မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်

အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်

“သုံး​လွန်း​တင်တဲ့​ကြိုး​ဟာ အလွယ်တကူ မပြတ်​နိုင်​ဘူး။” —ဒေသနာ ၄:၁၂

၁၊ ၂။ (က) ကြင်စဦး​မောင်နှံ ဘာကို မျှော်လင့်​ကြသလဲ။ (ခ) ဒီ​အခန်းမှာ ဘယ်​မေးခွန်းတွေ သုံးသပ်ကြ​မလဲ။

 မင်္ဂလာဆောင်​နေ့မှာ ပြုံးပျော်​နေတဲ့ မောင်နှံစုံ​ကို မြင်ယောင်​ကြည့်ပါ။ အနာဂတ်​အတွက် စိတ်လှုပ်ရှား​နေကြတယ်။ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ပြည့်နေတယ်။ အိမ်ထောင်ရေး ပျော်ရွှင်​တည်မြဲ​ဖို့ မျှော်လင့်​ကြတယ်။

ဒါပေမဲ့ အိမ်ထောင် အများစုဟာ ပျော်ပျော်ရွှင်ရွှင် အစပြု​ကြပေမဲ့ ဒီအတိုင်း ဆ​က်​မပျော်​နိုင်ကြဘူး။ အိမ်ထောင် တည်မြဲ​ပျော်ရွှင်ဖို့ ဘုရားရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ အိမ်ထောင်​ရဲ့ အကျိုးကျေးဇူး​တချို့က ဘာလဲ။ အိမ်ထောင်ပြု​မ​ယ်​ဆိုရင် အိမ်ထောင်ဖက်​ကို ဘယ်လို ကောင်းစွာ ရွေးချယ်​နိုင်မလဲ။ ခင်ပွန်းကောင်း၊ ဇနီးကောင်း ဘယ်လို ဖြစ်နိုင်မလဲ။ အိမ်ထောင် တည်မြဲ​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။ ဒီမေးခွန်း​တွေ​အတွက် ကျမ်းစာ​အဖြေကို သုံးသပ်​ကြည့်ရအောင်။ပညာအလိမ္မာ ၃:၅၊ ၆ ကို ဖတ်ပါ။

ငါ​အိမ်ထောင်ပြု​သင့်​သလား

၃။ ပျော်ရွှင်ဖို့ အိမ်ထောင်ပြု​ရမယ်လို့ ထင်သလား။ ရှင်းပြပါ။

အိမ်ထောင်​မပြု​ရင် မပျော်ရွှင်​နိုင်​ဘူးလို့ တချို့ ယူဆကြတယ်။ ဒါ မမှန်ပါဘူး။ တစ်ကိုယ်ရေ​ဘဝဟာ ဆုကျေးဇူး ဖြစ်နိုင်တယ်လို့ ယေရှု ပြောတယ်။ (မဿဲ ၁၉:၁၁၊ ၁၂) တစ်ကိုယ်ရေ​ဘဝက အကျိုး​ရှိတယ်လို့ တမန်တော် ပေါလုလည်း ပြောခဲ့တယ်။ (၁ ကောရိန္သု ၇:၃၂-၃၈) အိမ်ထောင်ပြု​မပြု​ဆိုတာ ကိုယ်တိုင် ရွေးချယ်​ဆုံးဖြတ်​ရမယ်။ မိတ်ဆွေ၊ မိသားစု၊ ယဉ်ကျေးမှု​တို့​ကြောင့် အိမ်ထောင်ပြုတာ​မျိုး မဖြစ်​သင့်​ပါဘူး။

၄။ သာယာတဲ့ အိမ်ထောင်​ရဲ့ အကျိုးကျေးဇူး​တချို့က ဘာလဲ။

အိမ်ထောင်မင်္ဂလာ​ဟာ​လ​ည်း ဘုရားပေး​လက်ဆောင် ဖြစ်ပြီး အကျိုးကျေးဇူး​တချို့ ရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ပထမ လူသား အာဒံနဲ့​ပတ်သက်ပြီး “လူဟာ တစ်ယောက်တည်း ဆက်နေ​ဖို့ မသင့်တော်ဘူး။ သူ့ကို ကူညီမယ့်​သူ၊ သူနဲ့​ တွဲဖက်​ညီ​သူကို ငါ​လုပ်ပေးမယ်” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) အာဒံရဲ့ ဇနီး ဖြစ်​လာမယ့် ဧဝကို ယေဟောဝါ ဖန်ဆင်းခဲ့တယ်။ ဒါနဲ့ သူတို့ဟာ ပထမဆုံး လူ့​မိသားစု ဖြစ်လာတယ်။ သားသမီး​ရှိတဲ့ မောင်နှံစုံ​ဟာ ကလေးတွေ ကောင်းမွန်​စွာ ကြီးပြင်း​လာနိုင်​ဖို့ တည်ငြိမ်​အေးချမ်းတဲ့ ပတ်ဝန်းကျင်​ကို ဖန်တီး​ပေး​သင့်တယ်။ ဒါပေမဲ့ အိမ်ထောင်ပြု​ရတဲ့ ရည်ရွယ်ချက်​က သားသမီး​ မွေးဖွားဖို့​ပဲ မဟုတ်ပါဘူး။—ဆာလံ ၁၂၇:၃။ ဧဖက် ၆:၁-၄

