မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၄

ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့

ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့

မဿဲ ၄:၂၃-၂၅ မာကု ၁:၃၅-၃၉ လုကာ ၄:၄၂၊ ၄၃

  • ယေရှုနဲ့ တပည့်​လေးယောက် ဂါလိလဲ​နယ်​တစ်လျှောက် လှည့်လည်

  • သူ့ရဲ့ ဟောပြောခြင်း​လုပ်ငန်း​နဲ့ လုပ်ဆောင်မှုတွေ​အကြောင်း လူသိ​များ​လာ

ယေရှုဟာ ကပေရနောင်​မြို့မှာ တပည့်​လေးယောက်​နဲ့​အတူ တစ်နေ့လုံး အလုပ်​များနေ​တယ်။ ညနေပိုင်း​ရောက်တော့ မြို့သားတွေ​က လူနာ​တွေကို သူ့​ဆီ ခေါ်လာ​ကြတယ်။ ဒါကြောင့် တစ်ယောက်တည်း​နေဖို့​တောင် အချိန်​မရှိသလောက်ပဲ။

နောက်​နေ့​မနက် မိုး​မ​လင်း​ခင် ယေရှု ခပ်စောစော​ထပြီး တစ်ယောက်တည်း ထွက်သွား​တယ်။ လူ​မရှိတဲ့ နေရာကို ရှာပြီး သူ့​အဖေ​ဆီ ဆုတောင်းတယ်။ ဒါပေမဲ့ သိပ်​မကြာ​လိုက်ပါ​ဘူး။ ယေရှု​မရှိမှန်း သိတာနဲ့ “ရှိမုန်​နဲ့ အပေါင်းပါ​တွေ” လိုက်ရှာ​ကြတော့တယ်။ ယေရှု​က ရှိမုန်​ပေတရု​အိမ်မှာ တည်း​တာ​ဆိုတော့ သူက ဦးဆောင်​ပြီး​ရှာ​တာ ဖြစ်နိုင်တယ်။—မာကု ၁:၃၆။ လုကာ ၄:၃၈

ယေရှုကို ရှာတွေ့​တာ​နဲ့ ပေတရု​က “ဆရာ့​ကို လူတွေ ရှာနေ​တယ်” လို့​ပြောတယ်။ (မာကု ၁:၃၇) မြို့သားတွေ​က ယေရှုကို ကပေရနောင်​မြို့မှာ​ပဲ ဆက်နေ​စေချင်တယ်။ ယေရှု​လုပ်ပေးတာ​တွေကို ကျေးဇူးတင်​လေးမြတ်​တဲ့​အတွက် “သူတို့ဆီကနေ ထွက်မသွားဖို့” တောင်းပန်​ကြတယ်။ (လုကာ ၄:၄၂) ဒါပေမဲ့ ယေရှု မြေကြီးပေါ်​လာ​ရတဲ့ အဓိက​ရည်ရွယ်ချက်​က ဒီလို အံ့ဖွယ်​ကုသမှု​တွေ လုပ်ပေးဖို့​လား။ သူ့ရဲ့​လုပ်ငန်းကို ဒီ​ဒေသမှာ​ပဲ လုပ်​နေ​တော့​မှာ​လား။ အဲဒါနဲ့​ပတ်သက်ပြီး ယေရှု​ဘာ​ပြောသလဲ။

ယေရှု​က “အနီးအနား မြို့ရွာ​တွေကို သွား​ဟော​ကြရအောင်။ ဒီအတွက်ပဲ ကျွန်တော်​လာတာ” လို့​တပည့်​တွေကို ပြောတယ်။ ဒါ့အပြင် သူ့ကို အဲဒီမှာ ဆက်နေ​စေချင်တဲ့ လူတွေကို “ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို တခြား​မြို့ရွာ​တွေ​မှာလည်း ဟောရ​ဦးမယ်။ အဲဒီ​အတွက် ကျွန်တော့်ကို စေလွှတ်​လိုက်တာ” လို့​ပြောတယ်။—မာကု ၁:၃၈။ လုကာ ၄:၄၃

မှန်ပါတယ်၊ ယေရှု မြေကြီးပေါ်​လာ​ရတဲ့ အဓိက​ရည်ရွယ်ချက်​က ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောပြောဖို့​ပါ။ ဒီနိုင်ငံတော်​က သူ့​ဖခင်ရဲ့ နာမတော်ကို သန့်ရှင်း​မြင့်မြတ်​စေပြီး လူသား​အားလုံးရဲ့ ရောဂါ​ဝေဒနာတွေကို အမြစ်​ပြတ် ပျောက်ကင်းစေ​ပါလိမ့်မယ်။ ယေရှု​က သူ့ကို ဘုရား​စေလွှတ်​ကြောင်း သက်သေထူ​ဖို့ အံ့ဖွယ်​ကုသမှု​တွေ လုပ်ပြ​တယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ​တုန်း​က​လည်း မောရှေဟာ သူ့ကို ဘုရား​စေလွှတ်​ကြောင်း သက်သေထူ​ဖို့ အံ့ဖွယ်​အမှုတွေ လုပ်ပြခဲ့​တယ်။—ထွက်မြောက်ရာ ၄:၁-၉၊ ၃၀၊ ၃၁

ဒါကြောင့် ယေရှုဟာ ကပေရနောင်​မြို့ကနေ ထွက်သွား​ပြီး တခြား​မြို့ရွာ​တွေ​မှာ တပည့်​လေးယောက်​နဲ့​အတူ ဟောပြောတယ်။ သူတို့ကတော့ ပေတရု၊ သူ့​ညီ​အန္ဒြေ၊ ယောဟန်နဲ့ သူ့​အစ်ကို​ယာကုပ်တို့​ပေါ့။ ယေရှုရဲ့ ခရီးသွားဖော်​တွေ​အဖြစ် အရင်​တစ်ပတ်​တုန်း​က သူတို့ကို ဦးဆုံး​ဖိတ်ခေါ်ခဲ့​တာ။

ယေရှုနဲ့ တပည့်​လေးယောက်​ရဲ့ ဂါလိလဲ​ပြည် ဟောပြောခြင်း ခရီးစဉ်​ဟာ သိပ်​အောင်မြင်ခဲ့တယ်။ ယေရှုနဲ့​ပတ်သက်တဲ့ သတင်း​ဟာ နေရာအနှံ့ ပျံ့သွား​တယ်။ “ဆီးရီးယား​တစ်ပြည်လုံး၊” ဒေကာ​ပေါ​လိ​နယ်​လို့​ခေါ်တဲ့ မြို့​ဆယ်​မြို့ရှိ​တဲ့​ဒေသ​နဲ့ ဂျော်ဒန်​မြစ် အနောက်ဘက်​ကမ်း ဒေသ​တွေကို​ပါ ပျံ့နှံ့​သွားတယ်။ (မဿဲ ၄:၂၄၊ ၂၅) အဲဒီ​ဒေသ​တွေ​အပြင် ယုဒ​နယ်​က လူတွေ တစ်​ပြုံ​ကြီး ယေရှုနဲ့ တပည့်​တွေ​နောက်ကို လိုက်​လာကြတယ်။ ရောဂါ​အမျိုးမျိုး စွဲကပ်​နေ​သူတွေကိုလည်း ခေါ်လာ​ကြတယ်။ သူတို့​စိတ်ပျက်အောင် ယေရှု မ​လုပ်ခဲ့ဘူး။ ဖျားနာ​သူတွေကို ကုသ​ပေးပြီး နတ်ဆိုး​တွေကို နှင်ထုတ်​ပေးတယ်။