မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ

အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ

“လူအမျိုးမျိုးကို လေးစား​ကြပါ။ ညီအစ်ကို​အသင်းအပင်း တစ်​ရပ်​လုံး​ကို ချစ်ကြပါ။ ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး ဘုရင်တွေကို လေးစား​ကြပါ။”—၁ ပေတရု ၂:၁၇

၁၊ ၂။ (က) ဘယ်သူ့​လမ်းညွှန်ချက်ကို လိုက်နာ​ရမလဲ။ (ခ) ဒီ​အခန်းမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

 ကလေးဘဝ​တုန်း​က ကိုယ်​မ​လုပ်ချင်တဲ့​အရာ တစ်ခုခုကို မိဘတွေ လုပ်​ခိုင်း​တာ​မျိုး ခဏခဏ ကြုံဖူးမှာပဲ။ မိဘကို ချစ်တယ်။ နာခံ​သင့်​မှန်း သိတယ်။ ဒါပေမဲ့ အမြဲ မနာခံ​ချင်​ခဲ့​ဘူး။

ကျွန်တော်တို့ကို အဖ​ယေဟောဝါ ချစ်​မှန်း သိကြပါတယ်။ ကျွန်တော်တို့ကို ဂရုစိုက်​ပြီး ဘဝကို ပျော်မွေ့​ဖို့ လိုအပ်ရာ​မှန်သမျှ ပြင်ဆင်​ပေးထားတယ်။ အောင်မြင်​နိုင်ဖို့ လမ်းညွှန်ချက်တွေ ပေးထားတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ကို လမ်းညွှန်​ပေးဖို့ တခြား​လူတွေကို ဘုရား အသုံးပြုတယ်။ ယေဟောဝါရဲ့ အခွင့်အာဏာကို ကျွန်တော်တို့ လေးစား​ရမယ်။ (ပညာအလိမ္မာ ၂၄:၂၁) ဒါပေမဲ့ တစ်ခါတလေ လမ်းညွှန်ချက်ကို လက်ခံဖို့ ဘာကြောင့် ခက်​သလဲ။ လမ်းညွှန်ချက်ကို လိုက်နာ​ဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆို​သလဲ။ ဘုရားသခင့်​အခွင့်အာဏာကို လေးစားကြောင်း ကျွန်တော်တို့ ဘယ်လို ပြ​ကြသလဲ။—ရှင်းလင်းချက် ၉ ကို ကြည့်ပါ။

ဘာကြောင့် ခက်ခဲ​ရသလဲ

၃၊ ၄။ ဘယ်လိုနည်းနဲ့ လူသားတွေဟာ မစုံလင်သူတွေ ဖြစ်လာ​ကြသလဲ။ တခြား​သူတွေဆီ​က လမ်းညွှန်ချက်ကို လက်ခံဖို့ ဘာကြောင့် ခက်ခဲ​နိုင်သလဲ။

ကျွန်တော်တို့​လူသားတွေမှာ ပုန်ကန်​ချင်တဲ့ သဘောထား ရှိတယ်။ ပထမ လူသား​မောင်နှံ အာဒံနဲ့ ဧဝတို့ အပြစ်ကျူးလွန်​ချိန်​ကတည်းက ဒီလို​ဖြစ်လာခဲ့တာ။ စုံလင်​သူတွေ​အဖြစ် ဖန်ဆင်းခံရ​တာ​တောင်မှ ဘုရားသခင့်​အခွင့်အာဏာကို သူတို့ ပုန်ကန်​ခဲ့ကြတယ်။ အဲဒီ​အချိန်​က​စပြီး လူသား​အားလုံး မစုံလင်သူတွေ​အဖြစ် မွေးဖွား​လာကြတယ်။ မစုံလင်မှု​ဟာ ယေဟောဝါနဲ့ တခြား​သူတွေဆီ​က လမ်းညွှန်ချက်ကို လက်ခံဖို့ ခက်ခဲ​စေတဲ့ အကြောင်းရင်း​တစ်ရပ်ပါပဲ။ နောက်​အကြောင်းရင်း​ကတော့ ကျွန်တော်တို့ကို လမ်းညွှန်​ပေးဖို့ ယေဟောဝါ အသုံးပြုတဲ့​သူတွေလည်း မစုံလင်သူတွေ ဖြစ်နေကြလို့​ပါပဲ။—ကမ္ဘာဦး ၂:၁၅-၁၇။ ၃:၁-၇။ ဆာလံ ၅၁:၅။ ရောမ ၅:၁၂

