မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

ဘုရားသခင် မနှစ်သက်တဲ့ ပွဲနေ့များ

ဘုရားသခင် မနှစ်သက်တဲ့ ပွဲနေ့များ

“ဘု​ရား​သခင် လက်ခံ​တဲ့​အရာ​ကို သိ​နိုင်​ဖို့ အမြဲဆန်း​စစ်​ကြ​ပါ။”​—ဧဖက် ၅:၁၀

၁။ ယေဟောဝါ​ဟာ ဘယ်​လို​လူ​တွေ​ကို မိမိ​ဆီ သွေး​ဆောင်​သလဲ။ ဘု​ရားရဲ့​ နှစ်​သက်​မှု ရ​နိုင်​ဖို့ ဘာ​ကြောင့် နိုး​နိုး​ကြား​ကြား ရှိ​နေ​ရ​မလဲ။

‘အဖ​ဘုရား​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​သူ​တွေ​ဟာ စွမ်းအား​တော်​ လမ်း​ပြမှု​နဲ့​အညီ၊ အမှန်​တ​ရား​နဲ့​အညီ ကိုးကွယ်​မယ်။ အဲဒီ​လို ကိုးကွယ်​မယ့်​သူ​တွေ​ကို အဖဘု​ရား ရှာ​နေ​တယ်’ လို့​ ယေရှု ပြော​တယ်။ (ယောဟန် ၄:၂၃) ယေဟောဝါ​ဟာ သင့်​ကို ရှာ​တွေ့​ခဲ့​သလို အဲဒီ​လို​ ကိုးကွယ်​ချင်​သူ​တွေ​ကို ရှာ​တွေ့​တဲ့​အခါ မိမိ​နဲ့ သား​တော်​ဆီ သွေး​ဆောင်​တယ်။ (ယောဟန် ၆:၄၄) ဒါ​ဟာ ဂုဏ်​ယူ​စ​ရာ​ပါ​ပဲ။ ကျမ်း​စာ​အမှန်​တ​ရား​ကို မြတ်​နိုး​သူ​တွေ​ဟာ “ဘု​ရား​သခင် လက်ခံ​တဲ့​အရာ​ကို သိ​နိုင်​ဖို့ အမြဲဆန်း​စစ်” ရ​မယ်။ စာ​တန်​ဟာ လှည့်​စား​တဲ့​နေ​ရာ​မှာ အလွန်​ကျွမ်း​ကျင်​သူ ဖြစ်​လို့​ပဲ။​—ဧဖက် ၅:၁၀။ ဗျာဒိတ် ၁၂:၉

၂။ စစ်​မှန်​တဲ့​ဘာ​သာ​နဲ့ မှား​ယွင်း​တဲ့​ဘာ​သာ ရော​နှော​သူ​တွေ​ကို ယေဟောဝါ ဘယ်​လို ရှု​မြင်​သလဲ။

ဆိုင်း​နိုင်း​တောင်​အနီး​မှာ အစ္စရေးတွေ​က မိမိ​တို့​အတွက် ဘု​ရား​တစ်​ဆူ လုပ်​ပေး​ဖို့ အာ​ရုန်​ကို ​တောင်း​ဆို​တဲ့​အခါ ဘာ​တွေ​ဖြစ်​ခဲ့​မှန်း​ သုံးသပ်​ကြည့်​ပါ။ အာ​ရုန်​က သူတို့​တောင်း​ဆို​တဲ့​အတိုင်း ရွှေ​နွား​ရုပ်​တစ်​ရုပ် လုပ်​ပေး​လိုက်​တယ်။ ရွှေ​နွား​ရုပ်​ဟာ ယေဟောဝါ​ကို ကိုယ်​စား​ပြု​တယ်​လို့ ဆို​ကြ​တယ်။ အဲဒီ​နောက် အာ​ရုန်​က “မနက်​ဖြန်​ကျ​ရင် ယေဟောဝါ​ဘု​ရား​အတွက် ပွဲ​တော် ​ရှိ​တယ်” လို့ ပြော​တယ်။ စစ်​မှန်​တဲ့​ဘာ​သာ​နဲ့ မှား​ယွင်း​တဲ့​ဘာ​သာ ရော​နှော​တာ​ကို ယေဟောဝါ လျစ်​လျူ​ရှု​ခဲ့​သလား။ လျစ်​လျူ​မရှု​ခဲ့​ဘူး။ ရုပ်​တု​ကိုးကွယ်​သူ ၃,၀၀၀ လောက်​ကို ကွပ်​မျက်​လိုက်​တယ်။ (ထွက်​မြောက်​ရာ ၃၂:၁-၆၊ ၁၀၊ ၂၈) သင်​ခန်း​စာ​က ဘာ​လဲ။ ဘု​ရားရဲ့​မေတ္တာ အမြဲခံစား​ချင်​ရင် “မသန့်​ရှင်း​တာ​မှန်​သမျှ လက်​နဲ့​တောင် မထိ” ရ​ဘူး၊ ဘယ်​ဖောက်​ပြန်​မှု​မျိုး​ကို​မဆို တွန်း​လှန်​ပြီး အမှန်​တ​ရား​ကို ထက်​ထက်​သန်​သန် စောင့်​ထိန်း​ကြ​ရ​မယ်။​—ဟေ​ရှာ​ယ ၅၂:၁၁။ ယေဇကျေလ ၄၄:၂၃။ ဂလာ​တိ ၅:၉

၃၊ ၄။ လူ​ကြိုက်​များ​တဲ့ ဓလေ့​ထုံး​စံ​နဲ့ ပွဲ​နေ့​တွေ​ကို ဆန်း​စစ်​တဲ့​အခါ ကျမ်း​စာ​မူ​တွေ​ကို ဘာ​ကြောင့် ဂရု​ပြု​သင့်​သလဲ။

ဝမ်း​နည်း​စ​ရာ​က အယူ​ဖောက်​ပြန်​တာ​ကို တား​ဆီး​ခဲ့​ကြ​တဲ့ တမန်​တော်​တွေ သေဆုံး​ပြီး​နောက် အမှန်​တ​ရား​ မလို​လား​တဲ့ အမည်​ခံ​ခ​ရစ်​ယာန်​တွေ​ဟာ တိ​တ္ထိ​ဓလေ့​ထုံး​စံ​တွေ၊ ပွဲ​နေ့​တွေ​နဲ့ “အခါ​ကြီး​ရက်​ကြီး​တွေ” ​ကို ခ​ရစ်​ယာန်​အမည်​တပ်​ပြီး လက်ခံ​လာ​ကြ​တယ်။ (၂ သက်​သာ​​လော​နိတ် ၂:၇၊ ၁၀) တ​ချို့​ပွဲ​နေ့​အကြောင်း သုံးသပ်​ရင်း ပွဲ​နေ့​တွေ​ဟာ ဘု​ရား​ရဲ့ စွမ်းအား​တော်​ကို မဟုတ်​ဘဲ လော​က​စိတ်​ဓာတ်​ကို ဘယ်​လို​ထင်​ဟပ်​နေ​မှန်း သတိ​ပြု​ပါ။ အများ​အား​ဖြင့် လော​က​ပွဲ​နေ့​တွေ​မှာ တူ​ညီ​ချက်​တစ်​ခု ရှိ​တယ်။ အဲ​ဒါ​ဟာ သွေး​သား​ဆန္ဒ​အတိုင်း လိုက်​တာ၊ မှား​ယွင်း​တဲ့ ဘာ​သာ​ရေး ယုံ​ကြည်​ချက်​တွေ​နဲ့ “မဟာ​ဗာ​ဗု​လုန်” ရဲ့ ထင်​ရှား​တဲ့​အမှတ်​အသား​ဖြစ်​တဲ့ နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း​ကို အား​ပေး​တာ ဖြစ်​တယ်။ * (ဗျာဒိတ် ၁၈:၂-၄၊ ၂၃) လူ​ကြိုက်​များ​တဲ့ ဓလေ့​ထုံး​စံ​အများ​စု​ဟာ စက်​ဆုပ်​ဖွယ် တိ​တ္ထိ​ထုံး​စံ​တွေ​က​နေ ဆင်း​သက်​လာ​တယ်။ အဲဒီ​တိ​တ္ထိ​ထုံး​စံ​တွေ​ကို ယေဟောဝါ​ကိုယ်​တိုင် သတိ​ပြု​မိ​တယ်​ဆို​တာ အမှတ်​ရ​ပါ။ ဒီ​နေ့​လည်း အဲဒီ​ပွဲ​နေ့​တွေ​ကို ကိုယ်​တော် စက်​ဆုပ်​ရွံ​ရှာ​မှာ သေချာ​တယ်။ ဒါ​နဲ့​ပတ်​သက်​ပြီး ကိုယ်​တော်​ရဲ့ ရှု​မြင်​ချက်​ဟာ ကျွန်​တော်​တို့​အတွက် အရေး​ကြီး​ဆုံး ဖြစ်​သင့်​တယ် မဟုတ်​လား။​—၂ ယောဟန် ၆၊ ၇

