မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆၀

ခရစ်တော်ရဲ့ဘုန်းအသရေဆိုင်ရာ မြင်ကွင်း

ခရစ်တော်ရဲ့ဘုန်းအသရေဆိုင်ရာ မြင်ကွင်း

မဿဲ ၁၆:၂၈–၁၇:၁၃ မာကု ၉:၁-၁၃ လုကာ ၉:၂၇-၃၆

  • ကိုယ်ယောင်​ပြောင်းလဲခြင်း မြင်ကွင်း

  • ဘုရားသခင့်​အသံကို တမန်တော်တွေ ကြားရ

ဟေရမုန်​တောင်​နဲ့ ၁၅ မိုင်​လောက်​ဝေး​တဲ့ ကဲသရိ​ဖိလိပ္ပိ​ဒေသမှာ ယေရှု သွန်သင်ပေး​နေတုန်း တမန်တော်တွေကို မယုံနိုင်စရာ​စကား တစ်ခွန်း​ပြောတယ်– “ကျွန်တော် မှန်တာကို​ပြောမယ်။ ဒီမှာ​ရပ်နေသူ​တချို့ဟာ နိုင်ငံတော်​နဲ့ ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံး​မှာ မဟုတ်ဘူး။”—မဿဲ ၁၆:၂၈

ယေရှု ဘာကို​ဆိုလို​တာလဲ​လို့ တပည့်​တွေ စဉ်းစားမိ​မှာ​ပဲ။ တစ်ပတ်​လောက်​ကြာ​တော့ ယေရှု​က တမန်တော်​သုံးယောက်​ဖြစ်တဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်တို့​ကို​ခေါ်ပြီး အလွန်​မြင့်တဲ့​တောင်ပေါ် တက်​သွားတယ်။ သူတို့​သုံးယောက် အိပ်ငိုက်​နေတယ်​ဆိုတော့ ည​အချိန်​ဖြစ်နိုင်တယ်။ ယေရှု​ဆုတောင်းနေ​ရင်း သူတို့ရှေ့​မှာ ကိုယ်ယောင်ပြောင်း​သွားတယ်။ မျက်နှာ​က နေ​လို​ထွန်းလင်း​ပြီး ဝတ်လုံ​က အလင်းရောင်​လို ဖြူဖွေးတောက်ပ​နေတာကို သူတို့ မြင်​လိုက်ရတယ်။

အဲဒီအခါ “မောရှေ​နဲ့ ဧလိယ” အဖြစ် ဖော်ပြ​ခံရသူ​နှစ်ဦး ပေါ်လာပြီး ယေရှုနဲ့ စကားပြော​နေကြ​တယ်။ “ဂျေရုဆလင်​မြို့မှာ ပြည့်စုံတော့မယ့် ယေရှုရဲ့ ထွက်ခွာ​ခြင်း​အကြောင်း” ပြော​နေကြတာ။ (လုကာ ၉:၃၀၊ ၃၁) ထွက်ခွာ​ခြင်း​ဆိုတာ မကြာသေးခင်က ယေရှု​ပြောခဲ့တဲ့ သူ့ရဲ့​သေခြင်းနဲ့ ထမြောက်ခြင်း​ကို ရည်ညွှန်းတယ်။ (မဿဲ ၁၆:၂၁) အဲဒါကို​ကြည့်ရင် ပေတရု​ပြောခဲ့သလို ဖြစ်လာမှာ​မဟုတ်ဘူး၊ အရှက်တကွဲ သေ​ရမှာ​ကို ယေရှု မရှောင်​လွှဲ​နိုင်ဘူး​ဆိုတာ သက်သေထူ​နေတယ်။

တမန်တော်​သုံးယောက်​လည်း မျက်လုံး​ကျယ်​သွားပြီး အံ့သြတကြီး​ကြည့်နေ၊ နားထောင်​နေကြ​တယ်။ အဲဒါက စိတ်အာရုံ​ဖြစ်ပေမဲ့ တကယ်​ဖြစ်နေသလိုပဲ။ ဒါကြောင့် ပေတရု​က “ဆရာ၊ ကျွန်တော်တို့ ဒီမှာ​ရှိနေ​ရတာ အခွင့်ထူးပါ။ ဒီမှာ တဲ​သုံးလုံး ဆောက်​ပေးပါ​ရစေ။ ဆရာ့​အတွက် တစ်လုံး၊ မောရှေ​အတွက် တစ်လုံး၊ ဧလိယ​အတွက် တစ်လုံးပေါ့” လို့ ဝင်​ပြောတယ်။ (မာကု ၉:၅) ပေတရု​က စိတ်အာရုံ​ကို နည်းနည်း​ကြာ​စေ​ချင်​လို့ တဲ​တွေ ဆောက်​ချင်​နေတာလား။

