မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ

ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ

“ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​မှု​ကြောင့် ပျော်​ရွှင်​ကျေ​နပ်​တာ​ဟာ သင့်​လျော်​တယ်။”​—ဒေ​သနာ ၃:၁၃

၁-၃။ (က) လူ​အများ​ဟာ အလုပ်​အပေါ် ဘယ်​သဘော​ထား​မျိုး ရှိ​ကြ​သလဲ။ (ခ) ကျမ်း​စာ​က အလုပ်​အပေါ် ဘယ်​လို အမြင်​ရှိ​ဖို့ အား​ပေး​သလဲ။ ဒီ​အခန်း​မှာ ဘယ်​မေး​ခွန်း​တွေ​ကို သုံးသပ်​ကြ​မလဲ။

ဒီ​လော​က​မှာ အလုပ်​အကိုင်​ဟာ လူ​အများ​အတွက် ပျော်​စ​ရာ မဟုတ်​တော့​ဘူး။ မကြိုက်​တဲ့​အလုပ်​ကို တစ်​နေ​ကုန် တစ်​နေ​ခန်း လုပ်​ရ​တဲ့​အတွက် အလုပ် မသွား​ချင်​ကြ​ဘူး။ အဲဒီ​လို​သဘော​ထား ရှိ​သူ​တွေ​ဟာ အလုပ်​ကို​မှ စိတ်​မဝင်​စား​တာ၊ ​ဘယ်​လို​လုပ်​ပြီး အလုပ်​က​နေ ပျော်​ရွှင်​ကျေ​နပ်​မှု ရ​နိုင်​မှာ​လဲ။

ကျမ်း​စာ​ဟာ အလုပ်​ကြိုး​စား​တာ​ကို အမြင်​မှန်​ရှိ​ဖို့ အား​ပေး​တယ်။ အလုပ်​အကိုင်​နဲ့ အလုပ်​ကြောင့်​ရ​တဲ့ အကျိုး​ဟာ လက်​ဆောင်​ဖြစ်​တယ်​လို့ ဆို​တယ်။ ‘စား​တာ၊ သောက်​တာ၊ ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​မှု​ကြောင့် ပျော်​ရွှင်​ကျေ​နပ်​တာ​ဟာ သင့်​လျော်​တယ်။ ဒါ​တွေ​ဟာ ဘု​ရား​သခင်​ဆီ​က​ရ​တဲ့ လက်​ဆောင်​ပဲ’ လို့ ရှော​လ​မုန်​ရေး​တယ်။ (ဒေ​သနာ ၃:၁၃) ကျွန်​တော်​တို့​ကို ချစ်​ပြီး အကောင်း​ဆုံး​ကို​သာ ပေး​ချင်​တဲ့ ယေဟောဝါ​ဟာ ကျွန်​တော်​တို့ လုပ်​ကိုင်​သမျှ​က​နေ ကျေ​နပ်​မှု ရ​စေ​ချင်​တယ်။ အလုပ်​ကြိုး​စား​မှု​ကြောင့်​ရ​လာ​တဲ့ အကျိုး​ကျေး​ဇူး​တွေ​ကို ခံစား​စေ​ချင်​တယ်။ ဘု​ရား​ရဲ့​မေတ္တာ အမြဲခံစား​ရ​ဖို့ အလုပ်​အကိုင်​နဲ့​ပတ်​သက်​တဲ့ ဘု​ရား​ရဲ့ ရှု​မြင်​ပုံ၊ ကျမ်း​စာ​မူ​တွေ​နဲ့​အညီ နေ​ထိုင်​ကြ​ရ​မယ်။​—ဒေ​သနာ ၂:၂၄ နဲ့ ၅:၁၈ ကို​ဖတ်​ပါ။

ဒီ​အခန်း​မှာ မေး​ခွန်း​လေး​ခု​ကို သုံးသပ်​ကြ​မယ်– ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​မှု​ကြောင့် ဘယ်​လို ပျော်​ရွှင်​ကျေ​နပ်​မှု ရ​နိုင်​သလဲ။ ဘယ်​အလုပ်​မျိုး​ဟာ ခ​ရစ်​ယာန်​စစ်​တွေ​အတွက် မဟုတ်​သလဲ။ ဝမ်း​စာ​ရှာ​လုပ်ငန်း​နဲ့ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့​လုပ်ငန်း​တွေ​ကို ဘယ်​လို မျှ​မျှ​တ​တ လုပ်​ကိုင်​နိုင်​သလဲ။ ကျွန်​တော်​တို့ လုပ်​ရ​မယ့် အရေး​ကြီး​ဆုံး​လုပ်ငန်း​ဟာ ဘာ​လဲ။ ဦး​ဆုံး၊ စ​ကြ​ဝ​ဠာ​မှာ အကြီး​မြတ်​ဆုံး လုပ်​သား​တွေ​ဖြစ်​တဲ့ ယေဟောဝါ​နဲ့ ယေရှု​ခ​ရစ်​ရဲ့ စံ​န​မူ​နာ​ကို ဆန်း​စစ်​ကြည့်​ကြ​စို့။

အကြီး​မြတ်​ဆုံး​လုပ်​သား​နဲ့ ကျွမ်း​ကျင်​လုပ်​သား

၄၊ ၅။ ယေဟောဝါ​ဟာ အောင်​မြင်​တဲ့​လုပ်​သား​ဖြစ်​ကြောင်း ကျမ်း​စာ​က ဘယ်​လို​ဖော်ပြသလဲ။

ယေဟောဝါ​ဟာ အကြီး​မြတ်​ဆုံး​လုပ်​သား ဖြစ်​တယ်။ “အစ​အဦး​မှာ ဘု​ရား​သခင်​က ကောင်း​ကင်​နဲ့ မြေကြီး​ကို ဖန်​ဆင်း​တယ်” လို့ ကမ္ဘာဦး ၁:၁ မှာ​ပြော​တယ်။ မြေကြီး​နဲ့​ဆိုင်​တဲ့ ဖန်​ဆင်း​ခြင်း​လုပ်ငန်း ပြီး​စီး​တဲ့​အခါ “သိပ်​ကောင်း​တယ်” လို့ ဘု​ရား ပြော​တယ်။ (ကမ္ဘာဦး ၁:၃၁) တစ်​နည်း​အား​ဖြင့် ဘု​ရား​သခင်​ဟာ မြေကြီး​ပေါ်​မှာ​ရှိ​တဲ့ မိမိ​ရဲ့​လက်​ရာ​မှန်​သမျှ​ကို သိပ်​အား​ရ​ကျေ​နပ်​တယ်။ “ပျော်​ရွှင်​တဲ့​ဘု​ရား​သခင်” ယေဟောဝါ​ဟာ အောင်​မြင်​တဲ့ လုပ်​သား​တစ်ဦး ဖြစ်​ရ​တာ​ကို သိပ်​ပျော်​တယ်။​—၁ တိမောသေ ၁:၁၁