၅၊ ၆။ အိမ်ထောင်​တစ်ခု​ဟာ “သုံး​လွန်း​တင်တဲ့​ကြိုး” ဘယ်လို ဖြစ်နိုင်သလဲ။

ဘုရင်​ ရှောလမုန်က “လူတစ်ယောက်​ထက် နှစ်ယောက်​က ပို​ကောင်းတယ်။ နှစ်ယောက်​ပေါင်း​ပြီး ကြိုးစားပမ်းစား​လုပ်ရင် ကောင်းကျိုး​ ပို​ရ​တတ်​လို့​ပဲ။ တစ်ယောက်​ လဲ​ရင် ကျန်တဲ့​တစ်ယောက်က ပြန်ထူ​ပေးလိမ့်မယ်။ တစ်ယောက်တည်း​သမား​က ထူ​မယ့်​သူ မရှိတော့ လဲသွား​ရင် ဘယ်လို​လုပ်မလဲ။ . . . သုံး​လွန်း​တင်တဲ့​ ကြိုး​ဟာ အလွယ်တကူ မပြတ်​နိုင်​ဘူး” လို့ ရေးခဲ့တယ်။—ဒေသနာ ၄:၉-၁၂

သာယာတဲ့​ အိမ်ထောင်​ဟာ အချင်းချင်း ကူညီပေး၊ နှစ်သိမ့်​ပေး၊ ကာကွယ်​ပေးတဲ့သူတွေ​ကြား အရင်းနှီးဆုံး မိတ်ဆွေဖွဲ့​နိုင်ပါတယ်။ မေတ္တာ​က အိမ်ထောင်​ကို ခိုင်မြဲ​စေနိုင်တယ်။ ခင်ပွန်း​နဲ့ ဇနီး ယေဟောဝါကို ကိုးကွယ်တယ်​ဆိုရင် အိမ်ထောင်ရေး ပို​ခိုင်မြဲ​မ​ယ်။ အဲဒီအခါ အိမ်ထောင်​ဟာ ကြိုး​သုံး​ကြိုး​ကို တင်းတင်း​ ချည်​ထားတဲ့ “သုံး​လွန်း​တင်တဲ့​ကြိုး” လို ဖြစ်လာနိုင်တယ်။ ဒီလို​ကြိုး​မျိုး​ဟာ ကြိုး​နှစ်​ကြိုး ချည်​ထားတာ​ထက် ပိုခိုင်တယ်။ အိမ်ထောင်မှာ ယေဟောဝါ ပါဝင်​မ​ယ်​ဆိုရင် ခိုင်မြဲ​လာမယ်။

၇၊ ၈။ အိမ်ထောင်နဲ့​ပတ်သက်ပြီး ပေါလု ဘာ​အကြံပေး​ခဲ့သလဲ။

အိမ်ထောင်ပြု​ပြီးတဲ့အခါ ဇနီးမောင်နှံဟာ သဘာဝ​ လိင်​အလိုဆန္ဒကို ပြေစေနိုင်​ကြတယ်။ (ပညာအလိမ္မာ ၅:၁၈) ဒါပေမဲ့ ဒီ​အလိုဆန္ဒ ပြေ​စေဖို့​အတွက်ပဲ အိမ်ထောင်ပြု​မ​ယ်​ဆိုရင် အိမ်ထောင်ဖက်​ကို ပညာရှိရှိ ရွေးချယ်​နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သွေးသား​ဆန္ဒ ပြင်းထန်တဲ့ “ပျိုမျစ်ချိန်” ကို ကျော်လွန်​ပြီးမှ အိမ်ထောင်ပြု​သင့်တယ်​လို ကျမ်းစာမှာ ဆိုထားတယ်။ (၁ ကောရိန္သု ၇:၃၆) အဲဒီ​ဆန္ဒတွေ လျော့နည်း​တော့​မှ အိမ်ထောင်ပြုတာ ပို​ကောင်းတယ်။ ဒါမှ သေချာ စဉ်းစား​ချင့်ချိန်​နိုင်မယ်။ အိမ်ထောင်ဖက်​ကို ကောင်းကောင်း ရွေးချယ်​နိုင်မယ်။—၁ ကောရိန္သု ၇:၉။ ယာကုပ် ၁:၁၅

အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေရင် လက်တွေ့ကျကျ ရှုမြင်​တတ်​ရမယ်။ အိမ်ထောင်​တိုင်းမှာ စိန်ခေါ်ချက်တွေ ရှိကြောင်း သိထား​ရမယ်။ အိမ်ထောင်သည်တွေ “ဘဝ​ဒုက္ခတွေ ကြုံတွေ့” ရမယ်လို့ ပေါလု ပြောခဲ့တယ်။ (၁ ကောရိန္သု ၇:၂၈) သာယာတဲ့ အိမ်ထောင်မှာ​တောင် ခက်ခဲချိန်တွေ ရှိတတ်တယ်။ ဒါကြောင့် အိမ်ထောင်ပြု​ဖို့ ဆုံးဖြတ်​ရင် အိမ်ထောင်ဖက်​ကို ပညာရှိရှိ ရွေးချယ်ပါ။

ဘယ်သူနဲ့ အိမ်ထောင်ပြုသင့်​သလဲ

၉၊ ၁၀။ ယေဟောဝါကို မကိုးကွယ်တဲ့​သူနဲ့ အိမ်ထောင်ပြု​ရင် ဘာဖြစ်​နိုင်သလဲ။

အိမ်ထောင်ဖက် ရွေးချယ်​တဲ့အခါ “မယုံကြည်သူ​တွေ​နဲ့ ဘက်​မညီ​တဲ့ ထမ်းပိုး​ကို မ​ထမ်း​ကြပါ​နဲ့” ဆိုတဲ့ ကျမ်းစာ​အခြေခံ​မူကို သတိရ​ဖို့ အရေးကြီးတယ်။ (၂ ကောရိန္သု ၆:၁၄) ဒီ​ဥပမာ​က လယ်ယာ​စိုက်ပျိုးရေး​လုပ်ငန်းကို အခြေခံတယ်။ လယ်သမား​က အရွယ်အစား၊ ခွန်အားချင်း မမျှ​တဲ့ တိရစ္ဆာန်​နှစ်ကောင်​ကို လယ်ကွင်း​မှာ ထမ်းပိုး​တွဲ​မ​ထမ်း​ခိုင်း​ဘူး။ တွဲ​ထမ်း​ခိုင်းရင် နှစ်ကောင်စလုံး ဒုက္ခရောက်​သွားနိုင်တယ်။ အလားတူပဲ ယေဟောဝါကို ကိုးကွယ်သူနဲ့ မကိုးကွယ်သူ စုံဖက်​တဲ့ အိမ်ထောင်​မှာလည်း ပြ​ဿ​နာ​များစွာ ကြုံ​နိုင်ပါတယ်။ ဒါကြောင့် ကျမ်းစာမှာ “သခင့် နောက်လိုက်​ဖြစ်​သူနဲ့​ပဲ” လက်ထပ်​ဖို့ အကြံပြု​ထားတယ်။—၁ ကောရိန္သု ၇:၃၉

၁၀ တစ်ခါတလေ အထီးကျန်​နေတာ​ထက်​စာ​ရင် ယေဟောဝါကို မကိုးကွယ်တဲ့​သူနဲ့ လက်ထပ်​လိုက်တာ​ကမှ ပို​ကောင်းမယ်လို့ ခရစ်ယာန်​တချို့ ယူဆကြတယ်။ ဒါပေမဲ့ ကျမ်းစာ​အကြံဉာဏ်​ကို လျစ်လျူရှု​ရင် နာကျင်မှုနဲ့ စိတ်ဆင်းရဲမှု​တွေ ခံစားရမယ်။ ယေဟောဝါကို ကိုးကွယ်သူ​တွေရဲ့ ဘဝမှာ ဘုရားကို ဝတ်ပြုခြင်း​ဟာ အရေးကြီးဆုံးပါ။ ဘဝရဲ့ အရေးကြီးဆုံး​အရာတွေကို အိမ်ထောင်ဖက်​နဲ့ မျှဝေ​မခံစား​နိုင်​ဘူးဆိုရင် ဘယ်လို​ ခံစား​ရမလဲ။ ယေဟောဝါကို မချစ်တဲ့​သူ၊ ဝတ်​မပြု​တဲ့​သူကို လက်ထပ်​တာ​ထက် တစ်ကိုယ်ရေ​နေဖို့ ဆုံးဖြတ်တဲ့​သူများစွာ ရှိကြတယ်။ဆာလံ ၃၂:၈ ကို ဖတ်ပါ။