ပွဲ​နေ့​တ​ချို့​ကို ယေဟောဝါ မနှစ်​သက်​မှန်း ခ​ရစ်​ယာန်​စစ်​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့ သိ​ထား​ကြ​တယ်။ ဒါ​ကြောင့် အဲ​ဒါ​တွေ​နဲ့ လုံး​ဝ​မပတ်​သက်​ဖို့ အခိုင်​အမာ ဆုံး​ဖြတ်​ထား​ရ​မယ်။ ပွဲ​နေ့​တွေ​ကို ယေဟောဝါ မနှစ်​သက်​ရ​တဲ့​ အကြောင်း​ရင်း​ကို ပြန်​သုံးသပ်​တာ​ဟာ ဘု​ရားရဲ့​မေတ္တာ မခံစား​ရ​စေ​တဲ့​အရာ မှန်​သမျှ​ကို ရှောင်​မယ်​ဆို​တဲ့ ကျွန်​တော်​တို့​ရဲ့ သန္နိ​ဋ္ဌာန်​ကို ခိုင်​မာ​စေ​တယ်။

ခ​ရစ္စ​မတ်​ပွဲ—အမည်​ပြောင်း​ထား​တဲ့ နေ​ဝတ်​ပြု​မှု

၅။ ဒီ​ဇင်​ဘာ ၂၅ မှာ ယေရှု​မွေး​တာ မဟုတ်​မှန်း ဘာ​ကြောင့် အသေအချာ ပြော​နိုင်​သလဲ။

ယေရှု​ရဲ့ မွေး​နေ့​အကြောင်း ကျမ်း​စာ​မှာ မဖော်ပြဘူး။ တ​ကယ်​တော့ ယေရှု​ရဲ့ မွေး​နေ့​ကို အတိ​အကျ မသိ​ရ​ဘူး။ ဒါ​ပေမဲ့ အဲဒီ​ဒေ​သရဲ့ ချမ်း​စိမ့်​တဲ့ ဆောင်း​ရာ​သီ ဒီ​ဇင်​ဘာ ၂၅ မှာ ယေရှု​မွေး​တာ မဟုတ်​မှန်း ကျွန်​တော်​တို့ အသေအချာ ပြော​နိုင်​တယ်။ * တစ်​ချက်​အနေ​နဲ့ ယေရှု​ကို မွေး​ဖွား​ချိန်​မှာ “သိုးထိန်း​တွေ . . . ကွင်း​ပြင်​မှာ” သိုးထိန်း​နေ​တယ်​လို့ လုကာ မှတ်​တမ်း​တင်​တယ်။ (လုကာ ၂:၈-၁၁) “ကွင်း​ပြင်​မှာ” တစ်​နှစ်​လုံး သိုးထိန်း​လေ့​ရှိ​ရင် ဒီ​မှတ်​တမ်း​ဟာ ထူး​ခြား​မှာ မဟုတ်​ဘူး။ ဘက်​သလီ​ဟင်​မြို့​မှာ ဆောင်း​မိုး​ရွာ​ပြီး နှင်း​ကျ​တတ်​လို့ သိုး​အုပ်​ကို အမိုး​အကာ​အောက်​မှာ​ပဲ ထား​ကြ​တယ်။ ဒါ​ကြောင့် သိုးထိန်း​တွေ​လည်း “ကွင်း​ပြင်​မှာ” ရှိ​နေ​ကြ​မှာ မဟုတ်​ဘူး။ ဒါ့​အပြင် ဆီ​ဇာ​ဩ​ဂတ်​စ​တပ်​က လူ​ဦး​ရေ​စာ​ရင်း​ သွင်း​ဖို့ အမိန့်​ထုတ်​ပြန်​လို့ ယော​သပ်​နဲ့ မာ​ရိ ဘက်​သလီ​ဟင်​မြို့​ကို သွား​ခဲ့​ရ​တယ်။ (လုကာ ၂:၁-၇) ဆီ​ဇာ​က ရော​မအုပ်​ချုပ်​မှု​ မလို​လား​သူ​တွေ​ကို ဆောင်း​ရာ​သီ​ရဲ့ အချမ်း​ဆုံး​လ​မှာ ဘိုး​ဘေး​တွေ​ရဲ့ ဇာတိ​မြို့​ကို သွား​ဖို့ အမိန့်​ထုတ်​မှာ မဟုတ်​ဘူး။

၆၊ ၇။ (က) ခ​ရစ္စ​မတ်​ပွဲ​ဓလေ့​ထုံး​စံ​တွေရဲ့ ရင်း​မြစ်​ကို ဘယ်​နေ​ရာ​မှာ တွေ့​နိုင်​သလဲ။ (ခ) ခ​ရစ္စမတ်​လက်​ဆောင်​ပေး​တာ​နဲ့ ခ​ရစ်​ယာန်​စစ်​တွေ လက်​ဆောင်​ပေး​တာ ဘယ်​လို ကွာ​ခြား​သလဲ။

ခ​ရစ္စ​မတ်​ပွဲ​ရဲ့ ရင်း​မြစ်​ကို ကျမ်း​စာ​မှာ မတွေ့​ရ​ဘူး၊ လယ်​ယာ​စိုက်​ပျိုး​ရေး​နတ်​ဘုရား ဆက်​တန်​အတွက် ကျင်း​ပတဲ့ ရော​မဆက်​တန်​နေ​လီ​ယာ​ပွဲ​အစ​ရှိ​တဲ့ ရှေး​ခေတ်​တိတ္ထိ​ပွဲ​တွေ​မှာ​ပဲ တွေ့​ရ​တယ်။ အလား​တူ၊ သူတို့​ရဲ့​ယူ​ဆ​ချက်​အရ မစ်​သရ​နတ်​ဘု​ရား​ကို ကိုးကွယ်​သူ​တွေ​ဟာ ဒီ​ဇင်​ဘာ ၂၅ မှာ “မၡုံး​နိမ့်​နိုင်​တဲ့ နေ​မင်း​ရဲ့ မွေး​နေ့​ပွဲ” ကို ကျင်းပ​ခဲ့​ကြ​တယ်​လို့ ကက်​သလစ်​စွယ်​စုံ​ကျမ်း​သစ်​က ဆို​တယ်။ ခ​ရစ်​တော် သေဆုံး​ပြီး​နောက် သုံး​ရာ​စု​ခန့်၊ “အထူး​သဖြင့် ရော​မမှာ နေ​ဝတ်​ပြု​ရေး ခေတ်​စား​ချိန်​မှာ ခ​ရစ္စ​မတ်​ပွဲ​ကို အစ​ပြု​ခဲ့​ကြ​တယ်။”