ဘု​ရား​သခင်​ဟာ လုံ့​လ​ဝီ​ရိ​ယ​ရှိ​ပြီး အမြဲအလုပ်​လုပ်​တယ်။ မြေကြီး​နဲ့​ဆိုင်​တာ​တွေ​ကို ဖန်​ဆင်း​ပြီး နှစ်​ပေါင်း​များ​စွာ ကြာ​ပြီး​တဲ့​နောက် ယေရှု​က “ကျွန်​တော့်​ရဲ့ အဖဘု​ရား​ဟာ အခု​ချိန်​ထိ အလုပ်​လုပ်​နေ​တုန်း​ပဲ” လို့​ပြော​တယ်။ (ယောဟန် ၅:၁၇) ဘုရား​သခင် ဘာ​တွေ လုပ်​နေ​သလဲ။ လူ​တွေ​ကို စံ​မြန်း​ရာ​ကောင်း​ကင်​က​နေ အမြဲ လမ်း​ညွှန်​ပြီး ဂရု​စိုက်​နေ​တယ်။ ကောင်း​ကင်​မှာ ယေရှု​နဲ့​အတူ အုပ်​ချုပ်​မယ့် ဘိ​သိက်​ခံ​ခရစ်​ယာန်​တွေ၊ တစ်​နည်း​အား​ဖြင့် “ဖန်​ဆင်း​ရာ​အသစ်” ကို​လည်း ဖြစ်​ပေါ်​စေ​တယ်။ (၂ ကော​ရိန္သု ၅:၁၇) မိမိ​ကို ချစ်​တဲ့​လူ​တွေ ကမ္ဘာ​သစ်​မှာ ထာ​ဝ​စဉ်​အသက်​ရှင်​ဖို့​ဆို​တဲ့ ရည်​ရွယ်​ချက်​ကို အကောင်​အထည်​ဖော်​ဖို့ အလုပ်​များ​နေ​တယ်။ (ရော​မ ၆:၂၃) ယေဟောဝါ​ဟာ မိမိ​လုပ်​ဆောင်​မှု​ရဲ့ ရ​လ​ဒ်​တွေ​ကို အလွန်​အား​ရ​နေ​မှာ​ပဲ။ ဘု​ရား​သခင် ဆွဲ​ဆောင်​တဲ့​အတွက် လူ​သန်း​ပေါင်း​များ​စွာ​ဟာ နိုင်​ငံ​တော်​သတင်း​ကို လက်ခံ​ပြီး ဘုရား​ရဲ့​မေတ္တာ အမြဲခံစား​ရ​ဖို့ သူတို့​ရဲ့​ အသက်​တာ​ကို ပြောင်း​လဲ​ခဲ့​ကြ​တယ်။​—ယောဟန် ၆:၄၄

၆၊ ၇။ ယေရှု​ဟာ အလုပ်​ကြိုး​စား​သူ​ဖြစ်​မှန်း​ ဖော်ပြတဲ့ ဘယ်​မှတ်​တမ်း ရှိ​သလဲ။

ယေရှု​ဟာ အလုပ်​ကြိုး​စား​သူ​ဆို​တဲ့ နာ​မည်​ကောင်း​ကို ရ​ထား​တာ နှစ်​ပေါင်း​များ​စွာ ကြာ​ခဲ့​ပြီ။ လူ​သား​အဖြစ် မလာ​ခင်၊ “ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေပေါ်​မှာ ရှိ​ရှိ​သမျှ” ကို ဖန်​ဆင်း​ချိန်​မှာ ဘု​ရား​သခင်​ရဲ့ “ကျွမ်း​ကျင်​လုပ်​သား​အဖြစ်” အမှု​ထမ်း​ခဲ့​တယ်။ (ကောလောသဲ ၁:၁၅-၁၇။ ပညာ​အလိမ္မာ ၈:၂၂-၃၁) မြေကြီး​ပေါ်​မှာ​လည်း ယေရှု​ဟာ လုံ့​လ​ဝီ​ရိ​ယ​ရှိ​တဲ့ လုပ်​သား​တစ်ဦး ဖြစ်​တယ်။ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ဆောက်​လုပ်​ရေး​အတတ်​ပညာ​ကို သင်​ယူ​ပြီး “လက်​သမား” ဆို​တဲ့​နာ​မည် ရ​ခဲ့​တယ်။ * (မာကု ၆:၃) အထူး​သဖြင့် သစ်​စက်၊ ဆောက်​လုပ်​ရေး​ပစ္စည်း​တွေ၊ လျှပ်​စစ်​ပစ္စည်း​တွေ မပေါ်​ခင် ခေတ်​တုန်း​က လက်​သမား​အလုပ် လုပ်​ဖို့ ခွန်​အား​စိုက်​ထုတ်​ရ​ရုံ​မက အဘက်​ဘက်​မှာ ကျွမ်း​ကျင်​ဖို့​လည်း လို​တယ်။ သစ်​ပင်​ကို ကိုယ်​တိုင်​ခုတ်​လှဲ​ပြီး အလုပ်​ခွင်​ဆီ သယ်​လာ​ရ​တဲ့ ယေရှု​ကို မြင်​ယောင်​ကြည့်​နိုင်​သလား။ အိမ်​ဆောက်​တဲ့​အခါ ရက်​မတွေ တပ်​ဆင်​တာ၊ တံခါး​တွေ တပ်​တာ၊ ပရိ​ဘော​ဂ လုပ်​တာ​တွေ​ကို မြင်​ယောင်​ကြည့်​နိုင်​သလား။ ယေရှု​ဟာ အလုပ်​ကို ကြိုး​စား​ပမ်း​စား၊ ကျွမ်း​ကျွမ်း​ကျင်​ကျင် လုပ်​ပြီး​တဲ့​နောက်​ ပျော်​ရွှင်​ကျေ​နပ်​မှု ခံစား​ခဲ့​ရ​မှာ​ သေချာ​တယ်။

