မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆၂

နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ

နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ

မဿဲ ၁၇:၂၂–၁၈:၅ မာကု ၉:၃၀-၃၇ လုကာ ၉:၄၃-၄၈

  • မိမိရဲ့​သေခြင်း​အကြောင်း ယေရှု ထပ်ပြော

  • ငါးပါး​စပ်​ထဲ​က ငွေ​ပြား​နဲ့ အခွန်ဆောင်

  • နိုင်ငံတော်မှာ ဘယ်သူ အကြီးမြတ်ဆုံး​ဖြစ်မလဲ

ယေရှု​က ကဲသရိ​ဖိလိပ္ပိ​ဒေသမှာ ကိုယ်ယောင်ပြောင်း​လဲ​တယ်၊ နတ်ဆိုးစွဲ​တဲ့ ကောင်လေး​ကို ကုသ​ပေးတယ်။ အဲဒီနောက် လူအုပ်​ကို အသိ​မပေး​ဘဲ ကပေရနောင်​မြို့ကို တပည့်​တွေ​နဲ့​ပဲ သီးသန့်​သွားတယ်။ (မာကု ၉:၃၀) အဲဒီလို​သွားတာ​ကြောင့် သူ့ရဲ့​သေခြင်း​အတွက်၊ နောက်ပိုင်း တပည့်​တွေ​ လုပ်​ရမယ့် လုပ်ငန်း​အတွက် ပြင်ဆင်​ပေးဖို့ အခွင့်အရေး ထပ်​ရလာတယ်။ ယေရှု​က “လူသားကို သစ္စာဖောက်​ပြီး လူတွေ​လက်ထဲ အပ်​ကြ​လိမ့်မယ်။ အသေသတ်​ကြ​လိမ့်မယ်။ သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာမယ်” လို့​ရှင်းပြတယ်။—မဿဲ ၁၇:၂၂၊ ၂၃

တကယ်တော့ ဒီ​အကြောင်းကို သူတို့ အခု​မှ​ ကြားဖူး​တာ မဟုတ်ဘူး။ ယေရှု​က သူ​အသတ်​ခံရမယ်ဆို​တာ​ကို အစောပိုင်း​တုန်း​က ပြောခဲ့​သေးတယ်။ ဒါကို ပေတရု မယုံ​ဘူး။ (မဿဲ ၁၆:၂၁၊ ၂၂) တမန်တော်​သုံးယောက်​လည်း ကိုယ်ယောင်​ပြောင်းလဲ​တာ​ကို မြင်ရပြီး “ယေရှုရဲ့ ထွက်ခွာ​ခြင်း​အကြောင်း” ဆွေးနွေး​တာ​ကို ကြားခဲ့တယ်။ (လုကာ ၉:၃၁) အခု ယေရှု​ပြောတဲ့​စကားတွေကို တပည့်​တွေ ကြားတဲ့​အခါ “သိပ်​ဝမ်းနည်း​သွားကြတယ်။” ဒါပေမဲ့ အဲဒီ​စကားတွေကို အပြည့်အဝ နားမလည်​ကြဘူး။ (မဿဲ ၁၇:၂၃) မေး​လည်း မ​မေး​ရဲ​ကြဘူး။

ဒီလိုနဲ့ ယေရှုရဲ့​အမှုဆောင်​လုပ်ငန်း အခြေ​စိုက်​ရာ​မြို့၊ တမန်​တော်​တချို့ရဲ့ နေရင်းမြို့ ကပေရနောင်​ကို ရောက်​လာကြတယ်။ ဒီ​အခါ ဗိမာန်တော် အခွန် ကော​က်​ခံ​သူတွေက ပေတရု​ဆီ ရောက်လာတယ်။ ယေရှု အခွန်​မပေးဘူး​ဆိုပြီး စွပ်စွဲ​ချင်​လို့​ဖြစ်မယ်။ ဒါကြောင့် “ခင်ဗျားတို့​ဆရာက ဗိမာန်တော်​အခွန် မပေးဘူး​လား” လို့​မေးတယ်။—မဿဲ ၁၇:၂၄