ကျွန်တော်တို့ဟာ မစုံလင်ကြလို့ မာန​စိတ် ဝင်​တတ်ကြတယ်။ မာန​စိတ်​က လမ်းညွှန်ချက်ကို လက်ခံဖို့ ခက်ခဲ​စေတယ်။ ဥပမာ၊ ရှေး​အစ္စရေး​အချိန်တုန်းက ယေဟောဝါ​က မိမိ​လူမျိုးကို ဦးဆောင်ဖို့ မောရှေ​ကို ရွေးချယ်ခဲ့တယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့တဲ့ ကောရ​ဟာ မာန​ကြီးလာ​ပြီး မောရှေ​ကို မထီလေးစား လုပ်ခဲ့တယ်။ မောရှေ​ကတော့ ဘုရားလူမျိုးကို ဦးဆောင်​ရပေမဲ့ မာန​မကြီး​ခဲ့​ဘူး။ အသက်ရှင်​ခဲ့​သ​မျှ​မှာ စိတ်​အ​နှိမ့်ချ​ဆုံး​သူ​လို့ ဖော်ပြ​ခံရတယ်။ ဒါပေမဲ့ မောရှေ​ရဲ့ လမ်းညွှန်ချက်ကို ကောရ လက်မခံ​နိုင်​ခဲ့​ဘူး။ သူနဲ့အတူ ပူးပေါင်း​ဖို့ လူအုပ်ကြီး​ကို​တောင် စည်းရုံး​ပြီး မောရှေ​ကို ပုန်ကန်​ခဲ့​တ​ယ်။ ကောရ​နဲ့ ပုန်ကန်​သူတွေ ဘာဖြစ်​သွား​ကြသလဲ။ အသတ်ခံ​ခဲ့​ကြရတယ်။ (တောလည်ရာ ၁၂:၃။ ၁၆:၁-၃၊ ၃၁-၃၅) မာန​စိတ်ဟာ အန္တရာယ်​ရှိကြောင်း သင်ပေးတဲ့ စံနမူနာများ​စွာ ကျမ်းစာမှာ ပါရှိ​တ​ယ်။—၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁ရှင်းလင်းချက် ၁၀ ကို ကြည့်ပါ။

၅။ လူတချို့ အခွင့်အာဏာကို ဘယ်လို တလွဲသုံး​ခဲ့ကြသလဲ။

“အခွင့်အာဏာကို တလွဲသုံးတယ်” ဆိုတဲ့ စကားကို ကြားဖူး​ကြ​မှာပါ။ သမိုင်း​တစ်လျှောက် လူများစွာက အခွင့်အာဏာကို တလွဲ​သုံးခဲ့​ကြတယ်။ (ဒေသနာ ၈:၉ ကိုဖတ်ပါ။) ဥပမာ၊ ရှောလု​ဟာ အစ္စရေး​ဘုရင်အဖြစ် ယေဟောဝါရဲ့ ရွေးချယ်ခြင်း ခံရချိန်မှာ စိတ်​နှိမ့်ချတဲ့ လူကောင်း​တစ်ယောက်ပါ။ ဒါပေမဲ့ မာန​စိတ်၊ မနာလိုစိတ် ဝင်​လာလို့ အပြစ်မဲ့တဲ့ ဒါဝိဒ်​ကို ဒုက္ခ​ပေးတော့တယ်။ (၁ ရှမွေလ ၉:၂၀၊ ၂၁။ ၁၀:၂၀-၂၂။ ၁၈:၇-၁၁) နောက်ပိုင်းမှာ ဒါဝိဒ် ဘုရင် ဖြစ်လာတယ်။ ဒါဝိဒ်ဟာ အစ္စရေး​နိုင်ငံရဲ့ အကောင်းဆုံး​ ဘုရင်​တစ်ပါးပါ။ ဒါပေမဲ့ ဒါဝိဒ်​တောင်မှ အခွင့်အာဏာကို တလွဲ​သုံးခဲ့တယ်။ ဥရိယ​ရဲ့ မယား ဗာသရှေဘ​နဲ့ ဖောက်​ပြန်တယ်။ ဥရိယ​ကို သေစေဖို့​အကြံ​နဲ့ ရှေ့တန်း​ပို့လိုက်ခြင်း​အားဖြင့် အပြစ်​ဖုံးကွယ်​ဖို့ ကြိုးစားခဲ့တယ်။—၂ ရှမွေလ ၁၁:၁-၁၇

ယေဟောဝါရဲ့ အခွင့်အာဏာကို လေးစား​ရတဲ့ အကြောင်းရင်း

၆၊ ၇။ (က) ယေဟောဝါကို ချစ်တဲ့ မေတ္တာ​က ဘာလုပ်ဖို့ လှုံ့ဆော်​ပေး​သလဲ။ (ခ) မလွယ်ကူတဲ့​အချိန်မှာ​တောင် နာခံဖို့ ဘာက ကူညီပေး​မလဲ။