ခ​ရစ်​ယာန်​စစ်​တွေ မေတ္တာ​နဲ့ ပေး​ကမ်း​ကြ

တိ​တ္ထိ​တွေ​ရဲ့ ပွဲ​နေ့​တွေ​မှာ လက်​ဆောင်​တွေ ဖလှယ်​ပြီး စား​သောက်​ပွဲ​တွေ လုပ်​ကြ​တယ်။ ဒီ​နေ့​လည်း ခ​ရစ္စ​မတ်​ပွဲ​တွေ​မှာ အဲဒီ​အတိုင်း လုပ်​ကြ​တယ်။ ခ​ရစ္စ​မတ်​လက်​ဆောင်​တွေ ပေး​တာ​ဟာ ၂ ကော​ရိန္သု ၉:၇ မှာ တွေ့​ရ​တဲ့ စိတ်​ထား​မျိုး​နဲ့​ပေး​တာ မဟုတ်​ဘူး။ အဲဒီ​ကျမ်း​ချက်​မှာ “လူ​တိုင်း စိတ်​ဆုံး​ဖြတ်​ထား​တဲ့​အတိုင်း လှူ​ဒါန်း​ကြ​ပါ။ နှ​မြော​တဲ့​စိတ်၊ မလှူ​မနေ​ရ ဆို​တဲ့​စိတ်​နဲ့ မလှူ​ပါ​စေ​နဲ့။ စေ​တ​နာ​စိတ်​နဲ့ လှူ​ဒါန်း​တဲ့​သူ​ကို​ပဲ ဘု​ရား​သခင် ချစ်​မြတ်​နိုး​တယ်” လို့​ဆို​တယ်။ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ မေတ္တာ​နဲ့ လက်​ဆောင်​ပေး​ကြ​တယ်။ သတ်​မှတ်​ထား​တဲ့ အထူး​နေ့​တစ်​နေ့​ရောက်​မှ ပေး​တာ မဟုတ်​ဘူး၊ လက်​ဆောင်​ပြန်​ရ​ဖို့​လည်း မမျှော်​လင့်​ကြ​ဘူး။ (တမန်​တော် ၂၀:၃၅ ကို​ဖတ်​ပါ။ လုကာ ၁၄:၁၂-၁၄) ဒါ့​အပြင် သူတို့​ဟာ ခ​ရစ္စ​မတ်​ပွဲ​ရာ​သီ​ရဲ့ ရုတ်​ရုတ်​သဲ​သဲ​ အခြေ​အနေ​က​နေ၊ နှစ်​ကုန်​ပိုင်း​မှာ လူ​အများ အကြွေး​တင်​လေ့​ရှိ​တဲ့ ဝန်​ထုပ်​က​နေ လွတ်​ကင်း​တဲ့​အတွက် အလွန် ကျေး​ဇူး​တင်​ကြ​တယ်။​—မဿဲ ၁၁:၂၈-၃၀။ ယောဟန် ၈:၃၂

၈။ နက္ခတ်​ဗေ​ဒင်​ဆ​ရာတွေ​က ယေရှု​ကို မွေး​နေ့​လက်​ဆောင်​တွေ ပေး​ခဲ့​သလား။ ရှင်း​ပြပါ။

ဒါ​ပေမဲ့ နက္ခတ်​ဗေ​ဒင်​ဆ​ရာ​တွေ​လည်း ယေရှု​ကို မွေး​နေ့​လက်​ဆောင် ပေး​တာ​ပဲ မဟုတ်​လား​ဆို​ပြီး တ​ချို့ ဆင်​ခြေ​တက်​ကြ​မယ်။ မွေး​နေ့​လက်​ဆောင် ပေး​တာ မဟုတ်​ဘူး။ ကျမ်း​စာ​ခေတ်​က ထုံးတမ်း​စဉ်​လာ​အရ အသိ​အမှတ်​ပြု​ထိုက်​သူ​ကို လေး​စား​တဲ့​အနေ​နဲ့ လက်​ဆောင်​ပေး​တာ ဖြစ်​တယ်။ (၁ ဘု​ရင်​များ ၁၀:၁၊ ၂၊ ၁၀၊ ၁၃။ မဿဲ ၂:၂၊ ၁၁) တ​ကယ်​တော့၊ ယေရှု​မွေး​တဲ့​ည​မှာ သူတို့ ရောက်​လာ​တာ မဟုတ်​ဘူး။ သူတို့ ရောက်​လာ​ချိန်​မှာ ယေရှု​ဟာ​ နွား​စား​ခွက်​မှာ သိပ်​ထား​တဲ့ မွေး​ကင်း​စ​က​လေး မဟုတ်​တော့​ဘဲ အိမ်​မှာ နေ​ထိုင်​နေ​တဲ့ လ​သား​အရွယ် ဖြစ်​နေ​ပြီ။

မွေး​နေ့​ပွဲ​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​ရှု​မြင်​ချက်

၉။ ကျမ်း​စာ​မှာ​ပါ​တဲ့ မွေး​နေ့​ပွဲ​တွေ​နဲ့​ပတ်​သက်​ပြီး ဘာ​က ထူး​ခြား​သလဲ။

က​လေး​တစ်ဦး မွေး​ဖွား​လာ​ချိန်​ဟာ အလွန်​ပျော်​စ​ရာ​ပါ​ပဲ။ ဒါ​ပေမဲ့ ဘု​ရား​သခင့်​ကျေး​ကျွန်​တစ်ဦး​ မွေး​နေ့​ပွဲ​ ကျင်း​ပတယ်​ဆို​တဲ့​အကြောင်း ကျမ်း​စာ​မှာ ဖော်ပြထား​တာ မရှိဘူး။ (ဆာလံ ၁၂၇:၃) အဲဒီ​အကြောင်း အမှတ်​တ​မဲ့ ကျန်​သွား​တာ​လား။ မဟုတ်​ဘူး။ အီဂျစ်​ဘုရင် ဖာ​ရော​နဲ့ ဟေ​ရုဒ်​အန္တိ​ပမင်း​တို့​ရဲ့ မွေး​နေ့​ပွဲ​အကြောင်း ကျမ်း​စာ​မှာ​ ပါ​တယ်။ (ကမ္ဘာဦး ၄၀:၂၀–၂၂ နဲ့ မာကု ၆:၂၁–၂၉ ကို​ဖတ်​ပါ။) ဒါ​ပေမဲ့ အဲဒီ​မွေး​နေ့​ပွဲ​နှစ်​ခု​စ​လုံး ပျော်​စရာ​အချိန်​အခါ မဟုတ်​ခဲ့​ဘူး။ အထူး​သဖြင့် ဟေ​ရုဒ်​မင်း​ရဲ့ မွေး​နေ့​ပွဲ​မှာ နှစ်ခြင်း​ပေး​သူ ယောဟန် ခေါင်း​ဖြတ်​ခံ​ခဲ့ရ​တယ်။

၁၀၊ ၁၁။ မွေး​နေ့​ပွဲ​ကျင်း​ပတာ​ကို ကနဦး​ခ​ရစ်​ယာန်​တွေ ဘယ်​လို ရှု​မြင်​ခဲ့​ကြ​သလဲ။ ဘာ​ကြောင့်​လဲ။

၁၀ “မွေး​နေ့​ပွဲ ကျင်း​ပတာ​ကို တိ​တ္ထိ​ဓလေ့​အဖြစ် ကနဦး​ခ​ရစ်​ယာန်​တွေ ယူ​မှတ်​ကြ​တယ်” လို့ ကမ္ဘာ့​စွယ်​စုံ​ကျမ်း​က ဖော်ပြတယ်။ ဥပမာ၊ လူ​တစ်ဦး​စီ​မှာ ကိုယ်​စောင့်​နတ် ရှိ​တယ်၊ ကိုယ်​စောင့်​နတ်​ဟာ လူ​တစ်ဦး မွေး​ဖွား​ချိန်​မှာ ရောက်​လာ​ပြီး သူ့​ကို တစ်​သက်​လုံး ကြည့်​ရှု​စောင့်​ရှောက်​ပေး​တယ်​ဆို​ပြီး ရှေး​ဂရိ​လူမျိုး ယုံ​ကြည်​ကြ​တယ်။ အဲဒီ​ကိုယ်​စောင့်​နတ်​ဟာ “မွေး​နေ့​ရှင်​နဲ့​မွေး​နေ့​ချင်း​တူ​တဲ့ နတ်​ဘု​ရား​နဲ့ လျှို့​ဝှက်​ဆန်း​ကြယ်​စွာ ပတ်​သက်​နေ​တယ်” လို့ မွေး​နေ့​ဆိုင်​ရာ ရှေး​ရိုး​ဓလေ့​စာ​အုပ်​က ပြော​တယ်။ မွေး​နေ့​တွေ​ဟာ ရှေး​က​တည်း​က နက္ခတ်​ဗေ​ဒင်၊ ဇာ​တာ​ခွင်​နဲ့ ဆက်​စပ်​နေ​တယ်။