ပေတရု​က “ပေး​ပါတယ်” လို့​ပြန်ဖြေ​ပြီး အိမ်ထဲ​ဝင်​လာတယ်။ အဲဒီ​ကိစ္စ​ကို ယေရှု​ သိထား​ပြီး​ဖြစ်လို့ ပေတရု ဘာမှ​မပြော​ခင်​ “ရှိမုန်၊​ ခင်ဗျား ဘယ်လို​ထင်သလဲ။ ဘုရင်တွေ​က အခွန်​အကောက် အမျိုးမျိုးကို ဘယ်သူ့ဆီကနေ ကော​က်​ခံသလဲ။ ကိုယ့်သားတွေ​ဆီကနေ​လား၊ တခြားသူတွေ​ဆီကနေ​လား” လို့ ဆီး​ပြီး မေးလိုက်တယ်။ “တခြားသူတွေ​ဆီကနေ ကော​က်​ပါတယ်” လို့ ပေတရု​ဖြေ​တော့ ယေရှု​က “မှန်တယ်၊ ဘုရင့်သားတွေ​က အခွန်​ပေး​စ​ရာ မလိုဘူး” လို့​ပြောတယ်။—မဿဲ ၁၇:၂၅၊ ၂၆

ယေရှုရဲ့​ဖခင်ဟာ စကြဝဠာရဲ့ ဘုရင်​ဖြစ်ပြီး ဗိမာန်တော်မှာ ဝတ်ပြု​ကိုးကွယ်ခံ​ရတဲ့​အရှင် ဖြစ်တယ်။ ဒါကြောင့် ဘုရားရဲ့ သားတော်​အနေနဲ့ ဗိမာန်တော်​အခွန် ပေး​စ​ရာ မလိုဘူး။ ဒါပေမဲ့ ယေရှု​က “ကျွန်တော်တို့ကို သူတို့ စိတ်​မခု​ရလေ​အောင် အိုင်​ကို​သွားပြီး ငါးမျှား​ခဲ့။ ဦးဆုံး​မိ​တဲ့ ငါးရဲ့​ပါးစပ်​ထဲမှာ ငွေ​တစ်ပြား​တွေ့​လိမ့်မယ်။ အဲဒီ​ငွေကို​ယူပြီး ကျွန်တော်​နဲ့ ခင်ဗျား​အတွက် အခွန်​ပေးလိုက်ပါ” ဆိုပြီး​ပြောတယ်။—မဿဲ ၁၇:၂၇

နောက်တော့ တပည့်​တွေ​က နိုင်ငံတော်မှာ ဘယ်သူ အကြီးမြတ်ဆုံး​ဖြစ်မလဲ​လို့ ယေရှုကို မေးကြတယ်။ ယေရှုရဲ့​သေခြင်း​အကြောင်း မ​မေး​ရဲ​တဲ့​သူတွေက အခုတော့ သူတို့ရဲ့ အနာဂတ်​အကြောင်း မကြောက်မရွံ့ မေး​နေကြပါ​လား။ သူတို့ ဘာကို​တွေး​နေမှန်း ယေရှု​သိတယ်။ တကယ်တော့ ကပေရနောင်​မြို့ကို​ ပြန်တဲ့ လမ်းမှာ အဲဒီ​အကြောင်း အငြင်းပွား​ခဲ့​ကြ​တာ။ ဒါကြောင့် ယေရှု​က “ခင်ဗျားတို့ လမ်းမှာ ဘာတွေ ငြင်းခုံ​နေကြတာ​လဲ” လို့​ မေးလိုက်တယ်။ (မာကု ၉:၃၃) ဒီ​အခါ သူတို့ အဖြေ​ရ​ခက်​သွား​လို့ ဘာမှ ပြန်​မပြောကြဘူး။ သူတို့​ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး အငြင်းပွား​ခဲ့​ကြတာကိုး။ နောက်ဆုံး​တော့ တပည့်​တွေ​က သူတို့​ဆွေးနွေးခဲ့​တဲ့ မေးခွန်း​နဲ့​ပတ်သက်ပြီး “ကောင်းကင်​နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံး​ဖြစ်မလဲ” လို့​မေးကြတယ်။—မဿဲ ၁၈:၁