ယေဟောဝါ​ဘုရားကို ချစ်လို့ ဘုရားဆီက လမ်းညွှန်ချက်ကို ကျွန်တော်တို့ လေးစား​ကြတယ်။ ဘယ်​အရာ​ထက်​မဆို၊ ဘယ်သူ့​ထက်​မဆို ယေဟောဝါကို ချစ်လို့ စိတ်တော် ရွှင်လန်း​စေ​ချင်ကြတယ်။ (ပညာအလိမ္မာ ၂၇:၁၁။ မာကု ၁၂:၂၉၊ ၃၀ တို့ကို ဖတ်ပါ။) ဧဒင်​ဥယျာဉ်မှာ ပထမ​လူသား​မောင်နှံ နေထိုင်ခဲ့​စဉ်​ကတည်းက ယေဟောဝါရဲ့ အခွင့်အာဏာနဲ့​ပတ်သက်ပြီး လူသားတွေကို စာတန် မေးခွန်း​ထုတ်စေချင်ခဲ့တယ်။ ကျွန်တော်တို့ကို ဘာ​လုပ်ပါ​ဆိုပြီး ပြောပိုင်ခွင့် ယေဟောဝါမှာ မရှိဘူးလို့ မာရ်နတ် ထင်စေချင်တယ်။ ဒါဟာ မုသာ​စကား​မှန်း ကျွန်တော်တို့ သိကြပါတယ်။ “ယေဟောဝါ​ဘုရား၊ ကိုယ်တော်​က အရာခပ်သိမ်း​ကို ဖန်ဆင်းခဲ့တယ်။ . . . ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်း​ခွန်အားတွေကို ကိုယ်တော် ရထိုက်​ပါတယ်” ဆိုတဲ့ စကားတွေကို ကျွန်တော်တို့ သဘောတူ​ကြပါတယ်။—ဗျာဒိတ် ၄:၁၁

ကလေးဘဝ​တုန်း​က မနာခံ​ချင်​ရင်တောင်​မှ မိဘတွေကို နာခံဖို့ သွန်သင်ခံ​ခဲ့​ရ​မှာပါ။ အလားတူပဲ ယေဟောဝါရဲ့ ကျေးကျွန်တွေ​အတွက် နာခံဖို့ မလွယ်​တဲ့ အချိန်တွေ ရှိ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်ခင်​လေးစားလို့ အတတ်နိုင်ဆုံး နာခံ​ကြတယ်။ ကျွန်တော်တို့​အတွက် ယေရှု စံနမူနာ ပြခဲ့တယ်။ ယေရှု​က မ​လွ​ယ်ကူတဲ့၊ အဆင်မပြေ​တဲ့အချိန်​မှာ​တောင် ယေဟောဝါကို နာခံခဲ့တယ်။ ဒါကြောင့်လည်း “ကျွန်တော့်​ဆန္ဒ​အတိုင်း မဖြစ်ပါစေ​နဲ့။ အဖရဲ့ ဆန္ဒ​အတိုင်း​သာ ဖြစ်ပါစေ” လို့ ပြောနိုင်ခဲ့တာပါ။—လုကာ ၂၂:၄၂ရှင်းလင်းချက် ၁၁ ကို ကြည့်ပါ။

၈။ ကျွန်တော်တို့ကို ယေဟောဝါ လမ်းညွှန်​တဲ့ နည်းလမ်း​တချို့က ဘာတွေလဲ။ (“ အကြံ​ပေးတာကို နားထောင်ပါ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

ဒီနေ့ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ လမ်းညွှန်တယ်။ ဥပမာ၊ ကျွန်တော်တို့ကို ကျမ်းစာ ပေးထားတယ်။ အသင်းတော်​အကြီးအကဲတွေ ပေးထားတယ်။ ကျွန်တော်တို့ကို လမ်းညွှန်​ဖို့ ယေဟောဝါ​ဘုရား အသုံးပြုတဲ့​သူတွေကို လေးစားတဲ့​အခါ ဘုရားရဲ့ အခွင့်အာဏာကို လေးစားကြောင်း ပြ​နေတာပါ။ သူတို့ရဲ့ အကူအညီကို ငြင်းပယ်​ရင် ယေဟောဝါကို ငြင်းပယ်တာနဲ့ အတူတူပဲ။ အစ္စရေးတွေ မောရှေ​ကို ငြင်းပယ်​တဲ့အခါ ယေဟောဝါ အလေးအနက်​ထားခဲ့တယ်။ မိမိကို ဆန့်ကျင်​နေတာ​လို့ ယူဆတယ်။—တောလည်ရာ ၁၄:၂၆၊ ၂၇ရှင်းလင်းချက် ၁၂ ကို ကြည့်ပါ။