၁၁။ အိမ်ထောင်ဖက်​ကို ကောင်းစွာ ဘယ်လို ရွေးချယ်​နိုင်မလဲ။

၁၁ ယေဟောဝါကို ဝတ်ပြုတာနဲ့ပဲ ခင်ပွန်းကောင်း၊ ဇနီးကောင်း ဖြစ်မယ်လို့ မဆိုလို​ဘူး။ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေရင် ကိုယ်​တကယ်​ နှစ်သက်တဲ့​သူ၊ ကိုယ်နဲ့ တကယ်​ အဆင်ပြေမယ့်​သူကို ရှာပါ။ ကိုယ့်​ဆန္ဒတွေ​နဲ့ ထပ်တူ​ကျ​တဲ့​သူ၊ ဘုရားဝတ်ပြု​ရေး​ကို ဦးစား​ထားတဲ့​သူ မတွေ့မချင်း စောင့်ပါ။ အိမ်ထောင်ရေး​နဲ့ပတ်သက်တဲ့ အကြံပြုချက်​ကောင်းတွေကို သစ္စာရှိ​ကျွန် ပြင်ဆင်​ပေးတဲ့ စာစောင်တွေမှာ အချိန်​ယူ​ ဖတ်ရှု​တွေးတော​ဆင်ခြင်ပါ။ဆာလံ ၁၁၉:၁၀၅ ကို ဖတ်ပါ။

၁၂။ မိဘတွေ စီစဉ်​ပေးတဲ့ အိမ်ထောင်နဲ့​ပတ်သက်ပြီး ကျမ်းစာက​နေ ဘာသင်ယူနိုင်သလဲ။

၁၂ ယဉ်ကျေးမှု​တချို့မှာ မိဘတွေက သားသမီးတွေ​အတွက် အိမ်ထောင်ဖက် ရွေးချယ်​ပေး​ရတဲ့​ ထုံးစံ ရှိတယ်။ ကိုယ့်​သားသမီး​အတွက် အသင့်တော်ဆုံး အိမ်ထောင်ဖက်​ကို မိဘတွေ သိတယ်​လို့ ထင်ကြတယ်။ ကျမ်းစာ​ခေတ်မှာလည်း ဒီ​ထုံးစံ ရှိတယ်။ မိသားစုက အဲဒီ​ထုံးစံ လိုက်မယ်​ဆိုရင် လိုအပ်တဲ့​ အရည်အချင်းတွေ သိအောင် မိဘတွေကို ကျမ်းစာက ကူညီ​ပေးနိုင်တယ်။ ဥပမာ၊ အာဗြဟံက သား​အိဇက်​အတွက် ဇနီး ရှာပေး​တဲ့အခါ လူနေမှု​ အဆင့်အတန်း၊ ငွေကြေးကို အဓိက​မထား​ပဲ ယေဟောဝါကို ချစ်တဲ့​ မိန်းကလေးကို​ပဲ ရှာခဲ့တယ်။—ကမ္ဘာဦး ၂၄:၃၊ ၆၇ရှင်းလင်းချက် ၂၅ ကို​ကြည့်ပါ။

အိမ်ထောင်​အတွက် ဘယ်လို ကြိုတင်​ပြင်ဆင်​နိုင်သလဲ

၁၃-၁၅။ (က) ခင်ပွန်းကောင်း ဖြစ်ဖို့ အမျိုး​သားတစ်ယောက် ဘယ်လို ကြိုတင်​ပြင်ဆင်​နိုင်သလဲ။ (ခ) ဇနီးကောင်း ဖြစ်ဖို့ အမျိုးသမီး​တစ်ယောက် ဘယ်လို ကြိုတင်​ပြင်ဆင်​နိုင်သလဲ။

၁၃ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေရင် အဆင်သင့် ဖြစ်ရမယ်။ အဆင်သင့် ဖြစ်ပြီလို့ ထင်နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်ပြု​ဖို့ ကြိုတင်​ပြင်ဆင်​တ​ယ်​ဆိုတာ ဘာကို ဆိုလို​ကြောင်း သုံးသပ်ကြည့်​ကြစို့။ အဖြေ​ကြောင့် အံ့သြ​သွားပါလိမ့်မယ်။

