အခန်း ၆၅
ဂျေရုဆလင်မြို့သွားတဲ့လမ်းမှာ သွန်သင်ပေးခြင်း
မဿဲ ၈:၁၉-၂၂ လုကာ ၉:၅၁-၆၂ ယောဟန် ၇:၂-၁၀
-
ယေရှုညီတွေရဲ့ သဘောထား
-
နိုင်ငံတော်လုပ်ငန်း ဘယ်လောက် အရေးကြီးသလဲ
ယေရှုက အမှုဆောင်လုပ်ငန်းကို ဂါလိလဲနယ်မှာ အချိန်အတော်ကြာ ဦးစားပေး လုပ်ဆောင်ခဲ့တယ်။ အဲဒီမှာ ယုဒနယ်ထက် တုံ့ပြန်မှု ပိုကောင်းတယ်။ ဒါ့အပြင် ဂျေရုဆလင်မြို့မှာရှိတုန်းက ဥပုသ်နေ့မှာ လူတစ်ယောက်ကို ကုသပေးလို့ “ဂျူးတွေက ယေရှုကိုသတ်ဖို့ ပိုလို့တောင် ကြိုးစားကြတယ်။”—ယောဟန် ၅:၁၈။ ၇:၁။
အခု အေဒီ ၃၂၊ ဆောင်းဦးရာသီ ရောက်လာပြီ။ တဲနေပွဲတော်လည်း နီးလာပြီ။ ဒီပွဲတော်ကို ခုနစ်ရက်ကြာ ကျင်းပပြီး ရှစ်ရက်မြောက်နေ့မှာ အထူးအစည်းအဝေး ကျင်းပတယ်။ ဒီပွဲတော်ဟာ စိုက်ပျိုးရေးနှစ် ကုန်ဆုံးပြီဆိုတာကို ဖော်ပြပြီး ရွှင်လန်း ဝမ်းမြောက်စရာအချိန်၊ ကျေးဇူးတင် ချီးမွမ်းစရာအချိန် ဖြစ်တယ်။
ယေရှုရဲ့ မိတူဖကွဲညီတွေဖြစ်တဲ့ ယာကုပ်၊ ရှိမုန်၊ ယောသပ်၊ ယုဒတို့က “ဒီနေရာကနေ ထွက်ပြီး ယုဒနယ်ကို သွားပါလား” ဆိုပြီး သူ့ကို ပြောကြတယ်။ ဂျေရုဆလင်မြို့ဟာ ဘာသာရေး အချက်အချာကျတဲ့မြို့ ဖြစ်လို့ နှစ်စဉ် ပွဲတော်သုံးခုအတွင်း သိပ်စည်ကားတယ်။ ယေရှုရဲ့ညီတွေက “ထင်ပေါ်ကျော်ကြားချင်သူဟာ ဘာကိုမှ လျှို့ဝှက်ပြီး မလုပ်တတ်ဘူး။ မင်းက ဒါတွေလုပ်နေတာဆိုတော့ တစ်လောကလုံး မင်းကိုသိသွားအောင် ပြလိုက်ပေါ့” လို့ပြောတယ်။—ယောဟန် ၇:၃၊ ၄။
တကယ်တော့ အဲဒီညီအစ်ကိုလေးယောက်ဟာ ယေရှုကို မေရှိယအဖြစ် “ယုံကြည်သက်ဝင်မှု မရှိကြဘူး။” ဒါပေမဲ့ ပွဲတော်တက်သူတွေ မြင်နိုင်အောင် အံ့ဖွယ်အမှုတချို့ လုပ်ပြစေချင်တယ်။ ယေရှုကတော့ အန္တရာယ်ကို ကြိုမြင်တဲ့အတွက် “လောကက မင်းတို့ကို မုန်းစရာအကြောင်း မရှိဘူး။ ငါ့ကိုတော့ မုန်းကြတယ်။ ဒီလောကရဲ့အကျင့်ဟာ ဆိုးညစ်တယ်လို့ ငါဖော်ထုတ်တာကိုး။ ပွဲတော်ကို မင်းတို့ပဲ သွားကြ။ ငါကတော့ အချိန်မတန်သေးလို့ မသွားသေးဘူး” လို့ပြောလိုက်တယ်။—ယောဟန် ၇:၅-၈။
ညီတွေက ခရီးသွား အုပ်စုကြီးနဲ့အတူ ထွက်သွားပြီးနောက် ရက်အနည်းငယ်ကြာမှ ယေရှုနဲ့ တပည့်တွေဟာ လူတွေမသိအောင် အသာလေးထွက်လာကြတယ်။ ဂျော်ဒန်မြစ်အနီးက သွားနေကျလမ်းအတိုင်း မသွားဘဲ ရှမာရိနယ်ကိုဖြတ်ပြီး ပိုနီးတဲ့လမ်းကနေ သွားကြတယ်။ ရှမာရိနယ်မှာ တည်းခိုရမှာဖြစ်လို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ တပည့်တချို့ကို ကြိုလွှတ်လိုက်တယ်။ ဒါပေမဲ့ ရှမာရိရွာတစ်ရွာမှာ ရွာသားတွေက ဂျူးပွဲတော်တက်ဖို့ ဂျေရုဆလင်မြို့ကို ယေရှုသွားနေမှန်း သိတဲ့အခါ မကြိုဆိုကြ၊ ဧည့်ဝတ်မပြုကြဘူး။ ဒီအခါ ယာကုပ်နဲ့ ယောဟန်က ဒေါသထွက်ပြီး “သခင်၊ ကောင်းကင်ကနေ မီးကျစေပြီး သူတို့ကို ဖျက်ဆီးလိုက်ရမလား” လို့မေးတယ်။ (လုကာ ၉:၅၄) သူတို့ အဲဒီလိုပြောတာကိုတောင် ယေရှု မကြိုက်ဘူး။ ဒါကြောင့် သူတို့ကို ဆုံးမပြီး ခရီးဆက်တယ်။
