အခန်း ၄၀
ခွင့်လွှတ်မှုနဲ့ပတ်သက်တဲ့ သင်ခန်းစာ
-
အပြစ်များတဲ့အမျိုးသမီး ယေရှုရဲ့ ခြေထောက်ပေါ် ဆီမွှေးလောင်း
-
ကြွေးရှင်ပုံဥပမာသုံးပြီး ခွင့်လွှတ်မှုအကြောင်း သင်ပေး
လူတွေက သူတို့ရဲ့နှလုံးအခြေအနေပေါ် မူတည်ပြီး ယေရှုပြောတာ၊ လုပ်တာတွေကို အမျိုးမျိုး တုံ့ပြန်ကြတယ်။ ဂါလိလဲပြည်က အိမ်တစ်အိမ်မှာ အဲဒီအချက် ပိုပေါ်လွင်လာတယ်။ ရှိမုန်လို့ခေါ်တဲ့ ဖာရိရှဲက ယေရှုကို ညစာစားဖို့ ဖိတ်တယ်။ အံ့ဖွယ်အမှုတွေလုပ်နေသူကို အနီးကပ် အကဲခတ်ချင်လို့ဖြစ်မယ်။ ယေရှုကလည်း အဲဒီကိုလာမယ့်သူတွေကို ဟောဖို့ အခွင့်အရေးပဲဆိုပြီး လက်ခံလိုက်တယ်။ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ စားသောက်ဖို့ ဖိတ်ခေါ်ခံရတုန်းကလည်း လက်ခံခဲ့တာပဲ။
ဒါပေမဲ့ အိမ်ရှင်က ဧည့်သည်တွေကို ကြိုဆိုလေ့ရှိတဲ့အတိုင်း ယေရှုကို မကြိုဆိုဘူး။ ပါလက်စတိုင်းနယ်ရဲ့ ဖုန်ထူနေတဲ့လမ်းတွေမှာ လမ်းလျှောက်ရတော့ ကြိုးသိုင်းဖိနပ်စီးထားတဲ့ ခြေထောက်တွေက ပူပြီး ညစ်ပတ်နေတာပေါ့။ ဒါကြောင့် အိမ်ရှင်က ဧည့်သည်ရဲ့ ခြေထောက်ကို ရေအေးနဲ့ ဆေးပေးပြီး ဧည့်ဝတ်ကျေပွန်ကြောင်း ပြလေ့ရှိတယ်။ ဧည့်သည်ကို နမ်းပြီး ကြိုဆိုတဲ့ ထုံးစံလည်းရှိတယ်။ နောက်ထုံးစံတစ်ခုကတော့ ကြင်နာမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုပြတဲ့ အနေနဲ့ ဧည့်သည်ရဲ့ခေါင်းကို ဆီနည်းနည်း လောင်းပေးလေ့ရှိတယ်။ အဲဒါတွေတစ်ခုမှ ယေရှုကို မလုပ်ပေးဘူး။ ဒါကြောင့် ယေရှုဟာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမခံရမှန်း သိသာတယ်။
စားပွဲမှာ ဧည့်သည်တွေထိုင်ပြီး ညစာစားနေတုန်း မဖိတ်ခေါ်ထားတဲ့ အမျိုးသမီးတစ်ယောက် အခန်းထဲ တိတ်တိတ်လေး ဝင်လာတယ်။ “အပြစ်များသူအဖြစ် သိထားကြတဲ့” သူပေါ့။ (လုကာ ၇:၃၇) တကယ်တော့ လူသားအားလုံးဟာ အပြစ်သားတွေပါပဲ။ ဒီအမျိုးသမီးကတော့ အကျင့်ပျက်တဲ့မိန်းမ၊ ပြည့်တန်ဆာမ ဖြစ်နိုင်တယ်။ “ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်” ဆိုတဲ့ ဖိတ်ခေါ်ချက်အပါအဝင် ယေရှုရဲ့ သွန်သင်ချက်တွေကို သူကြားထားတာ ဖြစ်ရမယ်။ (မဿဲ ၁၁:၂၈၊ ၂၉) ယေရှုရဲ့စကားနဲ့ လုပ်ရပ်တွေကြောင့် စိတ်ထိမိသွားပြီး ယေရှုကို လာရှာတာ။
သူက ယေရှုရဲ့အနောက်ကို လာပြီး ခြေရင်းနားမှာ ဒူးထောက်လိုက်တယ်။ ယေရှုရဲ့ခြေထောက်ပေါ် မျက်ရည်တွေကျသွားတော့ သူ့ဆံပင်နဲ့ သုတ်ပေးတယ်။ ခြေထောက်ကို နမ်းရှုပ်ပြီး သူယူလာတဲ့ဆီမွှေးနဲ့ လောင်းတယ်။ ဒါကို ရှိမုန်က သဘောမကျတဲ့ အကြည့်နဲ့ ကြည့်နေပြီး “ဒီလူသာ ပရောဖက်မှန်ရင် သူ့ခြေထောက်ကို ကိုင်တဲ့ မိန်းမဟာ ဘယ်သူလဲဆိုတာ သိမှာပဲ။ သူဟာ အပြစ်များတဲ့သူဖြစ်မှန်း ဒီလူ မသိဘူးလား” လို့ တွေးနေတယ်။—လုကာ ၇:၃၉။
