။ အဲဒီ​ထဲမှာ တခြား​သူတွေ​အပေါ် ရှုမြင်ပုံလည်း ပါဝင်တယ်။ “ညီအစ်ကို​ကို မုန်းတဲ့​သူဟာ လူ့​အသက်ကို သတ်​တဲ့​သူ ဖြစ်တယ်” လို့ တမန်တော် ယောဟန် ရေးခဲ့တယ်။ (၁ ယောဟန် ၃:၁၅) ကျွန်တော်တို့ သတိ​မပြုမိခင်မှာ​ပဲ သူတစ်ပါး​ကို မနှစ်သက်တဲ့​စိတ်ဟာ မုန်းတီးမှု​အဖြစ် ကြီးထွား​လာနိုင်တယ်။ မုန်းတီးမှု​က တခြား​သူတွေကို မလေးမစား​လုပ်​စေတယ်။ မဟုတ်မမှန် စွပ်စွဲ​ပြောဆို​စေတယ်။ သေစေ​ချင်စိတ်​တောင် ဝင်​လာ​စေနိုင်တယ်။ တခြားသူတွေ​နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ယေဟောဝါ သိတယ်။ (ဝတ်ပြုရာ ၁၉:၁၆။ တရားဟောရာ ၁၉:၁၈-၂၁။ မဿဲ ၅:၂၂) တစ်ယောက်ယောက်ကို မုန်းတီးစိတ် ရှိနေတယ်​ဆိုရင် တိုက်​ထုတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစား​ရမယ်။—ယာကုပ် ၁:၁၄၊ ၁၅။ ၄:၁-၃

၁၉။ အကြမ်းဖက်မှုနဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်​က ကျွန်တော်တို့ကို ဘယ်လို အကျိုး​သက်ရောက်​သင့်သလဲ။

၁၉ အသက်ကို တန်ဖိုး​ထားကြောင်း ပြ​နိုင်တဲ့ နည်းလမ်း ရှိပါ​သေးတယ်။ ဆာလံ ၁၁:၅ မှာ ယေဟောဝါ​က “အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်” လို့ ဖတ်​ရတယ်။ အကြမ်းဖက် ဖျော်ဖြေရေး​ကို ရွေးချယ်မယ်​ဆိုရင် အကြမ်းဖက်မှုကို နှစ်သက်ရာ​ရောက်မယ်။ ကြမ်းတမ်းတဲ့ စကား၊ အယူအဆ၊ ပုံတွေကို ဘာကြောင့် ကျွန်တော်တို့ စိတ်နှလုံး​ထဲ ဝင်​စေမှာ​လဲ။ ကျွန်တော်တို့ စိတ်နှလုံးကို သန့်ရှင်း​ငြိမ်သက်​တဲ့ အတွေး​တွေ​နဲ့ ဖြည့်​ထားချင်​ကြပါတယ်။ဖိလိပ္ပိ ၄:၈၊ ၉ ကိုဖတ်ပါ။

အသက်ကို မ​လေးမြတ်​တဲ့ အဖွဲ့အစည်း​တွေ​နဲ့ မပတ်သက်​ပါ​နဲ့

၂၀-၂၂။ (က) စာတန့်​လောက​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။ (ခ) “လောက​နဲ့ ဘာမှ မပတ်သက်” ကြောင်း ဘုရား​လူမျိုး ဘယ်လို ပြနိုင်သလဲ။

၂၀ စာတန့်​လောက,က အသက်ကို မ​လေးမြတ်​ဘူး။ အဲဒါကို သွေးပြစ်​ကျူးလွန်​တ​ယ်လို့ ယေဟောဝါ ရှုမြင်တယ်။ ရာစုနှစ်တွေ​တစ်လျှောက် နိုင်ငံရေး​ အာဏာစက်တွေက ယေဟောဝါရဲ့ ကျေးကျွန်တွေ​ အပါအဝင် လူ​သန်းပေါင်း​များစွာကို သေ​စေခဲ့တယ်။ အဲဒီ​အာဏာစက်​တွေ၊ အစိုးရတွေကို ကြမ်းကြုတ်​တဲ့ သားရဲ​တွေ​အဖြစ် ကျမ်းစာမှာ ပုံဖော်​ထားတယ်။ (ဒံယေလ ၈:၃၊ ၄၊ ၂၀-၂၂။ ဗျာဒိတ် ၁၃:၁၊ ၂၊ ၇၊ ၈) ဒီနေ့​လောကမှာ လက်နက်​ရောင်းချတာက စီးပွားရေး​လုပ်ငန်းကြီး ဖြစ်တယ်။ သေစေ​နိုင်တဲ့ လက်နက်တွေ ရောင်းချ​ပြီး အမြတ်အစွန်း အများကြီး ရ​နေကြတယ်။ “တစ်လောကလုံးက . . . ဆိုးညစ်သူရဲ့ ဩဇာ​အောက်မှာ ရှိနေ” တာ ရှင်း​နေပါတယ်။—၁ ယောဟန် ၅:၁၉