၉။ လမ်းညွှန်ချက်ကို လိုက်နာ​ဖို့ မေတ္တာ​က ဘယ်လို လှုံ့ဆော်​ပေး​မလဲ။

အခွင့်အာဏာကို လေးစားတာ​က ညီအစ်ကို/မတွေကို ချစ်ရာလည်း ရောက်တယ်။ စဉ်းစား​ကြည့်ပါ။ သဘာဝဘေး ကျရောက်တဲ့​အခါ ကယ်ဆယ်ရေး​အဖွဲ့​က လူများ​နိုင်သမျှ​များများ​ကို ကယ်တင်ဖို့ အတူတကွ လုပ်ဆောင်​ကြတယ်။ ထိထိရောက်ရောက် ကူညီ​ပေးနိုင်​ဖို့ တစ်ယောက်ယောက်​က ကွပ်ကဲ​ရပြီး အဖွဲ့သား​တိုင်း လမ်းညွှန်ချက်ကို လိုက်နာ​ရမယ်။ ဒါပေမဲ့ တစ်ယောက်ယောက်​က လမ်းညွှန်ချက်ကို လျစ်လျူရှု​ပြီး လုပ်ချင်​တာ လုပ်​မယ်​ဆိုရင်​ကော။ ရည်ရွယ်ချက် မှန်နေရင်တောင် မနာခံမှုက အဖွဲ့သားတွေကို အခက်တွေ့​စေနိုင်တယ်။ အကြီးအကျယ် ထိခိုက်​စေနိုင်တယ်။ အလားတူပဲ ယေဟောဝါနဲ့ ဘုရား အခွင့်အာဏာ​ ပေးအပ်​ထားသူတွေ​ဆီက လမ်းညွှန်ချက်ကို ကျွန်တော်တို့ မလိုက်နာ​ဘူးဆိုရင် တခြား​သူတွေ ထိခိုက်​နိုင်တယ်။ ယေဟောဝါကို နာခံ​ရင်​တော့ ညီအစ်ကိုတွေကို ချစ်ကြောင်း၊ ယေဟောဝါရဲ့ အစီအစဉ်ကို လေးစားကြောင်း တင်ပြ​ရာ​ရောက်တယ်။—၁ ကောရိန္သု ၁၂:၁၄၊ ၂၅၊ ၂၆

၁၀၊ ၁၁။ အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၀ ယေဟောဝါ တောင်းဆို​သ​မျှ​ဟာ ကျွန်တော်တို့​ကောင်းကျိုး​အတွက်ပဲ။ မိသားစု၊ အသင်းတော်မှာ၊ အစိုးရ​အာဏာပိုင်တွေ​နဲ့ ဆက်ဆံ​တဲ့အခါ​မှာ အခွင့်အာဏာကို လေးစားကြောင်း တင်ပြ​မယ်​ဆိုရင် အားလုံး အကျိုး​ခံစား​ကြ​ရပါလိမ့်မယ်။—တရားဟောရာ ၅:၁၆။ ရောမ ၁၃:၄။ ဧဖက် ၆:၂၊ ၃။ ဟီဘရူး ၁၃:၁၇

၁၁ တခြား​သူတွေကို လေးစားဖို့ ယေဟောဝါ လိုလား​ရတဲ့ အကြောင်းရင်းကို နားလည်​ထားခြင်းက ကျွန်တော်တို့ကို အထောက်အကူ ပြု​နိုင်တယ်။ ဘဝကဏ္ဍ​သုံးခုမှာ လေးစားမှု ပြနိုင်ပုံ​ကို အသေးစိတ် သုံးသပ်​ကြစို့။