ရှိမုန်တွေးနေတာကို ယေရှုသိတဲ့အတွက် “ရှိမုန်၊ ခင်ဗျားကို ကျွန်တော် ပြောစရာတစ်ခု ရှိတယ်” ဆိုတော့ “ပြောပါ၊ ဆရာ” လို့ သူဖြေတယ်။ ဒါနဲ့ ယေရှု ဒီလိုဆက်ပြောတယ်– “ကြွေးရှင်တစ်ယောက်ဆီမှာ အကြွေးတင်နေတဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဒေနာရိ ၅၀၀၊ နောက်တစ်ယောက်က ၅၀ အကြွေးတင်နေတယ်။ သူတို့မှာ ကြွေးဆပ်စရာမရှိတော့ ကြွေးရှင်က သူတို့နှစ်ယောက်ရဲ့ အကြွေးကို တစ်ပြားမကျန် လျှော်ပစ်လိုက်တယ်။ ဒါဆိုရင် ဘယ်တစ်ယောက်က ကြွေးရှင်ကို ပိုပြီးမေတ္တာပြမလဲ။” ရှိမုန်က “အကြွေးပိုများတဲ့သူက ပိုပြီးမေတ္တာပြမယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး စိတ်မပါ့တပါ ဖြေတယ်။—လုကာ ၇:၄၀-၄၃။
ယေရှုက သူ့အဖြေကို ထောက်ခံပြီးနောက် အမျိုးသမီးကို ကြည့်လိုက်ပြီး ရှိမုန်ကို အခုလိုပြောတယ်– “ဒီအမျိုးသမီးကို ခင်ဗျားမြင်တယ် မဟုတ်လား။ ခင်ဗျားက အိမ်ထဲဝင်လာတဲ့ ကျွန်တော့်ကို ခြေဆေးဖို့ ရေမပေးဘူး။ သူကတော့ ကျွန်တော့်ခြေကို မျက်ရည်နဲ့ဆေးပြီး ဆံပင်နဲ့ သုတ်ပေးလိုက်ပြီ။ ခင်ဗျားက ကျွန်တော့်ကို နမ်းပြီး မကြိုဆိုဘူး။ သူကတော့ ဒီအိမ်ထဲ ကျွန်တော် ရောက်ကတည်းက ကျွန်တော့်ခြေကို နမ်းနေလိုက်တာ။ ခင်ဗျားက ကျွန်တော့်ခေါင်းကို ဆီမလောင်းပေးဘူး။ သူကတော့ ကျွန်တော့်ခြေကို ဆီမွှေးလောင်းပေးပြီ။” ဒီအမျိုးသမီးဟာ သူ့ရဲ့ အကျင့်ပျက် ဘဝပုံစံအတွက် စစ်မှန်တဲ့နောင်တရတယ်ဆိုတာ သက်သေပြနေမှန်း ယေရှုသိတယ်။ ဒါကြောင့် “ကျွန်တော်ပြောမယ်။ သူဟာ အပြစ်များလှပေမဲ့ ခွင့်လွှတ်ခံရပြီ။ ဒီတော့ သူက မေတ္တာအများကြီး ပြပြီပေါ့။ နည်းနည်းပဲ ခွင့်လွှတ်ခံရသူကတော့ နည်းနည်းပဲ မေတ္တာပြတတ်တယ်” လို့ နိဂုံးချုပ်လိုက်တယ်။—လုကာ ၇:၄၄-၄၇။
ကိုယ်ကျင့်တရား ပျက်ပြားတာကို ယေရှု မသိကျိုးကျွန်ပြုလိုက်တာ မဟုတ်ဘူး။ ကြီးလေးတဲ့အပြစ် ကျူးလွန်မိပေမဲ့ တကယ် ဝမ်းနည်းကြောင်း တင်ပြပြီး နှစ်သိမ့်မှုရဖို့ ခရစ်တော်ဆီလာတဲ့ လူတွေကို စာနာနားလည်ကြောင်း ပြနေတာ။ ယေရှုက အမျိုးသမီးကို “ခင်ဗျားရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ။ . . . ခင်ဗျားရဲ့ ယုံကြည်ခြင်းက ခင်ဗျားကို ကယ်တင်လိုက်ပြီ။ စိတ်အေးလက်အေးသာ သွားပါ” လို့ပြောလိုက်တဲ့အခါ သူဘယ်လောက် စိတ်သက်သာသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။—လုကာ ၇:၄၈၊ ၅၀။