သုံးနှစ်​နီးပါး ယေရှု​ပြောသမျှ၊ လုပ်သမျှကို မြင်ခဲ့​ကြားခဲ့​ပြီးမှ အခုလို​ငြင်းခုံကြ​တာ မယုံနိုင်စရာ​ပဲ။ ဒါပေမဲ့ သူတို့က ပြည့်၀​စုံလင်သူ​တွေ​မှ မဟုတ်တာ။ ဒါ့အပြင် ရာထူး​အဆင့်အတန်း​ကို အလေးပေး​တဲ့ ဘာသာရေး​အသိုင်းအဝိုင်းမှာ ကြီးပြင်းလာ​ကြ​တာ။ ပေတရု​ဆိုရင်လည်း နိုင်ငံတော်ရဲ့ “သော့​တွေ” အပ်နှင်း​ခံရမယ်လို့ ယေရှု​ကိုယ်တိုင် သူ့ကို ကတိ​ပေးခဲ့တာ။ ဒါကြောင့် တခြားသူတွေ​ထက် ပိုသာ​တယ်လို့ ထင်နေတာ​များလား။ ယာကုပ်နဲ့ ယောဟန်​က​လည်း ယေရှု ကိုယ်ယောင်​ပြောင်းလဲ​တာ​ကို မြင်ခဲ့​ရလို့ တခြားသူတွေ​ထက် ပိုသာ​တယ်လို့ ခံစား​နေရတာ ဖြစ်နိုင်တယ်။

ဘာပဲ​ဖြစ်ဖြစ် ယေရှု​က သူတို့ရဲ့ သဘောထားကို တည့်မတ်​ပေးတယ်။ ကလေး​တစ်ယောက်ကို​ခေါ်၊ သူတို့​အလယ်မှာ ရပ်​ခိုင်း​ပြီး ဒီလို​ပြောတယ်– “ခင်ဗျားတို့ဟာ စိတ်ထား​ပြောင်းလဲ​ပြီး ကလေးငယ်​တွေ​လို ဖြစ်အောင် မ​လုပ်​ဘူးဆိုရင် ကောင်းကင်​နိုင်ငံ​ကို ဘယ်လိုမှ ဝင်​ရမှာ​မဟုတ်ဘူး။ ဒီ​ကလေးငယ်​လို နှိမ့်ချ​မယ်​ဆိုရင်တော့ ကောင်းကင်​နိုင်ငံမှာ အကြီးမြတ်ဆုံး​ဖြစ်လိမ့်မယ်။ ကျွန်တော့်​နာမည်ကို ထောက်​ပြီး ကလေးငယ်​လို လူတစ်ယောက်ကို လက်ခံ​တဲ့​သူဟာ ကျွန်တော့်ကို လက်ခံ​တဲ့​သူပဲ။”—မဿဲ ၁၈:၃-၅

ကောင်းမွန်​ထိရောက်တဲ့ သွန်သင်နည်း​ပါပဲ။ ယေရှု​က တပည့်​တွေကို ဒေါသ​မ​ထွက်​ခဲ့​ဘူး။ လောဘ​ကြီးသူတွေ၊ ရည်မှန်းချက်​ကြီးသူတွေ​လို့ မ​ခေါ်​ခဲ့​ဘူး။ အဲဒီအစား သင်ခန်းစာပေး​ခဲ့​တယ်။ ကလေးငယ်​တွေ​မှာ ရာထူး​အဆင့်အတန်း လိုချင်​စိတ်၊ ထင်ပေါ်​ကျော်ကြား​ချင်စိတ် မရှိဘူး။ ဒါကြောင့် တပည့်တွေလည်း အဲဒီလို သဘောထားမျိုး မွေးမြူဖို့​လို​ကြောင်း ထောက်ပြ​နေတာ။ ဒီနောက် တပည့်​တွေကို “ခင်ဗျားတို့​ထဲမှာ အ​နှိမ့်ချ​ဆုံး​လူဟာ အကြီးမြတ်ဆုံး​လူ​ပဲ” လို့​ပြောပြီး သင်ခန်းစာ​ကို နိဂုံးချုပ်​လိုက်တယ်။—လုကာ ၉:၄၈