မိသားစု​အတွင်း လေးစားမှု

၁၂။ အခွင့်အာဏာကို လေးစားကြောင်း လင်​ယောက်ျား ဘယ်လို ပြနိုင်သလဲ။

၁၂ ယေဟောဝါ​က မိသားစု​ဘဝကို အစပြု​ပေးခဲ့​ပြီး မိသားစုဝင်​တိုင်း​ကို ကိုယ်ပိုင်​အခန်းကဏ္ဍ ပေးထားတယ်။ ကိုယ့်​ဆီက ယေဟောဝါ ဘာတောင်းဆိုမှန်း ယောက်​တိုင်း သဘောပေါက်​မယ်​ဆိုရင် မိသားစု​ အစီအစဉ် အဆင်ပြေ​ချောမွေ့ပြီး တစ်မိသားစုလုံး အကျိုး​ခံစားရမယ်။ (၁ ကောရိန္သု ၁၄:၃၃) ယေဟောဝါ​က လင်​ယောက်ျား​ကို မိသားစုရဲ့ ဦးခေါင်း ဖြစ်စေတယ်။ လင်​ယောက်ျား​အနေနဲ့ ဇနီးနဲ့ သားသမီးတွေကို စောင့်ရှောက်​ဖို့၊ မေတ္တာပါပါ လမ်းညွှန်​ဖို့ ယေဟောဝါ မျှော်လင့်တယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကြောင့် သူတို့ကို စောင့်ရှောက်ပုံနဲ့​ပတ်သက်ပြီး လင်​ယောက်ျား​က ယေဟောဝါ​ဆီမှာ စာရင်းရှင်း​ရမယ်။ ခရစ်ယာန်​ လင်​ယောက်ျား​က မိသားစုကို ချစ်ခင်​ကြင်နာ​ပြီး အသင်းတော်ကို ယေရှု ဆက်ဆံ​တဲ့​နည်း​အတိုင်း ဆက်ဆံတယ်။ ဒီလို​နည်းနဲ့ ယေဟောဝါကို လေးစားကြောင်း ပြတယ်။—ဧဖက် ၅:၂၃ရှင်းလင်းချက် ၁၃ ကို ကြည့်ပါ။

ခရစ်ယာန် ဖခင်​တစ်ယောက် မိသားစုကို စောင့်ရှောက်​တဲ့အခါ ခရစ်တော်ကို တုပ​နေတာ ဖြစ်

၁၃။ အခွင့်အာဏာကို လေးစားကြောင်း ဇနီးသည် ဘယ်လို တင်ပြ​နိုင်သလဲ။

၁၃ ခရစ်ယာန်​ ဇနီးသည်​မှာလည်း အရေးကြီးတဲ့၊ ဂုဏ်​ရှိတဲ့ အခန်းကဏ္ဍ ရှိပါတယ်။ အိမ်ထောင်ဦးစီး​ကောင်း ဖြစ်ဖို့ ခင်ပွန်းသည် ကြိုးစားတဲ့​အခါ ဇနီးသည်က ထောက်မ​ပေးတယ်။ သားသမီးတွေကို ခင်ပွန်းသည်​နဲ့အတူ လေ့ကျင့်ပေး​ရမယ့် တာဝန် ရှိတယ်။ ရိုသေ​လေးစား​တတ်တဲ့ သားသမီးတွေ ဖြစ်ဖို့ သင်ပေး​နိုင်တဲ့ နည်းတစ်နည်း​ကတော့ ကိုယ်တိုင်ရဲ့ ပုံသက်သေ​ပါပဲ။ (ပညာအလိမ္မာ ၁:၈) ခင်ပွန်းသည်​ကို လေးစား​ပြီး ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်တွေ​အတိုင်း ပူးပေါင်း​ဆောင်ရွက်တယ်။ ကိစ္စ​တချို့မှာ ခင်ပွန်း​နဲ့ သဘောထား​ချင်း မ​တိုက်ဆိုင်​ရင်တောင် ကိုယ့်​ခံစားချက်ကို ကြင်ကြင်နာနာ၊ လေးလေးစားစား ရှင်းပြတယ်။ မယုံကြည်သူနဲ့ လက်ထပ်​ထားတဲ့ ခရစ်ယာန်​ အမျိုးသမီး​မှာလည်း ထူးခြားတဲ့ စိန်ခေါ်ချက်တွေ ရှိတယ်။ ဒါပေမဲ့ ခင်ပွန်းကို မေတ္တာထား​နေမယ်၊ လေးစား​နေမယ်ဆိုရင် တစ်နေ့ ခင်ပွန်း​သည်လည်း ယေဟောဝါ​အကြောင်း သိချင်​လာနိုင်တယ်၊ ယေဟောဝါကို ကိုးကွယ်​လာနိုင်တယ်။၁ ပေတရု ၃:၁ ကိုဖတ်ပါ။