လမ်းမှာ ကျမ်းတတ်တစ်ယောက် ရောက်လာပြီး “ဆရာ၊ ဆရာသွားလေရာ ကျွန်တော်လိုက်ပါ့မယ်” လို့ပြောတယ်။ ယေရှုက “မြေခွေးမှာ မြေတွင်းရှိတယ်။ ငှက်တွေမှာ နားစရာနေရာ ရှိတယ်။ လူသားကတော့ ခေါင်းချစရာတောင် မရှိဘူး” ဆိုပြီး ပြန်ပြောတယ်။ (မဿဲ ၈:၁၉၊ ၂၀) ယေရှုရဲ့နောက်လိုက်ဖြစ်လာရင် အခက်အခဲဒုက္ခတွေ ကြုံရမယ်ဆိုပြီး ကျမ်းတတ်ကို ပြောနေတာ။ ကျမ်းတတ်ကတော့ မာနကြီးလွန်းတဲ့ပုံပဲ။ ဒါကြောင့် ဒုက္ခတွေပြည့်နေတဲ့ ဆူးခင်းလမ်းကို မလျှောက်ချင်ဘူး။ ကျွန်တော်တို့ တစ်ဦးစီလည်း “ယေရှုနောက်လိုက်ဖို့ ငါ ဘယ်လောက်ထိ လိုလိုလားလားရှိသလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။
နောက်တစ်ယောက်ကို ယေရှုက “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ပြောတော့ သူက “ဆရာ၊ အဖေ့ကို အရင် သင်္ဂြိုဟ်ပါရစေ” လို့ခွင့်တောင်းတယ်။ အဲဒီလူရဲ့ အခြေအနေကို သိလို့ ယေရှုက “လူသေကို လူသေတွေပဲ သင်္ဂြိုဟ်ပါစေ။ ခင်ဗျားကတော့ သွားပြီး ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောပါ” လို့ပြောတယ်။ (လုကာ ၉:၅၉၊ ၆၀) အမှန်တော့ သူ့အဖေ မသေသေးဘူး။ တကယ်လို့ သေသွားပြီဆိုရင် အဲဒီလူက ဒီနေရာမှာ ယေရှုနဲ့ စကားပြောနေပါ့မလား။ ဒီလူက ဘုရားနိုင်ငံတော်ကို ဘဝမှာ ဦးစားမထားချင်ဘူး။
ဂျေရုဆလင်မြို့ဘက်ကို ဆင်းလာတဲ့အခါ နောက်လူတစ်ယောက်က “ဆရာ၊ ဆရာ့နောက်ကို လိုက်ပါ့မယ်။ ဒါပေမဲ့ အိမ်သားတွေကို အရင် နှုတ်ဆက်ပါရစေဦး” လို့ပြောတော့ ယေရှုက “ထွန်ကိုင်းကို ကိုင်ရင်း နောက်လှည့်ကြည့်တဲ့သူဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ မထိုက်တန်ဘူး” လို့ပြောလိုက်တယ်။—လုကာ ၉:၆၁၊ ၆၂။
ယေရှုရဲ့တပည့်စစ် ဖြစ်ချင်သူဟာ နိုင်ငံတော်လုပ်ငန်းကိုပဲ အာရုံစိုက်ရမယ်။ ထယ်ထိုးနေတဲ့ လယ်သမားဟာ ရှေ့တည့်တည့်ကို ကြည့်မနေဘူးဆိုရင် ထယ်ကြောင်း ကောက်သွားမှာပဲ။ ထယ်ထိုးနေတဲ့အရှိန်ကို လျှော့ပြီး အနောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ လှည့်ကြည့်ရင် အလုပ်မြန်မြန်ပြီးမှာ မဟုတ်ဘူး။ အဲဒီလိုပဲ ဒီစနစ်ဟောင်းကို လှည့်ကြည့်သူဟာ ထာဝရအသက်လမ်းကနေ လွဲသွားနိုင်တယ်။