၁၁ မွေး​နေ့​ဓလေ့​ထုံး​စံ​တွေ​ဟာ တိ​တ္ထိ​နဲ့ နတ်​ဆိုး​ပညာ​က​နေ အစ​ပြု​လာ​တဲ့​အတွက် ဘု​ရား​ရဲ့ ရှေး​ခေတ်​ကျေး​ကျွန်​တွေ ငြင်း​ပယ်​ခဲ့​ရုံ​သာ​မက သူတို့​ရဲ့​ယုံ​ကြည်​မှု​အရ​လည်း အဲ​ဒါ​တွေ​ကို ငြင်း​ပယ်​ကြ​တာ ဖြစ်​နိုင်​တယ်။ ဘာ​ကြောင့်​လဲ။ သူတို့​ဟာ နှိမ့်​ချ​ပြီး ကျိုးနွံ​မှု​ရှိ​သူ​တွေ ဖြစ်​လို့​ပဲ။ မိမိ​တို့ ကမ္ဘာ​ပေါ် ရောက်​လာ​တာ​ဟာ မွေး​နေ့​ပွဲ ကျင်း​ပရ​လောက်​တဲ့​အထိ အရေး​မကြီး​ဘူး​လို့ ယူ​မှတ်​ကြ​တယ်။ * (မိက္ခာ ၆:၈။ လုကာ ၉:၄၈) သူတို့​ဟာ အဖိုး​တန် အသက်​ဆု​လက်​ဆောင်​အတွက် ယေဟောဝါ​ရဲ့ ဘုန်း​တော်​ကို ချီး​မွမ်း​ပြီး ကျေး​ဇူး​တင်​ကြ​တယ်။ *​—ဆာလံ ၈:၃၊ ၄။ ၃၆:၉။ ဗျာဒိတ် ၄:၁၁

၁၂။ သေတဲ့​နေ့​ဟာ မွေး​တဲ့​နေ့​ထက် ဘယ်​လို​နည်း​နဲ့ ပို​ကောင်း​နိုင်​သလဲ။

၁၂ သစ္စာ​ရှိ​ရှိ သေဆုံး​သွား​သူ​အားလုံး​ဟာ ဘု​ရား​ရဲ့ မှတ်​ဉာဏ်​မှာ ရှိ​နေ​ပြီး အသက်​ပြန်​ရှင်​လာ​မှာ သေချာ​တယ်။ (ယောဘ ၁၄:၁၄၊ ၁၅) “နာ​မည်​ကောင်း​ဟာ တန်​ဖိုး​ကြီး​တဲ့​ဆီ​ထက် ပို​ကောင်း​တယ်။ သေဆုံး​တဲ့​နေ့​က​လည်း မွေး​ဖွား​တဲ့​နေ့​ထက် ပို​ကောင်း​တယ်” လို့​ ဒေ​သနာ ၇:၁ မှာ ပြော​ထား​တယ်။ “နာ​မည်​ကောင်း” ဆို​တာ ဘု​ရား​ရဲ့​အမှု​တော်​ကို သစ္စာ​ရှိ​ရှိ ထမ်း​ဆောင်​ခြင်း​က​နေ ရ​ရှိ​တဲ့ နာ​မည်​ကောင်း​ကို ဆိုလို​တယ်။ ထူး​ခြား​တာ​က ခ​ရစ်​ယာန်​တွေ ကျင်း​ပရ​မယ့်​ တစ်​ခု​တည်း​သော အောက်​မေ့​ရာ​ပွဲ​ဟာ မွေး​ဖွား​ခြင်း​နဲ့​မဟုတ်​ဘဲ သေခြင်း​နဲ့​ပတ်​သက်​တယ်။ အဲ​ဒါ​ဟာ ယေရှု​ရဲ့​သေခြင်း​ ဖြစ်​ပြီး သူ့​ရဲ့ “နာ​မည်​” ကောင်း​ဟာ ကျွန်​တော်​တို့​ရဲ့ ကယ်​တင်​ခြင်း​အတွက် အဓိ​က​ကျ​တယ်။​—လုကာ ၂၂:၁၇-၂၀။ ဟီ​ဘ​ရူး ၁:၃၊ ၄

အီ​စ​တာ​ပွဲ​—အသွင်​ပြောင်း​ထား​တဲ့ မျိုး​ပွား​ခြင်း​ဝတ်​ပြု​မှု

၁၃၊ ၁၄။ လူ​ကြိုက်​များ​တဲ့ အီ​စ​တာ​ပွဲ​ဓလေ့​ထုံး​စံ​ရဲ့ ရင်း​မြစ်​ဟာ ဘာ​လဲ။

၁၃ အီ​စ​တာ​ပွဲ​ဟာ ခ​ရစ်​တော်​ရဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း​ပွဲ​ ဖြစ်​တယ်​လို့ ဆို​ကြ​ပေမဲ့ တ​ကယ်​တော့ မှား​ယွင်း​တဲ့​ဘာ​သာ​က​နေ အရင်း​ခံ​တယ်။ အီ​စ​တာ​ဆို​တဲ့​ အမည်​ကိုယ်​နှိုက်​က အင်္ဂ​လို-ဆက်​ဆွန်​လူမျိုး​တွေ ကိုးကွယ်​တဲ့ အရုဏ်​ဦး​နဲ့ နွေ​ဦး​ပေါက် နတ်​ဘု​ရား​မ အီ​အော​စ​တာ ဒါ​မှ​မဟုတ် အက်စ္စ​ထ​ရီ​က​နေ ဆင်း​သက်​လာ​တယ်။ ဥ​နဲ့ ယုန်​ဟာ အီ​စ​တာ​ပွဲ​နဲ့ ဘယ်​လို ဆက်​စပ်​သလဲ။ ဥ​တွေ​ဟာ “ဘဝ​အစ​နဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း အထိမ်း​အမှတ်​အဖြစ် ထင်​ရှား​တယ်” လို့ ဗြိ​တိန်​နီ​ကာ​စွယ်​စုံ​ကျမ်း​က ဆို​တယ်။ ယုန်​ဟာ မျိုး​ပွား​နိုင်​စွမ်း​ရဲ့​ အထိမ်း​အမှတ် ဖြစ်​တယ်။ ဒါ​ကြောင့် အီ​စ​တာ​ဟာ ခ​ရစ်​တော်​ရဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း​ပွဲ​အဖြစ် မသိ​မသာ အသွင်​ပြောင်း​ထား​တဲ့ မျိုး​ပွား​ခြင်း​ထုံးတမ်း​စဉ်​လာ ဖြစ်​တယ်။ *

