မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု​ကို ရွေး​ချယ်​နိုင်​ပုံ

အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု​ကို ရွေး​ချယ်​နိုင်​ပုံ

“ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ထောက်​ပြီး အရာရာ​ကို လုပ်​ဆောင်​ကြ​ပါ။”​—၁ ကော​ရိန္သု ၁၀:၃၁

၁၊ ၂။ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ဘယ်​ရွေး​ချယ်​စ​ရာ​တွေ ရှိ​နေ​သလဲ။

အရ​သာ​ရှိ​တဲ့ အသီး​ကို စား​တော့​မယ့်​ဆဲ​ဆဲ၊ တစ်​နေ​ရာ​မှာ ပုပ်​နေ​တာ​ကို တွေ့​လိုက်​တယ် ဆို​ပါ​စို့။ သင် ဘာ​လုပ်​မလဲ။ အသီး​တစ်​ခု​လုံး​ကို စား​မလား။ အသီး​တစ်​ခု​လုံး​ကို လွှင့်​ပစ်​မလား။ ဒါ​မှ​မဟုတ် ပုပ်​နေ​တဲ့​အပိုင်း​ကို လှီး​ထုတ်​ပြီး ကောင်း​တဲ့​အပိုင်း​ကို​ပဲ စား​မလား။ သင် ဘာ​ကို ရွေး​ချယ်​မလဲ။

ဖျော်​ဖြေမှု​ကို အဲဒီ​အသီး​နဲ့ နှိုင်း​ယှဉ်​နိုင်​တယ်။ သင် အပန်း​ဖြေချင်​ပေမဲ့ အခု​ခေတ် ဖျော်​ဖြေမှု​များ​စွာ​ဟာ ပုပ်​နေ​တဲ့​အသီး​လို ကိုယ့်​ကျင့်​တ​ရား​ပိုင်း​မှာ ယို​ယွင်း​နေ​တယ်။ ဒါ​ဆို သင် ဘာ​လုပ်​မလဲ။ တ​ချို့​က မကောင်း​တဲ့​အရာ​ကို လျစ်​လျူ​ရှု​ပြီး ဒီ​လော​က ကမ်း​လှမ်း​တဲ့ ဘယ်​ဖျော်​ဖြေမှု​ကို​မဆို လက်ခံ​တယ်။ တ​ချို့​က ဘေး​ကင်း​စေ​ဖို့ ဖျော်​ဖြေမှု​အားလုံး​ကို ရှောင်​ကြ​တယ်။ တ​ချို့​က ဘေး​ဖြစ်​စေ​တဲ့ ဖျော်​ဖြေမှု​ကို သတိ​နဲ့​ရှောင်ရှား​ပြီး အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု​ကို​တော့ လက်ခံ​ကြ​တယ်။ သင်​ဟာ ဘု​ရား​သခင့်​မေတ္တာ အမြဲခံစား​ရ​ဖို့ ဘာ​ကို ရွေး​ချယ်​သင့်​သလဲ။

၃။ အခု ဘာ​ကို ဆွေး​နွေး​ကြ​မလဲ။

ကျွန်​တော်​တို့​အများ​စု​ဟာ တ​တိ​ယ​အချက်​ကို ရွေး​ချယ်​ကြ​မှာ​ပဲ။ အပန်း​ဖြေဖို့ လို​တယ်​ဆို​တာ ကျွန်​တော်​တို့ အသိ​အမှတ်​ပြု​ကြ​တယ်။ ဒါ​ပေမဲ့ ကိုယ်​ကျင့်​တ​ရား​စင်​ကြယ်​တဲ့ ဖျော်​ဖြေမှု​နဲ့​သာ အပန်း​ဖြေချင်​ကြ​တယ်။ ဒါ​ကြောင့် ဘယ်​အရာ​က အကျိုး​ပြု​တယ်၊ ဘယ်​အရာ​က အကျိုး​မပြု​ဘူး​ဆို​တာ ဆုံး​ဖြတ်​နိုင်​ပုံ​ကို သုံးသပ်​ဖို့​လို​တယ်။ ဒါ​ပေမဲ့ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ကျွန်​တော်​တို့​ရဲ့ ရွေး​ချယ်​မှု​က ယေဟောဝါ​ကို ဝတ်​ပြု​မှု​အပေါ် ဘယ်​လို အကျိုး​သက်​ရောက်​နိုင်​တယ်​ဆို​တာ ဦး​ဆုံး ဆွေး​နွေး​ကြ​စို့။

“ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ထောက်​ပြီး အရာရာ​ကို လုပ်​ဆောင်​ကြ​ပါ”

၄။ ကျွန်​တော်​တို့​ရဲ့ ဆက်​ကပ်​အပ်​နှံ​ခြင်း​က ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ဘယ်​လို အကျိုး​သက်​ရောက်​သင့်​သလဲ။

၁၉၄၆ ခု​နှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့​တဲ့ သက်​ကြီး​သက်သေခံ​တစ်ဦး​က “နှစ်ခြင်း​ဟော​ပြော​ချက်​တိုင်း​မှာ ကျွန်​တော်​ရှိ​နေ​ပြီး ကိုယ်​တိုင် နှစ်ခြင်း​ခံ​သလို​မျိုး ဟော​ပြော​ချက်​ကို ဂရု​စိုက်​နား​ထောင်​ဖို့ ကြိုး​စား​တယ်” လို့ ပြော​ပြတယ်။ ဘာ​ကြောင့်​လဲ။ “ကျွန်​တော့်ရဲ့ ဆက်​ကပ်​အပ်​နှံ​မှု​ကို အမှတ်​ရ​နေ​တာ​က ဆက်​ပြီး​သစ္စာ​ရှိ​ဖို့ အရေး​ကြီး​တဲ့​ခြေ​လှမ်း​တစ်​ခု ဖြစ်​တယ်” လို့ သူ​ဆက်​ပြော​ပြတယ်။ အဲဒီ​ရှု​မြင်​ပုံ​ကို သင်​သဘော​တူ​မှာ သေချာ​တယ်။ သင့်​အသက်​တာ​တစ်​ခု​လုံး​ကို အမှု​တော်​ဆောင်​ရာ​မှာ အသုံး​ပြု​မယ်​လို့ ယေဟောဝါ​ကို ကတိ​ပေး​ခဲ့​တယ်​ဆို​တာ ပြန်​အမှတ်​ရ​နေ​တာ​က ခံ​နိုင်​ရည်​ရှိ​ဖို့ လှုံ့​ဆော်​ပေး​တယ်။ (ဒေ​သနာ ၅:၄ ကို​ဖတ်​ပါ။) သင့်​ဆက်​ကပ်​အပ်​နှံ​ခြင်း​ကို ပြန်​ပြောင်း​တွေး​တော​တာ​က အမှု​ဆောင်​လုပ်ငန်း​ကို​သာ​မက ဖျော်​ဖြေမှု​အပါ​အဝင် ဘဝ​ကဏ္ဍ​အားလုံး​နဲ့​ပတ်​သက်​တဲ့ သဘော​ထား​ကို အကျိုး​သက်​ရောက်​ပါ​လိမ့်​မယ်။ တမန်​တော်​ပေါလု​က သူ့​ခေတ်​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်​တွေ​ဆီ စာ​ရေး​ချိန်​မှာ အဲဒီ​အမှန်​တ​ရား​ကို ဒီ​လို အလေး​ပေး ဖော်ပြခဲ့​တယ်– “စား​တာ​ဖြစ်​ဖြစ်၊ သောက်​တာ​ဖြစ်​ဖြစ်၊ ဘာ​ကိစ္စ​ပဲ​ဖြစ်​ဖြစ် ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ထောက်​ပြီး အရာရာ​ကို လုပ်​ဆောင်​ကြ​ပါ။”​—၁ ကော​ရိန္သု ၁၀:၃၁