ယေရှု​ဟာ ဘု​ရား​အမှု​ဆောင်​ရာ​မှာ​လည်း တ​ကယ့်​ကို ဝီ​ရိ​ယ​ရှိ​တဲ့ လုပ်​သား​တစ်ဦး ဖြစ်​တယ်။ သူ​ဟာ ဒီ​အရေး​ကြီး​ဆုံး​လုပ်ငန်း​ကို သုံး​နှစ်​ခွဲ​လုံး​လုံး အာ​ရုံ​စိုက် လုပ်​ဆောင်​ခဲ့​တယ်။ လူ​များ​နိုင်​သမျှ များ​များ​ဆီ ရောက်​ချင်​တဲ့​အတွက် မနက်​စော​စော​ထ​ပြီး ည​နက်​တဲ့​အထိ အချိန်​မဖြုန်း​ဘဲ လုပ်​ခဲ့​တယ်။ (လုကာ ၂၁:၃၇၊ ၃၈။ ယောဟန် ၃:၂) ယေရှု​ဟာ “တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ သွား​ပြီး ဘု​ရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း​ကို ဟော​ပြော​တယ်။” (လုကာ ၈:၁) ဖုန်​ထူ​တဲ့​လမ်း​တွေ​ပေါ် မိုင်​ပေါင်း​ရာ​နဲ့​ချီ လမ်း​လျှောက်​သွား​ပြီး လူ​တွေ​ကို သတင်း​ကောင်း ဟော​ပြော​ခဲ့​တယ်။

၈၊ ၉။ ယေရှု​ဟာ ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​တဲ့​အတွက် ဘယ်​လို ပျော်​ရွှင်​ကျေ​နပ်​မှု ခံစား​ခဲ့​ရ​သလဲ။

ယေရှု​ဟာ ဘု​ရား​အမှု​ဆောင်​ရာ​မှာ ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​တဲ့​အတွက် ပျော်​ရွှင်​ကျေ​နပ်​ခဲ့​သလား။ ပျော်​ရွှင်​ကျေ​နပ်​ခဲ့​တယ်။ အမှန်​တ​ရား​မျိုး​စေ့​ကို ယေရှု ကြဲ​ခဲ့​တဲ့​အတွက် လယ်​ကွင်း​တွေ​မှာ ရိတ်​စ​ရာ​စ​ပါး​တွေ မှည့်​ဝင်း​နေ​တယ်။ ယေရှု​ဟာ ဘု​ရား​အမှု​ဆောင်​ရာ​က​နေ ခွန်​အား​တွေ ရ​ရှိ​တဲ့​အတွက် အမှု​တော်​ပြီး​စီး​ဖို့ အစာ​မစား​ဘဲ နေ​နိုင်​ခဲ့​တယ်။ (ယောဟန် ၄:၃၁-၃၈) မြေကြီး​ပေါ် အမှု​ဆောင်​လုပ်ငန်း ပြီး​ဆုံး​ချိန်​မှာ ယေရှု​က “ကမ္ဘာ​ပေါ်​မှာ အဖရဲ့​ဘုန်း​ကို ကျွန်​တော် ထင်​ရှား​စေ​ခဲ့​ပါ​ပြီ။ အဖခိုင်း​ထား​တဲ့ အလုပ်​ကို လုပ်​ပြီး​ပါ​ပြီ” လို့ ဖခင်​ကို ပြော​တဲ့​အခါ ဘယ်​လောက် ပျော်​ရွှင်​ကျေ​နပ်​ခဲ့​မယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။​—ယောဟန် ၁၇:၄

ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​တဲ့​အတွက် ပျော်​ရွှင်​ကျေ​နပ်​မှု ခံစား​ရ​သူ​တွေ​ထဲ​မှာ ယေဟောဝါ​နဲ့ ယေရှု​ဟာ အကောင်း​ဆုံး စံ​န​မူ​နာ​ရှင်​တွေ​ပါ​ပဲ။ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ​က “ဘု​ရား​သခင်​ကို အတု​ယူ” ဖို့ ကျွန်​တော်​တို့​ကို လှုံ့​ဆော်​ပေး​တယ်။ (ဧဖက် ၅:၁) ယေရှု​ကို ချစ်​တဲ့​စိတ်​က “သူ့​ခြေ​ရာ​ကို ထက်​ကြပ်​မကွာ လိုက်​လျှောက်” ဖို့ လှုံ့​ဆော်​ပေး​တယ်။ (၁ ပေတရု ၂:၂၁) ကျွန်​တော်​တို့​လည်း ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​တဲ့​အတွက် ပျော်​ရွှင်​ကျေ​နပ်​မှု ဘယ်​လို ခံစား​နိုင်​တယ်​ဆို​တာ ဆန်း​စစ်​ကြည့်​ကြ​စို့။

ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​မှု​ကြောင့် ပျော်​ရွှင်​ကျေ​နပ်​နိုင်​ပုံ

ကျမ်း​စာ​မူ​တွေ​ကို ကျင့်​သုံး​မယ်​ဆို​ရင် အလုပ်​ကြိုး​စား​တဲ့​အတွက် ပျော်​ရွှင်​ကျေ​နပ်​နိုင်

၁၀၊ ၁၁။ အလုပ်​အကိုင်​အပေါ် အပြု​သဘော​ထား​ရှိ​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။

၁၀ ဝမ်း​စာ​ရှာ​လုပ်ငန်း​ဟာ ခ​ရစ်​ယာန်​စစ်​တွေ​ရဲ့ ဘဝ​ကဏ္ဍ​တစ်​ခု ဖြစ်​တယ်။ ကျွန်​တော်​တို့ လုပ်​ကိုင်​လေ​သမျှ​မှာ ပျော်​ရွှင်​ကျေ​နပ်​မှု ခံစား​ချင်​ကြ​တယ်။ ဒါ​ပေမဲ့ ကိုယ်​မကြိုက်​တဲ့ အလုပ်​မျိုး​ဖြစ်​နေ​ရင် ကျေ​နပ်​မှု​ရ​ဖို့ ခက်​တယ်။ အဲဒီ​လို အခြေ​အနေ​မျိုး​မှာ အလုပ်​က​နေ ပျော်​ရွှင်​ကျေ​နပ်​မှု ဘယ်​လို​ရ​နိုင်​သလဲ။