၁၄။ အခွင့်အာဏာကို လေးစားကြောင်း သားသမီးတွေ ဘယ်လို တင်ပြ​နိုင်သလဲ။

၁၄ သားသမီးတွေဟာ ယေဟောဝါ​အတွက် အဖိုးတန်တယ်။ သားသမီးတွေဟာ အထူးသဖြင့် ကာကွယ်မှု၊ လမ်းညွှန်မှု လိုအပ်​ကြတယ်။ သားသမီးတွေ မိဘ​စကား နားထောင်တဲ့​အခါ မိဘတွေကို ပျော်ရွှင်​စေတယ်။ ပို​အရေးကြီးတာက နာခံခြင်း​အားဖြင့် ယေဟောဝါကို လေးစားကြောင်း ပြရာ​ရောက်​ပြီး ဘုရားကို ပျော်ရွှင်​စေတယ်။ (ပညာအလိမ္မာ ၁၀:၁) မိသားစုများ​စွာ​မှာ မိဘ​တစ်ဦးတည်း​က သားသမီးတွေကို ပျိုးထောင်​ပေး​ရတယ်။ ဒီ​အခြေအနေ​က မိဘ​အတွက်​ကော သားသမီး​အတွက်ပါ ခက်ခဲ​နိုင်တယ်။ ဒါပေမဲ့ သားသမီးတွေ နာခံ​တတ်​ပြီး မိခင် ဒါမှမဟုတ် ဖခင်​ကို ဝိုင်းဝန်း​ကူညီပေးတဲ့​အခါ မိသားစု​ဘဝ ပို​တိုးတက်​ကောင်းမွန်​လာတယ်။ ဘာပဲ​ဖြစ်ဖြစ် စုံလင်တဲ့ မိသားစု​ဆိုတာ​တော့ မရှိပါဘူး။ ဒါပေမဲ့ မိသားစုဝင်​တိုင်း​က ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုက်နာတဲ့အခါ မိသားစု​တိုင်း ပိုပျော်​ရွှင်​နိုင်တယ်။ ဒီနည်းနဲ့ မိသားစု​အားလုံးကို အစပြု​ပေးတဲ့​အရှင် ယေဟောဝါကို ဂုဏ်တင်​ကြတယ်။—ဧဖက် ၃:၁၄၊ ၁၅

အသင်းတော်​အတွင်း လေးစားမှု

၁၅။ အသင်းတော်​အတွင်းမှာ အခွင့်အာဏာကို လေးစားကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

၁၅ ခရစ်ယာန်​ အသင်းတော်က​တစ်ဆင့် ကျွန်တော်တို့ကို ယေဟောဝါ လမ်းညွှန်တယ်။ ယေရှုကို အသင်းတော်​အပေါ်မှာ အခွင့်အာဏာ အပြည့်​ပေးထားတယ်။ (ကောလောသဲ ၁:၁၈) ယေရှုကလည်း ဘုရားလူမျိုးကို ဂရုစိုက်ဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့​ကျွန်” ကို တာဝန်​ပေးတယ်။ (မဿဲ ၂၄:၄၅-၄၇) ဒီနေ့ “သစ္စာနဲ့ သတိပညာရှိတဲ့​ကျွန်” ဆိုတာ အုပ်ချုပ်ရေးအဖွဲ့ ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့​က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်မာ​နေ​စေဖို့ လိုအပ်တဲ့​အရာတွေကို အချိန်တန် ပြင်ဆင်​ပေးတယ်။ အကြီးအကဲတွေ၊ အသင်းတော်​ အမှုထမ်းတွေနယ်လှည့်​ကြီးကြပ်မှူးတွေ​က ကမ္ဘာ​တစ်ဝန်း​က အသင်းတော်တွေကို ကူညီ​ထောက်​မကြတယ်။ အုပ်ချုပ်ရေးအဖွဲ့​ဆီက လမ်းညွှန်ချက်တွေ ရရှိ​ကြတယ်။ ဒီညီအစ်ကိုတွေ​အားလုံး ကျွန်တော်တို့ကို ဂရုစိုက်​ရမယ့် တာဝန် ရထား​ကြတယ်။ တာဝန်​ထမ်းဆောင်​ပုံနဲ့ပတ်သက်ပြီး သူ​တို့တစ်တွေ ယေဟောဝါ​ဆီမှာ စာရင်းရှင်း​ကြရတယ်။ ဒါကြောင့် ဒီ​အမျိုးသားတွေကို လေးစားတဲ့​အခါ ယေဟောဝါကို လေးစား​ရာ​ရောက်တယ်။၁ သက်သာလောနိတ် ၅:၁၂။ ဟီဘရူး ၁၃:၁၇ တို့ကို ဖတ်ပါ။ ရှင်းလင်းချက် ၁၄ ကို ကြည့်ပါ။