၅။ ရော​မ ၁၂:၁ မှာ​ပါ​တဲ့ သွယ်​ဝိုက်​သတိ​ပေး​ချက်​ကို သိ​ရှိ​ဖို့ ဝတ်​ပြု​ရာ ၂၂:၁၈-၂၀ က ဘယ်​လို အထောက်​အကူ​ပြု​သလဲ။

ဘဝ​မှာ သင်​လုပ်​ဆောင်​သမျှ​ဟာ ယေဟောဝါ​ကို ဝတ်​ပြု​တာ​နဲ့ ဆက်​နွှယ်​နေ​တယ်။ ပေါလု​က ရော​မမြို့​သား​တွေ​ဆီ ရေး​တဲ့​စာ​မှာ အဲဒီ​အမှန်​တ​ရား​ကို စွဲ​မှတ်​စေ​ဖို့ အဓိပ္ပာယ်​လေး​နက်​တဲ့ စကား​လုံး​ကို သုံး​ခဲ့​တယ်။ “အသက်​ရှင်​နေ​တဲ့၊ သန့်​ရှင်း​တဲ့၊ ဘု​ရား​သခင် လက်ခံ​နိုင်​တဲ့ ပူ​ဇော်​သက္ကာ​အဖြစ် မိမိ​တို့​ရဲ့ ကိုယ်​ခန္ဓာ​ကို ဆက်​သကြ​ပါ။ ဒီ​လို​ဆို​ရင် စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို သုံး​ပြီး ဘု​ရား​သခင်​အတွက် အမှု​ဆောင်​ရာ​ရောက်​တယ်” လို့ သူ​တိုက်​တွန်း​ခဲ့​တယ်။ (ရော​မ ၁၂:၁) သင့်​ကိုယ်​ခန္ဓာ​မှာ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ ကိုယ်​စွမ်း ပါ​ဝင်​တယ်။ ဘု​ရား​သခင်​ကို ဝတ်​ပြု​ရာ​မှာ အဲဒီ​အစွမ်း​ရှိ​သမျှ​ကို သင်​အသုံး​ပြု​တယ်။ (မာကု ၁၂:၃၀) အဲဒီ​လို​အစွမ်း​ရှိ​သမျှ​နဲ့ ဝတ်​ပြု​တာ​ကို ပူ​ဇော်​သက္ကာ​အဖြစ် ပေါလု ရည်​ညွှန်း​ခဲ့​တယ်။ “ပူ​ဇော်​သက္ကာ” ဆို​တဲ့ စကား​လုံး​မှာ သွယ်​ဝိုက်​သတိ​ပေး​ချက်​တစ်​ခု ရှိ​တယ်။ မော​ရှေ​ပညတ်​မှာ အနာ​အဆာ​ပါ​တဲ့ ပူ​ဇော်​သက္ကာ​ကို ဘု​ရား​သခင် လက်မခံ​​ဘူး။ (ဝတ်​ပြု​ရာ ၂၂:၁၈-၂၀) အလား​တူ၊ ခရစ်​ယာန်​တစ်ဦး​ရဲ့ ဝတ်​ပြု​မှု၊ တစ်​နည်း​အား​ဖြင့် ပူ​ဇော်​သက္ကာ​ဟာ တစ်​နည်း​နည်း​နဲ့ အနာ​အဆာ​ပါ​ရင် ဘု​ရား​လက်ခံ​မှာ မဟုတ်​ဘူး။ ဘယ်​လို​နည်း​နဲ့ အဲဒီ​လို​ဖြစ်​နိုင်​သလဲ။

၆၊ ၇။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ သူ့​ရဲ့​ကိုယ်​ခန္ဓာ​ကို ဘယ်​လို ညစ်​ညူး​စေ​နိုင်​သလဲ။ ဘယ်​အကျိုး​ဆက်​တွေ ဖြစ်​လာ​နိုင်​သလဲ။

ရော​မမြို့​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်တွေ​ကို ပေါလု​က ‘ခင်​ဗျား​တို့​ရဲ့ ခန္ဓာ​ကိုယ်​ကို အပြစ်​ဆီ မဆက်​သပါ​နဲ့​တော့’ လို့ သတိ​ပေး​တယ်။ ‘အပြစ်​ရှိ​တဲ့ အကျင့်​တွေ​ကို သေစေ’ ဖို့​လည်း သူ​ပြော​ခဲ့​တယ်။ (ရော​မ ၆:၁၂-၁၄။ ၈:၁၃) သူ့​ရဲ့​စာ​အစ​ပိုင်း​မှာ “အပြစ်​ရှိ​တဲ့ အကျင့်​တွေ” နဲ့​ပတ်​သက်​တဲ့ သာ​ဓ​က​တ​ချို့​ကို ဖော်ပြခဲ့​တယ်။ အပြစ်​ပြု​တတ်​တဲ့ လူ​သား​တွေ​နဲ့​ပတ်​သက်​ပြီး “သူတို့​လည်​ချောင်း​ဟာ ပွင့်​နေ​တဲ့ သင်္ချိုင်း​တွင်း​ပဲ။ သူတို့​ရဲ့​လျှာ​က လှည့်​စား​တတ်​တယ်။ သူတို့​ပါး​စပ်​ထဲ​မှာ မြွေပွေး​အဆိပ် ရှိ​တယ်။ သူတို့​ရဲ့ နှုတ်​မှာ ကျိန်​စာ​တွေ၊ ရန်​လို​မုန်း​တီး​တဲ့ စကား​တွေ အပြည့်​ပဲ။ လူ​သတ်​ဖို့​ဆို​ရင် ခြေ​သွက်​ကြ​တယ်။ သူတို့​သွား​တဲ့​လမ်း​မှာ ပျက်​စီး​ခြင်း​နဲ့ ဒုက္ခ​ပဲ ရှိ​တယ်။ ငြိမ်သက်​ခြင်း​လမ်း​ကို သူတို့ မသိ​ကြ​ဘူး။ ဘု​ရား​သခင်​ကို ကြောက်​ရ​ကောင်း​မှန်း မသိ​ကြ​ဘူး” ဆို​ပြီး ဖတ်​ရ​တယ်။ (ရော​မ ၃:၁၃-၁၈) ခ​ရစ်​ယာန်​တစ်ဦး​ဟာ သူ့​ရဲ့ ကိုယ်​အင်္ဂါတွေ​ကို အသုံး​ပြု​ပြီး အဲဒီ​လို​အကျင့်​ဆိုး​တွေ​ကို ကျင့်​မယ်​ဆို​ရင် သူ့​ကိုယ်​ခန္ဓာ​မှာ အပြစ်​အနာ​အဆာ ရှိ​နေ​လိမ့်​မယ်။ ဥပမာ၊ ခ​ရစ်​ယာန်​တစ်ဦး​ဟာ ညစ်​ညမ်း​ရုပ်​ပုံ​တွေ၊ ရက်​စက်​တဲ့ အကြမ်း​ဖက်​မှု​တွေ​ကို တ​မင်​တ​ကာ ကြည့်​ရှု​မယ်​ဆို​ရင် သူ့​မျက်​စိ​ကို ‘အပြစ်​ဆီ ဆက်​သ’ နေ​တာ​ဖြစ်​လို့ သူ့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို ညစ်​ညူး​စေ​တယ်။ သူ့​ဝတ်​ပြု​မှု​အားလုံး​ဟာ မသန့်​ရှင်း​တဲ့​ပူ​ဇော်​သက္ကာ ဖြစ်​လာ​ပြီး ဘု​ရား​သခင် လက်မခံ​​တော့​ဘူး။ (တ​ရား​ဟော​ရာ ၁၅:၂၁။ ၁ ပေတရု ၁:၁၄-၁၆။ ၂ ပေတရု ၃:၁၁) အကျိုး​မပြု​တဲ့ ဖျော်​ဖြေမှု​ကို ရွေး​ချယ်​တဲ့​အတွက် ပေး​ဆပ်​ရ​တဲ့​အခ​ဟာ အလွန်​ကြီး​မား​တယ်။

