မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၀

ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု

ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု

မာကု ၁:၁၄၊ ၁၅ လုကာ ၄:၁၄၊ ၁၅ ယောဟန် ၄:၄၃-၅၄

  • “ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ” လို့ ယေရှု ဟောပြော

  • နန်းတွင်း​အရာရှိရဲ့ သားကို အဝေးကနေ ကုသ​ပေး

ယေရှု​က ရှမာရိ​ပြည်မှာ နှစ်​ရက်​လောက် နေ​ပြီးနောက် သူ့​ဇာတိ​နယ်​ကို ပြန်​သွားတယ်။ ယုဒပြည်မှာ ဟောပြောခြင်း​လုပ်ငန်းကို တိုးချဲ့​လုပ်ဆောင်ခဲ့တယ်။ အခု ဂါလိလဲ​နယ်​ကို ပြန်လာတာ အနားယူဖို့ မဟုတ်ဘူး။ အဲဒီအစား သူကြီး​ပြင်း​တဲ့​ဒေသမှာ အမှုဆောင်​လုပ်ငန်းကို စတင် တိုးချဲ့​လုပ်ဆောင်တယ်။ လူတွေ ကောင်းကောင်း​လက်ခံမယ်လို့ သူ​မျှော်လင့်​ထား​ပုံ​မရဘူး။ “ပရောဖက်ဟာ သူ့​နေရင်း​ဒေသမှာ လေးစား​မခံရ​ဘူး” လို့ သူကိုယ်တိုင် ပြောခဲ့ဖူး​လို့​ပဲ။ (ယောဟန် ၄:၄၄) တပည့်​တွေ​က သူနဲ့​နေမယ့်​အစား မိသားစု​တွေ​ဆီ ပြန်သွားပြီး အရင်​အလုပ်တွေကို ပြန်​လုပ်​နေကြ​တယ်။

ဘယ်သတင်းကို ယေရှု စဟော​ပြောသလဲ။ “ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ။ နောင်တရ​ကြပါ။ သတင်းကောင်းကို ယုံကြည်​ကြပါ” ဆိုတဲ့သတင်း​ပဲ။ (မာကု ၁:၁၅) လူတွေ ဘယ်လို တုံ့ပြန်​ကြသလဲ။ ဂါလိလဲ​ပြည်သား အများစုက ယေရှုကို ကြိုဆိုလက်ခံ​ပြီး လေးစား​ကြတယ်။ သူ​ဟောတဲ့ သတင်း​စကား​ကြောင့်​ပဲ မဟုတ်ပါဘူး။ ဂါလိလဲ​ပြည်သား​တချို့ဟာ ပသခါပွဲ​အတွင်း ဂျေရုဆလင်​မြို့မှာ​ရှိနေပြီး ယေရှု​ပြ​တဲ့​အံ့ဖွယ်​အမှုတွေ​ကို မြင်ခဲ့​ကြလို့ပဲ။—ယောဟန် ၂:၂၃

ဂါလိလဲ​ပြည်မှာ ယေရှုရဲ့ ကြီးမားတဲ့ အမှုဆောင်​လုပ်ငန်းကို ဘယ်​နေရာ​ကနေ စတင်​ခဲ့သလဲ။ ကာန​မြို့ ဖြစ်နိုင်တယ်။ ယေရှု​က အဲဒီမြို့မှာ ကျင်းပတဲ့ မင်္ဂလာပွဲ​မှာ ရေ​ကို စပျစ်ဝိုင်​အဖြစ် ပြောင်း​ပေးခဲ့​ဖူး​တယ်။ ဒီ​မြို့ကို ဒုတိယ​အကြိမ် ပြန်လာတဲ့​အခါ ကောင်လေး​တစ်ယောက် အပြင်း​ဖျား​ပြီး သေလုမြောပါး​ဖြစ်နေမှန်း ယေရှု​သိလိုက်​ရတယ်။ အဲဒီ​ကောင်လေး​ရဲ့ အဖေဟာ နှစ်ခြင်း​ပေးသူ​ယောဟန်​ကို ခေါင်းဖြတ်သတ်ခဲ့​တဲ့ ဘုရင်​ဟေရုဒ်အန္တိပ​ရဲ့ နန်းတွင်း​အရာရှိ​ပဲ။ ယုဒပြည်​ကနေ ကာန​မြို့ကို ယေရှု​ရောက်နေမှန်း ကြား​တာ​နဲ့ သူ​နေထိုင်တဲ့ ကပေရနောင်​မြို့ကနေ ကာန​မြို့ကို ထွက်လာ​တယ်။ ယေရှုကို​တွေ့​တော့ ဝမ်းနည်းပူဆွေး​နေတဲ့ အရာရှိ​က “သခင်၊ ကျွန်တော့်သားငယ် သေရ​ပါတော့မယ်။ မြန်မြန် လာ​ကြည့်​ပေးပါဦး” လို့​အသနားခံ​တယ်။—ယောဟန် ၄:၄၉