၂၁ ခရစ်ယာန်စစ်တွေ​ကတော့ “လောက​နဲ့ ဘာမှ မပတ်သက်” ကြဘူး။ ယေဟောဝါ​လူမျိုး​က နိုင်ငံရေး၊ စစ်ရေးမှာ ကြားနေကြတယ်။ ကိုယ်တိုင် လူ့​အသက် မသတ်သလို လူ့​အသက်​သတ်​တဲ့ ဘယ်​အဖွဲ့အစည်းကိုမှလည်း မထောက်ခံ​ဘူး။ (ယောဟန် ၁၅:၁၉။ ၁၇:၁၆) ခရစ်ယာန်တွေ ညှဉ်းပန်း​နှိပ်စက်​ခံရတဲ့အခါ အကြမ်းဖက် မတုံ့ပြန်​ကြဘူး။ ရန်သူတွေကို​တောင် ချစ်​ရမယ်လို့ ယေရှု သင်ပေး​ထားတယ်။ —မဿဲ ၅:၄၄။ ရောမ ၁၂:၁၇-၂၁

၂၂ လူ​သန်းပေါင်း​များစွာ သေ​ကြေ​ကြ​ရတဲ့ နောက်ကွယ်မှာ ဘာသာရေးလည်း ရှိနေတယ်။ ကမ္ဘာ့​အယူမှား ဘာသာရေး​ အင်ပါယာ မဟာ​ဗာဗုလုန်​နဲ့ပတ်သက်ပြီး “ပရောဖက်​တွေ၊ သန့်ရှင်းသူ​တွေ​နဲ့ မြေကြီး​ပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့ သွေး​ကို ဒီ​မြို့မှာ တွေ့ရတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ “ငါ့​လူ​တို့၊ . . . သူ့ဆီကနေ ထွက်သွား​ကြ” လို့ ယေဟောဝါ မိန့်မှာ​ရတဲ့ အကြောင်းရင်းကို သဘောပေါက်​ပါသလား။ ယေဟောဝါကို ကိုးကွယ်သူ​တွေဟာ မှောက်မှားတဲ့ ဘာသာရေးရဲ့ အစိတ်အပိုင်း မဟုတ်​ကြပါဘူး။—ဗျာဒိတ် ၁၇:၆။ ၁၈:၂၊ ၄၊ ၂၄

၂၃။ မဟာ​ဗာဗုလုန်​ထဲ​က “ထွက်” ခြင်း​မှာ ဘာ​ပါဝင်​သလဲ။

၂၃ မဟာ​ဗာဗုလုန်​ထဲ​က “ထွက်” ခြင်း​မှာ မှောက်မှားတဲ့ ဘယ်​ဘာသာရေးရဲ့ အစိတ်အပိုင်း​မှာ​မှ မပါဝင်တော့​ခြင်း ပါဝင်တယ်။ ဥပမာ၊ ကိုယ့်​နာမည်ကို ဘာသာရေး​ အသင်းသား စာရင်း​ထဲ​ကနေ ဖယ်ထုတ်​ရမယ်။ ဒါပေမဲ့ အဲဒီထက်မက လုပ်ရမယ်။ မှောက်မှားတဲ့ ဘာသာရေးရဲ့ လုပ်ရပ်ဆိုး​တွေကို မုန်းရမယ်။ ငြင်းပယ်​ရမယ်။ မှောက်မှားတဲ့ ဘာသာရေး​က လိင်​အကျင့်​ယိုယွင်းခြင်း၊ နိုင်ငံရေး၊ လောဘ​ကြီး​ခြင်း​တွေကို ခွင့်ပြု​ပြီး အားပေး​အား​မြှောက်​လုပ်နေတယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။ ဗျာဒိတ် ၁၈:၇၊ ၉၊ ၁၁-၁၇) ရလဒ်အနေနဲ့ နှစ်တွေ​တစ်လျှောက် အသက်​သန်းပေါင်း​များစွာ ဆုံးရှုံး​ခဲ့​ရပြီ။

၂၄၊ ၂၅။ ယေဟောဝါကို သိကျွမ်းခြင်းက စိတ်ချမ်းသာမှု၊ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ဘယ်လို ရရှိစေနိုင်​သလဲ။