အိမ်ထောင်ရေး​နဲ့ပတ်သက်ပြီး ကျမ်းစာ​အကြံဉာဏ်​ကို အချိန်​ယူ ဖတ်ရှု​တွေးတော​ဆင်ခြင်ပါ

၁၄ မိသားစုမှာ ခင်ပွန်း​နဲ့ ဇနီးရဲ့ အခန်းကဏ္ဍ မတူ​ကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ ဒါကြောင့် အိမ်ထောင်ပြု​ဖို့ အဆင်သင့်​ဖြစ်တယ်​ ဆိုတဲ့အခါ ယောက်ျား​လား၊ မိန်း​မလား​ဆိုတဲ့​အပေါ် မူတည်ပြီး ကွဲပြားတယ်။ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေတဲ့ အမျိုးသား​ဟာ အိမ်ထောင်ဦးစီး ဖြစ်ဖို့ အသင့်​ဖြစ်​မဖြစ် ကိုယ့်ကိုယ်ကိုယ် မေး​ရမယ်။ ဇနီးနဲ့ သားသမီးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း​ကို ခင်ပွန်းသည် ကြည့်ရှု​စောင့်ရှောက်​ဖို့ ယေဟောဝါ မျှော်လင့်တယ်။ အရေးကြီးဆုံး​ကတော့ ဝတ်ပြုရေးမှာ မိသားစုကို ဦးဆောင်​ပေး​ရမယ်။ မိသားစုကို မကြည့်ရှု​ မစောင့်ရှောက်​တဲ့​သူဟာ “မယုံကြည်သူ​ထက်​တောင် ဆိုးရွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (၁ တိမောသေ ၅:၈) ဒါကြောင့် အိမ်ထောင်ပြုဖို့ စဉ်းစား​နေတဲ့ အမျိုးသား​ဆိုရင် “အိမ်ပြင်ပ​အလုပ်ကို ပြင်ဆင်ပါ။ လယ်​မှာလည်း အစစအရာရာ အသင့်​ဖြစ်အောင် လုပ်ပါ။ ပြီးမှ အိမ်ကို ဆောက်ပါ” ဆိုတဲ့ ကျမ်းစာ​အခြေခံ​မူကို လက်တွေ့​ကျင့်သုံး​နိုင်ပုံ​အကြောင်း စဉ်းစားပါ။ တစ်နည်းအားဖြင့် အိမ်ထောင်​မပြု​ခင်မှာ ယေဟောဝါ ဖြစ်စေချင်တဲ့ ခင်ပွန်း​မျိုး ဖြစ်ကြောင်း သေချာစေပါ။—ပညာအလိမ္မာ ၂၄:၂၇

၁၅ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေတဲ့ အမျိုးသမီးလည်း ဇနီး​မယား၊ မိခင်​ဝတ္တရားတွေ​အတွက် အသင့်​ဖြစ်​မဖြစ် ကိုယ့်ကိုယ်ကိုယ် မေး​ရမယ်။ ခင်ပွန်း​နဲ့ သားသမီးတွေကို ကြည့်ရှု​စောင့်ရှောက်​နည်း​တချို့ကို ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ပညာအလိမ္မာ ၃၁:၁၀-၃၁) ဒီနေ့ အမျိုးသား/သမီး​များစွာဟာ ကိုယ့်အတွက် အိမ်ထောင်ဖက် လုပ်ပေးမယ့်​အရာတွေကို​ပဲ စဉ်းစား​ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​က ကျွန်တော်တို့ကို ကိုယ့်​အိမ်ထောင်ဖက်​အတွက် လုပ်ပေး​နိုင်တဲ့​အရာကို စဉ်းစား​စေချင်တယ်။

၁၆၊ ၁၇။ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေရင် ဘာတွေ စဉ်းစား​ဆင်ခြင်​သင့်သလဲ။