ယေရှု​က “အိမ်ကိုသာ ပြန်​လိုက်ပါ။ ခင်ဗျားရဲ့သား ကျန်းမာ​လာပြီ” လို့​ပြောလိုက်​တော့ သူ​အံ့သြ​သွားမှာပဲ။ (ယောဟန် ၄:၅၀) ဒါနဲ့ ယေရှုရဲ့​စကားကို ယုံကြည်ပြီး အိမ်​ပြန်​သွားတယ်။ လမ်းခုလတ်​မှာ သူ့​ကျွန်တွေ​က လာကြို​ပြီး သား​ဖြစ်သူ နေကောင်း​သွားပြီ​ဆိုတဲ့ သတင်းကောင်း ပြောပြတယ်။ သူက အဖြစ်အပျက်​ကို ဆက်စပ်​ကြည့်ချင်​တာ​နဲ့ “ဘယ်​အချိန်မှာ ကောင်း​သွားတာ​လဲ” လို့​မေးလိုက်တယ်။

“မ​နေ့​က၊ မွန်းလွဲ ၁ နာရီလောက်မှာ အဖျား​ကျသွား​ပါတယ်” လို့​ဖြေကြတယ်။—ယောဟန် ၄:၅၂

အဲဒီ​အချိန်​က “ခင်ဗျားရဲ့သား ကျန်းမာ​လာပြီ” လို့ ယေရှု​ပြောလိုက်တဲ့ အချိန်ပဲ​ဆိုတာ အရာရှိ သိလိုက်တယ်။ ကျွန်တွေကို​တောင် ပိုင်တဲ့​အထိ ချမ်းသာတဲ့​အရာရှိ​နဲ့ သူ့​အိမ်သူအိမ်သား​အားလုံး ခရစ်တော်ရဲ့​တပည့်​တွေ ဖြစ်လာကြတယ်။

ဒါကြောင့် ကာန​မြို့ဟာ ယေရှု အံ့ဖွယ်အမှု နှစ်ကြိမ်​ပြုလုပ်​ခဲ့​တဲ့ နေရာ​ဖြစ်တယ်။ ပထမ၊ ရေ​ကို စပျစ်ဝိုင်​အဖြစ် ပြောင်း​ပေးခဲ့တယ်။ ဒုတိယ၊ ၁၆ မိုင်​လောက်​ဝေး​တဲ့​နေရာ​ကနေ အရာရှိရဲ့သားကို ကုသ​ပေးခဲ့တယ်။ ယေရှု​က အဲဒီ​အံ့ဖွယ်​အမှုတွေ​လောက်​ပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ​ကုသမှု​က ထူးခြားတယ်။ အကြောင်းကတော့ အခု​တစ်ကြိမ် ဂါလိလဲ​ပြည်​ကို ပြန်လာ​ချိန်မှာ သူဟာ ဘုရားရဲ့ ပရောဖက်​ဖြစ်မှန်း ဒီ​ကုသမှု​က သက်သေပြ​လို့​ပဲ။ ဒါပေမဲ့ ပရောဖက်ဟာ သူ့​နေရင်း​ဒေသမှာ ဘယ်လောက်ထိ လေးစား​ခံရ​မလဲ။

နေရင်းမြို့ နာဇရက်​ကို ယေရှု​ရောက်တဲ့အခါ သိရပါလိမ့်မယ်။ အဲဒီမှာ ဘာတွေ ဖြစ်ပျက်​မလဲ။