နောက်ဆက်တွဲ
အလံအလေးပြုခြင်း၊ မဲဆန္ဒပေးခြင်းနဲ့ အရပ်ဘက်ဆိုင်ရာလုပ်ငန်း
အလံအလေးပြုခြင်း။ အမျိုးသားသီချင်း တီးမှုတ်ချိန်မှာ အလံရှေ့ ဦးညွတ်တာ၊ အလေးပြုတာဟာ ဘာသာရေးဆိုင်ရာ လုပ်ရပ်ဖြစ်ကြောင်း၊ ဘုရားသခင် မဟုတ်ဘဲ နိုင်ငံ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေက ကယ်တင်နိုင်တယ်လို့ ယူမှတ်ခြင်းဖြစ်ကြောင်း ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ (ဟေရှာယ ၄၃:၁၁။ ၁ ကောရိန္သု ၁၀:၁၄။ ၁ ယောဟန် ၅:၂၁) နိုင်ငံ့ခေါင်းဆောင်တစ်ဦးကတော့ ရှေးဗာဗုလုန်နိုင်ငံရဲ့ဘုရင် နေဗုခဒ်နေဇာ ဖြစ်တယ်။ အဲဒီတန်ခိုးကြီးဘုရင်ဟာ မိမိရဲ့ ကြီးမြတ်မှုနဲ့ ဘာသာရေး ထက်သန်မှုကို လူတွေ အထင်ကြီးအောင် ရုပ်တုကြီးတစ်ခု တည်ခဲ့တယ်။ အမျိုးသားသီချင်းလို တေးသံတီးမှုတ်တဲ့အခါ လက်အောက်ခံပြည်သားအားလုံး ရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ဖို့ အမိန့်ပေးတယ်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ ဟီဘရူးလူငယ် သုံးဦးကတော့ သေဒဏ်ချမှတ်ခံရတာတောင် ရုပ်တုရှေ့ မပျပ်ဝပ်ကြဘူး။—ဒံယေလ အခန်းကြီး ၃။
ကျွန်တော်တို့ခေတ်မှာ “အလံဟာ ဝတ်ပြုကိုးကွယ်ရာတစ်ခု ဖြစ်တယ်။ အလံသယ်သွားချိန်မှာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားတွေဟာ ဦးထုပ်ချွတ်လိုက်ကြတယ်။ အလံကို ချီးမွမ်းဂုဏ်ပြုတဲ့ ကဗျာတွေ ရေးဖွဲ့ပြီး ကလေးတွေက ဂုဏ်ပြုတေး သီဆိုကြတယ်” လို့ သမိုင်းဆရာ ကာလ်တန်ဟေးက ဆိုတယ်။ မျိုးချစ်စိတ်နဲ့ဆိုင်တဲ့ “အခါကြီးရက်ကြီးတွေ၊” “သူတော်စင်တွေနဲ့ သူရဲကောင်းတွေ၊” “ဗိမာန်တွေ” ဒါမှမဟုတ် ကြည်
ညိုဖွယ် အဆောက်အအုံတွေလည်း ရှိတယ်လို့ သူဆက်ပြောတယ်။ ဘရာဇီးနိုင်ငံရဲ့ လူထုအခမ်းအနားတစ်ခုမှာ စစ်ဦးစီးချုပ်က “အမိနိုင်ငံတော်ကို ကိုးကွယ်သလို . . . အလံကို ကြည်ညိုလေးမြတ်ပြီး ကိုးကွယ်ကြတယ်” လို့ ပြောခဲ့တယ်။ “အလံဟာ လက်ဝါးကားတိုင်လိုပဲ မြင့်မြတ်တယ်” လို့ အမေရိကားနားစွယ်စုံကျမ်းက ဆိုတယ်။အမျိုးသားသီချင်းတွေဟာ “မျိုးချစ်စိတ်ကို ဖော်ပြခြင်းဖြစ်ပြီး အများအားဖြင့် ပြည်သူလူထု ဒါမှမဟုတ် အုပ်စိုးရှင်တွေကို ဘုရား လမ်းညွှန်ဖို့၊ ကာကွယ်ပေးဖို့ ဆုမွန်ကောင်း တောင်းပေးခြင်း ဖြစ်တယ်” လို့ မကြာသေးမီက အဲဒီစွယ်စုံကျမ်းမှာ ဖော်ပြခဲ့တယ်။ ဒါကြောင့် အလံအလေးပြုခြင်းနဲ့ အမျိုးသားသီချင်းတွေ ပါဝင်တဲ့ အခမ်းအနားတွေကို ဘာသာရေးဆိုင်ရာ လုပ်ရပ်အဖြစ် ယေဟောဝါသက်သေတွေ ယူမှတ်တာဟာ ကျိုးကြောင်းဆီလျော်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကျောင်းတွေမှာ ယေဟောဝါသက်သေတွေရဲ့ ကလေးတွေ အလံကို အလေးပြုဖို့ ဒါမှမဟုတ် သစ္စာစောင့်သိကြောင်း အဓိဋ္ဌာန်ပြုဖို့ ငြင်းဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်စရိုက်လက္ခဏာ ဆိုတဲ့စာအုပ်မှာ “အဲဒီနေ့စဉ်အခမ်းအနားတွေဟာ ဘာသာရေးနဲ့သက်ဆိုင်ကြောင်း နောက်ဆုံးမှာ တရားရုံးချုပ်က ဝန်ခံခဲ့တယ်” လို့ ဖော်ပြတယ်။
ယေဟောဝါသက်သေတွေဟာ ကျမ်းစာနဲ့မညီတဲ့ အခမ်းအနားတွေမှာ မပါဝင်ပေမဲ့ တခြားသူတွေရဲ့ ပါဝင်ခွင့်ကို လေးစားကြတယ်။ နိုင်ငံတော်အလံကို နိုင်ငံ့အထိမ်းအမှတ်အဖြစ် လေးစားကြပြီး တရားဝင်ဖွဲ့စည်းထားတဲ့ အစိုးရတွေကို “ဘုရားသခင် ခန့်ထားတဲ့ အမှုထမ်း၊” “အထက်အာဏာပိုင်” အဖြစ် အသိအမှတ်ပြုကြတယ်။ (ရောမ ၁၃:၁-၄) ဒါကြောင့် “ရှင်ဘုရင်တွေ၊ အထက်အာဏာပိုင်တွေအတွက်လည်း ဆုတောင်းပေးပါ” ဆိုတဲ့ တိုက်တွန်းချက်ကို ယေဟောဝါသက်သေတွေ လိုက်နာကြတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က “ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု၊ လေးနက်တည်ကြည်မှုအပြည့် ရှိနိုင်” ဖို့ဖြစ်တယ်။—၁ တိမောသေ ၂:၂။
နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပေးခြင်း။ ခရစ်ယာန်စစ်တွေဟာ တခြားသူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်ကို လေးစားကြတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကင်ပိန်းတွေမှာ မပါဝင်ဘဲ ရွေးချယ်တင်မြှောက်ခံရတဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ လုံးဝ ကြားနေကြတယ်။ (မဿဲ ၂၂:၂၁။ ၁ ပေတရု ၃:၁၆) မဲမပေးမနေရလို့ တောင်းဆိုတဲ့ ဒါမှမဟုတ် မဲရုံဆီ မသွားသူတွေကို အလွန်ဆန့်ကျင်တဲ့ နိုင်ငံတွေမှာ ခရစ်ယာန်တွေ ဘာလုပ်သင့်သလဲ။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဟာ ဒုရလွင်ပြင်အထိ သွားခဲ့တယ်ဆိုတာ အမှတ်ရပြီး ခရစ်ယာန်တစ်ဦးဟာ ထပ်တူအခြေအနေတွေမှာ သူ့ရဲ့ အမှားအမှန်သိစိတ် ခွင့်ပြုရင် မဲရုံဆီ သွားဖို့ ဆုံးဖြတ်နိုင် တယ်။ ဒါပေမဲ့ သူ့ရဲ့ ကြားနေမှုကို မချိုးဖောက်ဖို့ သတိပြုရမယ်။ အောက်ပါမူခြောက်ခုကို သူ ထည့်စဉ်းစားသင့်တယ်။
-
၁။ ယေရှုရဲ့ နောက်လိုက်တွေဟာ “လောကနဲ့ ဘာမှ မပတ်သက်” ဘူး။—ယောဟန် ၁၅:၁၉။
-
၂။ ခရစ်ယာန်တွေဟာ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ နိုင်ငံကို ကိုယ်စားပြုကြတယ်။—ယောဟန် ၁၈:၃၆။ ၂ ကောရိန္သု ၅:၂၀။
-