၁၁ အပြု​သဘော​ထား မွေး​မြူ​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ အခြေ​အနေ​ကို မပြောင်း​နိုင်​ပေမဲ့ သဘော​ထား​ကို ပြောင်း​လဲ​နိုင်​ပါ​တယ်။ ဘု​ရား​သခင့်​ရှု​မြင်​ပုံ​ကို ဆင်​ခြင်​သုံးသပ်​မယ်​ဆို​ရင် အလုပ်​အပေါ် အပြု​သဘော​ထား ရှိ​လာ​နိုင်​တယ်။ ဥပမာ၊ သင်​ဟာ အိမ်​ထောင်​ဦး​စီး​ဆို​ရင် သင့်​အလုပ်​ဟာ ဘယ်​လောက်​ပဲ နိမ့်​ကျ​ပုံ​ပေါက်​နေ​ပါ​စေ ဒီ​အလုပ်​ကြောင့် မိသား​စု​ရဲ့ လို​အပ်​ရာ​တွေ​ကို ဖြည့်​ဆည်း​ပေး​နိုင်​တယ်​ဆို​တာ ပြန်​စဉ်း​စား​ကြည့်​ပါ။ သင် ချစ်​ရ​သူ​တွေ​ကို ကြည့်​ရှု​စောင့်​ရှောက်​တာ​ဟာ ဘု​ရား​ရှေ့​မှာ အသေး​အဖွဲ​ကိစ္စ မဟုတ်​ဘူး။ မိသား​စု​ကို မထောက်ပံ့​သူ​ဟာ “မယုံ​ကြည်​သူ​ထက်​တောင် ဆိုး​ရွား​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (၁ တိမောသေ ၅:၈) သင့်​ရဲ့ အလုပ်​အကိုင်​ကြောင့် ဘု​ရား​ပေး​တာဝန်​ကို ထမ်း​ဆောင်​နေ​နိုင်​တယ်​ဆို​တာ​ သိ​ထား​မယ်​ဆို​ရင် လုပ်​ဖော်​ကိုင်​ဖက်​တွေ​မှာ မရှိ​တဲ့ ပျော်​ရွှင်​ကျေ​နပ်​မှု​ကို​ ရ​ရှိ​နိုင်​မယ်။

၁၂။ အလုပ်​မှာ ဝီ​ရိ​ယ​ရှိ​ပြီး ရိုး​သား​တာ​ဟာ ဘယ်​လို​နည်း​တွေ​နဲ့ အကျိုး​ရှိ​သလဲ။

၁၂ လုံ့​လ​ဝီ​ရိ​ယ​ရှိ​ခြင်း၊ ရိုး​သား​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ အလုပ် ကြိုး​စား​မယ်၊ ကျွမ်း​ကျွမ်း​ကျင်​ကျင် လုပ်​တတ်​လာ​မယ်​ဆို​ရင် ကောင်း​ချီး​များ​စွာ ခံစား​ရ​နိုင်​တယ်။ အလုပ်​ရှင်​တွေ​ဟာ ဝီ​ရိ​ယ​ရှိ​တဲ့၊​ ကျွမ်း​ကျင်​တဲ့ အလုပ်​သမား​တွေ​ကို သိပ်​တန်​ဖိုး​ထား​တယ်။ (ပညာ​အလိမ္မာ ၁၂:၂၄။ ၂၂:၂၉) ခ​ရစ်​ယာန်​စစ်​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ဟာ အလုပ်​လုပ်​ရာ​မှာ​လည်း ရိုး​သား​မှု ရှိ​ရ​မယ်။ အလုပ်​ရှင်​ရဲ့​ငွေ၊ ပစ္စည်း​ဥစ္စာ​နဲ့ အချိန်​တွေ​ကို မခိုး​ရ​ဘူး။ (ဧဖက် ၄:၂၈) ရှေ့​အခန်း​မှာ သိ​ခဲ့ရ​တဲ့​အတိုင်း ရိုး​သား​ခြင်း​ဟာ အကျိုး​ရှိ​တယ်။ ရိုး​သား​သူ​လို့ နာ​မည်​ရ​ထား​တဲ့ အလုပ်​သမား​ကို ယုံ​ကြည်​စိတ်​ချ​ကြ​တယ်။ ကျွန်​တော်​တို့ အလုပ်​ကြိုး​စား​တာ​ကို အလုပ်​ရှင် မြင်​သည်​ဖြစ်​စေ၊ မမြင်​သည်​ဖြစ်​စေ “အမှား​အမှန်​သိ​စိတ် ကြည်​လင်” ပြီး ကျွန်​တော်​တို့ ချစ်​ရ​တဲ့​ဘု​ရား နှစ်​သက်​တာ​ကို လုပ်​နေ​တယ်​ဆို​တဲ့ အသိ​ကြောင့် ပျော်​ရွှင်​ကျေ​နပ်​မှု ခံစား​ရ​နိုင်​တယ်။​—ဟီ​ဘ​ရူး ၁၃:၁၈။ ကောလောသဲ ၃:၂၂-၂၄

၁၃။ အလုပ်​ခွင်​မှာ ပုံသက်သေ​ကောင်း​ရင် ဘာ​အကျိုး​ကျေး​ဇူး ရ​နိုင်​သလဲ။

၁၃ ကျွန်​တော်​တို့​ရဲ့ အမူ​အကျင့်​ကြောင့် ဘု​ရား​ဘုန်း​တော် ထင်​ရှား​နိုင်​တယ်​ဆို​တာ အသိ​အမှတ်​ပြု​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ အလုပ်​ခွင်​မှာ မြင့်​မား​တဲ့ ခ​ရစ်​ယာန် အမူ​အကျင့်​စံနှုန်း​ကို အမြဲထိန်း​ထား​တဲ့​အခါ တ​ခြား​သူ​တွေ မမြင်​ဘဲ​မနေ​ဘူး။ ဘာ​အကျိုး​ခံစား​ရ​မလဲ။ “ကယ်​တင်​ရှင် ဘု​ရား​သခင်​ရဲ့ သွန်သင်​ချက်​ကို . . . တင့်​တယ်​စေ​နိုင်​မယ်။” (တိတု ၂:၉၊ ၁၀) အမူ​အကျင့်​ကောင်း​အား​ဖြင့် ကျွန်​တော်​တို့​ရဲ့ ဝတ်​ပြု​ရေး​ဟာ နှစ်​လို့​ဖွယ်​ကောင်း​မှန်း လူ​တွေ​မြင်​ပြီး ဆွဲ​ဆောင်​မှု ဖြစ်​နိုင်​တယ်။ အလုပ်​ခွင်​မှာ သင့်​ရဲ့ ပုံသက်သေ​ကောင်း​ကြောင့် အလုပ်​ဖော်​တစ်ဦး အမှန်​တ​ရား​ကို စိတ်​ဝင်​စား​လာ​ရင် သင် ဘယ်​လို ခံစား​ရ​မယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ အရေး​ကြီး​ဆုံး​က​တော့ သင့်​ရဲ့ အကျင့်​ကောင်း​ဟာ ယေဟောဝါ​ရဲ့ ဘုန်း​ထင်​ရှား​စေ​တယ်၊ စိတ်​တော် ရွှင်​လန်း​စေ​တယ်​ဆို​တာ သိ​ရ​တာ​ထက် ပို​ကျေ​နပ်​စ​ရာ​ကောင်း​တာ ရှိ​နိုင်​ဦး​မလား။​—ပညာ​အလိမ္မာ ၂၇:၁၁ နဲ့ ၁ ပေတရု ၂:၁၂ ကို​ဖတ်​ပါ။

အလုပ်​အကိုင်​ရွေး​ချယ်​ရာ​မှာ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို အသုံး​ပြု​ပါ