၁၆။ အကြီးအကဲတွေ၊ အသင်းတော်​ အမှုထမ်းတွေ​ကို သန့်ရှင်းသော စွမ်းအားတော်​နဲ့ ခန့်အပ်​ထားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၆ အသင်းတော် သစ္စာရှိ​နေဖို့၊ စည်းလုံး​နေဖို့ အကြီးအကဲတွေ​နဲ့ အသင်းတော်​ အမှုထမ်းတွေ​က ကူညီ​ပေးကြတယ်။ သူတို့လည်း ကျွန်တော်တို့​လို မစုံလင်သူတွေ​ပါပဲ။ ဒါဆိုရင် သူတို့ကို ဘယ်လို ရွေးချယ်​သလဲ။ သူတို့တစ်တွေဟာ ကျမ်းစာပါ အရည်အချင်းတွေကို ပြည့်မီ​ကြရမယ်။ (၁ တိမောသေ ၃:၁-၇၊ ၁၂။ တိတု ၁:၅-၉) ဒီ​အရည်အချင်းတွေ​အကြောင်း ရှင်းပြဖို့ ကျမ်း​ရေးသူတွေ​ကို သန့်ရှင်းသော​ စွမ်းအားတော် အသုံးပြုပြီး ယေဟောဝါ ကူညီ​ပေးခဲ့တယ်။ အကြီးအကဲ ဒါမှမဟုတ် အသင်းတော်​ အမှုထမ်း​အဖြစ် ဘယ်သူ့ကို ခန့်အပ်​သင့်သလဲ​ဆိုတာ အကြီးအကဲတွေ ဆွေးနွေး​တဲ့အခါ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ကြတယ်။ အသင်းတော်​တွေဟာ ယေရှုနဲ့ ယေဟောဝါ​တို့ရဲ့ လမ်းညွှန်မှု​အောက်မှာ ရှိနေတာ ရှင်း​နေပါတယ်။ (တမန်တော် ၂၀:၂၈) ကျွန်တော်တို့ကို ထောက်မ​ဖို့၊ ဂရုစိုက်​စောင့်ရှောက်​ဖို့ ခန့်အပ်ခံ​ထားရတဲ့ ဒီအမျိုးသားတွေဟာ ဘုရားပေး လက်ဆောင်တွေပါပဲ။—ဧဖက် ၄:၈

၁၇။ လေးစားကြောင်း ပြဖို့ တစ်ခါတလေ ညီအစ်မ​တစ်ယောက် ဘာလုပ်​ရနိုင်သလဲ။

၁၇ တစ်ခါတလေ အသင်းတော်​တာဝန် ကိုင်တွယ်​ပေးမယ့် အကြီးအကဲ ဒါမှမဟုတ် အသင်းတော်​ အမှုထမ်း မ​ရှိတာ​မျိုး ဖြစ်နိုင်တယ်။ ဒီလို​အခါမျိုးမှာ နှစ်ခြင်းခံ​ပြီးသား ညီအစ်ကိုတွေ တာဝန်ယူ​ပေးနိုင်တယ်။ ညီအစ်ကိုတွေ မရှိဘူး​ဆိုရင် နှစ်ခြင်းခံ​ပြီးသား ညီအစ်ကို ထမ်းဆောင်လေ့​ရှိတဲ့​တာဝန်ကို ညီအစ်မ​တစ်ယောက် တာဝန်ယူ​နိုင်တယ်။ အဲဒီ​အချိန်​မျိုးမှာ ညီအစ်မ​က ခေါင်းဖုံး​မှာ ဖြစ်တယ်။ ဒါမှမဟုတ် ဦးထုပ် ဆောင်း​မယ်။ (၁ ကောရိန္သု ၁၁:၃-၁၀) ဒီနည်းအားဖြင့် ညီအစ်မ​က မိသားစုမှာ​ကော အသင်းတော်​မှာပါ ယေဟောဝါရဲ့ ဦးစီးမှု​ အစီအစဉ်ကို လေးစားကြောင်း ပြတယ်။—ရှင်းလင်းချက် ၁၅ ကို ကြည့်ပါ။

အစိုးရ​အာဏာပိုင်တွေကို လေးစားမှု

၁၈၊ ၁၉။ (က) ရောမ ၁၃:၁-၇ ကနေ ဘာ​သင်ယူ​ရသလဲ။ (ခ) အစိုးရ​ အာဏာပိုင်တွေကို လေးစားကြောင်း ဘယ်လို တင်ပြ​ကြသလဲ။

၁၈ ဒီနေ့ ယေဟောဝါ​က အစိုးရ​ အာဏာပိုင်တွေကို အခွင့်အာဏာ​တချို့ ရရှိ​ခွင့်ပြု​ထားလို့ ကျွန်တော်တို့ လေးစား​သင့်တယ်။ ကိစ္စရပ်တွေ ချောမွေ့​ဖို့၊ ပြည်​သူတွေကို လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့ နိုင်ငံတွေ၊ ဒေသတွေ​ကို စီစဉ်​ဖွဲ့စည်း​ကြတယ်။ ရောမ ၁၃: ၁-၇ (ဖတ်ပါ။) မှာ တွေ့ရတဲ့ ညွှန်ကြားချက်ကို ခရစ်ယာန်တွေ လိုက်နာကြတယ်။ “အထက်အာဏာပိုင်တွေ” ကို လေးစား​ကြတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ နိုင်ငံ၊ ဒေသ​တွင်း​က ဥပဒေတွေကို လိုက်နာကြတယ်။ အဲဒီ​ဥပဒေတွေက ကျွန်တော်တို့ရဲ့ မိသားစု၊ စီးပွားရေး၊ ပိုင်ဆိုင်မှုတွေ​အပေါ် အကျိုးသက်ရောက်​နိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ အခွန်ဆောင်​ကြတယ်။ အစိုးရ တောင်းခံတဲ့ အချက်အလက်တွေ ပေးကြတယ်။ ဒါပေမဲ့ ဘုရား​ပညတ်​နဲ့ ဆန့်ကျင်တဲ့​အရာ​တစ်ခုခု လုပ်ဖို့ အစိုးရ​က တောင်းဆို​လာမယ်​ဆိုရင်​ကော ဘာ​လုပ်သင့်သလဲ။ တမန်တော် ပေတရု ဒီလို​ပြောခဲ့တယ်– “ကျွန်တော်တို့​ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်​မှာပဲ။”—တမန်တော် ၅:၂၈၊ ၂၉