ခ​ရစ်​ယာန်​တစ်ဦး ဖျော်​ဖြေမှု ​ရွေး​ချယ်​ရာ​မှာ ကြီး​မား​တဲ့​အကျိုး​ဆက်​တွေ ရှိ​နေ​တာ ရှင်း​ပါ​တယ်။ ဒါ​ကြောင့် ဘု​ရား​သခင်​ဆီ ဆက်​သတဲ့ ပူ​ဇော်​သက္ကာ​ကို မညစ်​ညူး​စေ​ဘဲ အလှ​ဆင်​ပေး​မယ့် ဖျော်​ဖြေမှု​ကို ကျွန်​တော်​တို့ ရွေး​ချယ်​ချင်​ကြ​တယ်။ ဘယ်​အရာ​က အကျိုး​ပြု​တယ်၊ ဘယ်​အရာ​က အကျိုး​မပြု​ဘူး​ဆို​တာ ဆုံး​ဖြတ်​နိုင်​ပုံ​ကို အခု ဆွေး​နွေး​ကြ​စို့။

“ဆိုး​ညစ်​တဲ့​အရာ​ကို ရွံ​မုန်း​ပါ”

၈၊ ၉။ (က) ဖျော်​ဖြေမှု အမျိုး​အစား​နှစ်​မျိုး​ကို ပြော​ပြပါ။ (ခ) ဘယ်​ဖျော်​ဖြေမှု​မျိုး​ကို ကျွန်​တော်​တို့ ရှောင်​ကြ​သလဲ။ ဘာ​ကြောင့်​လဲ။

အများ​အား​ဖြင့် ဖျော်​ဖြေမှု​ကို နှစ်​မျိုး​ခွဲ​ခြား​နိုင်​တယ်။ ပထ​မတစ်​မျိုး​က ခ​ရစ်​ယာန်​တွေ လုံး​ဝ​ရှောင်​ကြဉ်​ရ​မယ့် ဖျော်​ဖြေမှု​ဖြစ်​တယ်။ ဒုတိ​ယ​တစ်​မျိုး​က ခ​ရစ်​ယာန်တွေ လက်ခံ​ရင်​လည်း​ရ​တဲ့၊ လက်မခံ​​ရင်​လည်း​ရ​တဲ့ ဖျော်​ဖြေမှု ဖြစ်​တယ်။ ခ​ရစ်​ယာန်တွေ လုံး​ဝ ရှောင်​ကြဉ်​ရ​မယ့် ဖျော်​ဖြေမှု ပထ​မတစ်​မျိုး​ကို သုံးသပ်​ကြည့်​ကြ​စို့။

အခန်း ၁ မှာ ဖော်ပြခဲ့​တဲ့​အတိုင်း ဖျော်​ဖြေမှု​တ​ချို့​ဟာ ကျမ်း​စာ​က အတိ​အလင်း ပြစ်​တင်​ရှုတ်​ချ​တဲ့​အရာ​တွေ​ကို သရုပ်​ဖော်​ထား​တယ်။ ဥပမာ၊ ရက်​စက်​ကြမ်း​ကြုတ်​တဲ့၊ နတ်​ဆိုး​နဲ့​ဆိုင်​တဲ့၊ ညစ်​ညမ်း​တဲ့​ရုပ်​ပုံ​တွေ​ပါ​တဲ့ ဒါ​မှ​မဟုတ် ယုတ်​ညံ့​ပြီး လိင်​အကျင့်​ယို​ယွင်း​မှု​တွေ​ကို အား​ပေး​တဲ့ ဝက်​ဘ်​ဆိုက်​တွေ၊ ရုပ်​ရှင်​တွေ၊ တီ​ဗွီ​အစီ​အစဉ်​တွေ၊ တေး​သီချင်း​တွေ​ကို စဉ်း​စား​ကြည့်​ပါ။ အဲဒီ​ယုတ်​ညံ့​တဲ့ ဖျော်​ဖြေမှု​တွေ​ဟာ ကျမ်း​စာ​မူ​တွေ၊ ပညတ်​တွေ​ကို ချိုး​ဖောက်​တဲ့ အကျင့်​အကြံ​တွေ​ကို လက်ခံ​နိုင်​စ​ရာ​အဖြစ် သရုပ်​ဖော်​ထား​တာ​ကြောင့် ခ​ရစ်​ယာန်​စစ်​တွေ ရှောင်​သင့်​တယ်။ (တမန်​တော် ၁၅:၂၈၊ ၂၉။ ၁ ကော​ရိန္သု ၆:၉၊ ၁၀။ ဗျာဒိတ် ၂၁:၈) သင်​ဟာ အကျိုး​မပြု​တဲ့ အဲဒီ​လို​ဖျော်​ဖြေမှု​ကို ရှောင်​မယ်​ဆို​ရင် “ဆိုး​ညစ်​တဲ့​အရာ​ကို” အမှန်​တ​ကယ် “ရွံ​မုန်း” ပြီး “မကောင်း​မှု​ကို” အမြဲမပြတ် “ရှောင်” တယ်​ဆို​တာ ယေဟောဝါ​ကို သက်​သေပြရာ​ရောက်​တယ်။ ဒီ​နည်း​နဲ့ သင့်​မှာ “ဟန်​ဆောင်​မှု​ကင်း​တဲ့ ယုံ​ကြည်​ခြင်း” ရှိ​နေ​တယ်။​—ရော​မ ၁၂:၉။ ဆာလံ ၃၄:၁၄။ ၁ တိမောသေ ၁:၅

၁၀။ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ဘယ်​လို ဆင်​ခြေ​ပေး​တာ​ဟာ အန္တရာယ်​ရှိ​သလဲ။ ဘာ​ကြောင့်​လဲ။

၁၀ လိင်​အကျင့်​ယို​ယွင်း​မှု​ကို ကွက်​ကွက်​ကွင်း​ကွင်း သရုပ်​ဖော်​တဲ့ ဖျော်​ဖြေမှု​တွေ ကြည့်​ရှု​တာ​ဟာ အန္တရာယ်​မရှိ​ဘူး​လို့ တ​ချို့ ယူ​ဆ​ကြ​မယ်။ ‘ရုပ်​ရှင်​မှာ၊ တီ​ဗွီ​မှာ​မို့လို့ ကြည့်​တာ။ ကိုယ်​တိုင် ဘယ်​တော့​မှ မလုပ်​ဘူး’ လို့ သူတို့ ဆင်​ခြေ​ပေး​ကြ​တယ်။ ဒါ​ဟာ ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ဖြစ်​ပြီး အန္တရာယ်​ရှိ​တယ်။ (ယေ​ရ​မိ ၁၇:၉ ကို​ဖတ်​ပါ။) ယေဟောဝါ ပြစ်​တင်​ရှုတ်​ချ​ထား​တဲ့​အရာ​ကို ကျွန်​တော်​တို့ ကြည့်​ပြီး အပန်း​ဖြေမယ်​ဆို​ရင် “ဆိုး​ညစ်​တဲ့​အရာ​ကို” အမှန်​တ​ကယ် “ရွံ​မုန်း” တယ်​လို့ ဆို​နိုင်​မလား။ ဆိုး​ညစ်​တဲ့​အရာတွေ​ကို အကြိမ်​ကြိမ် ကြည့်​ရှု၊ ဖတ်​ရှု၊ နား​ထောင်​တာ​က ကျွန်​တော်​တို့​ရဲ့ အသိ​စိတ်​ကို ထုံ​ထိုင်း​သွား​စေ​လိမ့်​မယ်။ (ဆာလံ ၁၁၉:၇၀။ ၁ တိမောသေ ၄:၁၊ ၂) အဲဒီ​အကျင့်​ဟာ ကိုယ့်​လုပ်​ရပ် ဒါ​မှ​မဟုတ် တ​ခြား​သူ​တွေရဲ့ အပြစ်​ရှိ​တဲ့​လုပ်​ရပ်​အပေါ် ကျွန်​တော်​တို့​ရဲ့ ရှု​မြင်​ပုံ​ကို သက်​ရောက်​မှု ရှိ​နိုင်​တယ်။

၁၁။ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ဂလာ​တိ ၆:၇ ဟာ ဘယ်​လို မှန်​ကန်​သလဲ။

၁၁ အဲဒီ​လို တ​ကယ်​ဖြစ်​နေ​တယ်။ ခ​ရစ်​ယာန်​တ​ချို့​ဟာ လိင်​အကျင့်​ယို​ယွင်း​တဲ့ ဖျော်​ဖြေမှု​ကို အမြဲကြည့်​တဲ့​အတွက် ကိုယ်​တိုင် လိင်​အကျင့် ယို​ယွင်း​ခဲ့​ကြ​တယ်။ ဆိုး​ကျိုး​တွေ​ ကြုံ​ပြီး​မှ​သာ “မျိုး​စေ့​ကြဲ​တဲ့​အတိုင်း ရိတ်​သိမ်း​ရ​လိမ့်​မယ်” ဆို​တာ သူတို့ သိ​လာ​တယ်။ (ဂလာ​တိ ၆:၇) ဒါ​ပေမဲ့ အဲဒီ​ဆိုး​ကျိုး​တွေ​ကို ရှောင်​နိုင်​ပါ​တယ်။ သင့်​စိတ်​ထဲ​မှာ ကောင်း​တာ​ကို ကြဲ​မယ်​ဆို​ရင် ဘဝ​မှာ ကောင်း​ကျိုး​တွေ​ကို ရိတ်​သိမ်း​ရ​မယ်။​—“ ဘယ်​ဖျော်​ဖြေမှု​ကို ငါ ရွေး​ချယ်​သင့်​သလဲ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

ကျမ်း​စာ​မူ​တွေ​အပေါ် အခြေ​ပြု​တဲ့ ကိုယ်​ပိုင်​ဆုံး​ဖြတ်​ချက်

၁၂။ ဂလာ​တိ ၆:၅ ဟာ ဖျော်​ဖြေမှု​နဲ့ ဘယ်​လို သက်​ဆိုင်​သလဲ။ ကိုယ်​တိုင်​​ဆုံး​ဖြတ်​ချက်​ချ​ရာ​မှာ ဘယ်​လမ်း​ညွှန်​ချက်​တွေ ရှိ​သလဲ။

၁၂ ကျမ်း​စာ​မှာ တိုက်​ရိုက် ရှုတ်​ချ​တာ မရှိ​သလို လက်ခံ​စ​ရာ​ဖြစ်​တယ်​လို့ အတိ​အလင်း ဖော်ပြတာ​လည်း မရှိ​တဲ့ ဖျော်​ဖြေမှု ဒုတိ​ယ​တစ်​မျိုး​ကို အခု သုံးသပ်​ကြ​စို့။ အဲဒီ​လို​ဖျော်​ဖြေမှု​ကို ရွေး​ချယ်​ရာ​မှာ ခ​ရစ်​ယာန်​တစ်ဦး​စီ​ဟာ မိမိ​အတွက် အကျိုး​ပြု​၊ မပြု​ဆို​တာ ကိုယ်​တိုင် ဆုံး​ဖြတ်​ဖို့ လို​တယ်။ (ဂလာ​တိ ၆:၅ ကို​ဖတ်​ပါ။) ဒါ​ပေမဲ့ အဲဒီ​လို ရွေး​ချယ်​ရ​တဲ့​အခါ ကျွန်​တော်​တို့​အတွက် လမ်း​ညွှန်​ချက် ရှိ​ပါ​တယ်။ ကျမ်း​စာ​မှာ ယေဟောဝါ​ရဲ့ တွေး​ခေါ်​ပုံ​ကို သိ​မြင်​စေ​နိုင်​တဲ့ မူ​တွေ၊ အခြေ​ခံ​အမှန်​တ​ရား​တွေ ပါ​ရှိ​တယ်။ အဲဒီ​မူ​တွေ​ကို အလေး​ထား​မယ်​ဆို​ရင် ဖျော်​ဖြေမှု ရွေး​ချယ်​တာ​အပါ​အဝင် အရာရာ​မှာ “ယေဟောဝါ​ရဲ့ အလို​တော်” ကို သိ​မြင်​နိုင်​ပါ​လိမ့်​မယ်။​—ဧဖက် ၅:၁၇