၂၄ ယေဟောဝါကို မသိ​ခင် စာတန့်​လောကရဲ့ ဆိုးညစ်​မှု​တွေကို ကျွန်တော်တို့ တစ်နည်းနည်းနဲ့ ထောက်ခံ​ခဲ့ကြတယ်။ အခုတော့ ပြောင်းလဲ​သွားပြီ။ ရွေးဖိုး​ကို လက်ခံ​ပြီး ကိုယ့်​အသက်တာကို ဘုရားဆီ အပ်နှံ​လိုက်ကြပြီ။ “ယေဟောဝါ ဘုရားဆီက လန်းဆန်း​စေတဲ့ အချိန်ကာလ” ကို ခံစား​ကြရတယ်။ ဘုရား နှစ်သက်မှု ရ​နေ​ကြောင်း သိ​ထားလို့ စိတ်ချမ်းသာမှု၊ ကြည်လင်​တဲ့ အမှားအမှန်​သိစိတ် ရှိကြတယ်။—တမန်တော် ၃:၁၉။ ဟေရှာယ ၁:၁၈

၂၅ တစ်ချိန်​တုန်း​က အသက်ကို မ​လေးမြတ်​တဲ့ အဖွဲ့အစည်း​ တစ်ခုခု​ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်​ဆိုရင်တောင် ရွေးဖိုး​ကို အခြေခံပြီး ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်​ပေးတယ်။ ယေဟောဝါ ပေးတဲ့ အသက်ဆု​လက်ဆောင်​ကို အမှန်တကယ် ကျေးဇူးတင်​လေးမြတ်​ကြပါတယ်။ ယေဟောဝါ​အကြောင်း သိလာအောင်၊ စာတန့်​လောက,ကနေ ထွက်လာ​နိုင်အောင်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိနိုင်အောင် တခြား​သူတွေကို အတတ်နိုင်ဆုံး ကူညီပေးခြင်း​အားဖြင့် ကျွန်တော်တို့ရဲ့ ကျေးဇူးတင်​လေးမြတ်မှု​ကို ပြကြတယ်။—၂ ကောရိန္သု ၆:၁၊ ၂

တခြား​သူတွေကို နိုင်ငံတော်​အကြောင်း ဟောပြောပါ

၂၆-၂၈။ (က) ယေဟောဝါ​က ယေဇကျေလ​ကို ဘယ်​အထူး​တာဝန် ပေးခဲ့သလဲ။ (ခ) ဒီနေ့ ကျွန်တော်တို့ကို ဘာလုပ်ဖို့ ယေဟောဝါ တောင်းဆို​သလဲ။

၂၆ ရှေး​အစ္စရေး​ခေတ်​တုန်း​က မကြာခင် ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရမယ့်​အကြောင်း သတိပေး​ဖို့၊ အသက်ရှင်​လွတ်မြောက်​ဖို့ ဘာလုပ်​ရမယ့်​အကြောင်း လူတွေကို သင်ပေးဖို့ ပရောဖက်​ ယေဇကျေလ​ကို ယေဟောဝါ မိန့်မှာခဲ့တယ်။ ယေဇကျေလ သတိ​မပေးဘူး​ဆိုရင် လူတွေရဲ့ အသက်​အတွက် ယေဇကျေလ​ကို ယေဟောဝါ တာဝန်ယူ​ခိုင်း​မှာ ဖြစ်တယ်။ (ယေဇကျေလ ၃၃:၇-၉) အဲဒီ​အရေးကြီး​သတင်းကို အတတ်နိုင်ဆုံး ကြေညာခဲ့​ခြင်းအားဖြင့် အသက်ကို တန်ဖိုး​ထားကြောင်း ယေဇကျေလ ပြခဲ့တယ်။

၂၇ မကြာခင် စာတန့်​လောက ဖျက်ဆီး​ခံရမယ့်​အကြောင်း လူတွေကို သတိပေး​ဖို့၊ ယေဟောဝါ​အကြောင်း သိလာပြီး ကမ္ဘာသစ်​ထဲ အသက်ရှင်​လွတ်မြောက်​နိုင်အောင် ကူညီဖို့ ကျွန်တော်တို့ကို ယေဟောဝါ တာဝန်​ပေးထားတယ်။ (ဟေရှာယ ၆၁:၂။ မဿဲ ၂၄:၁၄) ဒီ​သတင်း ကြေညာ​နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ချင်ကြတယ်။ “တစ်ယောက်ယောက် ကယ်တင်ခြင်း မရ​ရင် ကျွန်တော့်​အပြစ် မဟုတ်ဘူး။ . . . ဘုရားသခင်ရဲ့ ရည်ရွယ်ချက်​မှန်သမျှ မထိမ်ချန်​ဘဲ ခင်ဗျားတို့ကို ကျွန်တော် ပြောပြခဲ့လို့ပဲ” ဆိုပြီး ပေါလု ပြောခဲ့​သလို ကျွန်တော်တို့လည်း ပြော​ချင်​ကြပါတယ်။—တမန်တော် ၂၀:၂၆၊ ၂၇

၂၈ ကျွန်တော်တို့ သန့်ရှင်း​ရမယ့် တခြား​ဘဝကဏ္ဍတွေ ရှိပါ​သေးတယ်။ တချို့ကို နောက်​အခန်းမှာ လေ့လာ​ကြစို့။