မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ”

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ”

“​ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်။ ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး။”—၁ ယောဟန် ၅:၃

၁၊ ၂။ ယေဟောဝါ​ဘု​ရား​ကို ချစ်​ဖို့ သင့်​ကို ဘာ​က လှုံ့​ဆော်​ပေး​သလဲ။

ဘု​ရား​သခင်​ကို သင် ချစ်​သလား။ သင်​ဟာ ယေဟောဝါ​ဘု​ရား​ဆီ ဆက်​ကပ်​အပ်​နှံ​ထား​ပြီး​ပြီဆို​ရင် ချစ်​တယ်​လို့ ပြတ်​ပြတ်​သား​သား ဖြေလိမ့်​မယ်။ အဲဒီ​လို ဖြေသင့်​ပါ​တယ်။ ယေဟောဝါ​ကို ​ချစ်​တယ်​ဆို​တာ သဘာ​ဝ​ပါ​ပဲ။ ဘု​ရား​သခင်​ကို ကျွန်​တော်​တို့ ချစ်​တယ်​ဆို​တာ ဘု​ရား​ရဲ့​မေတ္တာ​ကို ချစ်​တုံ့​ပြန်​နေ​တာ​ ဖြစ်​တယ်။ “ဘု​ရား​သခင်​က အရင်​ဦး​ဆုံး​ ချစ်​ခဲ့​လို့ ကျွန်​တော်​တို့​လည်း ချစ်​တတ်​ကြ​တာ​ပါ​” ဆို​ပြီး ကျမ်း​စာ​မှာ ပြော​တယ်။​—၁ ယောဟန် ၄:၁၉

ယေဟောဝါ​က ကျွန်​တော်​တို့​ကို ချစ်​တယ်​ဆို​တာ အရင်​ပြသခဲ့​တယ်။ ကျွန်​တော်​တို့​ကို လှ​ပတဲ့​ကမ္ဘာ​မြေစံ​အိမ် ပေး​ထား​တယ်။ ကျွန်​တော်​တို့​ရဲ့ ကာ​ယ​နဲ့ ရုပ်​ပိုင်း​ဆိုင်​ရာ လို​အပ်​ချက်​တွေ​ကို ထောက်မ​တယ်။ (မဿဲ ၅:၄၃-၄၈) ပို​အရေး​ကြီး​တာ​က​တော့ ဝတ်​ပြု​ရေး​အတွက် လို​အပ်​ရာ​တွေ​ကို ဖြည့်​ဆည်း​ပေး​တယ်။ တ​ရား​စကား​တော် သမ္မာ​ကျမ်း​စာ​ကို ပေး​ထား​တယ်။ ဒါ့​အပြင် မိမိ​ဆီ ဆုတောင်း​ဖို့ ဖိတ်​ခေါ်​တယ်။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​ကို နား​ထောင်​ပြီး ကျွန်​တော်​တို့​ကို ကူညီ​ဖို့ သန့်​ရှင်း​သော စွမ်းအား​တော် ပေး​မယ်​လို့ အာ​မခံ​ထား​တယ်။ (ဆာလံ ၆၅:၂။ လုကာ ၁၁:၁၃) အရေး​ကြီး​ဆုံး​က​တော့ ကျွန်​တော်​တို့​ကို အပြစ်​နဲ့ သေခြင်း​က​နေ ကယ်​တင်​ဖို့ မိမိ​ရဲ့​သား​ကို ရွေး​နုတ်​ရှင်​အဖြစ် စေ​လွှတ်​ခဲ့​တာ​ဖြစ်​တယ်။ ကျွန်​တော်​တို့​အပေါ်​ထား​တဲ့ ယေဟောဝါ​ရဲ့​မေတ္တာ သိပ်​ကို ကြီး​မား​တယ်။​—ယောဟန် ၃:၁၆ နဲ့ ရော​မ ၅:၈ တို့​ကို ဖတ်​ပါ။

၃။ (က) ဘု​ရား​ရဲ့​မေတ္တာ ခံစား​နိုင်​ဖို့ ကျွန်​တော်​တို့​ဘက်​က ဘာ​လို​အပ်​သလဲ။ (ခ) အရေး​ပါ​တဲ့ ဘယ်​မေး​ခွန်း​ကို သုံးသပ်​ဖို့​ လို​သလဲ။ အဖြေကို ဘယ်​မှာ တွေ့​ရ​သလဲ။

ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ကို မိမိ​ရဲ့​မေတ္တာ ထာ​ဝ​စဉ် ခံစား​စေ​ချင်​တယ်။ ဒါ​ပေမဲ့ အဲဒီ​လို​ခံစား​ရ​မယ်၊ မခံစား​ရ​ဘူး​ဆို​တာ ကျွန်​တော်​တို့​အပေါ် မူ​တည်​တယ်။ ‘ထာ​ဝ​ရ​အသက် . . . ကို စောင့်​မျှော်​ရင်း ဘု​ရား​သခင့်​မေတ္တာ ခံစား​ရ​စေ​မယ့်​အရာ​တွေ​ကို အမြဲလုပ်​ဆောင်​ပါ’ လို့ ကျမ်း​စာ​တိုက်​တွန်း​တယ်။ (ယုဒ ၂၁) “အမြဲလုပ်​ဆောင်​ပါ” ဆို​တဲ့ အသုံး​အနှုန်း​ဟာ ဘု​ရားရဲ့​မေတ္တာ ခံစား​နိုင်​ဖို့ ကျွန်​တော်​တို့​ဘက်​က လုပ်​ဆောင်​မှု​ လို​အပ်​တယ်​ဆို​တာ ဖော်ပြတယ်။ ဘု​ရား​ရဲ့​မေတ္တာ​ကို သိ​သာ​ထင်​ရှား​တဲ့​နည်း​တွေ​နဲ့ တုံ့​ပြန်​ဖို့ လို​တယ်။ ဒါ​ကြောင့် ‘ဘု​ရား​သခင်​ကို ချစ်​ကြောင်း ငါ ဘယ်​လို ဖော်ပြနိုင်​သလဲ’ ဆို​တဲ့ အရေး​ပါ​တဲ့​မေး​ခွန်း​ကို သုံးသပ်​သင့်​တယ်။ “ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်။ ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး” ဆို​ပြီး တမန်​တော်​ယောဟန်​ရေး​တဲ့ ကျမ်း​စကား​မှာ အဖြေတွေ့​ရ​တယ်။ (၁ ယောဟန် ၅:၃) ဘု​ရား​သခင်​ကို သိပ်​ချစ်​မှန်း ကျွန်​တော်​တို့ ဖော်ပြချင်​တဲ့​အတွက် အဲဒီ​ကျမ်း​စကား​ရဲ့ အဓိပ္ပာယ်​ကို အသေအချာ ဆန်း​စစ်​သင့်​တယ်။

“ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ”

၄၊ ၅။ (က) “ဘု​ရား​သခင်​ကို ချစ်​တယ်” ဆို​တဲ့​စကား​ဟာ ဘာ​ကို ဆိုလို​သလဲ။ (ခ) သင့်​ရင်​ထဲ​မှာ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ စတင်​ဖြစ်​ပေါ်​လာ​ပုံ​ကို ရှင်း​ပြပါ။

“ဘု​ရား​သခင်​ကို ချစ်​တယ်” ဆို​တဲ့ စကား​ကို ရေး​သား​တဲ့​အခါ တမန်​တော်​ယောဟန် ဘာ​ကို ဆိုလို​သလဲ။ ဘု​ရား​သခင်​အပေါ်​ထား​တဲ့ ကျွန်​တော်​တို့​တစ်ဦး​စီ​ရဲ့ နက်​ရှိုင်း​တဲ့ ခံစား​ချက်​ကို ဆိုလို​တယ်။ သင့်​ရင်​ထဲ​မှာ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ စတင်​ဖြစ်​ပေါ်​လာ​ချိန်​ကို မှတ်​မိ​သလား။

ဆက်​ကပ်​အပ်​နှံ​ခြင်း​နဲ့ နှစ်ခြင်း​ဟာ ယေဟောဝါ​ကို ချစ်​လို့ နာ​ခံ​တဲ့ အသက်​တာ​ရဲ့​ အစ​ကို မှတ်​သား​ဖော်ပြ

ယေဟောဝါ​နဲ့ ကိုယ်​တော့်​ရည်​ရွယ်​ချက်​တွေ​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို သင် စ​သိ​လာ​ပြီး ယုံ​ကြည်​လာ​ချိန်​ကို ခ​ဏ ​ပြန်​စဉ်း​စား​ကြည့်​ပါ။ သင်​ဟာ ဘု​ရား​သခင်​နဲ့​စိမ်း​ကား​တဲ့ အပြစ်​သား​အဖြစ် မွေး​ဖွား​လာ​ပေမဲ့ အာ​ဒံ​ဆုံး​ၡုံး​ခဲ့​တဲ့ ပြည့်​ဝ​စုံလင်​မှု​ကို ပြန်​ရ​ဖို့၊ ထာ​ဝ​ရ​အသက်​ကို အမွေ​ရ​ဖို့ ခ​ရစ်​တော်​က​တစ်ဆင့် ယေဟောဝါ လမ်း​ဖွင့်​ပေး​ခဲ့​မှန်း နား​လည်​လာ​တယ်။ (မဿဲ ၂၀:၂၈။ ရော​မ ၅:၁၂၊ ၁၈) အချစ်​ဆုံး​သား​ကို သင့်​အတွက် အသေခံ​ဖို့ စေ​လွှတ်​ချိန်​မှာ ယေဟောဝါ ဘယ်​လောက် ကိုယ်​ကျိုး​စွန့်​ခဲ့ရ​မှန်း သင်​နား​လည်​လာ​တယ်။ အဲဒီ​အခါ သင့်​ရင်​ထဲ ထိ​မိ​သွား​ပြီး ဒီ​လောက်​ကြီး​မား​တဲ့​မေတ္တာ ပြတဲ့ ဘု​ရား​သခင်​ကို ချစ်​လာ​တယ်။​—၁ ယောဟန် ၄:၉၊ ၁၀ ကို​ဖတ်​ပါ။

၆။ စစ်​မှန်​တဲ့​မေတ္တာ​ကို ဘယ်​လို​ဖော်ပြသလဲ။ ဘု​ရား​ကို ချစ်​တဲ့​မေတ္တာ​က သင့်​ကို ဘာ​လုပ်​ဖို့ လှုံ့​ဆော်​သလဲ။