၁၉ တရားသူကြီး၊ ရဲ စတဲ့ အစိုးရ​ အာဏာပိုင်​ တစ်ယောက်နဲ့ ဆက်ဆံရတဲ့​အခါ လေးစားမှု အမြဲ ပြသင့်တယ်။ ခရစ်ယာန်​ လူငယ်တွေလည်း ဆရာ/မတွေ၊ တခြား​ဝန်ထမ်းတွေကို လေးစားမှု ပြကြတယ်။ အလုပ်ခွင်မှာ တခြား​အလုပ်သမားတွေ​က အလုပ်ရှင်​ကို မလေးစား​ရင်တောင် ကျွန်တော်တို့​ကတော့ လေးစား​ကြတယ်။ ဒီလို​လေး​စားတယ်​ဆိုရင် တစ်ခါတလေ ခက်ခဲ​ချိန်မှာတောင် အာဏာပိုင်တွေကို လေးစားမှု ပြခဲ့တဲ့ တမန်တော်​ ပေါလုကို တုပ​နေတာ ဖြစ်တယ်။ (တမန်တော် ၂၆:၂၊ ၂၅) တခြား​သူတွေ ကျွန်တော်တို့ကို ကောင်းကောင်း မဆက်ဆံရင်တောင် ကျွန်တော်တို့​ကတော့ လေးစား​မြဲ လေးစား​ကြတယ်။ရောမ ၁၂:၁၇၊ ၁၈ ကိုဖတ်ပါ။ ၁ ပေတရု ၃:၁၅

၂၀၊ ၂၁။ တခြား​သူတွေကို လေးစားကြောင်း တင်ပြတဲ့​အခါ ဘာ​ကောင်းကျိုးတွေ ရရှိ​နိုင်သလဲ။

၂၀ ကမ္ဘာ​တစ်ဝန်းလုံးမှာ အချင်းချင်း ရိုသေ​လေးစားမှု နည်း​သည်ထက် နည်း​လာပြီ။ ဒါပေမဲ့ ယေဟောဝါ​လူမျိုး​ကတော့ သူတို့နဲ့ မတူဘူး။ လူတိုင်းကို လေးစားဖို့ ပန်းတိုင်​ထား​ကြတယ်။ “လူအမျိုးမျိုးကို လေးစား​ကြပါ” ဆိုတဲ့ တမန်တော်​ ပေတရုရဲ့ ညွှန်ကြားချက်ကို လိုက်နာကြတယ်။ (၁ ပေတရု ၂:၁၇) တခြား​သူတွေကို ကျွန်တော်တို့ လေးစားတဲ့​အခါ သူတို့ သတိပြုမိ​ကြတယ်။ “ခင်ဗျားတို့ရဲ့ အလင်း​ကို လူတွေ​ရှေ့မှာ လင်း​စေ​ကြပါ။ ဒါမှ တခြား​သူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်း​ကို မြင်ပြီး . . . အဖရဲ့ ဘုန်းအသရေ​ကို ချီးမွမ်းကြ​လိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။—မဿဲ ၅:၁၆

၂၁ မိသားစု၊ အသင်းတော်၊ တခြား​ဘဝကဏ္ဍတွေ​မှာ လေးစားမှု ပြ​ကြတဲ့​အခါ ကျွန်တော်တို့ရဲ့ ပုံသက်သေ​ကောင်း​ကြောင့် တခြား​သူတွေမှာ ယေဟောဝါ​အကြောင်း လေ့လာ​ချင်စိတ် ပေါ်လာ​နိုင်တယ်။ တခြား​သူတွေကို လေးစားခြင်း​အားဖြင့် ယေဟောဝါ​ကိုယ်တော်တိုင်​ကို လေးစားကြောင်း တင်ပြ​ကြတယ်။ ဒါက ယေဟောဝါကို ပျော်ရွှင်​စေတယ်။ ကျွန်တော်တို့ ဘုရားကို ချစ်ကြောင်း ပြသ​ရာ​ရောက်တယ်။