၃။ ခရစ်ယာန်အသင်းတော်ဟာ ယုံကြည်ခြင်းမှာ စည်းလုံးပြီး အသင်းသားတွေလည်း ခရစ်တော်လို မေတ္တာပြခြင်းအားဖြင့် စည်းလုံးညီညွတ်ကြတယ်။—၁ ကောရိန္သု ၁:၁၀။ ကောလောသဲ ၃:၁၄။
-
၄။ အရာရှိတစ်ဦးဦးကို ရွေးချယ်တင်မြှောက်သူတွေဟာ အဲဒီအရာရှိ လုပ်သမျှအတွက် တာဝန်ရှိသူတွေ ဖြစ်တယ်။—၁ ရှမွေလ ၈:၅၊ ၁၀-၁၈ နဲ့ ၁ တိမောသေ ၅:၂၂ မှာပါတဲ့ မူတွေကို သတိပြုပါ။
-
၅။ အစ္စရေးလူမျိုး ဘုရင်တစ်ပါး တောင်းဆိုတဲ့အခါ ယေဟောဝါက မိမိကို ငြင်းပယ်တာပဲလို့ ယူမှတ်တယ်။—၁ ရှမွေလ ၈:၇။
-
၆။ ခရစ်ယာန်တွေဟာ နိုင်ငံရေးခံယူချက် အမျိုးမျိုးရှိသူတွေကို ဘုရားနိုင်ငံတော် အစိုးရအကြောင်း ဟောပြောတဲ့အခါ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ဟီဘရူး ၁၀:၃၅။
အရပ်ဘက်ဆိုင်ရာလုပ်ငန်း။ နိုင်ငံတချို့မှာ အစိုးရဟာ စစ်မှုမထမ်းသူတွေကို အရပ်ဘက်ဆိုင်ရာလုပ်ငန်း တစ်မျိုးမျိုးမှာ အချိန်အတန်ကြာ လုပ်ဆောင်စေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ ဆုတောင်းပြီး ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ဦးနဲ့ တိုင်ပင်သင့်တယ်။ အဲဒီနောက် သိရှိလာရာတွေနဲ့အညီ မိမိရဲ့ အမှားအမှန်သိစိတ်ကို အခြေခံပြီး ဆုံးဖြတ်ရမယ်။—ပညာအလိမ္မာ ၂:၁-၅။ ဖိလိပ္ပိ ၄:၅။
“အစိုးရနဲ့ အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံဖို့၊ မွန်မြတ်တဲ့အလုပ် အမျိုးမျိုးအတွက် အသင့်ဖြစ်နေဖို့၊ . . . အကျိုးသင့်အကြောင်းသင့်ရှိဖို့” ကျမ်းစာ မိန့်မှာတယ်။ (တိတု ၃:၁၊ ၂) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘အရပ်ဘက်ဆိုင်ရာလုပ်ငန်းကို လက်ခံမယ်ဆိုရင် ခရစ်ယာန်ကြားနေမှုကို အလျှော့ပေးရာကျမလား ဒါမှမဟုတ် မှားယွင်းတဲ့ဘာသာရေးမှာ ပါဝင်ရာရောက်မလား။’ (မိက္ခာ ၄:၃၊ ၅။ ၂ ကောရိန္သု ၆:၁၆၊ ၁၇) ‘အဲဒီအလုပ်ကို လုပ်တဲ့အတွက် ခရစ်ယာန်တာဝန်တွေမှာ အပြည့်အဝ ပါဝင်ဖို့ ခက်မလား ဒါမှမဟုတ် အတားအဆီး ဖြစ်မလား။’ (မဿဲ ၂၈:၁၉၊ ၂၀။ ဧဖက် ၆:၄။ ဟီဘ) ‘အဲဒီအလုပ်ကို လုပ်တဲ့အတွက် ခရစ်ယာန်လုပ်ငန်းတွေမှာ တိုးချဲ့ပါဝင်နိုင်ပြီး အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာလည်း ပါဝင်နိုင်မလား။’— ရူး ၁၀:၂၄၊ ၂၅ဟီဘရူး ၆:၁၁၊ ၁၂။
ခရစ်ယာန်တစ်ဦးဟာ ထောင်ချခံမယ့်အစား အရပ်ဘက်ဆိုင်ရာလုပ်ငန်းကို လုပ်နိုင်တယ်လို့ အမှားအမှန်သိစိတ်နဲ့အညီ ဆုံးဖြတ်မယ်ဆိုရင် သူ့ဆုံးဖြတ်ချက်ကို ခရစ်ယာန်ချင်းတွေ လေးစားသင့်တယ်။ (ရောမ ၁၄:၁၀) အဲဒီလုပ်ငန်းကို မလုပ်နိုင်ဘူးလို့ သူယူဆရင်လည်း အဲဒါကို တခြားသူတွေ လေးစားသင့်တယ်။—၁ ကောရိန္သု ၁၀:၂၉။ ၂ ကောရိန္သု ၁:၂၄။