ဒါ​ပေမဲ့ အဲဒီ​ခံစား​ချက်​ဟာ ယေဟောဝါ​ကို အမှန်​တ​ကယ်​ ချစ်​မြတ်​နိုး​ခြင်း​ရဲ့ အစ​မျှ​သာ ဖြစ်​တယ်။ ချစ်​ခြင်း​မေတ္တာ​ဆို​တာ ခံစား​ချက်​သက်​သက်၊ အပြော​သက်​သက်​ပဲ မဟုတ်​ဘူး။ ဘု​ရား​သခင်​ကို တ​ကယ်​ချစ်​တယ်​ဆို​တာ “ယေဟောဝါ​ကို ချစ်​တယ်” လို့​ပြော​ရုံ​ထက်​မက ပါ​ဝင်​တယ်။ ယုံ​ကြည်​ခြင်း​လို​ပဲ စစ်​မှန်​တဲ့​မေတ္တာ​ကို လုပ်​ရပ်​တွေ​နဲ့ သက်​သေပြရ​တယ်။ (ယာကုပ် ၂:၂၆) အတိ​အကျ​ပြော​ရရင်၊ မိမိ​ချစ်​မြတ်​နိုး​သူ ကြိုက်​နှစ်​သက်​ရာတွေ​ကို လုပ်​ဆောင်​တာ​က သူ့​ကို ချစ်​တယ်​ဆို​တာ ဖော်ပြတယ်။ ဒါ​ကြောင့် သင့်​ရင်​ထဲ​မှာ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ အမြစ်​တွယ်​လာ​တဲ့​အခါ ကောင်း​ကင်​ဖခင် နှစ်​သက်​တဲ့​နည်း​နဲ့ အသက်​ရှင်​ချင်​လာ​တယ်။ သင်​ဟာ နှစ်ခြင်း​ခံ​ပြီး​သား သက်သေခံ​တစ်ဦး​လား။ ဒါ​ဆို​ရင် ယေဟောဝါ​ကို နှစ်​နှစ်​ကာ​ကာ​ချစ်​ပြီး သစ္စာ​စောင့်​သိ​တဲ့​အတွက် သင့်​ဘဝ​မှာ အရေး​ကြီး​ဆုံး ဆုံး​ဖြတ်​ချက်​ကို ချ​ခဲ့​တာ​ပဲ။ အလို​တော်​ဆောင်​ဖို့ မိမိ​ကိုယ်​ကို ယေဟောဝါ​ဆီ ဆက်​ကပ်​အပ်​နှံ​တယ်၊ အဲဒီ​လို​အပ်​နှံ​လိုက်​ပြီဆို​တာ ဖော်ပြဖို့ နှစ်ခြင်း​ခံ​ခဲ့​တယ်။ (ရော​မ ၁၄:၇၊ ၈ ကို​ဖတ်​ပါ။) ဆက်​ကပ်​အပ်​နှံ​ချိန်​မှာ ယေဟောဝါ​ဆီ အလေး​အနက်​ပေး​ခဲ့​တဲ့ ကတိ​ကို တည်​နိုင်​အောင် တမန်​တော်​ယောဟန် နောက်​ထပ်​ဖော်ပြတဲ့​အရာ​ကို လုပ်​ဆောင်​ရ​မယ်။

“​ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်”

၇။ ဘု​ရား​ရဲ့ ပညတ်​ချက်​တ​ချို့​ဟာ ဘာ​တွေ​လဲ။ ပညတ်​ချက်​တွေ​ကို လိုက်​နာ​ခြင်း​မှာ ဘာ​ပါ​ဝင်​သလဲ။

ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ “ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်” လို့ ယောဟန် ရှင်း​ပြတယ်။ အဲဒီ​ပညတ်​ချက်​တွေ​ဟာ ဘာ​တွေ​လဲ။ ယေဟောဝါ​က သမ္မာ​ကျမ်း​စာ​က​တစ်ဆင့် တိ​ကျ​တဲ့​ပညတ် အတော်​များ​များ ပေး​ထား​တယ်။ ဥပမာ၊ သောက်​ကြူး​တာ၊ လိင်​အကျင့်​ယို​ယွင်း​တာ၊ ရုပ်​တု​ကိုးကွယ်​တာ၊ ခိုး​တာ၊ လိမ်​ညာ​တာ​စ​တဲ့ အကျင့်​တွေ​ကို ဘု​ရား တား​မြစ်​ထား​တယ်။ (၁ ကော​ရိန္သု ၅:၁၁။ ၆:၁၈။ ၁၀:၁၄။ ဧဖက် ၄:၂၈။ ကောလောသဲ ၃:၉) ဘု​ရား​ရဲ့​ပညတ်​တွေ​ကို လိုက်​နာ​တယ်​ဆို​တာ ကျမ်း​စာ​မှာ​ပါ​တဲ့ ရှင်း​လင်း​ပြတ်​သား​တဲ့ စာ​ရိတ္တ​စံနှုန်း​အတိုင်း အသက်​ရှင်​နေ​ထိုင်​ခြင်း ပါ​ဝင်​တယ်။

၈၊ ၉။ ကျမ်း​စာ​ပညတ် အတိ​အကျ​မရှိ​တဲ့ အခြေ​အနေ​တွေ​မှာ​တောင် ယေဟောဝါ နှစ်​သက်​ရာ​ကို ဘယ်​လို​သိ​နိုင်​သလဲ။ ဥပမာ​ပေး​ပါ။

ဒါ​ပေမဲ့ ယေဟောဝါ​ရဲ့ နှစ်​သက်​မှု​ရ​ဖို့ တိ​ကျ​တဲ့​ပညတ်​ချက်​တွေ​ကို လိုက်​နာ​ရုံ​ထက်​မက လို​တယ်။ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ ဘဝ​ကဏ္ဍ​တိုင်း​ကို ပညတ်​တွေ​နဲ့ ထိန်း​ချုပ်​မထား​ဘူး။ ဒါ​ကြောင့် နေ့​စဉ်​အသက်​တာ​မှာ ကျမ်း​စာ​ပညတ် အတိ​အကျ​မရှိ​တဲ့ အခြေ​အနေ​တွေ ကြုံ​တွေ့​ရ​မယ်။ အဲဒီ​လို​အချိန်​မျိုး​မှာ ယေဟောဝါ နှစ်​သက်​ရာတွေ​ကို ဘယ်​လို​သိ​နိုင်​မလဲ။ ကျမ်း​စာ​မှာ ဘု​ရား​ရဲ့​စဉ်း​စား​တွေး​ခေါ်​ပုံ​ကို အထင်​အရှား ဖော်ပြထား​တယ်။ ကျမ်း​စာ​လေ့​လာ​တဲ့​အခါ ယေဟောဝါ နှစ်​သက်​ရာတွေ​နဲ့ ရွံ​မုန်း​ရာတွေ​ကို ကျွန်​တော်​တို့ သိ​ရှိ​လာ​တယ်။ (ဆာလံ ၉၇:၁၀ ကို​ဖတ်​ပါ။ ပညာ​အလိမ္မာ ၆:၁၆-၁၉) ကိုယ်​တော်​အလေး​ထား​တဲ့ သဘော​ထား​နဲ့ အပြု​အမူ​တွေ​ကို သိ​မြင်​လာ​တယ်။ ယေဟောဝါ​ရဲ့ အရည်​အသွေး​တွေ​နဲ့ နည်း​လမ်း​တွေ​အကြောင်း ပို​သိ​လာ​တယ်။ အဲဒီ​အခါ ကိုယ်​တော်​ရဲ့​တွေး​ခေါ်​ပုံ​က ကျွန်​တော်​တို့​ရဲ့ ဆုံး​ဖြတ်​ချက်​နဲ့ အပြု​အမူ​တွေ​ကို လမ်း​ညွှန်​ပေး​ပါ​လိမ့်​မယ်။ ဒီ​နည်း​နဲ့ ကျမ်း​စာ​ပညတ် အတိ​အကျ​မရှိ​တဲ့ အခြေ​အနေ​တွေ​မှာ​တောင် “ယေဟောဝါ​ရဲ့ အလို​တော်​ကို” ကျွန်​တော်​တို့ သိ​မြင်​နိုင်​ကြ​တယ်။​—ဧဖက် ၅:၁၇