၁၃။ ယေဟောဝါ မနှစ်​သက်​တဲ့ ဖျော်​ဖြေမှု​ကို ရှောင်​ဖို့ ကျွန်​တော်​တို့​ကို ဘာ​က လှုံ့​ဆော်​ပေး​သလဲ။

၁၃ ကိုယ်​ကျင့်​တ​ရား​နဲ့​ပတ်​သက်​လာရင် ခ​ရစ်​ယာန်​အားလုံး​မှာ ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း တစ်​ပုံ​စံ​တည်း ရှိ​မှာ​တော့ မဟုတ်​ဘူး။ (ဖိ​လိပ္ပိ ၁:၉) ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​လာရင်​လည်း အကြိုက်​ချင်း​တူ​မှာ မဟုတ်​မှန်း ခ​ရစ်​ယာန်တွေ သိ​ထား​ကြ​တယ်။ ဒါ​ကြောင့် ​အားလုံး​ရဲ့ ဆုံး​ဖြတ်​ချက်​ဟာ တစ်​ထပ်​တည်း​ကျ​မယ်​လို့ မမျှော်​လင့်​နိုင်​ဘူး။ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ရဲ့ စိတ်​နှလုံး​မှာ ကျမ်း​စာ​မူ​တွေ ပို​လွှမ်း​မိုး​လေ ယေဟောဝါ မနှစ်​သက်​တဲ့ ဖျော်​ဖြေမှု​အားလုံး​ကို ရှောင်​ဖို့ ပို​ကြိုး​စား​လေ ဖြစ်​ပါ​လိမ့်​မယ်။​—ဆာလံ ၁၁၉:၁၁၊ ၁၂၉။ ၁ ပေတရု ၂:၁၆

၁၄။ (က) ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ဘာ​ကို ထည့်​စဉ်း​စား​သင့်​သလဲ။ (ခ) ကျွန်​တော်​တို့​ဘဝ​မှာ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တာ​တွေ​ကို ဘယ်​လို ဦးစား​ထား​နိုင်​သလဲ။

၁၄ ဖျော်​ဖြေမှု​ရွေး​ချယ်​တဲ့​အခါ ထည့်​စဉ်း​စား​ရ​မယ့် အရေး​ကြီး​တဲ့​အရာ နောက်​တစ်​ခု​က​တော့ အချိန်​ပဲ။ ဖျော်​ဖြေမှု​မှာ ပါ​ဝင်​တဲ့​အကြောင်း​အရာ​က သင် ဘာ​ကို လက်ခံ​တယ်​ဆို​တာ ဖော်ပြတယ်။ ဖျော်​ဖြေမှု​အတွက် အသုံး​ပြု​တဲ့​အချိန်​က သင် ဘာ​ကို ဦးစား​ထား​တယ်​ဆို​တာ ဖော်ပြတယ်။ ခ​ရစ်​ယာန်​တွေ​အတွက် အရေး​ကြီး​ဆုံး​က​တော့ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့​ကိစ္စ​တွေ ဖြစ်​တယ်။ (မဿဲ ၆:၃၃ ကို​ဖတ်​ပါ။) ဒါ​ဆို သင့်​ဘဝ​မှာ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တာ​တွေ​ကို ဦးစား​ထား​မှန်း ဘယ်​လို ပြနိုင်​သလဲ။ တမန်​တော်​ပေါလု​က “ဉာဏ်​ပညာ​မဲ့​သူ​တွေ​လို မဟုတ်​ဘဲ ဉာဏ်​ပညာ​ရှိ​သူ​တွေ​လို ကျင့်​ကြံ​ပြု​မူ​နေ​ရဲ့​လား​ဆို​တာ အထူး​သတိ​ပြု​ကြ​ပါ။ . . . အချိန်​ကို အကျိုး​ရှိ​ရှိ အသုံး​ချ​ကြ​ပါ” လို့ ဖော်ပြခဲ့​တယ်။ (ဧဖက် ၅:၁၅၊ ၁၆) မှန်​ပါ​တယ်၊ ဖျော်​ဖြေမှု​အတွက် အချိန်​ကန့်​သတ်​ထား​တာ​က “ပို​အရေး​ကြီး​တဲ့​အရာ​တွေ” ဖြစ်​တဲ့ ဝတ်​ပြု​ရေး​နဲ့​ဆိုင်​တဲ့ လုပ်​ဆောင်​မှု​တွေ​အတွက် အချိန် ပို​ရ​စေ​ပါ​လိမ့်​မယ်။​—ဖိ​လိပ္ပိ ၁:၁၀

၁၅။ ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ပို​စိတ်​ချ​ရ​အောင် သတိ​ကြီး​ကြီး​ထား​တာ​က ဘာ​ကြောင့် ပညာ​ရှိ​ရာရောက်​သလဲ။

၁၅ ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ပို​စိတ်​ချ​ရ​အောင် သတိ​ကြီး​ကြီး​ထား​တာ​က ပညာ​ရှိ​ရာရောက်​တယ်။ ဘာ​ကို ဆိုလို​သလဲ။ အသီး​ဥပမာ​ကို ပြန်​သုံးသပ်​ကြည့်​ပါ။ ပုပ်​နေ​တဲ့​အပိုင်း​ကို မစား​မိ​အောင် ပုပ်​နေ​တဲ့​နေ​ရာ​လောက်​ကို​သာ မဟုတ်​ဘဲ ဘေး​တစ်​ဝိုက်​ကို​ပါ လှီး​ထုတ်​မှာ ဖြစ်​တယ်။ အလား​တူ၊ ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ပို​စိတ်​ချ​ရ​အောင် လုပ်​တာ​က ပညာ​ရှိ​ရာ​ရောက်​တယ်။ ပညာ​ရှိ​တဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ ကျမ်း​စာ​မူ​တွေ​နဲ့ လုံး​ဝ​ဆန့်​ကျင်​တဲ့ ဖျော်​ဖြေမှု​ကို​သာ​မက ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ကို ထိ​ခိုက်​စေ​နိုင်​တဲ့​အရာတွေ ပါ​ဝင်​ပုံ​ရ​တဲ့ ဖျော်​ဖြေမှု​မျိုး​ကို​လည်း ရှောင်​တယ်။ (ပညာ​အလိမ္မာ ၄:၂၅-၂၇) ကျမ်း​စာ​အကြံ​ဉာဏ်​ကို အတိ​အကျ လိုက်​နာ​တာ​က အဲဒီ​လို​ရှောင်​ဖို့ အကူ​အညီ ဖြစ်​စေ​ပါ​လိမ့်​မယ်။

‘စင်​ကြယ်​တဲ့​အရာ မှန်​သမျှ’

ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ကျမ်း​စာ​မူ​တွေ​ကို ကျင့်​သုံး​တာ​က ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ကို မထိ​ခိုက်​အောင် ကာ​ကွယ်​ပေး

၁၆။ (က) ကိုယ်​ကျင့်​တ​ရား​နဲ့​ပတ်​သက်​တဲ့ ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​မျိုး ကျွန်​တော်​တို့​မှာ ရှိ​ကြောင်း ဘယ်​လို တင်​ပြနိုင်​သလဲ။ (ခ) ကျမ်း​စာ​မူ​တွေ​ကို ကျင့်​သုံး​တာ​ဟာ သင့်​ဘဝ​လမ်း​စဉ် ဘယ်​လို ဖြစ်​လာ​နိုင်​သလဲ။