၁၄-၁၆။ အလုပ်​အကိုင်​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ချ​တဲ့​အခါ ဘယ်​အဓိ​က မေး​ခွန်း​တွေ​ကို သုံးသပ်​ရ​မလဲ။

၁၄ ဝမ်း​စာ​ရှာ​လုပ်ငန်း​နဲ့​ပတ်​သက်​ပြီး ဘယ်​အလုပ်​မျိုး လုပ်​သင့်၊ မလုပ်​သင့်​ဆို​တာ ကျမ်း​စာ​က အတိ​အကျ မပြော​ဘူး။ ဒါ​ကြောင့် ဘာ​အလုပ်​ပဲ​ဖြစ်​ပါ​စေ လုပ်​လို့​ရ​တယ်​လို့ မဆိုလို​ဘူး။ အကျိုး​ရှိ​တဲ့၊ ရိုး​သား​မှု​ရှိ​တဲ့ အလုပ်​မျိုး​ကို ရွေး​ချယ်​ပြီး ဘု​ရား မနှစ်​သက်​တဲ့​အလုပ်​မျိုး​ကို ရှောင်​တတ်​ဖို့ ကျမ်း​စာ​က ကူညီ​ပေး​နိုင်​တယ်။ (ပညာ​အလိမ္မာ ၂:၆) အလုပ်​အကိုင်​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ချ​ရာ​မှာ သုံးသပ်​ရ​မယ့် အဓိ​က​မေး​ခွန်း​နှစ်​ခု ရှိ​တယ်။

၁၅ ဒီ​အလုပ်​ကို လုပ်​ရင် ကျမ်း​စာ​ပြစ်​တင်​ရှုတ်​ချ​ထား​တဲ့ အကျင့်​ကို ကျင့်​ရာ​ရောက်​မလား။ ခိုး​တာ၊ လိမ်​တာ၊ ရုပ်​တု​လုပ်​တာ​တွေ​ကို ကျမ်း​စာ​မှာ အတိ​အလင်း ရှုတ်​ချ​ထား​တယ်။ (ထွက်​မြောက်​ရာ ၂၀:၄။ တမန်​တော် ၁၅:၂၉။ ဧဖက် ၄:၂၈။ ဗျာဒိတ် ၂၁:၈) အဲ​ဒါ​တွေ​နဲ့​ဆက်​နွှယ်​နေ​တဲ့ ဘယ်​အလုပ်​မျိုး​ကို​မဆို ငြင်း​ပယ်​ရ​မယ်။ ယေဟောဝါ​ကို ချစ်​မယ်​ဆို​ရင် ဘု​ရား​ပညတ် ချိုး​ဖောက်​ရာ​ရောက်​တဲ့ အကျင့်​တွေ​နဲ့​ဆက်​နွှယ်​တဲ့ အလုပ်​မျိုး​ကို လုံး​ဝ​လက်ခံ​မှာ မဟုတ်​ဘူး။​—၁ ယောဟန် ၅:၃ ကို​ဖတ်​ပါ။

၁၆ ဒီ​အလုပ်​ကို လုပ်​ရင် မှား​ယွင်း​တဲ့​အကျင့်​မှာ အလို​တူ​အလို​ပါ ဖြစ်​သွား​မလား၊ ဒါ​မှ​မဟုတ် အဲဒီ​အကျင့်​ကို အား​ပေး​အား​မြှောက်​လုပ်​သူ ဖြစ်​သွား​မလား။ ဥပမာ​တစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ ဧည့်​ကြို​ဝန်​ထမ်း​လုပ်​တာ မမှား​ပါ​ဘူး။ ဒါ​ပေမဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ ကိုယ်​ဝန်​ဖျက်​ချ​ပေး​တဲ့ ဆေး​ခန်း​မှာ ဧည့်​ကြို​ဝန်​ထမ်း​လုပ်​မယ် ဆို​ရင်​ကော။ သူ့​အလုပ်​ဟာ ကိုယ်​ဝန်​ဖျက်​ချ​ပေး​ခြင်း​နဲ့ တိုက်​ရိုက် မပတ်​သက်​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ကိုယ်​ဝန်​ဖျက်​ချ​ပေး​တဲ့ ဆေး​ခန်း​မှာ ပုံ​မှန် အလုပ်​ဆင်း​နေ​တာ​က ကျမ်း​စာ​နဲ့​ဆန့်​ကျင်​တဲ့ အကျင့်​ကို အား​ပေး​အား​မြှောက်​လုပ်​ရာ မကျ​ဘူး​လား။ (ထွက်​မြောက်​ရာ ၂၁:၂၂-၂၄) ယေဟောဝါ​ကို ချစ်​တဲ့ ကျွန်​တော်​တို့​ဟာ ကျမ်း​စာ​နဲ့​ဆန့်​ကျင်​တဲ့ အကျင့်​တွေ​နဲ့ လုံး​ဝ မပတ်​သက်​ချင်​ကြ​ဘူး။

၁၇။ (က) အလုပ်​အကိုင်​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ချ​တဲ့​အခါ ဘယ်​အချက်​တွေ​ကို သုံးသပ်​နိုင်​သလဲ။ (“ ဒီ​အလုပ်​ကို ငါ လက်ခံ​သင့်​သလား” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) (ခ) ဘု​ရား​နှစ်​သက်​တဲ့ ဆုံး​ဖြတ်​ချက်​တွေ​ချ​ဖို့ အမှား​အမှန်​သိ​စိတ်​က ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။

၁၇ အလုပ်​အကိုင်​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ချ​တဲ့​အခါ စာ​ပိုဒ် ၁၅ နဲ့ ၁၆ မှာ​ဖော်ပြထား​တဲ့ အဓိ​က​မေး​ခွန်း​နှစ်​ခု​ရဲ့ အဖြေကို အသေအချာ သုံးသပ်​ရ​မယ်။ နောက်​ထပ် သုံးသပ်​ရ​မယ့် အချက်​တွေ ရှိ​သေး​တယ်။ * ဖြစ်​ပေါ်​လာ​နိုင်​တဲ့ အခြေ​အနေ​တိုင်း​နဲ့​ဆိုင်​တဲ့ စည်း​မျဉ်း​တွေ​ကို သစ္စာ​ရှိ​ကျွန် ချ​မှတ်​ပေး​မယ်​လို့ ကျွန်​တော်​တို့ မမျှော်​လင့်​သင့်​ဘူး။ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို အသုံး​ပြု​ဖို့ လို​တဲ့​အခါ​တွေ ရှိ​တယ်။ အခန်း ၂ မှာ သိ​ခဲ့​ရ​တဲ့​အတိုင်း နေ့​စဉ်​အသက်​တာ​မှာ ကျမ်း​စာ​ကို ဘယ်​လို ကျင့်​သုံး​နိုင်​တယ်​ဆို​တာ လေ့​လာ​ခြင်း​အား​ဖြင့် အမှား​အမှန်​သိ​စိတ်​ကို လေ့ကျင့်​ပေး​ဖို့ လို​တယ်။ ကျွန်​တော်​တို့​ရဲ့ “ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို အမြဲအသုံး​ပြု​ပြီး” လေ့ကျင့်​ထား​မယ်​ဆို​ရင် ဘု​ရား​နှစ်​သက်​တဲ့ ဆုံး​ဖြတ်​ချက်​တွေ​ချ​ဖို့ အမှား​အမှန်​သိ​စိတ်​က ကူညီ​ပေး​နိုင်​တယ်။ ဒီ​နည်း​နဲ့ ဘုရားရဲ့​မေတ္တာ​ကို အမြဲခံစား​ရ​နိုင်​တယ်။​—ဟီ​ဘ​ရူး ၅:၁၄

