မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၇

မိန်းမငယ်လေး အသက်ပြန်ရှင်လာ

မိန်းမငယ်လေး အသက်ပြန်ရှင်လာ

မဿဲ ၉:၁၈၊ ၂၃-၂၆ မာကု ၅:၂၂-၂၄၊ ၃၅-၄၃ လုကာ ၈:၄၀-၄၂၊ ၄၉-၅၆

  • ယာအိရု​ရဲ့ သမီးကို ယေရှု အသက်ပြန်ရှင်​စေ

ယေရှု​ကြောင့် သွေးသွန်နာ​စွဲ​တဲ့ အမျိုးသမီး ရောဂါ​ပျောက်​သွားတာကို ယာအိရု မြင်​လိုက်ရတယ်။ ဒါကြောင့် သူ့သမီးလေးကို​လည်း ယေရှု​ကုပေး​နိုင်မှန်း သိတယ်။ ဒါပေမဲ့ ‘အခု​လောက်​ဆိုရင် သမီးလေး သေနေ​လောက်ပြီ’ လို့​တွေး​နေ​မိတယ်။ (မဿဲ ၉:၁၈) အဲဒီ​မိန်းကလေး ပြန်နေ​ကောင်း​လာနိုင်​ပါ့မလား။

ယေရှု​က ရောဂါ​ပျောက်သွားတဲ့ အမျိုးသမီးနဲ့ စကားပြော​နေတုန်း ယာအိရု​အိမ်ကနေ လူတချို့ ရောက်လာပြီး “သမီးလေး ဆုံးသွား​ပါပြီ။ ဆရာ့​ကို ဒုက္ခ​မပေး​ပါ​နဲ့​တော့” လို့​ပြောတယ်။—မာကု ၅:၃၅

သတင်းဆိုး​ကြီး​ပါပဲ။ သူ့ရဲ့​တစ်ဦးတည်းသော သမီးလေး ဆုံးသွား​ရှာ​ပြီ။ ယာအိရု​ဟာ သူ့​အသိုင်းအဝိုင်းမှာ ရိုသေ​လေးစား​ခံရသူ၊ သြဇာ​အာဏာ​ရှိသူ ဖြစ်ပေမဲ့ အခုတော့ ဘာမှ မတတ်နိုင်​တော့​ဘူး။ ဒါပေမဲ့ ဒီသတင်းကို​ကြား​တော့ ယေရှု​က ယာအိရု​ဘက်​လှည့်​ပြီး “ဘာမှ မစိုးရိမ်ပါနဲ့။ ယုံကြည်ခြင်းသာ ရှိပါ” လို့​ ပြောလိုက်​တယ်။—မာကု ၅:၃၆

ဒီ​နောက် ယေရှု​က ယာအိရု​အိမ်ကို လိုက်သွား​တယ်။ အဲဒီကို ရောက်တဲ့အခါ လူတွေ အုတ်​အုတ်​ကျက်​ကျက် ဖြစ်နေတာ၊ ရင်ဘတ်​ထု​ပြီး အော်ငို​နေကြတာ​ကို တွေ့ရတယ်။ ဒါနဲ့ အိမ်ထဲ​၀င်​ပြီး “ဒီ​မိန်းကလေး သေ​တာ​မှ မဟုတ်ဘဲ။ အိပ်ပျော်​နေတာ” လို့​ပြောလိုက်​တယ်။ (မာကု ၅:၃၉) ယုံ​နိုင်​စ​ရာ​မရှိတဲ့ စကားပါပဲ။ ဒါကို​ကြား​တော့ လူတွေ လှောင်​ရယ်​ကြပါ​လေ​ရော။ မိန်းကလေး တကယ်​သေသွား​ပြီဆို​တာ သူတို့ သိ​တာ​ကိုး။ ဒါပေမဲ့ အိပ်မော​ကျနေ​တဲ့​သူ နိုးထ​လာနိုင်သလို သေနေတဲ့​သူ အသက် ပြန်ရှင်​လာနိုင်တယ်​ဆိုတာ သက်သေ​ပြဖို့ ယေရှု​က ဘုရားပေး တန်ခိုးကို အသုံးပြု​ပါလိမ့်မယ်။

ယေရှု​က မိန်းကလေးရဲ့ မိဘနှစ်ပါး​နဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်​က​လွဲလို့ အားလုံးကို အပြင်ထွက်​ခိုင်း​လိုက်တယ်။ ပြီးတော့ သူတို့​ငါးယောက်​နဲ့​အတူ မိန်းကလေး​ရှိတဲ့ အခန်း​ထဲ ဝင်​လာတယ်။ ဒီ​နောက် မိန်းကလေးရဲ့​လက်ကို ကိုင်ပြီး “‘တ​လိသ ကု​မိ’ လို့​ပြော​တယ်။ ‘မိန်းကလေး၊ ကျွန်တော်​ပြောမယ်၊​ “ထပါ”’ လို့​အဓိပ္ပာယ်​ရတယ်။” (မာကု ၅:၄၁) မိန်းကလေး​လည်း ချက်ချင်း​ထပြီး လမ်းလျှောက်​တော့​တယ်။ ဒါကို​မြင်​တော့ ယာအိရု​နဲ့ သူ့​ဇနီး ဘယ်လောက် ဝမ်းသာ​သွားမလဲ​ဆိုတာ စဉ်းစားကြည့်ပါ။ မိန်းကလေး တကယ်​အသက်ရှင်​ပြီဆို​တာ ထပ်ဆင့် သက်သေ​ပြ​တဲ့​အနေနဲ့ ယေရှု​က မိန်းကလေးကို စားစရာ​တစ်ခုခု​ကျွေး​ဖို့ မှာတယ်။

ခါ​တိုင်း​လို​ပဲ ဒီ​တစ်ခေါက်​မှာလည်း ယေရှု​က သူ​လုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြော​နဲ့​လို့ မိဘတွေကို မှာတယ်။ ဒါပေမဲ့ ဝမ်းသာ​နေတဲ့ မိဘတွေ​နဲ့ တခြားသူတွေ​ကြောင့် ဒီသတင်း​ဟာ “အဲဒီ​ဒေသ​တစ်ခုလုံး ပျံ့သွား​တယ်။” (မဿဲ ၉:၂၆) ချစ်​ရတဲ့​သူ​တစ်ယောက် သေ​ရာ​ကနေ အသက်ပြန်ရှင်​လာတာကို မြင်တွေ့ရ​မယ်​ဆိုရင် သင်လည်း ၀မ်းသာ​အားရ ပြောပြ​မှာ​ပဲ မဟုတ်လား။ ဒီ​မှတ်တမ်းက သေတဲ့​သူ ပြန်ရှင်​လာ​အောင် ယေရှု​လုပ်ပေးတဲ့ ဒုတိယ​မှတ်တမ်း​ဖြစ်တယ်။