၁၆ ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​ကို အရင်​ဆုံး ထည့်​စဉ်း​စား​ကြ​တယ်။ ယေဟောဝါ​ရဲ့ သဘော​ထား​နဲ့ စံနှုန်း​တွေ​ကို ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ ဥပမာ၊ ယေဟောဝါ မုန်း​တီး​တဲ့​အရာတွေ​ကို ဘု​ရင်​ရှော​လ​မုန် ဖော်ပြခဲ့​တယ်။ အဲဒီ​အထဲ​မှာ “လိမ်​တတ်​တဲ့​လျှာ၊ အပြစ်​မဲ့​သူ​ကို သတ်​တဲ့​လက်၊ ဆိုး​ညစ်​တာ​တွေ​ကို ကြံ​စည်​တဲ့​စိတ်​နှလုံး၊ မကောင်း​တာ​လုပ်​ဖို့ အမြန်​ပြေး​တတ်​တဲ့​ခြေ” စ​တဲ့​အရာ​တွေ ပါ​ဝင်​တယ်။ (ပညာ​အလိမ္မာ ၆:၁၆-၁၉) ယေဟောဝါ​ရဲ့ ရှု​မြင်​ပုံ​ဟာ သင့်​ကို ဘယ်​လို အကျိုး​သက်​ရောက်​သင့်​သလဲ။ “ယေဟောဝါ​ကို ချစ်​မြတ်​နိုး​သူတို့၊ မကောင်း​မှု​ကို မုန်း​ကြ​ပါ” လို့ ဆာလံ​ဆ​ရာ တိုက်​တွန်း​တယ်။ (ဆာလံ ၉၇:၁၀) ဖျော်​ဖြေမှု​ရွေး​ချယ်​တဲ့​အခါ ယေဟောဝါ ရွံ​မုန်း​တဲ့​အရာ​ကို သင်​လည်း ရွံ​မုန်း​ကြောင်း ဖော်ပြဖို့ လို​တယ်။ (ဂလာ​တိ ၅:၁၉-၂၁) လူ​ရှေ့​မှာ​ထက် လူ​ကွယ်​ရာ​မှာ ပြု​လုပ်​တဲ့​အရာ​က သင် ဘယ်​လို​လူ​စား​ဖြစ်​မှန်း ဖော်ပြတယ်​ဆို​တာ​ကို​လည်း မမေ့​ပါ​နဲ့။ (ဆာလံ ၁၁:၄။ ၁၆:၈) ဒါ​ကြောင့် ဘဝ​ကဏ္ဍ​အားလုံး​မှာ ကိုယ်​ကျင့်​တ​ရား​နဲ့​ပတ်​သက်​တဲ့ ယေဟောဝါ​ရဲ့​သဘော​ထား​မျိုး သင့်​မှာ ရှိ​မယ်​ဆို​ရင် ကျမ်း​စာ​မူ​တွေ​နဲ့​အညီ အမြဲ ရွေး​ချယ်​ပါ​လိမ့်​မယ်။ အဲဒီ​လို​လုပ်​ဆောင်​တာ​ဟာ သင့်​ဘဝ​လမ်း​စဉ် ဖြစ်​လာ​လိမ့်​မယ်။​—၂ ကော​ရိန္သု ၃:၁၈

၁၇။ ဖျော်​ဖြေမှု မရွေး​ချယ်​ခင် ဘယ်​မေး​ခွန်း​တွေ မေး​သင့်​သလဲ။

၁၇ ဖျော်​ဖြေမှု​ရွေး​ချယ်​ရာ​မှာ ယေဟောဝါ​ရဲ့ တွေး​ခေါ်​ပုံ​နဲ့​အညီ ပြု​မူ​ကြောင်း သေချာ​စေ​ဖို့ သင် ဘာ​လုပ်​နိုင်​သေး​သလဲ။ ‘ဒါ​က ငါ့​ကို​ရော၊ ဘု​ရား​သခင်​နဲ့ ငါ့​ဆက်ဆံ​ရေး​ကို​ပါ ဘယ်​လို ထိ​ခိုက်​မလဲ’ ဆို​ပြီး စဉ်း​စား​ပါ။ ဥပမာ၊ ရုပ်​ရှင်​ကား​တစ်​ကား​ကို ကြည့်​မယ်၊ မကြည့်​ဘူး​ဆို​တာ မဆုံး​ဖြတ်​ခင် ‘ဒီ​ရုပ်​ရှင်​မှာ​ပါ​တဲ့​အရာတွေ​က ငါ့​ရဲ့​အမှား​အမှန်​သိ​စိတ်​ကို ဘယ်​လို ထိ​ခိုက်​မလဲ’ လို့ ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ။ ဒီ​ကိစ္စ​မှာ ဘယ်​မူ​တွေ​ကို ကျင့်​သုံး​နိုင်​တယ်​ဆို​တာ သုံးသပ်​ကြည့်​ကြ​စို့။

၁၈၊ ၁၉။ (က) အကျိုး​ပြု​တဲ့​ဖျော်​ဖြေမှု ဟုတ်​မဟုတ် ဆုံး​ဖြတ်​ရာ​မှာ ဖိ​လိပ္ပိ ၄:၈ မှာ​ပါ​တဲ့​မူ​ဟာ ဘယ်​လို အထောက်​အကူ​ပြု​သလဲ။ (ခ) တ​ခြား​ဘယ်​မူ​တွေ​က အကျိုး​ပြု​တဲ့​ဖျော်​ဖြေမှု ရွေး​ချယ်​ဖို့ ကူညီ​ပေး​နိုင်​သလဲ။ (အောက်​ခြေ​မှတ်​ချက်​ကို ကြည့်​ပါ။)

၁၈ ဖိ​လိပ္ပိ ၄:၈ မှာ အရေး​ကြီး​တဲ့​မူ​တစ်​ခု တွေ့​ရ​တယ်– “မှန်​ကန်​တဲ့​အရာ၊ အလေး​အနက်​ထား​ရ​မယ့်​အရာ၊ ဖြောင့်​မတ်​တဲ့​အရာ၊ စင်​ကြယ်​တဲ့​အရာ၊ မေတ္တာ​တိုး​စေ​တဲ့​အရာ၊ အား​ပေး​မှု​ဖြစ်​စေ​တဲ့​အရာ၊ မွန်​မြတ်​တဲ့​အရာ၊ ချီး​မွမ်း​ထိုက်​တဲ့​အရာ မှန်​သမျှ​ကို အမြဲ ဆင်​ခြင်​သုံးသပ်​နေ​ကြ​ပါ။” ပေါလု​ဟာ ဖျော်​ဖြေမှု​အကြောင်း ပြော​နေ​တာ​တော့ မဟုတ်​ဘူး။ စိတ်​နှလုံး​မှာ တွေး​တော​ဆင်​ခြင်​တဲ့​အရာ​တွေ​ဟာ ဘု​ရား​နှစ်​သက်​ရာ​တွေ​အပေါ် အခြေ​ပြု​သင့်​တယ်​လို့ ပြော​နေ​တာ ဖြစ်​တယ်။ (ဆာလံ ၁၉:၁၄) ဒါ​ပေမဲ့ ပေါလု​ရဲ့​စကား​တွေ​ဟာ ဖျော်​ဖြေမှု​နဲ့​လည်း မူ​အရ သက်​ဆိုင်​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။