၁၆ လင်​ယောက်ျား၊ ဇနီး​မယား​တို့နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာ​ပြော​ထားသလဲဆိုတာ အိမ်ထောင်​မပြု​ခင် တွေးတော​ဆင်ခြင်ပါ။ အိမ်ထောင်ဦးစီး ဖြစ်​ခြင်းက ကာယပိုင်း၊ စိတ်ပိုင်း နိုင်ထက်စီးနင်း​ပြု​နိုင်တယ်လို့ မဆိုလို​ဘူး။ အိမ်ထောင်ဦးစီး​ကောင်း​ဟာ ကိုယ်​ကြည့်ရှု​စောင့်ရှောက်​တဲ့​သူတွေ​အပေါ် အမြဲ မေတ္တာထား၊ ကြင်နာ​တတ်တဲ့ ယေရှုကို တုပတယ်။ (ဧဖက် ၅:၂၃) ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်တွေကို ထောက်မခြင်း၊ ပူးပေါင်း​လုပ်ဆောင်ခြင်း​ဆိုတာ ဘာကို ဆိုလို​ကြောင်း အမျိုးသမီး စဉ်းစား​ရမယ်။ (ရောမ ၇:၂) မစုံလင်တဲ့ အမျိုးသားကို ကျေကျေနပ်နပ် လက်အောက်ခံ​နိုင်​ပါ့​မလားလို့ ကိုယ့်ကိုယ်ကိုယ် မေး​ရမယ်။ မကျေနပ်​နိုင်​ဘူးလို့ ထင်ရင် လောလောဆယ် တစ်ကိုယ်တည်း​နေတာ ပို​ကောင်းတယ်လို့ ဆုံးဖြတ်​နိုင်တယ်။

၁၇ ခင်ပွန်း​နဲ့ ဇနီးဟာ ကိုယ်တိုင်​ထက် ကိုယ့်​အိမ်ထောင်ဖက် ပျော်ရွှင်ရေး​ကို ဂရုစိုက်​ပေး​ရမယ်။ (ဖိလိပ္ပိ ၂:၄ ကို ဖတ်ပါ။) “ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်​သလို ဇနီးကို ချစ်​ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်​ရိုသေ​ရမယ်” လို့ ပေါလု ရေးခဲ့တယ်။ (ဧဖက် ၅:၂၁-၃၃) နှစ်ဦးစလုံး အိမ်ထောင်ဖက်​ရဲ့ ချစ်မြတ်နိုးမှု၊ လေးစားမှု ရထားတယ်လို့ ခံစားရဖို့ လိုအပ်တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး သာယာ​ဖို့ အထူးသဖြင့် ခင်ပွန်းက ဇနီး​သည်ရဲ့ ရိုသေ​လေးစားမှု၊ ဇနီးကလည်း ခင်ပွန်းသည်ရဲ့ ချစ်မြတ်နိုးမှု ရထားတယ်လို့ ခံစားရဖို့ လိုတယ်။

၁၈။ ပိုးပန်းချိန်​ကာလမှာ သမီး​ရည်းစား​တွေ ဘာကြောင့် သတိထား​ရမလဲ။

၁၈ အချင်းချင်း ပို​သိကျွမ်းဖို့ သမီး​ရည်းစား​စုံတွဲတွေ​အတွက် ပိုးပန်းချိန်​ဟာ ကြည်နူးစရာ​အချိန် ဖြစ်သင့်တယ်။ လက်တွေ့ကျကျ ရှုမြင်​တတ်​ရမယ့်၊ ရိုးသား​ရမယ့် အချိန်လည်း ဖြစ်တယ်။ ဒါမှသာ လက်တွဲ​ပေါင်းဖက်​သင့်​မသင့် ဆုံးဖြတ်​နိုင်မယ်။ ပိုးပန်းချိန်​ကာလမှာ အချင်းချင်း ဆက်သွယ်​ပြောဆို​တတ်ဖို့ သင်ယူ​ကြ​ရ​သလို တစ်ဖက်​သားရဲ့ စိတ်ရင်းမှန်​ကို သိဖို့လည်း ကြိုးစား​ကြရမယ်။ ရင်းနှီးမှု နက်ရှိုင်း​လာ​လေ အချင်းချင်း ဆွဲဆောင်​တွယ်တာ​လေ ဖြစ်တာ သဘာဝ​ကျ​ပါတယ်။ ဒါပေမဲ့ လက်မထပ်ခင် ဒီ​ခံစားချက်တွေကို ချုပ်တည်း​ဖို့ လိုအပ်တယ်။ ဒါမှ အကျင့်​ယိုယွင်းမှု​ကို ရှောင်နိုင်မယ်။ ချုပ်တည်း​ဖို့၊ အချင်းချင်း​ရဲ့ ဆက်ဆံရေး၊ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်မယ့် အ​ပြု​အမူ​တွေကို မ​လုပ်မိ​ဖို့ မေတ္တာ​စစ်​က ကူညီ​ပေးမယ်။—၁ သက်သာလောနိတ် ၄:၆

အမျိုးသားနဲ့ အမျိုး​သမီးဟာ ပိုးပန်းချိန်​ကာလမှာ အချင်းချင်း ဆက်သွယ်​ပြောဆို​တတ်ဖို့ သင်ယူ​နိုင်

