မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၇

မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်ပေး

မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်ပေး

လုကာ ၇:၁၁-၁၇

  • နာ​အိ​န​မြို့မှာ မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်​ပေး

တပ်မှူး​ရဲ့​အစေခံ​ကို ယေရှု ကုသ​ပေးပြီး​နောက် ကပေရနောင်​မြို့ရဲ့ အနောက်​တောင်ဘက် မိုင် ၂၀ ကျော်​ဝေး​တဲ့ နာ​အိ​န​မြို့ကို ထွက်သွား​တယ်။ သူ​တစ်ယောက်တည်း​တော့ မဟုတ်ဘူး။ တပည့်​တွေ​ရော လူတွေပါ အုပ်​လိုက်​ကြီး လိုက်သွား​တယ်။ နာ​အိ​န​မြို့ပြင်​ကို ရောက်တော့ ညနေစောင်း​နေပြီ။ အဲဒီမှာ အသုဘ​လိုက်​ပို့​တဲ့ ဂျူး​အတော်များများ​နဲ့ ဆုံတယ်။ သေဆုံးသွားတဲ့ လူငယ်​အလောင်းကို​ထမ်း​ပြီး မြို့ပြင်မှာသင်္ဂြိုဟ်​ဖို့ ထွက်လာ​ကြ​တာ။

အဲဒီ​လူအုပ်​ထဲမှာ ပူဆွေး​သောက အရောက်​ဆုံး​ကတော့ လူငယ်​လေး​ရဲ့​အမေ​ပဲ။ သူက မုဆိုးမ​တစ်ယောက်​ပေါ့။ အခု သူ့ရဲ့ တစ်ဦး​တည်းသောသားလေး ဆုံးသွား​ရှာ​ပြီ။ သူ့​ယောက်ျား ဆုံး​တုန်း​ကတော့ သူ့​အနားမှာ နှစ်သိမ့်​ပေးမယ့် ချစ်​ရတဲ့သားလေး ရှိသေးတယ်။ ဒီတော့ သားအမိ​နှစ်ယောက် ဘယ်လောက် သံယောဇဉ် ကြီး​လိုက်မလဲ​ဆိုတာ စဉ်းစားကြည့်ပါ။ သားလေး​ဟာ သူ့​ဘဝ၊ သူ့​မျှော်လင့်ချက်။ အားကိုးစရာ​ဆိုလို့ ဒီသားလေး​ပဲ​ရှိတာ။ အခု သားလေး​ဆုံးသွား​ပြီဆို​တော့ သူ့ကို ဘယ်သူက အဖော်​လုပ်ပေး​မလဲ။ ဘယ်သူက ကြည့်ရှု​စောင့်ရှောက်​ပေး​မလဲ။

ပူဆွေး​သောက​ရောက်နေတဲ့ မုဆိုးမရဲ့ သနားစရာ အခြေအနေကို ယေရှု​မြင်​တော့ အရမ်း​စိတ်ထိခိုက်​သွားပြီး “မ​ငို​ပါ​နဲ့​တော့” လို့ ပြောလိုက်​တယ်။ သူ့​လေသံ​က ကရုဏာ​အပြည့်​ပါပြီး ယုံကြည်​စိတ်ချမှု​လည်း ဖြစ်စေတယ်။ ဒါပေမဲ့ ပြောတာ​လောက်​ပဲ မဟုတ်ဘူး။ ရှေ့​တိုး​သွားပြီး အလောင်း​စင်​ကို ကိုင်​လိုက်တယ်။ (လုကာ ၇:၁၃၊ ၁၄) ဝမ်းနည်း​နေတဲ့ မြို့သူ​မြို့သားတွေ​ဟာ ယေရှုရဲ့​အ​ပြု​အမူ​ကြောင့် အံ့သြ​သွားပြီး ရပ်​လိုက်ကြတယ်။ ‘သူ​ဘာလို့ ဒီလို​လုပ်တာ​လဲ၊ ဘာများ​လုပ်​မ​လို့​လဲ’ ဆိုပြီး စဉ်းစားနေကြမှာ​ပဲ။