၁၉ “ငါ​ရွေး​ချယ်​တဲ့ ရုပ်​ရှင်၊ ဗွီ​ဒီ​ယို​ဂိမ်း၊ တေး​ဂီ​တ​နဲ့ တ​ခြား​ဖျော်​ဖြေမှု​တွေ​က ငါ့​စိတ်​ကို ‘စင်​ကြယ်​တဲ့​အရာ​မှန်​သမျှ’ နဲ့ ပြည့်​စေ​သလား” လို့ ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ။ ဥပမာ၊ သင် ရုပ်​ရှင်​ကြည့်​ပြီး​နောက် စိတ်​ထဲ​မှာ ဘာ​ပုံ​ရိပ်တွေ စွဲ​ကျန်​ရစ်​သလဲ။ နှစ်​သက်​ဖွယ်​ဖြစ်​ပြီး စင်​ကြယ်​တဲ့၊ လန်း​ဆန်း​စေ​တဲ့​အရာတွေ စွဲ​ကျန်​ခဲ့ရင်​တော့ သင့်​ရဲ့​ဖျော်​ဖြေမှု​ဟာ အကျိုး​ပြု​ပါ​တယ်။ ဒါ​ပေမဲ့ ရုပ်​ရှင်​ကြည့်​ပြီး​နောက် မစင်​ကြယ်​တဲ့​အရာတွေ​ကို​ပဲ တွေး​တော​နေ​တယ်​ဆို​ရင် သင့်​ရဲ့​ဖျော်​ဖြေမှု​ဟာ အကျိုး​မရှိ​ဘူး၊ အန္တရာယ်​တောင် ဖြစ်​နိုင်​တယ်။ (မဿဲ ၁၂:၃၃။ မာကု ၇:၂၀-၂၃) ဘာ​ကြောင့်​လဲ။ ကိုယ်​ကျင့်​တ​ရား မစင်​ကြယ်​တဲ့​အရာတွေ​ကို တွေး​တော​နေ​တာ​က သင့်​ရဲ့ စိတ်​ငြိမ်သက်​မှု​ကို ပျက်​ပြား​စေ​တယ်။ ကျမ်း​စာ​နဲ့​လေ့ကျင့်​ထား​တဲ့ အမှား​အမှန်​သိ​စိတ်​ကို ဒဏ်​ရာ​ရ​စေ​ပြီး ဘု​ရား​နဲ့ သင့်​ဆက်ဆံ​ရေး​ကို ပျက်​စီး​စေ​နိုင်​တယ်။ (ဧဖက် ၅:၅။ ၁ တိမောသေ ၁:၅၊ ၁၉) အဲဒီ​လို​ဖျော်​ဖြေမှု​တွေ​ဟာ သင့်​ကို ထိ​ခိုက်​စေ​နိုင်​တဲ့​အတွက် အဲ​ဒါ​ကို ရှောင်​ဖို့ သန္နိ​ဋ္ဌာန်​ချ​ထား​ပါ။ * (ရော​မ ၁၂:၂) “အချည်း​နှီး​ဖြစ်​တဲ့​အရာတွေ​ကို မကြည့်​မိ​အောင် ကျွန်​တော့်​မျက်​စိ​ကို လွှဲ​ပေး​ပါ” လို့ ဆုတောင်း​ခဲ့​တဲ့ ဆာလံ​ဆ​ရာ​လို ပြု​မူ​ပါ။​—ဆာလံ ၁၁၉:၃၇

သူ​တစ်ပါး​အကျိုး​ကို ရှာ​ကြ​ပါ

၂၀၊ ၂၁။ ၁ ကော​ရိန္သု ၁၀:၂၃၊ ၂၄ ဟာ အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု ရွေး​ချယ်​တာ​နဲ့ ဘယ်​လို သက်​ဆိုင်​သလဲ။

၂၀ ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စတွေ ဆုံး​ဖြတ်​ရာ​မှာ ထည့်​စဉ်း​စား​ရ​မယ့် အရေး​ကြီး​တဲ့ ကျမ်း​စာ​မူ​တစ်​ခု​ကို ပေါလု ဖော်ပြခဲ့​တယ်။ “အရာ​အားလုံး​ကို လုပ်​လို့​ရ​တာ မှန်​ပေမဲ့ အရာ​အားလုံး အား​ပေး​မှု​ဖြစ်​စေ​တာ မဟုတ်​ဘူး။ လူ​တိုင်း ကိုယ့်​အကျိုး​ကို မရှာ​ဘဲ သူ​တစ်ပါး​အကျိုး​ကို ရှာ​ကြ​ပါ” လို့ သူ​ပြော​တယ်။ (၁ ကော​ရိန္သု ၁၀:၂၃၊ ၂၄) ဒီ​မူ​ဟာ အကျိုး​ပြု​တဲ့​ဖျော်​ဖြေမှု ရွေး​ချယ်​တာ​နဲ့ ဘယ်​လို သက်​ဆိုင်​သလဲ။ ‘ငါ​ရွေး​ချယ်​တဲ့ ဖျော်​ဖြေမှု​က တ​ခြား​သူ​တွေ​ကို ဘယ်​လို အကျိုး​သက်​ရောက်​မလဲ’ လို့ ကိုယ့်​ကိုယ်​ကိုယ်​မေး​ဖို့ လို​တယ်။