အိမ်ထောင်​ကို ဘယ်လို တည်တံ့​စေနိုင်သလဲ

၁၉၊ ၂၀။ အိမ်ထောင်​ကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်ကြ​သလဲ။

၁၉ စာအုပ်၊ ရုပ်ရှင်​များစွာဟာ ပျော်ရွှင်​စ​ရာ​ ထိမ်းမြားခြင်း​နဲ့ ဇာတ်သိမ်း​တတ်တယ်။ လက်တွေ့​ဘဝမှာ​တော့ ထိမ်းမြားခြင်း​ဟာ အစ​ပဲ ရှိသေးတယ်။ အိမ်ထောင်​ကို ရာသက်ပန် ဖြစ်ဖို့ ယေဟောဝါ ရည်ရွယ်​ထားတယ်။—ကမ္ဘာဦး ၂:၂၄

၂၀ ဒီနေ့ လူများစွာက အိမ်ထောင်​ကို ယာယီ​ အစီအစဉ်​အဖြစ် ရှုမြင်​ကြတယ်။ လွယ်လွယ်​နဲ့ အိမ်ထောင်ပြု​ကြတယ်။ လွယ်လွယ်​နဲ့​ပဲ ကွဲ​သွားကြတယ်။ ပြ​ဿ​နာ ပေါ်လာ​ရင် အိမ်ထောင်ဖက်​ကို ထားခဲ့​ဖို့၊ အိမ်ထောင်ရေး​ကို အဆုံးသတ်ဖို့ အချိန်​ပဲ​လို့ လူတချို့ ယူမှတ်​ကြတယ်။ ဒါပေမဲ့ သုံး​လွန်း​တင်တဲ့​ ကြိုး​အကြောင်း ကျမ်းစာ​ဥပမာ​ကို သတိရပါ။ အဲဒီလို​ကြိုး​မျိုး​ဟာ ကြီးမားတဲ့​ ဖိအား​အောက်မှာ​တောင် ပြတ်​မသွား​ဘူး။ အကူအညီ​အတွက် ယေဟောဝါကို မျှော်ကိုး​ရင် အိမ်ထောင် တည်တံ့​နိုင်တယ်။ “ဘုရားသခင် တွဲဖက်ထား​သူတွေကို ဘယ်သူမှ မခွဲကြနဲ့” လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၁၉:၆

၂၁။ လင်​နဲ့ မယား အချင်းချင်း ချစ်မြတ်နိုး​ဖို့ ဘာက ကူညီပေး​မလဲ။

၂၁ ကျွန်တော်တို့​အားလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြတယ်။ တခြား​သူတွေ၊ အထူးသဖြင့် အိမ်ထောင်ဖက်​ရဲ့ အားနည်းချက်​ကို အလွယ်တကူ အာရုံစိုက်မိ​တတ်ကြတယ်။ အဲဒီလို​အာရုံစိုက်​ရင် ပျော်ရွှင်​မှာ မဟုတ်ဘူး။ အိမ်ထောင်ဖက်​ရဲ့ အရည်အသွေး​ကောင်းတွေကို အာရုံစိုက်​ရင်​တော့ သာယာတဲ့​ အိမ်ထောင် ပိုင်ဆိုင်​နိုင်တယ်။ မစုံလင်တဲ့ အိမ်ထောင်ဖက်​ကို ဒီလို​ရှုမြင်​ဖို့​ဆိုတာ လက်တွေ့​ကျ​ရဲ့​လား။ ကျ​ပါတယ်။ ကျွန်တော်တို့ မစုံလင်​ကြ​မှန်း ယေဟောဝါ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်း​တွေကို​ပဲ အာရုံစိုက်​ပေးတယ်။ အဲဒီလို အာရုံမစိုက်​ပေးရင်​ကော။ “အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်​သာ အမှား​တွေကို စောင့်ကြည့်​နေရင် ဘယ်သူ ခံရပ်​နိုင်မှာလဲ” လို့ ဆာလံဆရာ ပြောခဲ့တယ်။ (ဆာလံ ၁၃၀:၃) လင်​နဲ့ မယား အချင်းချင်း​ရဲ့ ကောင်းကွက်ကို ရှာကြည့်​ပြီး ခွင့်လွှတ်ခြင်း​အားဖြင့် ယေဟောဝါကို တုပ​နိုင်ကြ​ပါတယ်။ကောလောသဲ ၃:၁၃ ကို ဖတ်ပါ။