၁၄ မိမိ​သား​တော်​ရဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း အောက်​မေ့​ပွဲ​ ကျင်း​ပဖို့ စက်​ဆုပ်​ဖွယ် မျိုး​ပွား​ခြင်း​ထုံးတမ်း​စဉ်​လာ အသုံး​ပြု​တာ​ကို ယေဟောဝါ​ ခွင့်​ပြု​ပါ့​မလား။ ခွင့်​ပြု​မှာ မဟုတ်​ဘူး။ (၂ ကော​ရိန္သု ၆:၁၇၊ ၁၈) တ​ကယ်​တော့ ကျမ်း​စာ​က ယေရှု​ရဲ့ ရှင်​ပြန်​ထ​မြောက်​ခြင်း အောက်​မေ့​ပွဲ​ကို ကျင်း​ပဖို့ မမှာ​ဘူး၊ ကျင်း​ပခွင့်​လည်း မပေး​ဘူး။ ဒါ​ကြောင့် အီစတာ​အမည်​နဲ့ အဲဒီ​လို​ကျင်း​ပတာ​ဟာ ပို​လို့​တောင် သစ္စာ​မဲ့​ရာ​ရောက်​တယ်။

သန့်​ရှင်း​မှု လုံး​ဝ​မရှိ​တဲ့ ဟယ်​လို​ဝင်း​ပွဲ

၁၅။ ဟယ်​လို​ဝင်း​ပွဲ​ရဲ့ ဇာစ်​မြစ်​ဟာ ဘာ​လဲ။ ဒီ​ပွဲ​ကို ကျင်း​ပဖို့ ရွေး​ချယ်​ထား​တဲ့ နေ့​ရက်​ဟာ ဘယ်​လို အထူး​အဓိပ္ပာယ်​ရှိ​သလဲ။

၁၅ ဟယ်​လို​ဝင်း​ပွဲ​ဟာ စုန်း​မတွေ၊ မှင်​စာ​တွေ၊ ဆန်း​ကြယ်​တဲ့ မွမ်း​မံ​ဆင်​ယင်​မှု​တွေ​ကြောင့် လူ​သိ​များ​ပြီး သူ​တော်​စင်​နေ့​ရဲ့ အကြို​ပွဲ​လို့​လည်း ခေါ်​တယ်။ ဒီ​ပွဲ​ဟာ ဗြိ​တိန်​နဲ့ အိုင်​ယာ​လန်​မှာ​ရှိ​တဲ့ ရှေး​ဆဲလ်​တစ်​လူမျိုး​က​နေ စတင်​တယ်။ သူတို့​ဟာ နို​ဝင်​ဘာ ၁ ရက်နဲ့ အနီး​ဆုံး လ​ပြည့်​နေ့​မှာ “နွေ​ကုန်​ဆုံး​ချိန်” လို့ အဓိပ္ပာယ်​ရ​တဲ့ စဲမ်​ဟိန်း​ပွဲ​ကို ကျင်း​ပကြ​တယ်။ စဲမ်​ဟိန်း​ပွဲ​အတွင်း လူ့​ဘုံ​နဲ့ ဝိညာဉ်​ဘုံ​ ခြား​ထား​တဲ့ အကာ ပွင့်​သွား​ပြီး နတ်​ကောင်း​နတ်​မြတ်​တွေ​နဲ့ နတ်​ဆိုး​တွေ​ဟာ ကမ္ဘာ​ပေါ် လှည့်​လည်​သွား​လာ​တယ်​လို့ သူတို့ ယုံ​ကြည်​ကြ​တယ်။ လူ​သေတွေရဲ့ ဝိညာဉ် အိမ်​ပြန်​လာ​တဲ့​အတွက် မိသား​စု​တွေ​က လာ​လည်​တဲ့ တ​စ္ဆေတွေ​ကို ကျေ​နပ်​တဲ့​အထိ ကျွေး​မွေး​ကြ​တယ်။ ဒါ​ကြောင့် အခု​ခေတ် ကလေး​တွေ​ဟာ တ​စ္ဆေတွေ၊ စုန်း​မတွေ​လို ဝတ်​စား​ဆင်​ယင်​ပြီး တစ်​အိမ်​တက်​ဆင်း သွား၊ မုန့် မကျွေး​မချင်း နောက်​ပြောင် ဆော့​က​စား​တဲ့​အခါ စဲမ်​ဟိန်း​ပွဲ​ရဲ့ ထုံးတမ်း​စဉ်​လာ​တွေ​ကို မရည်​ရွယ်​ဘဲ လိုက်​နေ​ကြ​တယ်။

သင့်​မင်္ဂလာ​ပွဲ​ကို မညစ်​ညူး​စေ​နဲ့

၁၆၊ ၁၇။ (က) လက်​ထပ်​ဖို့ စီ​စဉ်​နေ​တဲ့ ခ​ရစ်​ယာန်​မောင်​နှံ​တွေ​ဟာ ဒေ​သခံ​ မင်္ဂ​လာ​ပွဲ​ဓလေ့​တွေ​ကို ကျမ်း​စာ​မူ​တွေ​နဲ့​အညီ ဘာ​ကြောင့် ဆန်း​စစ်​သင့်​သလဲ။ (ခ) ဆန် ဒါ​မှ​မဟုတ် တစ်​ခု​ခု​ကို ကြဲ​တာ​လို​မျိုး ဓလေ့​ထုံး​စံ​တွေ​နဲ့​ပတ်​သက်​ပြီး ခ​ရစ်​ယာန်​တွေ ဘာ​ကို ထည့်​စဉ်း​စား​သင့်​သလဲ။

၁၆ မကြာ​ခင် “[မဟာ​ဗာ​ဗု​လုန်]မှာ သတို့​သား၊ သတို့​သမီး​ရဲ့ အသံ​ကို​လည်း ကြား​ရ​တော့​မှာ မဟုတ်​ဘူး။” (ဗျာဒိတ် ၁၈:၂၃) ဘာ​ကြောင့်​လဲ။ တစ်​ချက်​အနေ​နဲ့ မင်္ဂ​လာ​ဆောင်​တဲ့​နေ့​က​စ​ပြီး အိမ်​ထောင်​ကို ညစ်​ညူး​စေ​နိုင်​တဲ့ နတ်​ဆိုး​ပညာ​ကြောင့် ဖြစ်​တယ်။​—မာကု ၁၀:၆-၉

၁၇ တစ်​နိုင်​ငံ​နဲ့ တစ်​နိုင်​ငံ ဓလေ့​ထုံး​စံ​တွေ မတူ​ကြ​ဘူး။ အပြစ်​ကင်း​ပုံ​ရ​တဲ့ ဓလေ့​ထုံး​စံ​တ​ချို့​ဟာ သတို့​သား၊ သတို့​သမီး​နဲ့ ဧည့်​သည်​တွေ​ကို “ကံ​ကောင်း” စေ​တယ်​လို့ ယူ​မှတ်​ရ​တဲ့ ဗာ​ဗု​လုန်​ထုံးတမ်း​တွေ​က​နေ မြစ်​ဖျား​ခံ​တာ ဖြစ်​နိုင်​တယ်။ (ဟေ​ရှာ​ယ ၆၅:၁၁) အဲဒီ​လို ထုံးတမ်း​စဉ်​လာ​တစ်​ခု​က​တော့ ဆန် ဒါ​မှ​မဟုတ် တစ်​ခု​ခု ကြဲ​တာ ဖြစ်​တယ်။ အစား​အစာ​ဟာ မကောင်း​ဆိုး​ဝါး​တွေ​ကို စိတ်​ကျေ​နပ်​စေ​တဲ့​အပြင် သတို့​သား၊ သတို့​သမီး​ကို အန္တရာယ်​ကင်း​စေ​တယ်​ဆို​တဲ့ အယူ​အဆ​က​နေ အဲဒီ​ထုံး​စံ စတင်​လာ​တာ ဖြစ်​မယ်။ ဒါ့​အပြင် ဆန်​ဟာ မျိုး​ပွား​ခြင်း၊ ပျော်​ရွှင်​ခြင်း၊ အသက်​ရှည်​ခြင်း​နဲ့ ဆန်း​ကြယ်​စွာ ဆက်​စပ်​နေ​တာ ကြာ​မြင့်​နေ​ပြီ။ ထင်​ရှား​တာ​က ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ချင်​သူ​တိုင်း အဲဒီ​လို ညစ်​ညမ်း​တဲ့ ဓလေ့​တွေ​ကို ရှောင်​ရ​မယ်။​—၂ ကော​ရိန္သု ၆:၁၄–၁၈ ကို​ဖတ်​ပါ။

