အခန်း ၄၉
ဂါလိလဲပြည်မှာ ဟောပြောခြင်း၊ တမန်တော်တွေကို လေ့ကျင့်ပေးခြင်း
မဿဲ ၉:၃၅–၁၀:၁၅ မာကု ၆:၆-၁၁ လုကာ ၉:၁-၅
-
ဂါလိလဲပြည်မှာ ယေရှု ထပ်ဟောပြော
-
ဟောပြောဖို့ တမန်တော်တွေကို စေလွှတ်
ယေရှု အားသွန်ခွန်စိုက် ဟောပြောလာတာ နှစ်နှစ်လောက်ရှိနေပြီ။ ဒီတော့ အရှိန်လျှော့ပြီး အေးအေးဆေးဆေး နေတော့မလား။ ဝေးပါသေးတယ်။ ယေရှုက ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့တယ်။ “[ဂါလိလဲပြည်] မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားဇရပ်တွေမှာ သွန်သင်တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောတယ်၊ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။” (မဿဲ ၉:၃၅) သူမြင်တွေ့ခဲ့တဲ့ အရာတွေကြောင့် ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ဖို့လိုမှန်း သိလာတယ်။ ဒါပေမဲ့ ဘယ်လို တိုးချဲ့ လုပ်ဆောင်နိုင်မလဲ။
လူတွေဟာ အမှန်တရားကို သိဖို့ လိုနေမှန်း၊ နှစ်သိမ့်မှုနဲ့ အကူအညီ လိုနေမှန်း ခရီးလှည့်လည်ချိန်မှာ ယေရှု သိမြင်ခဲ့တယ်။ သူတို့ဟာ အရေခွံဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့အတွက် သူတို့ကို သနားတယ်။ ဒီတော့ တပည့်တွေကို “စပါးရိတ်စရာ အများကြီးရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်။ ဒါကြောင့် လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ” လို့ပြောတယ်။—မဿဲ ၉:၃၇၊ ၃၈။
ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ဖို့ ဘာက အကူအညီ ဖြစ်စေမလဲ ဆိုတာ ယေရှုသိတယ်။ ဒါကြောင့် တမန်တော် ၁၂ ယောက်ကိုခေါ်၊ နှစ်ယောက်တစ်တွဲစီ ခြောက်တွဲတွဲပေးပြီး အခုလို ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ပေးတယ်– “လူမျိုးခြားတွေဆီ မသွားကြနဲ့။ ရှမာရိမြို့တွေထဲ မဝင်ကြနဲ့။ အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီကိုပဲ သွားကြပါ။ သွားတဲ့အခါ ‘ကောင်းကင်နိုင်ငံ နီးနေပြီ’ ဆိုပြီး ဟောပြောကြပါ။”—မဿဲ ၁၀:၅-၇။
သူတို့ဟောပြောရမယ့် နိုင်ငံတော်ဟာ စံပြဆုတောင်းချက်မှာ ယေရှုဖော်ပြခဲ့တဲ့ နိုင်ငံတော်ပဲ။ ဘုရားသခင်ခန့်အပ်ထားတဲ့ဘုရင် ယေရှုခရစ် ရောက်ရှိနေခြင်းက “ကောင်းကင်နိုင်ငံ နီးနေပြီ” ဆိုတဲ့သဘောပဲ။ ယေရှုရဲ့ တပည့်တွေဟာ ကောင်းကင်နိုင်ငံတော်ကို အမှန်တကယ် ကိုယ်စားပြုတယ်ဆိုတာ ဘာက သက်သေထူမလဲ။ ယေရှုက ဖျားနာသူတွေကို ကျန်းမာစေဖို့၊ လူသေတွေကို အသက်ပြန်ရှင်စေဖို့ သူတို့ကို တန်ခိုးပေးတယ်။ အဲဒါတွေအားလုံးကို အခမဲ့ လုပ်ပေးခိုင်းတယ်။ ဒါပေမဲ့ တမန်တော်တွေဟာ နေ့စဉ် စားဖို့သောက်ဖို့ အပါအ၀င် သူတို့ရဲ့ လိုအပ်ရာတွေကို ဘယ်ကရမလဲ။
ဒီဟောပြောခြင်း ခရီးစဉ်အတွက် အထုပ်အပိုး ပြင်စရာမလိုဘူးလို့ တပည့်တွေကို ယေရှုပြောတယ်။ ငွေအိတ်ထဲမှာ ရွှေငွေတွေ၊ ကြေးတွေ ဆောင်ထားဖို့ မလိုဘူး။ လမ်းခရီးအတွက် ရိက္ခာအိတ်၊ အင်္ကျီအပို၊ ဖိနပ်အပိုတွေလည်း ဆောင်ထားဖို့ မလိုဘူး။ ဘာကြောင့်လဲ။ “အလုပ်လုပ်တဲ့သူဟာ ကျွေးမွေးတာ ခံထိုက်” လို့ပဲ။ (မဿဲ ၁၀:၁၀) သတင်းကောင်းကို လက်ခံတဲ့သူတွေက တပည့်တွေရဲ့ အခြေခံလိုအပ်ရာတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။ “အိမ်တစ်အိမ်ကို ဝင်တဲ့အခါ အဲဒီမြို့ကနေ မထွက်မချင်း အဲဒီအိမ်မှာပဲ တည်းခိုပါ” လို့ ယေရှုပြောတယ်။—မာကု ၆:၁၀။
နိုင်ငံတော်သတင်း ဟောတဲ့အခါ အိမ်ရှင်တွေကို ဘယ်လို နှုတ်ဆက်ရမယ်ဆိုတာကိုလည်း ဒီလိုညွှန်ကြားတယ်– “အိမ်ထဲဝင်တဲ့အခါ အိမ်သားတွေကို ‘ငြိမ်သက်ခြင်းရှိပါစေ’ ဆိုပြီး နှုတ်ဆက်ပါ။ သူတို့လက်ခံရင် အဲဒီအိမ်မှာ ငြိမ်သက်ခြင်း သက်ရောက်လိမ့်မယ်။ လက်မခံရင်တော့ ငြိမ်သက်ခြင်းဟာ ခင်ဗျားတို့ဆီပဲ ပြန်သက်ရောက်လိမ့်မယ်။ ခင်ဗျားတို့ကို လက်မခံဘူး၊ ခင်ဗျားတို့စကားကို နားမထောင်ဘူးဆိုရင် အဲဒီအိမ်၊ အဲဒီမြို့ကနေ ထွက်ခွာတဲ့အခါ ခြေထောက်က ဖုန်တွေကို ခါလိုက်ပါ။”—မဿဲ ၁၀:၁၂-၁၄။
သတင်းကောင်းကို တစ်မြို့လုံး ဒါမှမဟုတ် တစ်ရွာလုံး လက်မခံတာတောင် ရှိနိုင်တယ်။ ဒါဆို အဲဒီနေရာ ဘာဖြစ်မလဲ။ ပြင်းပြင်းထန်ထန် တရားစီရင်ခံရမှာဖြစ်ကြောင်း အခုလို ရှင်းပြတယ်– “ကျွန်တော် မှန်တာကိုပြောမယ်။ တရားစီရင်ရာနေ့မှာ အဲဒီမြို့ဟာ သောဒုံမြို့နဲ့ ဂေါမောရမြို့ထက် ပိုခံရလိမ့်မယ်။”—မဿဲ ၁၀:၁၅။