၂၂၊ ၂၃။ အိမ်ထောင်သည်တွေ​အတွက် အာဗြဟံ​နဲ့ စာရာ​က ဘယ်လို စံနမူနာ​ကောင်း ပြခဲ့သလဲ။

၂၂ နှစ်တွေ​ကြာလေ အိမ်ထောင် ခိုင်မြဲ​လေ ဖြစ်နိုင်တယ်။ အာဗြဟံနဲ့ စာရာတို့ဟာ တည်တံ့​သာယာတဲ့ အိမ်ထောင် ပိုင်ဆိုင်ခဲ့​ကြတယ်။ ဥရ​မြို့မှာ​ရှိတဲ့ အိမ်က​နေ ထွက်ခွာ​ဖို့ အာဗြဟံ​ကို ယေဟောဝါ မိန့်ဆိုတဲ့​အချိန်မှာ စာရာ အသက် ၆၀ ကျော်နေ​လောက်ပြီ။ ရွက်ဖျင်တဲတွေမှာ နေဖို့ အိမ်ကြီးအိမ်ကောင်း​ကို ထားခဲ့​ရတာ စာရာ​အတွက် ဘယ်လောက် ခက်ခဲ​မ​ယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ ဒါပေမဲ့ စာရာဟာ ခင်ပွန်း​အတွက် မိတ်ဆွေကောင်း၊ လက်တွဲဖော်​ကောင်း ဖြစ်ခဲ့တယ်။ ခင်ပွန်းကို အမှန်တကယ် ရိုသေ​လေးစားခဲ့တယ်။ ဒါကြောင့် အာဗြဟံ​ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်မြောက်​ဖို့ ထောက်ကူ​ပေးခဲ့တယ်။—ကမ္ဘာဦး ၁၈:၁၂။ ၁ ပေတရု ၃:၆

၂၃ သာယာတဲ့​ အိမ်ထောင် ဖြစ်ဖို့ ကိစ္စရပ်တိုင်းမှာ ခင်ပွန်း​နဲ့ ဇနီး သဘောထား​ချင်း အမြဲ တိုက်ဆိုင်​မယ်လို့ မဆိုလို​တာ မှန်ပါတယ်။ တစ်ကြိမ်​မှာ​တော့ အာဗြဟံ​ဟာ စာရာ​နဲ့ သဘောထား​ချင်း မ​တိုက်ဆိုင်​ဘူး။ “စာရာ​ ပြောတာကို နားထောင်​လိုက်” လို့ အာဗြဟံ​ကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။ အာဗြဟံ နားထောင်​ခဲ့လို့ အကျိုး​ရှိခဲ့တယ်။ (ကမ္ဘာဦး ၂၁:၉-၁၃) အိမ်ထောင်ဖက်​နဲ့ သဘောထား​ချင်း မ​တိုက်ဆိုင်​ရင် စိတ်ဓာတ်​မကျပါနဲ့။ သဘောထား​ချင်း မတိုက်ဆိုင်​ရင်တောင် အချင်းချင်း ချစ်ချစ်ခင်ခင်၊ လေးလေးစားစား ဆက်ဆံ​ဖို့ အရေးကြီးတယ်။

အစ​ကတည်းက ကျမ်းစာကို အိမ်ထောင်ရေး​ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေပါ

၂၄။ အိမ်ထောင်​က ယေဟောဝါကို ဘယ်လို ဂုဏ်တင်​နိုင်သလဲ။

၂၄ ခရစ်ယာန်​ အသင်းတော်မှာ သာယာ​ပျော်ရွှင်တဲ့ အိမ်ထောင် ထောင်နဲ့​ချီ ရှိပါတယ်။ အိမ်ထောင်ပြု​မ​ယ်​ဆိုရင် အိမ်ထောင်ဖက် ရွေးချယ်ခြင်း​ဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက်​တစ်မျိုး​ဆိုတာ သတိရပါ။ အဲဒီ​ဆုံးဖြတ်ချက်​က ကျန်တဲ့​ဘဝ တစ်လျှောက်လုံး​အပေါ် သက်ရောက်မှု ရှိ​နိုင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှာပါ။ ဒါမှ အိမ်ထောင်ဖက်​ကို ပညာရှိရှိ ရွေးချယ်​နိုင်မယ်။ အိမ်ထောင်​အတွက် ကောင်းကောင်း ပြင်ဆင်​နိုင်မယ်။ ယေဟောဝါကို ဂုဏ်တင်တဲ့၊ ခိုင်မြဲ​ပြီး မေတ္တာ​ရှိတဲ့ အိမ်ထောင် တည်ဆောက်​နိုင်မယ်။