ဥပမာ၊ အလွန်​ရက်​စက်​တဲ့ အကြမ်း​ဖက်​မှု ဒါ​မှ​မဟုတ် လိင်​အကျင့်​ယို​ယွင်း​မှု​တွေ ပါ​ဝင်​တဲ့ ရုပ်​ရှင်၊ တီ​ဗွီ​အစီ​အစဉ်​တွေ​ကို မကြည့်​ဖို့ တိုက်​ရိုက်​တား​မြစ်​တဲ့​ပညတ် ကျမ်း​စာ​မှာ မပါ​ဘူး။ ဒါ​တွေ​ကို မကြည့်​ဖို့ အတိ​အကျ​တား​မြစ်​တဲ့​ပညတ် တ​ကယ်​လို​အပ်​သလား။ အဲဒီ​လို​ကိစ္စ​မျိုး​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​ကို ကျွန်​တော်​တို့ သိ​ထား​ကြ​တယ်။ “အကြမ်း​ဖက်​မှု နှစ်​သက်​သူ​ကို [ယေဟောဝါ] မုန်း​တယ်” လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း ပြော​ထား​တယ်။ (ဆာလံ ၁၁:၅) ‘လိင်​အကျင့်​ယို​ယွင်း​သူ​တွေ​ကို ဘု​ရား​သခင် ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်’ လို့​လည်း ပြော​တယ်။ (ဟီ​ဘ​ရူး ၁၃:၄) စွမ်းအား​တော်​ လှုံ့​ဆော်​မှု​နဲ့ ရေး​တဲ့ အဲဒီ​ကျမ်း​စကား​တွေ​ကို ပြန်​သုံးသပ်​တာ​က ယေဟောဝါ အလို​ရှိ​ရာ​ကို အထင်​အရှား သိ​မြင်​စေ​နိုင်​တယ်။ ဒါ​ကြောင့် ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင်​ရွံ​မုန်း​တဲ့ အမူ​အကျင့်​တွေ​ကို ကွက်​ကွက်​ကွင်း​ကွင်း ဖော်ပြတဲ့ မြင်​ကွင်း​တွေ​ကို ကြည့်​ရှု​ပြီး အပန်း​ဖြေတာ​မျိုး မလုပ်​ကြ​ဘူး။ ဒီ​လော​က​ဟာ စာ​ရိတ္တ​ညစ်​ညမ်း​စေ​တဲ့​အရာ​တွေ​ကို အန္တရာယ်​ကင်း​တဲ့ အပန်း​ဖြေမှု​အဖြစ် ပုံ​မှား​ရိုက် တင်​ဆက်​နေ​တယ်။ အဲ​ဒါ​တွေ​ကို ရှောင်​ကြဉ်​တဲ့​အခါ ယေဟောဝါ နှစ်​သက်​မှန်း ကျွန်​တော်​တို့ သိ​ထား​ကြ​တယ်။ *

၁၀၊ ၁၁။ ယေဟောဝါ​ကို ကျွန်​တော်​တို့ ဘာ​ကြောင့် နာ​ခံ​ကြ​သလဲ။ ဘယ်​နာ​ခံ​မှု​မျိုး​နဲ့ ကိုယ်​တော့်​ကို နာ​ခံ​ကြ​သလဲ။