အလုပ်​အကိုင်​အပေါ် မျှ​တ​တဲ့​သဘော​ထား​ရှိ​ပါ

၁၈။ ဝတ်​ပြု​ရေး​နဲ့​ပတ်​သက်​ပြီး ဟန်​ချက်​ညီ​ဖို့​ဆို​တာ ဘာ​ကြောင့် အမြဲ မလွယ်​တာ​လဲ။

၁၈ “ခက်​ခဲ​ကျပ်​တည်း” တဲ့ ဒီ “နောက်​ဆုံး​ကာလ” မှာ ဝတ်​ပြု​ရေး​နဲ့​ပတ်​သက်​ပြီး ဟန်​ချက်​ညီ​ဖို့​ဆို​တာ အမြဲ မလွယ်​ဘူး။ (၂ တိမောသေ ၃:၁) အလုပ်​တစ်​ခု ရ​ဖို့၊ အဲဒီ​အလုပ်​မှာ မြဲနေ​ဖို့​ အတော်​လေး ခက်​နိုင်​တယ်။ ခ​ရစ်​ယာန်​စစ်​တွေ​အနေ​နဲ့ မိသား​စု​ရဲ့ စား​ဝတ်​နေ​ရေး​အတွက် အလုပ်​ကြိုး​စား​ဖို့ အရေး​ကြီး​မှန်း ကျွန်​တော်​တို့ သိ​ကြ​တယ်။ ဒါ​ပေမဲ့ သတိ​မထား​ရင် အလုပ်​ခွင်​ဖိ​စီး​မှု ဒါ​မှ​မဟုတ် ပစ္စည်း​ဥစ္စာ​အဓိ​က​ထား​တဲ့ လော​က​ရဲ့​စိတ်​ဓာတ် ကူး​စက်​မှု​ကြောင့် ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ လုပ်​ဆောင်​မှု​တွေ​ကို အဟန့်​အတား ဖြစ်​စေ​နိုင်​တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) ဒါ​ကြောင့် “ပို​အရေး​ကြီး​တဲ့​အရာ​တွေ​ကို” ပိုင်း​ခြား​သိ​မြင်​ပြီး ဟန်​ချက်​ညီ​နိုင်​ပုံ​ကို သုံးသပ်​ကြည့်​ကြ​စို့။​—ဖိ​လိပ္ပိ ၁:၁၀

၁၉။ ယေဟောဝါ​ကို ဘာ​ကြောင့် အပြည့်​အဝ ယုံ​ကြည်​ကိုး​စား​ထိုက်​သလဲ။ အဲဒီ​လို ယုံ​ကြည်​ကိုး​စား​ရင် ဘာ​တွေ​ကို ရှောင်​နိုင်​မလဲ။

၁၉ ယေဟောဝါ​ကို အပြည့်​အဝ ယုံ​ကြည်​ကိုး​စား​ပါ။ (ပညာ​အလိမ္မာ ၃:၅၊ ၆ကို​ဖတ်​ပါ။) ကိုယ်​တော့်​ကို အဲဒီ​လို ကိုး​စား​ထိုက်​တယ် မဟုတ်​လား။ တ​ကယ်​တော့ ကိုယ်​တော်​ဟာ ကျွန်​တော်​တို့​ကို ဂရု​စိုက်​တဲ့​အရှင် ဖြစ်​တယ်။ (၁ ပေတရု ၅:၇) ကျွန်​တော်​တို့ ဘာ​တွေ လို​အပ်​တယ်​ဆို​တာ ကျွန်​တော်​တို့​ထက် ကိုယ်​တော် ပို​သိ​တယ်။ ဘယ်​တော့​မှ လက်​တော် မတို​ပါ​ဘူး။ (ဆာလံ ၃၇:၂၅) ဒါ​ကြောင့် “ခင်​ဗျား​တို့​ရဲ့​ဘဝ​မှာ ငွေ​တပ်​မက်​တာ​ကို ရှောင်​ပါ။ ရှိ​တာ​လေး​နဲ့ ရောင့်ရဲ​တင်း​တိမ်​ပါ။ ‘မင်း​တို့​ကို ငါ ဘယ်​တော့​မှ ပစ်​ထား​မှာ မဟုတ်​ဘူး။ ဘယ်​တော့​မှ စွန့်​ခွာ​မှာ မဟုတ်​ဘူး’ လို့ ဘု​ရား​သခင် ပြော​ထား​တာ​ပဲ” ဆို​တဲ့ ကျမ်း​စာ​သတိ​ပေး​ချက်​ကို နား​ထောင်​သင့်​တယ်။ (ဟီ​ဘ​ရူး ၁၃:၅) ဘဝ​လို​အပ်​ရာ​တွေ​ကို ဘု​ရား ဖြည့်​ဆည်း​ပေး​နိုင်​တယ်​ဆို​တာ အချိန်​ပြည့်​အမှု​ဆောင်​တွေ သက်​သေထူ​နိုင်​ကြ​တယ်။ ကျွန်​တော်​တို့​ကို ယေဟောဝါ ကြည့်ရှုစောင့်​ရှောက်​မယ်​ဆို​တာ အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​ရင် မိသား​စု စား​ဝတ်​နေ​ရေး​အတွက် အလွန်​အမင်း စိုး​ရိမ်​ပူ​ပန်​မှာ မဟုတ်​ဘူး။ (မဿဲ ၆:၂၅-၃၂) ဝမ်း​စာ​ရှာ​လုပ်ငန်း​ကြောင့် သတင်း​ကောင်း​ဟော​ပြော​တာ၊ အစည်း​အဝေး​တက်​တာ စ​တဲ့ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ လုပ်​ဆောင်​မှု​တွေ​ကို လျစ်​လျူ​ရှု​မှာ မဟုတ်​ဘူး။​—မဿဲ ၂၄:၁၄။ ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅

၂၀။ တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​ကြည့်​တယ်​ဆို​တာ ဘာ​ကို ဆိုလို​သလဲ။​ ဘယ်​လို​နည်း​နဲ့ အဲဒီ​လို ဆက်​လုပ်​ဆောင်​နိုင်​သလဲ။

၂၀ တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​ကြည့်​ပါ။ (မဿဲ ၆:၂၂၊ ၂၃ကို​ဖတ်​ပါ။) တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​ကြည့်​တယ်​ဆို​တာ ရိုး​ရိုး​ရှင်း​ရှင်း အသက်​ရှင်​နေ​ထိုင်​တာ​ကို ဆိုလို​တယ်။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ ဘု​ရား​အလို​တော်​ဆောင်​ခြင်း​ဆို​တဲ့ ရည်​ရွယ်​ချက်​တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​တယ်။ အဲဒီ​လို အာ​ရုံ​စိုက်​မယ်​ဆို​ရင် လစာ​ကောင်း​တဲ့​အလုပ်၊ ပကာ​သန​များ​တဲ့ ဘဝ​ပုံ​စံ​နောက် လိုက်​ဖို့ စိတ်​စွဲ​လမ်း​နေ​မှာ မဟုတ်​ဘူး။ ပျော်​ရွှင်​ဖို့​အတွက် မရှိ​ရင်​မဖြစ်​ဘူး​လို့ ကြော်​ငြာ​သမား​တွေ ပြော​တဲ့ နောက်​ဆုံး​ပေါ်၊ အကောင်း​ဆုံး​ပစ္စည်း​တွေ​နောက် တ​ကောက်​ကောက် လိုက်​နေ​မှာ မဟုတ်​ဘူး။ တစ်​ခု​တည်း​ကို​ပဲ ဘယ်​လို အာ​ရုံ​စိုက် ကြည့်​နိုင်​သလဲ။ မလို​အပ်​ဘဲ အကြွေး​တင်​တာ​ကို ရှောင်​ပါ။ အချိန်​နဲ့ ဂရု​စိုက်​မှု ပေး​ရ​လွန်း​တဲ့ ပစ္စည်း​တွေ​ကို စု​ဆောင်း​မထား​ပါ​နဲ့။ “စား​စ​ရာ၊ ဝတ်​စ​ရာ” ရှိ​တာ​လေး​နဲ့ ရောင့်ရဲ​​ပါ​ဆို​တဲ့ ကျမ်း​စာ​အကြံ​ပေး​ချက်​ကို လိုက်​နာ​ပါ။ (၁ တိမောသေ ၆:၈) သင့်​ဘဝ​ကို အတတ်​နိုင်​ဆုံး ရိုး​ရှင်း​စေ​ပါ။

၂၁။ ဦးစား​ထား​ရ​မယ့်​အရာ​တွေ​ကို ဘာ​ကြောင့် သတ်​မှတ်​ထား​ဖို့ လို​သလဲ။ အသက်​တာ​မှာ ဘာ​ကို ဦးစား​ထား​ရ​မလဲ။

၂၁ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ အရာ​တွေ​ကို ဦးစား​ထား​ပါ၊ အဲဒီ​အတိုင်း ဆက်​လုပ်​ဆောင်​ပါ။ ကျွန်​တော်​တို့​ဟာ အကန့်​အသတ်​နဲ့​ပဲ လုပ်​ကိုင်​နိုင်​တဲ့​အတွက် ဦးစား​ထား​ရ​မယ့်​အရာ​တွေ​ကို သတ်​မှတ်​ထား​ဖို့ လို​တယ်။ မဟုတ်​ရင် အသေး​အဖွဲ​ကိစ္စ​တွေ​ကြောင့် တန်​ဖိုး​ရှိ​တဲ့​အချိန် ကုန်​နိုင်​တယ်၊​ အရေး​ကြီး​တဲ့​ကိစ္စ​အတွက် အချိန်​မပေး​နိုင်​တော့​တာ ဖြစ်​နိုင်​တယ်။ ကျွန်​တော်​တို့​ရဲ့ အသက်​တာ​မှာ ဘာ​ကို ဦးစား​ထား​သင့်​သလဲ။ ဒီ​ခေတ်​ကြီး​မှာ ဝင်​ငွေ​ကောင်း​တဲ့​အလုပ် ရ​နိုင်​ဖို့ လူ​အများ​ဟာ အဆင့်​မြင့်​ပညာ​ဆည်း​ပူး​ရာ​မှာ ဘဝ​ကို မြှုပ်​နှံ​ထား​ကြ​တယ်။ ယေရှု​က​တော့ “နိုင်​ငံ​တော် . . . ကို အမြဲ ဦးစား​ထား​ကြ” ဖို့ မိမိ​နောက်​လိုက်​တွေ​ကို တိုက်​တွန်း​ခဲ့​တယ်။ (မဿဲ ၆:၃၃) ခ​ရစ်​ယာန်​စစ်​တွေ​အနေ​နဲ့ ကျွန်​တော်​တို့​ဟာ အသက်​တာ​မှာ ဘု​ရား​နိုင်​ငံ​တော်​ကို ဦးစား​ထား​ကြ​တယ်။ နိုင်​ငံ​တော်​လုပ်ငန်း တိုး​တက်​ရေး​နဲ့ ဘု​ရား​အလို​တော်​ဆောင်​ခြင်း​ဟာ ရုပ်​ပစ္စည်း​တွေ၊ လော​က​လုပ်ငန်း​တွေ​ထက် ပို​အရေး​ကြီး​မှန်း ကျွန်​တော်​တို့​ရဲ့ ရွေး​ချယ်​မှု၊ ပန်း​တိုင်​နဲ့ လုပ်​ဆောင်​မှု​တွေ​က ဖော်ပြသင့်​တယ်။

အမှု​ဆောင်​လုပ်ငန်း​မှာ ကြိုး​စား​ပမ်း​စား ပါ​ဝင်​ပါ

ဘဝ​မှာ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို ဦးစား​ထား​ခြင်း​အား​ဖြင့် ယေဟောဝါ​ကို ချစ်​ကြောင်း ပြနိုင်