၁၈။ လက်​ထပ်​ဖို့ စီ​စဉ်​နေ​တဲ့ မောင်​နှံ​နဲ့ မင်္ဂ​လာ​ပွဲ​တက်​ဖို့ ဖိတ်​ခေါ်​ခံ​ရ​သူ​တွေ​ကို ဘယ်​ကျမ်း​စာ​မူ​တွေ​က လမ်း​ညွှန်​ပေး​သင့်​သလဲ။

၁၈ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဟာ မင်္ဂ​လာ​ပွဲ​နဲ့ မင်္ဂ​လာ​ဧည့်​ခံ​ပွဲ​တွေ​မှာ ခ​ရစ်​ယာန်​ဂုဏ်​သိက္ခာ​ကို ထိ​ပါး​စေ​မယ့်၊ သူ​တစ်ပါး​ရဲ့ အမှား​အမှန်​သိ​စိတ်​ကို ထိ​ခိုက်​စေ​မယ့် လောက​ဓလေ့​ထုံး​စံ​တွေ​ကို လုပ်​မှာ မဟုတ်​ဘူး။ ဥပမာ၊ နာ​ကြည်း​စေ​တဲ့ ထေ့​လုံး​ငေါ့​လုံး​တွေ၊ လိင်​နဲ့​ပတ်​သက်​ပြီး စောင်း​ချိတ်​ပြော​တာ​တွေ​ကို ရှောင်​ကြ​တယ်။ ကြင်​စ​ဦး​မောင်​နှံ​နဲ့ တခြား​သူ​တွေ​ကို စိတ်​အနှောင့်​အယှက် ဖြစ်​စေ​နိုင်​တဲ့ ပြက်​လုံး​တွေ၊ စကား​တွေ​ကို​လည်း ရှောင်​ကြ​တယ်။ (ပညာ​အလိမ္မာ ၂၆:၁၈၊ ၁၉။ လုကာ ၆:၃၁။ ၁၀:၂၇) ဒါ့​အပြင် တော်​ရုံ​သင့်​ရုံ​ မဟုတ်​ဘဲ “မိမိ​စည်း​စိမ်​အကြောင်း ဝါ​ကြွား” ရာရောက်​တဲ့ ကြီး​ကျယ်​ခမ်း​နား​လွန်း​တဲ့ မင်္ဂ​လာ​ဧည့်​ခံ​ပွဲ​မျိုး​ကို ကျင်း​ပမှာ မဟုတ်​ဘူး။ (၁ ယောဟန် ၂:၁၆) တ​ကယ်​လို့ သင်​ဟာ လက်​ထပ်​ဖို့ အစီ​အစဉ်​ရှိ​ရင် သင့်​ရဲ့​ အထူး​နေ့​ရက်​ကို ပြန်​သတိ​ရ​တိုင်း ဝမ်း​နည်း​စ​ရာ မဟုတ်​ဘဲ ပျော်​စ​ရာ ဖြစ်​စေ​ဖို့ ယေဟောဝါ အလို​ရှိ​မှန်း ဘယ်​တော့​မှ မမေ့​ပါ​နဲ့။ *

အရက်​ခွက်​မြှောက်​ပြီး ဆု​မွန်​ကောင်း​တောင်း​တာ​ဟာ ဘာ​သာ​ရေး​နဲ့​ဆိုင်​တဲ့ လုပ်​ရပ်​လား

၁၉၊ ၂၀။ အရက်​ခွက် မြှောက်​ပြီး ဆု​မွန်​ကောင်း​တောင်း​ခြင်း​ရဲ့ ရင်း​မြစ်​နဲ့​ပတ်​သက်​ပြီး လော​က​စာပေ​တစ်​ခု​က ဘာ​ပြော​သလဲ။ အဲဒီ​ဓလေ့​ကို ခ​ရစ်​ယာန်​တွေ ဘာ​ကြောင့် လက်မခံ​​နိုင်​သလဲ။

၁၉ မင်္ဂ​လာ​ပွဲ​နဲ့ မိတ်​ဆုံ​စား​ပွဲ​တွေ​မှာ ရေ​ပန်း​စား​နေ​တဲ့ ဓလေ့​တစ်​ခု​က အရက်​ခွက် မြှောက်​ပြီး ဆု​မွန်​ကောင်း​တောင်း​တာ ဖြစ်​တယ်။ ၁၉၉၅ ခု​နှစ်​ထုတ် အရက်​နဲ့ ယဉ်​ကျေး​မှု​ဆိုင်​ရာ နိုင်​ငံ​တ​ကာ လက်​စွဲ​စာ​အုပ်​က “အရက်​ခွက် မြှောက်​ပြီး ဆု​မွန်​ကောင်း တောင်း​တာ​ဟာ . . . ရှေး​အချိန်​က နတ်​ဘု​ရား​တွေ​ကို အရက်​ယ​မကာ ပူ​ဇော်​သွန်း​လောင်း​ပြီး . . . ‘အသက်​ရှည်​ပါ​စေ၊’ ‘ကျန်း​မာ​ပါ​စေ’ လို့ ဆုတောင်း​ပေး​တဲ့ လူ​မှု​ရေး​ဓလေ့ ဖြစ်​နိုင်​တယ်” လို့​ဆို​တယ်။

၂၀ မှန်​ပါ​တယ်၊ လူ​များ​စွာ​ဟာ အရက်​ခွက် မြှောက်​ပြီး ဆု​မွန်​ကောင်း တောင်း​တာ​ကို ဘာ​သာ​ရေး​နဲ့​ဆိုင်​တဲ့၊ အယူ​သီး​တဲ့ လုပ်​ရပ်​အဖြစ် မရှု​မြင်​ကြ​ဘူး။ အရက်​ခွက် မြှောက်​ပြီး ဆု​မွန်​ကောင်း တောင်း​တဲ့​ဓလေ့​ဟာ “မိုး​ကောင်း​ကင်” ဒါ​မှ​မဟုတ် သဘာ​ဝ​လွန် စွမ်းအား​ရှင်​ဆီ ကောင်း​ချီး တောင်း​ခံ​နေ​တာ​လို့ ရှု​မြင်​ကြ​မယ်။ ဒီ​လို​တောင်း​ခံ​တာ​ဟာ ကျမ်း​စာ​နဲ့ မညီ​ဘူး။​—ယောဟန် ၁၄:၆။ ၁၆:၂၃ *

“ယေဟောဝါ​ကို ချစ်​မြတ်​နိုး​သူတို့၊ မကောင်း​မှု​ကို မုန်း​ကြ​ပါ”

၂၁။ ဘာ​သာ​ရေး​နဲ့ မဆက်​နွှယ်​ပေမဲ့ လူ​ကြိုက်​များ​တဲ့ ဘယ်​ပွဲ​တွေ​ကို ခ​ရစ်​ယာန်​တွေ ရှောင်​ရ​မလဲ။ ဘာ​ကြောင့်​လဲ။