၁၀ ဘု​ရား​ရဲ့​ပညတ်​တွေ​ကို လိုက်​နာ​ရ​တဲ့ အဓိ​က​အကြောင်း​ရင်း​ဟာ ဘာ​လဲ။ နေ့​စဉ်​အသက်​တာ​မှာ ဘု​ရား​ရဲ့ စဉ်း​စား​တွေး​ခေါ်​ပုံ​အတိုင်း ဘာ​ကြောင့် နေ​ထိုင်​ချင်​ကြ​သလဲ။ ပြစ်​ဒဏ်​မခံ​ရ​ဖို့၊ ဘု​ရား​အလို​တော်​ကို လျစ်​လျူ​ရှု​သူ​တွေ ကြုံ​တွေ့​ရ​တဲ့ ဆိုး​ကျိုး​တွေ မခံ​ရ​ဖို့​အတွက်​ပဲ မဟုတ်​ဘူး။ (ဂလာ​တိ ၆:၇) အဲဒီ​အစား ယေဟောဝါ​ကို နာ​ခံ​တာ​ဟာ ကိုယ်​တော့်​ကို ချစ်​ကြောင်း ဖော်ပြတဲ့ အခွင့်​ထူး​ပဲ​လို့ ယူ​မှတ်​ကြ​တယ်။ က​လေး​တစ်ဦး​ဟာ ဖခင်​ရဲ့ မျက်​နှာ​သာ​ကို ရ​ချင်​စိတ် ပြင်း​ပြသလို ကျွန်​တော်​တို့​လည်း ယေဟောဝါ​ရဲ့ မျက်​နှာ​သာ ရ​ချင်​ကြ​တယ်။ (ဆာလံ ၅:၁၂) ကိုယ်​တော်​ဟာ ကျွန်​တော်​တို့​ရဲ့​ဖခင် ဖြစ်​တယ်၊ ကိုယ်​တော့်​ကို ကျွန်​တော်​တို့ ချစ်​မြတ်​နိုး​ကြ​တယ်။ “ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​ကို​ရ” တဲ့​နည်း​နဲ့ အသက်​ရှင်​နေ​မှန်း သိ​ရ​တာ​ထက် ပျော်​ရွှင်​ကျေ​နပ်​စ​ရာ​ကောင်း​တာ မရှိ​ဘူး။​—ပညာ​အလိမ္မာ ၁၂:၂

၁၁ ဒါ​ကြောင့် ကျွန်​တော်​တို့​ဟာ စိတ်​မပါ​ဘဲ နာ​ခံ​တာ၊ ရွေး​ချယ်​ပြီး​ နာ​ခံ​တာ၊ ခြွင်း​ချက်​နဲ့ နာ​ခံ​တာ မဟုတ်​ဘူး။ * ကိုယ့်​စိတ်​ကြိုက် စိ​စစ်​ရွေး​ချယ်​ပြီး နာ​ခံ​တာ၊ အဆင်​ပြေတဲ့​အခါ​မှ၊ အခက်​အခဲ သိပ်​မရှိ​မှ​သာ နာ​ခံ​တာ​မျိုး မဟုတ်​ဘဲ “စိတ်​ရော​ကိုယ်​ပါ နာ​ခံ” ကြ​တယ်။ (ရော​မ ၆:၁၇) “ပညတ်​ချက်​တွေ​ကို ကျွန်​တော် မြတ်​နိုး​တယ်။ တကယ်​ကို ချစ်​မြတ်​နိုး​ပါ​တယ်” လို့​ရေးခဲ့​တဲ့ ဆာလံ​ဆ​ရာ​လို​ပဲ ကျွန်​တော်​တို့ ခံစား​ရ​တယ်။ (ဆာလံ ၁၁၉:၄၇) ယေဟောဝါ​ကို နာ​ခံ​ရ​တာ​ကို ကျွန်​တော်​တို့ နှစ်​သက်​ကြ​တယ်။ ကိုယ်​တော်​ဟာ ခြွင်း​ချက်​မရှိ အကြွင်း​မဲ့​နာ​ခံ​မှု​ကို ရ​ထိုက်​တယ်၊ အဲဒီ​လို​နာ​ခံ​ဖို့ တောင်း​ဆို​ထား​တယ်​ဆို​တာ ကျွန်​တော်​တို့ အသိ​အမှတ်​ပြု​ကြ​တယ်။ (တ​ရား​ဟော​ရာ ၁၂:၃၂) သစ္စာ​ရှိ​ဘိုး​ဘေး နော​ဧ​ဟာ ဆယ်​စု​နှစ်​ပေါင်း​များ​စွာ နာ​ခံ​မှု​ပြပြီး ဘု​ရား​သခင်​ကို ချစ်​ကြောင်း တင်​ပြခဲ့​တယ်။ ကျမ်း​စာ​မှာ သူ​နဲ့​ပတ်​သက်​ပြီး ယေဟောဝါ ပြော​ခဲ့​သလို​မျိုး ကျွန်​တော်​တို့​ကို​လည်း ပြော​စေ​ချင်​တယ်။ ကျမ်း​စာ​မှာ “နော​ဧ​လည်း ဘု​ရား​သခင် မိန့်မှာ​သမျှ​အတိုင်း လုပ်​တယ်။ မှာ​ထား​တဲ့​အတိုင်း သူ​လုပ်​တယ်” လို့​ပြော​တယ်။​—ကမ္ဘာဦး ၆:၂၂

၁၂။ ဘယ်​အချိန်​မှာ ကျွန်​တော်​တို့​ရဲ့ နာ​ခံ​မှု​က ယေဟောဝါ​ရဲ့​စိတ်​ကို ရွှင်​လန်း​စေ​သလဲ။