၂၂၊ ၂၃။ (က) ခ​ရစ်​ယာန်​စစ်​တွေ​ရဲ့ အဓိ​က​လုပ်ငန်း​ဟာ ဘာ​လဲ။ ဒီ​လုပ်ငန်း​ဟာ ကျွန်​တော်​တို့​အတွက် အရေး​ကြီး​ကြောင်း ဘယ်​လို​ ပြနိုင်​သလဲ။ (“ ကျွန်​မရဲ့​ ဆုံး​ဖြတ်​ချက်​ကြောင့် ဘဝ​မှာ ပျော်​ရွှင်​ကျေ​နပ်​မှု ရ​ခဲ့​တယ်” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) (ခ) ဝမ်း​စာ​ရှာ​လုပ်ငန်း​နဲ့​ပတ်​သက်​ပြီး သင် ဘယ်​လို စိတ်​ပိုင်း​ဖြတ်​ထား​သလဲ။

၂၂ ကျွန်​တော်​တို့​ဟာ နောက်​ဆုံး​ကာလ​ရဲ့ အဆုံး​ပိုင်း​မှာ အသက်​ရှင်​နေ​တယ်​ဆို​တာ သိ​ထား​တဲ့​အတွက် ဟော​ပြော​ခြင်း​နဲ့ တ​ပည့်​ဖြစ်​စေ​ခြင်း​လုပ်ငန်း​ကို အာ​ရုံ​စိုက်​ကြ​တယ်။ ခ​ရစ်​ယာန်​စစ်​တွေ​ရဲ့ အဓိ​က​လုပ်ငန်း​ဖြစ်​လို့​ပဲ။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ကျွန်​တော်​တို့​ရဲ့ စံ​န​မူ​နာ​ရှင် ယေရှု​လို​ပဲ ဒီ​အသက်​ကယ်​လုပ်ငန်း​မှာ အလုပ်​များ​နေ​ချင်​တယ်။ အဲဒီ​လုပ်ငန်း​ဟာ ကျွန်​တော်​တို့​အတွက် အရေး​ကြီး​မှန်း ဘယ်​လို​ပြနိုင်​သလဲ။ ဘု​ရား​ကို​ဝတ်​ပြု​သူ အများ​စု​ဟာ အသင်း​တော်​ကြေ​ညာ​သူ​တွေ​အဖြစ် ဟော​ပြော​ခြင်း​လုပ်ငန်း​မှာ စိတ်​နှလုံး​အကြွင်း​မဲ့ ပါ​ဝင်​ကြ​တယ်။ တ​ချို့​က ရှေ့​ဆောင်​တွေ၊​ သာ​သနာ​ပြု​တွေ​အဖြစ် အမှု​ဆောင်​ဖို့ စီ​စဉ်​ကြ​တယ်။ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့​ ပန်း​တိုင်​တွေ​ထား​ဖို့​ အရေး​ကြီး​မှန်း သိ​ထား​တဲ့ မိ​ဘ​တွေ​ဟာ သား​သမီး​တွေ​ကို အချိန်​ပြည့်​လုပ်ငန်း​မှာ ပါ​ဝင်​ဖို့ အား​ပေး​ကြ​တယ်။ နိုင်​ငံ​တော်​သတင်း​ကောင်း​ကို ဇွဲ​ရှိ​ရှိ ကြေ​ညာ​သူ​တွေ​ဟာ အမှု​ဆောင်​လုပ်ငန်း​မှာ ကြိုး​စား​ပမ်း​စား​ ပါ​ဝင်​တဲ့​အခါ ပျော်​ကြ​သလား။ ပျော်​တာ​ပေါ့။ ယေဟောဝါ​ရဲ့​အမှု​တော်​ကို စိတ်​နှလုံး​အကြွင်း​မဲ့ ထမ်း​ဆောင်​ခြင်း​ဟာ ကောင်း​ချီး​များ​စွာ​ ခံစား​ရ​တဲ့၊ ပျော်​ရွှင်​ကျေ​နပ်​စ​ရာ​ကောင်း​တဲ့ ​အသက်​တာ​ကို ရ​ရှိ​စေ​တယ်။​—ပညာ​အလိမ္မာ ၁၀:၂၂ ကို​ဖတ်​ပါ။

၂၃ ကျွန်​တော်​တို့ အများ​စု​ဟာ မိသား​စု​စား​ဝတ်​နေ​ရေး ဖူ​လုံ​ဖို့ နာ​ရီ​ပေါင်း​များ​စွာ အလုပ်​လုပ်​ရ​တယ်။ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ ကြိုး​စား​ပမ်း​စား လုပ်​ဆောင်​မှု​က​နေ ပျော်​ရွှင်​ကျေ​နပ်​မှု ရ​စေ​ချင်​မှန်း သတိ​ရ​ပါ။ ကျွန်​တော်​တို့​ရဲ့ သဘော​ထား​နဲ့ အမူ​အကျင့်​တွေ​ကို ဘု​ရား​ရဲ့ ရှု​မြင်​ပုံ၊ ဘု​ရား​ရဲ့ မူ​တွေ​နဲ့ ကိုက်​ညီ​စေ​မယ်​ဆို​ရင် အလုပ်​မှာ ပျော်​ရွှင်​ကျေ​နပ်​မှု ရ​နိုင်​တယ်။ ဝမ်း​စာ​ရှာ​လုပ်ငန်း​ကြောင့် ဘု​ရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း ကြေ​ညာ​ခြင်း​ဆို​တဲ့ အဓိ​က​လုပ်ငန်း​က​နေ အာ​ရုံ​လွင့်​မသွား​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ကြ​စို့။ အဲဒီ​လုပ်ငန်း​ကို ဘဝ​မှာ ဦးစား​ထား​ခြင်း​အား​ဖြင့် ယေဟောဝါ​ကို ချစ်​ကြောင်း၊ ဘု​ရား​ရဲ့​မေတ္တာ​ကို အမြဲခံစား​နေ​ချင်​ကြောင်း ပြကြ​စို့။

^ စာပိုဒ်၊ 6 “လက်​သမား” လို့​ပြန်​ဆို​တဲ့ ဂရိ​စကား​လုံး​ဟာ အများ​အား​ဖြင့် “သစ်​သား​နဲ့ အိမ်​ဆောက်​သူ၊ ပရိ​ဘော​ဂ ဒါ​မှ​မဟုတ် တ​ခြား​သစ်​သား​ထည်​တွေ ပြု​လုပ်​သူ​အတွက် သုံး​တဲ့ စကား​လုံး​ဖြစ်​တယ်။”

^ စာပိုဒ်၊ 17 အလုပ်​အကိုင်​နဲ့​ပတ်​သက်​ပြီး သုံးသပ်​ရ​မယ့် အချက်​တွေ​ကို ကင်း​မျှော်​စင်၊ ၁၉၉၉ ဧ​ပြီ ၁၅၊ စာ​မျက်​နှာ ၂၈-၃၀ နဲ့ ၁၉၈၃ ဇူ​လိုင် ၁၅၊ စာ​မျက်​နှာ ၁၉-၂၀ မှာ အသေး​စိတ် ဆွေး​နွေး​ထား​တယ်။