မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည်ဖြစ်လာ

တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည်ဖြစ်လာ

မဿဲ ၄:၁၃-၂၂ မာကု ၁:၁၆-၂၀ လုကာ ၅:၁-၁၁

  • တပည့်​တွေကို သူ့​နောက် အမြဲ​လိုက်​ဖို့ ဖိတ်ခေါ်

  • ငါးဖမ်း​တဲ့ တံငါသည်​တွေ လူကို​ဖမ်း​တဲ့​တံငါသည် ဖြစ်လာ

နာဇရက်​မြို့သားတွေ ယေရှုကိုသတ်ဖို့ ကြိုးစား​ပြီးနောက် “ဂင်နေ​သ​ရက်​အိုင်” လို့​လည်း​ခေါ်တဲ့ ဂါလိလဲ​အိုင်​နားက ကပေရနောင်​မြို့ကို ယေရှု ဆင်း​သွားတယ်။ (လုကာ ၅:၁) ဒါက ပင်လယ်​နား​မှာ​နေတဲ့ ဂါလိလဲ​နယ်သား​တွေ တောက်ပတဲ့​အလင်း​ကို မြင်ရမယ်​ဆိုတဲ့ ဟေရှာယ​ပရောဖက်ပြုချက် ပြည့်စုံတာ​ပဲ။—ဟေရှာယ ၉:၁၊ ၂

ယေရှု​က “ကောင်းကင်​နိုင်ငံ နီးနေပြီ” လို့ ဂါလိလဲ​နယ်​မှာ ဆက်​ဟောပြောတယ်။ (မဿဲ ၄:၁၇) အဲဒီမှာ တပည့်​လေးဦး​ကို တွေ့တယ်။ သူတို့ဟာ အစောပိုင်း​တုန်း​က ယေရှုနဲ့အတူ ခရီးသွား​ခဲ့​သူတွေ​ပဲ။ ဒါပေမဲ့ ယုဒပြည်​ကနေ ယေရှုနဲ့အတူ ပြန်လာပြီး​နောက် သူတို့ရဲ့ ငါးဖမ်း​လုပ်ငန်းကို ပြန်​လုပ်​နေကြ​တယ်။ (ယောဟန် ၁:၃၅-၄၂) အခုတော့ ယေရှု​နောက်ကို အမြဲ​လိုက်​ဖို့ အချိန်​ရောက်ပြီ။ ဒါမှ ယေရှု​မရှိတော့တဲ့​နောက်ပိုင်း အမှုဆောင်​လုပ်ငန်း ဆက်​လုပ်ဆောင်​နိုင်ဖို့ သူတို့ကို လေ့ကျင့်ပေး​နိုင်မယ်။

ကမ်းခြေတစ်လျှောက် ယေရှု သွား​နေတုန်း ရှိမုန်​ပေတရု၊ သူ့ညီ​အန္ဒြေ​နဲ့ တခြား​အဖော်​တွေ ပိုက်ကွန်တွေကို ဖာ​နေတာ တွေ့တယ်။ ယေရှု​က ပေတရုရဲ့ လှေပေါ်​တက်ပြီး ကမ်း​ကနေ ခွာ​ခိုင်းတယ်။ ကမ်း​နဲ့ နည်းနည်း​လှမ်း​သွားတဲ့အခါ ယေရှု​က လှေပေါ်​မှာ​ထိုင်ပြီး ကမ်း​ပေါ်မှာ​ရှိတဲ့​လူအုပ်ကြီး​ကို နိုင်ငံတော်​နဲ့​ပတ်သက်တဲ့ အမှန်တရား​တွေ စ​သွန်သင်​ပေးတယ်။

သွန်သင်​ပြီးသွားတဲ့အခါ ယေရှု​က ပေတရု​ကို “ရေ​နက်တဲ့​ဘက်​ကို လှော်သွားပြီး ပိုက်ကွန်​ချပါ” လို့​ပြောတော့ ပေတရု​က “ဆရာ၊ ကျွန်တော်တို့ တစ်ညလုံး ကြိုးစားတာ ငါး​တစ်ကောင်​မှ မရဘူး။ ဒါပေမဲ့ ဆရာ​ခိုင်းတဲ့အတိုင်း ပိုက်ကွန်​ချပါ့မယ်” လို့​ပြန်​ပြောတယ်။—လုကာ ၅:၄၊ ၅

ဒီ​နောက် ပိုက်ကွန်​ချ​လိုက်တဲ့အခါ ငါး​တွေ အများကြီး ဖမ်းမိ​ပြီး ပိုက်ကွန်​တွေ စုတ်ပြဲ​လု​မတတ်​ပဲ။ ဒါနဲ့ တခြား​လှေပေါ်​က တံငါသည်​တွေကို အချက်ပြ​ပြီး ခေါ်​လိုက်တယ်။ သူတို့ လာ​ဝိုင်းကူ​တဲ့အခါ လှေ​နှစ်စင်း​လုံး နစ်​လု​မတတ် ငါး​တွေ​အပြည့်​ရတယ်။ ဒါကို​မြင်တဲ့အခါ ပေတရု​က ယေရှု​ရှေ့မှာ ဒူးထောက်ပြီး “သခင်၊ ကျွန်တော်ဟာ အပြစ်​များတဲ့သူ​ပါ။ ကျွန်တော့်​ဆီက ထွက်သွား​ပေးပါ” လို့​ပြောတယ်။ ယေရှု​က “မစိုးရိမ်​နဲ့​တော့။ အခု​ချိန်​က​စပြီး ခင်ဗျားဟာ လူကို​ဖမ်း​တဲ့ တံငါသည် ဖြစ်လိမ့်မယ်” ဆိုပြီး ပေတရု​ကို ပြောတယ်။—လုကာ ၅:၈၊ ၁၀

ယေရှု​က ပေတရုနဲ့ အန္ဒြေ​ကို “ကျွန်တော့်​နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားတို့ကို လူ​ဖမ်း​တဲ့ တံငါသည်​တွေ ဖြစ်စေမယ်” လို့​ပြောတယ်။ (မဿဲ ၄:၁၉) ဇေဗေဒဲရဲ့သားတွေ​ဖြစ်တဲ့ ယာကုပ်နဲ့ ယောဟန်တို့​ကိုလည်း ဖိတ်ခေါ်တယ်။ သူတို့လည်း ချက်ချင်းပဲ ယေရှု​နောက်ကို လိုက်ကြတယ်။ သူတို့​လေးယောက်​ဟာ ငါးဖမ်း​လုပ်ငန်းကို စွန့်ပြီး ယေရှု​နောက်ကို အမြဲ​လိုက်တဲ့ ဦးဆုံး​တပည့်​တွေ ဖြစ်လာတယ်။