၁၂ ကျွန်​တော်​တို့ စိတ်​ရော​ကိုယ်​ပါ နာ​ခံ​တဲ့​အတွက် ယေဟောဝါ ဘယ်​လို​ခံစား​ရ​သလဲ။ အဲဒီ​လို​နာ​ခံ​တာ​ဟာ ကိုယ်​တော့် “စိတ်​ကို ရွှင်​လန်း” စေ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ပညာ​အလိမ္မာ ၂၇:၁၁) ကျွန်​တော်​တို့​ရဲ့ နာ​ခံ​မှု​ဟာ စ​ကြ​ဝ​ဠာ​ပိုင်​သအုပ်​စိုး​ရှင်​ရဲ့ စိတ်​ကို တ​ကယ် ရွှင်​လန်း​စေ​ပါ​သလား။ တ​ကယ် ရွှင်​လန်း​စေ​ပါ​တယ်၊ အဲဒီ​လို​ဖြစ်​ဖို့ အကြောင်း​ကောင်း ရှိ​တယ်။ ယေဟောဝါ​က ကျွန်​တော်​တို့​ကို လွတ်​လပ်​စွာ လုပ်​ပိုင်​ခွင့်​ရှိ​သူ​တွေ​အဖြစ် ဖန်​ဆင်း​ထား​တယ်။ ကျွန်​တော်​တို့​မှာ လွတ်​လပ်​စွာ ရွေး​ချယ်​ခွင့်​ရှိ​တယ်​ဆို​တဲ့ သဘော​ပဲ။ ဘု​ရား​သခင်​ကို နာ​ခံ​ဖို့ ရွေး​ချယ်​နိုင်​သလို မနာ​ခံ​ဖို့​လည်း ရွေး​ချယ်​နိုင်​တယ်။ (တ​ရား​ဟော​ရာ ၃၀:၁၅၊ ၁၆၊ ၁၉၊ ၂၀) ကောင်း​ကင်​ဖခင် ယေဟောဝါ​ကို စိတ်​လို​ကိုယ်​လျောက် နာ​ခံ​တဲ့​အခါ၊ ကိုယ်​တော့်​ကို ချစ်​တဲ့​မေတ္တာ​ကြောင့် အဲဒီ​လို​နာ​ခံ​ဖို့ ဆုံး​ဖြတ်​တဲ့​အခါ ကိုယ်​တော့်​ကို အလွန် ကျေ​နပ်​ပျော်​ရွှင်​စေ​တယ်။ (ပညာ​အလိမ္မာ ၁၁:၂၀) အကောင်း​ဆုံး​ဘဝ​လမ်း​စဉ်​ကို ကျွန်​တော်​တို့ ရွေး​ချယ်​နေ​တာ​လည်း ဖြစ်​တယ်။

“ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်”

၁၃၊ ၁၄။ “ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး” လို့ ဘာ​ကြောင့် ဆို​နိုင်​သလဲ။ ဒါ​ကို ဘယ်​လို​ပုံ​ဖော်​မလဲ။

၁၃ တမန်​တော်​ယောဟန်​က ယေဟောဝါ​ရဲ့ တောင်း​ဆို​ချက်​တွေ​နဲ့​ပတ်​သက်​ပြီး “ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး” ဆို​ပြီး အလွန်​အား​ရှိ​စ​ရာ​စကား​ကို ပြော​ခဲ့​တယ်။ ၁ ယောဟန် ၅:၃ မှာ “ခက်​ခဲ​လွန်း​တဲ့​အရာ” လို့ ဘာ​သာ​ပြန်​ဆို​တဲ့ ဂရိ​စကား​လုံး​ဟာ စာ​သား​အရ “လေး​လံ​တယ်” လို့ ​အဓိပ္ပာယ်​ရ​တယ်။ * ဘာ​သာ​ပြန်​ကျမ်း​တစ်​ခု​မှာ “ပညတ်​ချက်​တွေ​ဟာ ငါ​တို့​ကို ဝန်​ပိ​စေ​တာ မဟုတ်​ဘူး” လို့​ဖတ်​ရ​တယ်။ (အင်္ဂ​လိပ်​ဘာ​သာ​ပြန်​ကျမ်း​သစ်) ယေဟောဝါ​ရဲ့ တောင်း​ဆို​ချက်​တွေ​ဟာ အကျိုး​သင့်​အကြောင်း​သင့် မရှိ​တဲ့​အရာ၊ ဖိ​နှိပ်​တဲ့​အရာ​တွေ မဟုတ်​ဘူး။ ကိုယ်​တော့်​ပညတ်​တွေ​ဟာ မစုံလင်​သူ​လူ​သား​တွေ မနာ​ခံ​နိုင်​တဲ့​အရာ မဟုတ်​ဘူး။

၁၄ ဒါ​ကို ဒီ​လို​ပုံ​ဖော်​နိုင်​တယ်။ ရင်း​နှီး​တဲ့ မိတ်ဆွေ​တစ်ဦး​က အိမ်​ပြောင်း​ရွှေ့​ရာ​မှာ သင့်​ကို အကူ​အညီ​တောင်း​တယ် ဆို​ပါ​စို့။ သယ်​ပို့​ပေး​ရ​မယ့် သေတ္တာ​အများ​ကြီး ရှိ​တယ်။ သေတ္တာ​တ​ချို့​ဟာ တစ်​နိုင်​စာ​ဖြစ်​ပေမဲ့ တ​ချို့​က​တော့ လေး​လွန်း​လို့ လူ​နှစ်​ယောက် သယ်​ရ​မယ်။ သယ်​စေ​ချင်​တဲ့ သေတ္တာ​တွေ​ကို မိတ်ဆွေ​ဖြစ်​သူ​က ရွေး​ပေး​တယ်။ သင့်​ကို လေး​လွန်း​တဲ့ သေတ္တာ​တွေ သယ်​ခိုင်း​ပါ့​မလား။ သယ်​ခိုင်း​မှာ မဟုတ်​ဘူး။ တစ်​ယောက်​တည်း သယ်​ခိုင်း​ပြီး သင့်​ကို အနာ​တ​ရ​ဖြစ်​စေ​လို​မှာ မဟုတ်​ဘူး။ အလား​တူ​ပဲ၊ ချစ်​ခင်​ကြင်နာ​တတ်​တဲ့ ဘု​ရား​သခင်​ဟာ ​ခက်​ခဲ​လွန်း​တဲ့ ပညတ်​တွေ​ကို လိုက်​နာ​ဖို့ တောင်း​ဆို​မှာ မဟုတ်​ဘူး။ (တ​ရား​ဟော​ရာ ၃၀:၁၁-၁၄) လေး​လံ​တဲ့​ဝန်​ကို သယ်​ဖို့ ဘယ်​တော့​မှ မတောင်း​ဆို​ဘူး။ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ အကန့်​အသတ်​ဖြစ်​မှု​ကို နား​လည်​တယ်။ ‘ကျွန်​တော်​တို့​ရဲ့ ဖွဲ့​စည်း​တည်​ဆောက်​ပုံ​ကို ကောင်း​ကောင်း​သိ​တယ်။ ကျွန်​တော်​တို့​ဟာ မြေမှုန့်​ပဲ​ဆို​တာ​ကို မမေ့​ဘူး။’—ဆာလံ ၁၀၃:၁၄