၂၁ မဟာ​ဗာ​ဗု​လုန်​က တိုက်​ရိုက်​ဖြစ်​စေ၊ သွယ်​ဝိုက်​ဖြစ်​စေ ထောက်​ခံ​အား​ပေး​တဲ့၊ ဒီ​လော​က​ရဲ့ ထိုး​ကျ​နေ​တဲ့​စံနှုန်း​တွေ ထင်​ဟပ်​တဲ့​ပွဲ​တွေ​ကို နိုင်​ငံ​တ​ချို့​မှာ ကျင်း​ပခွင့် ပြု​ကြ​တယ်။ နှစ်​စဉ်​ကျင်း​ပတဲ့ အဲဒီ က​ခုန်​မြူး​ထူး​ပွဲ​တွေ​မှာ ယုတ်​ညံ့​တဲ့​အက​တွေ​ကို အသား​ပေး​တယ်။ လိင်​တူ​သမား​တွေရဲ့ ဘဝ​ပုံ​စံ​တွေ​ကို​တောင် ချီး​ကျူး​ဂုဏ်​ပြု​ကြ​တယ်။ ယေဟောဝါ​ကို ချစ်​မြတ်​နိုး​သူ​ဟာ အဲဒီ​လို​ပွဲ​မျိုး​မှာ ပါ​ဝင်၊ ကြည့်​ရှု​သင့်​သလား။ အဲဒီ​လို​လုပ်​ရင် မကောင်း​မှု​ကို တ​ကယ်​ပဲ ရွံ​မုန်း​တယ်​လို့ ဆို​နိုင်​မလား။ (ဆာလံ ၁:၁၊ ၂။ ၉၇:၁၀) “အချည်း​နှီး​ဖြစ်​တဲ့​အရာတွေ​ကို မကြည့်​မိ​အောင် ကျွန်​တော့်​မျက်​စိ​ကို လွှဲ​ပေး​ပါ” လို့ ဆုတောင်း​ခဲ့​တဲ့ ဆာလံ​ဆ​ရာ​ရဲ့ စိတ်​သဘော​ဟာ အတု​ယူ​စ​ရာ သိပ်​ကောင်း​တယ်။​—ဆာလံ ၁၁၉:၃၇

၂၂။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ မိမိ​ရဲ့ အမှား​အမှန်​သိ​စိတ်​နဲ့​အညီ ပွဲ​နေ့​မှာ ပါ​ဝင်​သင့်​မသင့် ဘယ်​အခါ​မျိုး​မှာ ဆုံး​ဖြတ်​ရ​မလဲ။

၂၂ ခ​ရစ်​ယာန်​တစ်ဦး​ဟာ လော​က​ပွဲ​နေ့​မှာ ပါ​ဝင်​နေ​တယ်​လို့ တ​ခြား​သူ​တွေ မထင်​မှတ်​စေ​ဖို့ အထူး ဂရု​စိုက်​ရ​မယ်။ “ဒါ​ကြောင့် စား​တာ​ဖြစ်​ဖြစ်၊ သောက်​တာ​ဖြစ်​ဖြစ်၊ ဘာ​ကိစ္စ​ပဲ​ဖြစ်​ဖြစ် ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို ထောက်​ပြီး အရာရာ​ကို လုပ်​ဆောင်​ကြ​ပါ” လို့ ပေါလု ရေး​ခဲ့​တယ်။ (၁ ကော​ရိန္သု ၁၀:၃၁။ စာ​မျက်​နှာ ၁၅၈-၁၅၉ မှာ​ပါ​တဲ့ “ ပညာ​ရှိ​ဆုံး​ဖြတ်​ချက်​တွေ ချ​ခြင်း” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။) ဓလေ့​ထုံး​စံ ဒါ​မှ​မဟုတ် ပွဲ​နေ့​တစ်​ခု​ဟာ မှား​ယွင်း​တဲ့​ဘာ​သာ​နဲ့ လုံး​ဝ​ မဆက်​နွှယ်​ဘူး၊ နိုင်​ငံ​ရေး၊ အမျိုး​သား​ရေး​နဲ့ မပတ်​သက်​ဘူး၊ ကျမ်း​စာ​မူ​တွေ​ကို မချိုး​ဖောက်​ဘူး​ဆို​ရင်​တော့ ခ​ရစ်​ယာန်​တစ်ဦး​စီ​ဟာ ပွဲ​နေ့​မှာ ပါ​ဝင်​သင့်​မသင့် ကိုယ်​ပိုင် ဆုံး​ဖြတ်​ချက်​ချ​ရ​မယ်။ တစ်​ချိန်​တည်း​မှာ တိုက်​မိ​လဲ​စရာ မဖြစ်​စေ​ဖို့ သူ​တစ်ပါး​ရဲ့ အမြင်​ကို​လည်း ထည့်​စဉ်း​စား​ရ​မယ်။

ပြော​ဆို​ပြု​မူ​ပုံ​အား​ဖြင့် ဘု​ရားရဲ့​ဘုန်း​တော်​ကို ထင်​ရှား​စေ​ပါ

၂၃၊ ၂၄။ ယေဟောဝါ​ရဲ့ ဖြောင့်​မတ်​တဲ့ စံနှုန်း​တွေ​အကြောင်း ဘယ်​လို ကောင်း​စွာ သက်သေခံ​နိုင်​သလဲ။

၂၃ လူ​ကြိုက်​များ​တဲ့ ပွဲ​နေ့​တ​ချို့​ဟာ မိသား​စု​တွေ၊ မိတ်ဆွေ​တွေ​နဲ့ စု​ဆုံ​ဖို့ အခွင့်​အခါ​ကောင်း​ပဲ​လို့ လူ​များ​စွာ ယူ​မှတ်​ကြ​တယ်။ ဒါ​ကြောင့် ကျမ်း​စာ​နဲ့​ညီ​တဲ့ ကျွန်​တော်​တို့​ရဲ့ ရပ်​တည်​ချက်​ဟာ မေတ္တာ​မဲ့​တယ်၊ အစွန်း​ရောက်​တယ်​လို့ တစ်​ယောက်​ယောက် အထင်​လွဲ​သွား​ရင် ယေဟောဝါ​သက်​သေတွေ​ဟာ မိသား​စု​တွေ၊ မိတ်ဆွေ​တွေ​နဲ့ စု​ဆုံ​ပေါင်း​သင်း​ရ​တာ​ကို တန်​ဖိုး​ထား​ကြောင်း ကြင်​ကြင်နာ​နာ ရှင်း​ပြနိုင်​တယ်။ (ပညာ​အလိမ္မာ ၁၁:၂၅။ ဒေ​သနာ ၃:၁၂၊ ၁၃။ ၂ ကော​ရိန္သု ၉:၇) ကျွန်​တော်​တို့​ဟာ ချစ်​ရ​သူ​တွေ​နဲ့ တစ်​နှစ်​ပတ်​လုံး စု​ဆုံ​ပေါင်း​သင်း​ချင်​ကြ​တယ်။ ဒါ​ပေမဲ့ ဘု​ရား​သခင်​နဲ့ ဖြောင့်​မတ်​တဲ့ စံနှုန်း​တွေ​ကို ကျွန်​တော်​တို့ မြတ်​နိုး​တဲ့​အတွက် အဲဒီ​လို​ပျော်​စ​ရာ အချိန်​အခါ​တွေ​မှာ ဘု​ရား​ကို စိတ်​ထိ​ခိုက်​စေ​မယ့် ဓလေ့​ထုံး​စံ​တွေ​နဲ့ မစွန်း​ထင်း​သွား​စေ​ချင်​ဘူး။​—“ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​ဟာ အလွန်​ပျော်​ရွှင်​စေ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

၂၄ သက်သေခံ​တ​ချို့​ဟာ စိတ်​ရင်း​မှန်​နဲ့ မေး​မြန်း​လာ​သူ​တွေ​ကို သမ္မာ​ကျမ်း​စာ အမှန်​တ​ကယ် သွန်သင်​ရာ​က ဘာ​လဲ * စာ​အုပ်​ရဲ့ အခန်း ၁၆ မှာ​ပါ​တဲ့ အချက်​အလက်​တွေ သုံး​ပြီး ကောင်း​ကောင်း ရှင်း​ပြခဲ့​ကြ​တယ်။ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ရဲ့ ရည်​ရွယ်​ချက်​ဟာ အငြင်း​ပွား​ဖို့ မဟုတ်​ဘဲ သူတို့​စိတ်​ကို ထိ​မိ​စေ​ဖို့​ဆို​တာ သတိ​ရ​ပါ။ “ဆား​ခတ်​ထား​တဲ့ အစာ​ဟာ အရ​သာ​ရှိ​သလို ယဉ်​ကျေး​တဲ့​စကား​တွေ​ဟာ နှစ်​သက်​စ​ရာ ဖြစ်​စေ​တယ်။ ဒါ​ကြောင့် စကား​ပြော​ဆို​တဲ့​အခါ အမြဲ ယဉ်​ကျေး​သိမ်​မွေ့​ကြ​ပါ။” လေး​စား​မှု​ရှိ​ပါ၊ နူး​ညံ့​သိမ်​မွေ့​ပါ။​—ကောလောသဲ ၄:၆