၂၁ ‘လုပ်​လို့​ရ​တယ်’ ဒါ​မှ​မဟုတ် လက်ခံ​နိုင်​တယ်​လို့ သင်​ယူ​ဆ​တဲ့ ဖျော်​ဖြေမှု​တစ်​ခု​ကို သင့်​ရဲ့ အမှား​အမှန်​သိ​စိတ်​က ခွင့်​ပြု​နိုင်​တယ်။ ဒါ​ပေမဲ့ အမှား​အမှန်​သိ​စိတ် အား​နည်း​တဲ့ ယုံ​ကြည်​သူ​ချင်း​တ​ချို့​က လက်မခံ​​ဘူး​ဆို​ရင် အဲ​ဒါ​ကို ရှောင်​ဖို့ သင် ဆုံး​ဖြတ်​နိုင်​တယ်။ ဘာ​ကြောင့်​လဲ။ ယုံ​ကြည်​သူ​ချင်း​တွေ ဘု​ရား​သခင်​ကို ဆက်​သစ္စာ​ရှိ​ဖို့ ပို​အခက်​တွေ့​အောင် လုပ်​တာ​ဟာ ပေါလု​ပြော​တဲ့​အတိုင်း ‘ညီ​အစ်​ကို​တွေ​ကို ပြစ်​မှား’ ရာရောက်​တဲ့​အပြင် “ခ​ရစ်​တော်​ကို ပြစ်​မှား” ရာ​ရောက်​လို့​ပဲ။ သင် အဲဒီ​လို​ဖြစ်​ချင်​မှာ မဟုတ်​ဘူး။ “တိုက်​မိ​လဲ​စ​ရာ မဖြစ်​ပါ​စေ​နဲ့” ဆို​တဲ့ တိုက်​တွန်း​ချက်​ကို နှလုံး​သွင်း​ထား​လို့​ပဲ။ (၁ ကော​ရိန္သု ၈:၁၂။ ၁၀:၃၂) အခု​ချိန်​မှာ ခ​ရစ်​ယာန်​စစ်​တွေ​ဟာ “လုပ်​လို့​ရ​တာ” မှန်​ပေမဲ့ “အား​ပေး​မှု​ဖြစ်​စေ​တာ” မဟုတ်​တဲ့ ဖျော်​ဖြေမှု​ကို ရှောင်​ကြ​တယ်။ ဒီ​နည်း​နဲ့ ပေါလု​ရဲ့ ထောက်​ထား​စာ​နာ​တဲ့၊ အမြော်​အမြင်​ရှိ​တဲ့ အကြံ​ဉာဏ်​ကို လိုက်​နာ​ကြ​တယ်။​—ရော​မ ၁၄:၁။ ၁၅:၁

၂၂။ ခ​ရစ်​ယာန်တွေ​ဟာ ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​တွေ​မှာ အမြင်​မတူ​တာ​ကို ဘာ​ကြောင့် လက်ခံ​သင့်​သလဲ။

၂၂ သူ​တစ်ပါး​ရဲ့​အကျိုး​ကို ရှာ​နိုင်​တဲ့ ကဏ္ဍ​နောက်​တစ်​ခု ရှိ​သေး​တယ်။ အမှား​အမှန်​သိ​စိတ် အား​နည်း​တဲ့ ခ​ရစ်​ယာန်​တစ်ဦး​ဟာ သင့်​လျော်​တဲ့ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး မိမိ​ရဲ့ ကျဉ်း​မြောင်း​တဲ့​အမြင်​အတိုင်း အသင်း​တော်​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်​အားလုံး လုပ်​ရ​မယ်​လို့ မရ​မက မတောင်း​ဆို​သင့်​ဘူး။ အဲဒီ​လို​လုပ်​မယ်​ဆို​ရင် အဝေး​ပြေး​လမ်း​မပေါ်​က ယာဉ်​မောင်း​အားလုံး​ကို မိမိ​နှစ်​သက်​တဲ့ မိုင်​နှုန်း​အတိုင်း မောင်း​ရ​မယ်​လို့ အတင်း​အကျပ် တောင်း​ဆို​တဲ့ ယာဉ်​မောင်း​နဲ့ တူ​နေ​လိမ့်​မယ်။ အဲဒီ​လို​တောင်း​ဆို​တာ​ဟာ အကျိုး​သင့်​အကြောင်း​သင့် ဖြစ်​မှာ မဟုတ်​ဘူး။ ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ယုံ​ကြည်​သူ​ချင်း​တွေရဲ့ ရှု​မြင်​ပုံ​ဟာ ကိုယ်​နဲ့​မတူ​ပေမဲ့ ကျမ်း​စာ​မူ​တွေ​နဲ့ မဆန့်​ကျင်​တာ​မျိုး​လည်း ရှိ​နိုင်​တယ်။ အဲဒီ​အခါ​မျိုး​မှာ အမှား​အမှန်​သိ​စိတ် အား​နည်း​သူ​ဟာ သူ​တစ်ပါး​ရဲ့ ရှု​မြင်​ပုံ​ကို မေတ္တာ​စိတ်​နဲ့ လေး​စား​သင့်​တယ်။ ဒီ​နည်း​နဲ့ “အကျိုး​သင့်​အကြောင်း​သင့်​သဘော​ကို လူ​တိုင်း သိ​မြင်” အောင် လုပ်​နိုင်​တယ်။​—ဖိ​လိပ္ပိ ၄:၅။ ဒေ​သနာ ၇:၁၆

၂၃။ အကျိုး​ပြု​တဲ့​ဖျော်​ဖြေမှု​ကို သင် ရွေး​ချယ်​ကြောင်း ဘယ်​လို သေချာ​စေ​နိုင်​သလဲ။

၂၃ အကျိုး​ပြု​တဲ့ ဖျော်​ဖြေမှု​ကို သင်​ရွေး​ချယ်​မှန်း ဘယ်​လို သေချာ​စေ​နိုင်​သလဲ။ ကျမ်း​စာ​မှာ အတိ​အလင်း ရှုတ်​ချ​ထား​တဲ့၊ ယုတ်​ညံ့​ပြီး လိင်​အကျင့်​ယို​ယွင်း​တဲ့ လုပ်​ရပ်တွေ​ကို ကွက်​ကွက်​ကွင်း​ကွင်း သရုပ်​ဖော်​ထား​တဲ့ ဖျော်​ဖြေမှု​အားလုံး​ကို ငြင်း​ပယ်​ပါ။ ကျမ်း​စာ​မှာ အတိ​အကျ မဖော်ပြထား​တဲ့ ဖျော်​ဖြေမှု​မျိုး​ဆို​ရင် သက်​ဆိုင်​တဲ့ ကျမ်း​စာ​မူ​တွေ​ကို လိုက်​လျှောက်​ပါ။ သင့်​အမှား​အမှန်​သိ​စိတ်​ကို ထိ​ခိုက်​စေ​မယ့် ဖျော်​ဖြေမှု​ကို ရှောင်​ပါ။ တ​ခြား​သူ​တွေ၊ အထူး​သဖြင့် ယုံ​ကြည်​သူ​ချင်း​တွေ​ကို စိတ်​ဒဏ်​ရာ​ရ​စေ​နိုင်​တဲ့ ဖျော်​ဖြေမှု​မျိုး​ကို လုံး​ဝ​ရှောင်​ပါ။ အဲဒီ​လို​လုပ်​ဖို့ သင့်​ရဲ့ ခိုင်​မာ​တဲ့​ဆုံး​ဖြတ်​ချက်​ကြောင့် ဘု​ရား​ဘုန်း​တော် ထင်​ရှား​ပါ​စေ။ သင်​နဲ့ သင့်​မိသား​စု​လည်း ဘု​ရား​ရဲ့​မေတ္တာ​ကို အမြဲခံစား​နိုင်​ပါ​စေ။

^ စာပိုဒ်၊ 19 ဖျော်​ဖြေမှု​နဲ့​ပတ်​သက်​ပြီး ကျင့်​သုံး​နိုင်​တဲ့ မူ​တ​ချို့​ကို ပညာ​အလိမ္မာ ၃:၃၁။ ၁၃:၂၀။ ဧဖက် ၅:၃၊ ၄ နဲ့ ကောလောသဲ ၃:၅၊ ၈၊ ၂၀ မှာ တွေ့​ရ​တယ်။