ပေတရု အဲဒီလို​ပြော​နေတုန်း သူတို့ကို တောက်ပတဲ့​တိမ်​တိုက် ဖုံးလွှမ်း​သွားပြီး “သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့​ချစ်သားပဲ။ သူ့​စကားကို နားထောင်ကြ” ဆိုတဲ့​အသံတစ်သံ တိမ်​တိုက်​ထဲ​က ထွက်လာ​တယ်။ ဒါကို​ကြား​တော့ တပည့်​တွေ အ​လန့်​တ​ကြား​ဖြစ်ပြီး ပျပ်ဝပ်​လိုက်ကြတယ်။ ဒါပေမဲ့ ယေရှု​က သူတို့ကို “ထပါ။ မကြောက်ပါနဲ့” လို့​ပြောတယ်။ (မဿဲ ၁၇:၅-၇) သူတို့ ထ​ကြည့်လိုက်တဲ့​အခါ ယေရှု​တစ်ယောက်တည်း​ကိုပဲ တွေ့​တော့​တယ်။ စိတ်အာရုံ ပျောက်ကွယ်​သွားပြီ။ မိုးလင်း​တော့ တောင်ပေါ်​ကနေ ပြန်​ဆင်းလာ​တဲ့အခါ ယေရှု​က “လူသား သေ​ရာ​ကနေ အသက်ပြန်ရှင်​လာချိန် မတိုင်ခင် ဒီ​စိတ်အာရုံ​အကြောင်း ဘယ်သူ့ကိုမှ မပြော​နဲ့” လို့​မှာတယ်။—မဿဲ ၁၇:၉

စိတ်အာရုံမှာ ဧလိယ​ကို တွေ့လိုက်ရတာ​ကြောင့် တမန်တော်တွေက “ဧလိယ အရင်​ပေါ်ထွန်း​မယ်​ဆိုပြီး ကျမ်းတတ်​တွေ ဘာလို့​ပြောတာလဲ” လို့​မေးတဲ့အခါ ယေရှု​က “ဧလိယ ပေါ်ထွန်း​ပြီးသွားပြီ။ လူတွေက သူ့ကို​ မသိ” ကြဘူး​လို့ ပြန်ဖြေ​တယ်။ (မဿဲ ၁၇:၁၀-၁၂) ဧလိယရဲ့ အလုပ်​မျိုးကို လုပ်ခဲ့တဲ့ နှစ်ခြင်း​ပေးသူ​ယောဟန်​အကြောင်း ယေရှု ပြော​နေတာ။ ဧလိယ​က ဧလိရှဲ​အတွက် လမ်း​ပြင်ဆင်​ပေးခဲ့သလို ယောဟန်လည်း ခရစ်တော်​အတွက် လမ်းပြင်ဆင်​ပေးခဲ့တယ်။

ဒီ​စိတ်အာရုံ​က ယေရှုနဲ့ တမန်တော်တွေကို ဘယ်လောက် အားရှိ​စေ​လိုက်မလဲ။ ဒါက ခရစ်တော်ရဲ့​နိုင်ငံတော် ဘုန်းအသရေ​ဆိုင်ရာ ကြိုတင်​မြင်ကွင်း​ပါပဲ။ ဒါကြောင့် ယေရှု​ကတိ​ပေးခဲ့တဲ့​အတိုင်း တပည့်တွေဟာ “နိုင်ငံတော်​နဲ့​ရောက်လာတဲ့ လူသားကို” မြင်ခဲ့​ရတယ်။ (မဿဲ ၁၆:၂၈) တောင်ပေါ်မှာ ယေရှုရဲ့ “မဟာ​ဘုန်းတော်” ကို သူတို့ “ကိုယ်တိုင်​မြင်ခဲ့” ကြတယ်။ ဖာရိရှဲတွေက ယေရှုဟာ ဘုရား​ရွေးကောက်​ထားတဲ့ ဘုရင်​ဖြစ်ကြောင်း သက်သေ​ပြဖို့ အံ့ဖွယ်အမှု​တစ်ခု လုပ်ပြ​ခိုင်း​ပေမဲ့ ယေရှု မ​လုပ်ပြခဲ့​ဘူး။ တပည့်​ရင်း​တွေ​ကတော့ ယေရှု ကိုယ်ယောင်​ပြောင်းလဲ​တာ​ကို မြင်ခွင့်​ရခဲ့တယ်။ အဲဒါက နိုင်ငံတော်​နဲ့​ဆိုင်တဲ့ ပရောဖက်ပြုချက်တွေကို အတည်ပြု​ပေးတယ်။ ဒါကြောင့် ပေတရု​က “ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့​အတွက် ပိုပြီး သေချာ​လာတယ်” လို့ ရေးနိုင်​ခဲ့​တာပေါ့။—၂ ပေတရု ၁:၁၆-၁၉