၂၅၊ ၂၆။ သား​သမီး​တွေ​ကို ယုံ​ကြည်​ခြင်း ခိုင်​ခံ့​အောင်၊ ယေဟောဝါ​ကို ချစ်​မြတ်​နိုး​လာ​အောင် မိ​ဘ​တွေ ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။

၂၅ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ဟာ ဗ​ဟု​သု​တ​ကြွယ်​ကြ​တယ်။ တ​ချို့​အချက်​ကို ဘာ​ကြောင့် ယုံ​ကြည်​ပြီး ကျင့်​သုံး​ရ​သလဲ၊ တ​ချို့​အချက်​ကို ဘာ​ကြောင့် ရှောင်ရ​သလဲ​ဆို​တာ ကျွန်​တော်​တို့ သိ​ထား​ကြ​တယ်။ (ဟီ​ဘ​ရူး ၅:၁၄) ဒါ​ကြောင့် မိ​ဘ​တို့၊ ကျမ်း​စာ​မူ​တွေ​ကို စဉ်း​စား​ဆင်​ခြင်​တတ်​အောင် သား​သမီး​တွေ​ကို သင်​ပေး​ပါ။ ဒါ​ဟာ သား​သမီး​တွေ​ကို ယုံ​ကြည်​ခြင်း​ ခိုင်​ခံ့​အောင်၊ သူတို့​ရဲ့ ယုံ​ကြည်​ချက်​အကြောင်း မေး​မြန်း​လာ​သူ​တွေ​ကို ကျမ်း​စာ​နဲ့ အဖြေပေး​နိုင်​အောင်၊ ယေဟောဝါ​ရဲ့ မေတ္တာ​ကို ယုံ​ကြည်​စိတ်​ချ​လာ​အောင် ကူညီ​ရာ​ရောက်​တယ်။​—ဟေ​ရှာ​ယ ၄၈:၁၇၊ ၁၈။ ၁ ပေတရု ၃:၁၅

၂၆ “စွမ်းအား​တော် လမ်း​ပြမှု​နဲ့​အညီ၊ အမှန်​တ​ရား​နဲ့​အညီ” ဘု​ရား​ကို ကိုးကွယ်​သူ​တိုင်း​ဟာ ကျမ်း​စာ​နဲ့​မညီ​တဲ့ ပွဲ​နေ့​တွေ​မှာ မပါ​ဝင်​တဲ့​အပြင် ဘဝ​ကဏ္ဍ​တိုင်း​မှာ ရိုးသား​မှု​ရှိ​ဖို့​လည်း ကြိုး​စား​ကြ​တယ်။ (ယောဟန် ၄:၂၃) အခု​ခေတ် လူ​အများ​စု​က​တော့ ရိုး​သား​မှု​ကို လက်​တွေ့​မကျ​ဘူး​လို့ ယူ​မှတ်​ကြ​တယ်။ ဒါ​ပေမဲ့ ဘု​ရား​ရဲ့ နည်း​လမ်း​တွေ​ဟာ အမြဲတမ်း အကောင်း​ဆုံး​ ဖြစ်​မှန်း နောက်​အခန်း​မှာ တွေ့​ရ​လိမ့်​မယ်။

^ စာပိုဒ်၊ 3 ပွဲ​နေ့​မှာ ငါ ပါ​ဝင်​သင့်​သလား” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။ “အခါ​ကြီး​ရက်​ကြီး​တွေ” ​နဲ့ ပွဲ​နေ့​တွေရဲ့​ အကြောင်း​ကို ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ ကင်း​မျှော်​စင်​စာပေ​အညွှန်း​မှာ ဖော်ပြထား​တယ်။

^ စာပိုဒ်၊ 5 ကျမ်း​စာ​သက္ကရာဇ်​စဉ်​နဲ့ လော​က​သမိုင်း​အရ ဘီ​စီ ၂၊ ဂျူး​ပြက္ခ​ဒိန်​လ​ဖြစ်​တဲ့ ဧ​သနိမ်​လ​မှာ ယေရှု မွေး​ဖွား​တာ ဖြစ်​နိုင်​တယ်။ အဲဒီ​လ​ဟာ လက်​ရှိ​ပြက္ခ​ဒိန်​အရ စက်​တင်​ဘာ/​အောက်​တို​ဘာ​မှာ ကျ​ရောက်​တယ်။​—ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ ကျမ်း​စာ​အပေါ် ထိုး​ထွင်း​အမြင် [အင်္ဂ​လိပ်] အတွဲ ၂၊ စာ​မျက်​နှာ ၅၆-၅၇ ကို​ကြည့်​ပါ။

^ စာပိုဒ်၊ 11 အမျိုး​သမီး​တစ်ဦး​ဟာ က​လေး​မွေး​ပြီး​နောက် ဘု​ရား​သခင်​ဆီ အပြစ်​ဖြေရာ ပူ​ဇော်​သက္ကာ ဆက်​သရ​မယ်​လို့ ပညတ်​ပဋိ​ညာဉ်​က​ တောင်း​ဆို​တယ်။ (ဝတ်​ပြု​ရာ ၁၂:၁-၈) အဲဒီ​တောင်း​ဆို​ချက်​က လူ​တွေ​ဟာ သား​သမီး​တွေ​ဆီ အပြစ်​ကို လက်​ဆင့်​ကမ်း​ပေး​တယ်​ဆို​တာ အစ္စရေး​လူမျိုး​ကို အမှတ်​ရ​စေ​တယ်၊ က​လေး​မွေး​ဖွား​တာ​ကို ဟန်​ချက်​ညီ​ညီ ရှု​မြင်​စေ​တဲ့​အပြင် မွေး​နေ့​ပွဲ​ကျင်း​ပတဲ့ တိတ္ထိ​ဓလေ့​ထုံး​စံ​တွေ​ကို မခံ​ယူ​ဖို့​လည်း တား​မြစ်​ပေး​တယ်။​—ဆာလံ ၅၁:၅

^ စာပိုဒ်၊ 13 အီ​အော​စ​တာ (ဒါ​မှ​မဟုတ် အီ​စ​တာ) ဟာ မျိုး​ပွား​ဘု​ရား​မလည်း ဖြစ်​တယ်။ “လ​မင်း​ကြီး​ထဲ​မှာ ဥ​တွေ​ကို ကြိုက်​တဲ့ ယုန်​တစ်​ကောင် ရှိ​တယ်။ အဲဒီ​ယုန်​ကို အီ​စ​တာ​ဘု​ရား​မ ပိုင်​တယ်။ အဲဒီ​ဘု​ရား​မမှာ ယုန်​ရဲ့ ဦး​ခေါင်း​မျိုး​ရှိ​တယ်​လို့​လည်း ပုံ​ဖော်​လေ့​ရှိ​ကြ​တယ်” လို့ ဒဏ္ဍာရီ​ဆိုင်​ရာ​အဘိ​ဓာန်​မှာ ဖော်ပြတယ်။

^ စာပိုဒ်၊ 18 ၂၀၀၆၊ အောက်​တို​ဘာ ၁၅၊ ကင်း​မျှော်​စင် စာ​မျက်​နှာ ၁၈-၃၁ မှာ​ပါ​တဲ့ မင်္ဂ​လာ​ပွဲ၊ မိတ်​ဆုံ​စား​ပွဲ​တွေ​နဲ့​ပတ်​သက်​တဲ့ ဆောင်း​ပါး​သုံး​ခု​ကို ကြည့်​ပါ။

^ စာပိုဒ်၊ 24 ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တယ်။