၁၅။ ယေဟောဝါ​ရဲ့ ပညတ်​တွေ​ဟာ ကျွန်​တော်​တို့​ကို အလွန်​အကျိုး​ပြု​တယ်​ဆို​တာ ဘာ​ကြောင့် စိတ်​ချ​နိုင်​သလဲ။

၁၅ ယေဟောဝါ​ရဲ့ ပညတ်​တွေ​ဟာ ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​ဖို့ နေ​နေ​သာ​သာ ကျွန်​တော်​တို့​ကို အလွန်​အကျိုး​ပြု​တယ်။ (ဟေ​ရှာ​ယ ၄၈:၁၇ ကို​ဖတ်​ပါ။) ဒါ​ကြောင့် ‘ဒီ​စည်း​မျဉ်း​တွေ​ကို လိုက်​နာ​ပါ၊ ယေဟောဝါ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေပါ​လို့ ယေဟောဝါ​က မိန့်မှာ​တယ်။ ဒါ​ဟာ ငါ​တို့​ရဲ့ ထာ​ဝ​ရ​ကောင်း​ကျိုး​အတွက်​ပဲ။ ဒါ​ကြောင့် ငါ​တို့ အခု​လို အသက်​ဆက်​ရှင်​နေ​တာ​ပေါ့’ လို့ ရှေး​အစ္စရေး​လူမျိုး​ကို မော​ရှေ ပြော​နိုင်​ခဲ့​တယ်။ (တ​ရား​ဟော​ရာ ၆:၂၄) ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့ ရေ​ရှည် ထာ​ဝ​ရ​ကောင်း​ကျိုး​ကို လို​လားလို့ ပညတ်​တွေ ပေး​ထား​မှန်း စိတ်​ချ​နိုင်​တယ်။ ကျွန်​တော်​တို့​ကို ထိ​ခိုက်​စေ​ဖို့​ပေး​တာ လုံး​ဝ​မဖြစ်​နိုင်​ဘူး။ ယေဟောဝါ​ဟာ ဉာဏ်​ပညာ​ကြီး​မား​တဲ့​ဘု​ရား ဖြစ်​တယ်။ (ရော​မ ၁၁:၃၃) ဒါ​ကြောင့် ကျွန်​တော်​တို့​အတွက် ဘာ​အကောင်း​ဆုံး​လဲ​ဆို​တာ ကိုယ်​တော် သိ​တယ်။ ချစ်​ခြင်း​မေတ္တာ​ပြရာ​မှာ ယေဟောဝါ​ဟာ အကောင်း​ဆုံး စံ​နမူ​နာ​ရှင်​ပဲ။ (၁ ယောဟန် ၄:၈) ချစ်​ခြင်း​မေတ္တာ​ဟာ ကိုယ်​တော်​ရဲ့ ပင်​ကို​စ​ရိုက်​ဖြစ်​ပြီး ကိုယ်​တော်​ ပြု​မူ​ပြော​ဆို​သမျှ​ကို သြဇာ​လွှမ်း​တယ်။ မိမိ​ကို​ဝတ်​ပြု​သူ​တွေ​ကို ပေး​တဲ့ ပညတ်​အားလုံး​ဟာ ချစ်​ခြင်း​မေတ္တာ​ကို အခြေ​ခံ​တယ်။

၁၆။ ယုတ်​ညံ့​တဲ့ ဒီ​လော​က​ရဲ့ သြဇာ​လွှမ်း​မိုး​မှု​နဲ့ မစုံလင်​မှု​ရဲ့ ဉာဉ်​ဆိုး​တွေ​ရှိ​ပေမဲ့ နာ​ခံ​မှု​ရှိ​တဲ့​လမ်း​စဉ်​ကို ဘာ​ကြောင့် လိုက်​နိုင်​သလဲ။

၁၆ ဘု​ရား​သခင်​ကို နာ​ခံ​တာ​ဟာ လွယ်​ကူ​တဲ့​အရာ​ဖြစ်​တယ်​လို့ မဆိုလို​ဘူး။ ကျွန်​တော်​တို့​ဟာ “ဆိုး​ညစ်​သူ​ရဲ့ သြဇာ​အောက်​မှာ ရှိ​နေ” တဲ့ ယုတ်​ညံ့​တဲ့​ ဒီ​လော​က​ရဲ့ သြဇာ​လွှမ်း​မိုး​မှု​ကို တွန်း​လှန်​နေ​ရ​မယ်။ (၁ ယောဟန် ၅:၁၉) ဘု​ရား​ပညတ်​တွေ​ကို ချိုး​ဖောက်​ချင်​စိတ် ဖြစ်​ပေါ်​စေ​တဲ့ မစုံလင်​မှု​နဲ့​လည်း တိုက်​လှန်​ရ​မယ်။ (ရော​မ ၇:၂၁-၂၅) ဒါ​ပေမဲ့ ဘု​ရား​သခင်​ကို ချစ်​တဲ့​မေတ္တာ​ကြောင့် အောင်​မြင်​နိုင်​တယ်။ နာ​ခံ​ခြင်း​အား​ဖြင့် ယေဟောဝါ​ကို ချစ်​မြတ်​နိုး​ကြောင်း တင်​ပြလို​သူ​တွေ​ကို ကိုယ်​တော် ကောင်း​ချီး​ပေး​တယ်။ ကိုယ်​တော့်​ကို “အုပ်​စိုး​ရှင်​အဖြစ် နာ​ခံ​သူ​တွေ​ကို” သန့်​ရှင်း​သော​စွမ်းအား​တော် ပေး​တယ်။ (တမန်​တော် ၅:၃၂) စွမ်းအား​တော်​ဟာ နာ​ခံ​မှု​ရှိ​တဲ့ လမ်း​စဉ်​ကို လိုက်​ရာ​မှာ ထောက်​ကူ​ပေး​နိုင်​တဲ့ အဖိုး​တန် အရည်​အသွေး​တွေ​၊ တစ်​နည်း​အား​ဖြင့် အသီး​အပွင့်​ကောင်း​တွေ ဖြစ်​ပေါ်​စေ​တယ်။​—ဂလာ​တိ ၅:၂၂၊ ၂၃