ယေရှုနဲ့အတူ​ပါ​လာတဲ့ လူအုပ်ကြီး​ရော။ သူတို့က ယေရှု အံ့ဖွယ်​အမှုတွေ လုပ်တာ၊ ရောဂါ​ကုပေး​တာတွေကို မြင်ခဲ့​ပြီးပြီ။ လူသေတွေကို ရှင်ပြန်ထမြောက်​ပေးတာ​တော့ တစ်ခါ​မှ မမြင်ဖူး​သေး​ဘူး။ အတိတ်​တုန်း​ကတော့ လူသေ​တွေ အသက်ပြန်ရှင်​လာတဲ့ မှတ်တမ်းတွေ ရှိခဲ့ပေမဲ့ ယေရှု အဲဒီလိုလုပ်​နိုင်​ပါ့မလား။ (၁ ဘုရင်များ ၁၇:၁၇-၂၃။ ၂ ဘုရင်များ ၄:၃၂-၃၇) ယေရှု​က “လူ​လေး၊ ကျွန်တော်​ပြောမယ်။ ထပါ” လို့​ပြောလိုက်​တယ်။ (လုကာ ၇:၁၄) ပြောတဲ့​အတိုင်း သေတဲ့​လူက ထ​ထိုင်ပြီး စကားပြော​တော့​တယ်။ ယေရှုလည်း အံ့သြ​နေတဲ့ အမေ​ဆီ သားကို အပ်​လိုက်တယ်။ အခု သူ့​အမေ တစ်ယောက်တည်း​မဟုတ်​တော့​လို့ ဘယ်လောက် ဝမ်းသာ​နေ​မလဲ။

လူငယ် အသက်ပြန်ရှင်​လာတာကို လူအုပ်​မြင်တဲ့အခါ “ငါတို့​ဆီမှာ ကြီးမြတ်တဲ့​ပရောဖက် ပေါ်ထွန်း​ပြီ” လို့​ပြောပြီး အသက်ပေး​ပိုင်ရှင် ယေဟောဝါ​ဘုရားကို ချီးမွမ်း​ဂုဏ်တင်​ကြတယ်။ တချို့က ယေရှု​လုပ်ပေးတဲ့ အံ့ဖွယ်အမှု​ရဲ့​အဓိပ္ပာယ်​ကို နားလည်ပြီး “ဘုရားသခင်က သူ့​လူမျိုးကို သတိ​ရပြီ” လို့​လည်း ပြော​ကြတယ်။ (လုကာ ၇:၁၆) အံ့သြစရာ​ကောင်းတဲ့ ဒီသတင်းက ပတ်ဝန်းကျင်​အရပ်ရပ်​ကို ချက်ချင်း ပျံ့နှံ့​သွားတယ်။ ၆ မိုင်​လောက်​ဝေး​တဲ့ ယေရှုရဲ့​ဇာတိ​မြို့ နာဇရက်​ကိုတောင် ရောက်​နိုင်တယ်။ ဒါ့အပြင် တောင်ဘက် ယုဒပြည်​တစ်ဝန်းလုံး​ကိုလည်း ပျံ့သွား​တယ်။

နှစ်ခြင်း​ပေးသူ ယောဟန်​ကတော့ ထောင်​ထဲမှာ ရှိနေတုန်းပဲ။ ယေရှုရဲ့​လုပ်ဆောင်မှုတွေကို သူ သိပ်​စိတ်ဝင်စား​နေတာ။ သူ့တပည့်​တွေ​က ဒီ​အံ့ဖွယ်​အမှုတွေ​အကြောင်း ပြောပြ​ကြတယ်။ သူ ဘယ်လို တုံ့ပြန်သလဲ။