၁၇၊ ၁၈။ (က) ဒီ​စာ​အုပ်​မှာ ဘာ​အကြောင်း သုံးသပ်​မလဲ။ ဒါ​တွေ​ကို သုံးသပ်​ရင်း ဘယ်​အချက်​ကို စိတ်​စွဲ​မှတ်​ထား​ဖို့ လို​သလဲ။ (ခ) နောက်​အခန်း​မှာ ဘယ်​အကြောင်း ဆွေး​နွေး​မလဲ။

၁၇ ဒီ​စာ​အုပ်​မှာ ယေဟောဝါ​ရဲ့​မူ​တွေ၊ စာ​ရိတ္တ​စံနှုန်း​တွေ၊ အလို​တော်​နဲ့​ဆိုင်​တဲ့ ဖော်ပြချက်​အများ​ကြီး​ကို သုံးသပ်​ကြ​မယ်။ ဒါ​တွေ​ကို သုံးသပ်​ရင်း အရေး​ပါ​တဲ့​အချက်​တ​ချို့​ကို စိတ်​စွဲ​မှတ်​ထား​ဖို့ လို​တယ်။ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ကို ပညတ်​တွေ​နဲ့ မူ​တွေ လိုက်​နာ​ဖို့ အတင်း​အကျပ် မတောင်း​ဆို​ဘူး၊ စိတ်​လို​ကိုယ်​လျောက် နာ​ခံ​တာ​ကို​ပဲ လို​လား​တယ်​ဆို​တာ သတိ​ရ​ကြ​စို့။ အခု​ချိန်​မှာ ကြွယ်​ဝ​တဲ့​ကောင်း​ချီး ခံစား​ရ​စေ​ပြီး အနာ​ဂတ်​မှာ​လည်း ထာ​ဝ​ရ​အသက်​ရ​စေ​မယ့် နည်း​အတိုင်း အသက်​ရှင်​ဖို့ ယေဟောဝါ တောင်း​ဆို​ထား​တယ်​ဆို​တာ သတိ​ရ​ကြ​စို့။ စိတ်​နှလုံး​အကြွင်း​မဲ့ နာ​ခံ​တာ​ဟာ ယေဟောဝါ​ကို အလွန်​ချစ်​မြတ်​နိုး​ကြောင်း ဖော်ပြတဲ့ အခွင့်​ထူး​ဖြစ်​တယ်​ဆို​တာ သုံးသပ်​ကြ​မယ်။

၁၈ အမှား​နဲ့​အမှန်​ကို ကျွန်​တော်​တို့ ပိုင်း​ခြား​သိ​မြင်​စေ​ဖို့ ယေဟောဝါ​ဟာ အမှား​အမှန်​သိ​စိတ်​ကို မေတ္တာ​နဲ့​ပေး​ထား​တယ်။ ဒါ​ပေမဲ့ စိတ်​ချ​ရ​တဲ့​လမ်း​ညွှန်​ဖြစ်​ဖို့ ကိုယ့်​ရဲ့ အမှား​အမှန်​သိ​စိတ်​ကို လေ့ကျင့်​ပေး​ရ​မယ်။ နောက်​အခန်း​မှာ အဲဒီ​အကြောင်း ဆွေး​နွေး​မယ်။

^ စာပိုဒ်၊ 11 နတ်​ဆိုး​တွေ​တောင် မနာ​ခံ​ချင်​ဘဲ နာ​ခံ​ကြ​တယ်။ နတ်​ပူး​ခံ​ရ​သူ​တွေ​ထဲ​က ထွက်​သွား​ဖို့ ယေရှု အမိန့်​ပေး​တဲ့​အခါ နတ်​ဆိုး​တွေ​ဟာ ယေရှု​ရဲ့​အာ​ဏာ​ကို မဖြစ်​မနေ အသိ​အမှတ်​ပြု​ခဲ့​ကြ​တယ်။ စိတ်​မပါ​ပေမဲ့ နာ​ခံ​ခဲ့​ကြ​တယ်။​—မာကု ၁:၂၇။ ၅:၇-၁၃

^ စာပိုဒ်၊ 13 အဲဒီ​စကား​လုံး​ကို မဿဲ ၂၃:၄ မှာ “လေး​တဲ့​ဝန်​တွေ” လို့​အသုံး​ပြု​ထား​တယ်။ ပြည်​သူ​တွေ​အပေါ် ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တွေ တင်​ထား​တဲ့ အသေး​စိတ်​ကျ​တဲ့ စည်း​မျဉ်း​တွေ၊ လူ့​ထုံးတမ်း​စဉ်​လာ​တွေ​ကို ဆိုလို​တယ်။ အဲဒီ​စကား​လုံး​ကို​ပဲ တမန်​တော် ၂၀:၂၉၊ ၃၀ မှာ “ဖိ​နှိပ်​တတ်​တဲ့” လို့​ပြန်​ဆို​ထား​တယ်။ “မှား​ယွင်း​တဲ့ အကြောင်း​အရာ​တွေ​ကို သွန်သင်” ပြီး သူ​တစ်ပါး​ကို ဖိ​နှိပ်၊ လှည့်​ဖြား​တဲ့ အယူ​ဖောက်​ပြန်​သူ​တွေ​ကို ရည်​ညွှန်း​တယ်။