အခန်း ၅၆
လူကိုညစ်ညူးစေတဲ့အရာ
မဿဲ ၁၅:၁-၂၀ မာကု ၇:၁-၂၃ ယောဟန် ၇:၁
-
လူ့ထုံးတမ်းစဉ်လာတွေကို ယေရှု ဖော်ထုတ်
အေဒီ ၃၂၊ ပသခါပွဲ နီးလာတာနဲ့အမျှ ဂါလိလဲနယ်မှာ လူတွေကိုသွန်သင်ပေးပြီး ယေရှု အလုပ်များနေတယ်။ ဒီနောက် ဘုရားပညတ်မှာပါတဲ့အတိုင်း ပသခါပွဲတက်ဖို့ ဂျေရုဆလင်မြို့ကို သွားပုံရတယ်။ ဒါပေမဲ့ သူ့ကိုသတ်ဖို့ ဂျူးတွေကြံစည်နေလို့ သတိနဲ့သွားလာတယ်။ (ယောဟန် ၇:၁) ဒီနောက် ဂါလိလဲနယ်ကို ပြန်လာတယ်။
ယေရှု ကပေရနောင်မြို့မှာ ရှိနေတုန်း ဖာရိရှဲနဲ့ ကျမ်းတတ်တွေ ဂျေရုဆလင်မြို့ကနေ ရောက်လာတာ ဖြစ်နိုင်တယ်။ သူတို့ ဘာဖြစ်လို့ လာတာလဲ။ ယေရှုကို ဘာသာရေးပြစ်မှု ကျူးလွန်သူအဖြစ် စွပ်စွဲနိုင်အောင် အကြောင်းရှာချင်လို့ပဲ။ သူတို့က “ရှေးလူကြီးတွေရဲ့ ထုံးတမ်းစဉ်လာကို ခင်ဗျားရဲ့ တပည့်တွေ ဘာလို့ ချိုးဖောက်တာလဲ။ သူတို့ လက်မဆေးဘဲ အစာစားတယ်” လို့ပြောကြတယ်။ (မဿဲ ၁၅:၂) “တံတောင်ဆစ်အထိ လက်ဆေး” တဲ့ထုံးစံကို လိုက်ဖို့ ဘုရားသခင် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူး။ (မာကု ၇:၃) အဲဒီလိုမလုပ်တာက ကြီးလေးတဲ့အပြစ်ပဲလို့ ဖာရိရှဲတွေ ယူမှတ်ကြတယ်။
သူတို့ရဲ့ စွပ်စွဲချက်ကို တိုက်ရိုက်အဖြေပေးမယ့်အစား ယေရှုက ဘုရားပညတ်ကို သူတို့ ဘယ်လောက်ထိ တမင်တကာ ချိုးဖောက်နေမှန်း အခုလိုထောက်ပြတယ်– “ခင်ဗျားတို့ကျတော့ကော၊ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ ပညတ်ချက်ကို ဘာလို့ ချိုးဖောက်တာလဲ။ ဘုရားသခင်က ‘မိဘကို ရိုသေပါ၊’ ‘မိဘကို ရင့်ရင့်သီးသီး ပြောဆိုတဲ့သူ သေဒဏ်ခံရမယ်’ လို့ ပညတ်ထားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကျတော့ ‘“အဖေနဲ့အမေကို ထောက်ပံ့မယ့် ပစ္စည်းတွေ ဘုရားသခင်ဆီ လှူလိုက်ပြီ” ဆိုပြီး မိဘကို ပြောတဲ့သူဟာ မိဘကို ရိုသေစရာ မလိုတော့ဘူး’ လို့ပြောကြတယ်။”—မဿဲ ၁၅:၃-၆။ ထွက်မြောက်ရာ ၂၀:၁၂။ ၂၁:၁၇။
ဘုရားသခင်ဆီ လှူလိုက်တဲ့ ငွေ၊ ပစ္စည်းဥစ္စာနဲ့ ဘယ်အရာကိုမဆို ဗိမာန်တော်က ပိုင်သွားပြီ၊ အဲဒါကို တခြားနေရာမှာ မသုံးရဘူးလို့ ဖာရိရှဲတွေ ပြောကြတယ်။ တကယ်တမ်းကျတော့ လှူလိုက်တဲ့ပစ္စည်းတွေဟာ လှူဒါန်းသူရဲ့လက်ထဲမှာ ရှိနေတုန်းပဲ။ ဥပမာ၊ သားဖြစ်သူက ငွေ ဒါမှမဟုတ် ပစ္စည်းဥစ္စာကို “ကော်ဘန်၊” ဘုရား ဒါမှမဟုတ် ဗိမာန်တော်ကို လှူလိုက်ပြီလို့ ပြောရင် အဲဒါကို ဗိမာန်တော်က ပိုင်သွားပြီဆိုတဲ့ သဘောပဲ။ အဲဒီငွေ ဒါမှမဟုတ် ပစ္စည်းဟာ သားဖြစ်သူရဲ့ လက်ထဲမှာ ရှိနေပေမဲ့ ဒုက္ခရောက်နေတဲ့ မိအိုဖအိုကို ကူညီပေးဖို့တော့ အဲဒါကို မသုံးရဘူးဆိုပြီး ပြောတယ်။ ဒီလိုနည်းနဲ့ သူဟာ သားသမီး၀တ္တရား ကျေပွန်စရာမလိုတော့ဘူး။—မာကု ၇:၁၁။
ဘုရားပညတ်ကို အခုလို မလိမ့်တပတ်လုပ်တဲ့အတွက် ယေရှု ဒေါသထွက်ပြီး ဒီလိုပြောတယ်– “ခင်ဗျားတို့ဟာ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ဘေးချိတ်လိုက်တာပဲ။ သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့အကြောင်း ဟေရှာယ ပရောဖက်ပြုခဲ့တဲ့ စကားတွေဟာ သိပ်မှန်တာပဲ။ ‘ဒီလူမျိုးက ငါ့ကို နှုတ်နဲ့ပဲ ရိုသေတယ်။ သူတို့ရဲ့ စိတ်ကတော့ ငါနဲ့ဝေးလှတယ်။ သူတို့က လူ့ထုံးတမ်းစဉ်လာကို ငါ့ရဲ့အယူဝါဒသဖွယ် သွန်သင်တဲ့အတွက် ငါ့ကို ကိုးကွယ်နေတာ အချည်းနှီးပဲ’ လို့ သူပြောခဲ့တယ်။” ယေရှု အခုလို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်တာကို ဖာရိရှဲတွေ လုံးဝ မချေပနိုင်တော့ဘူး။ ဒါနဲ့ ယေရှုက လူအုပ်ကို အနားခေါ်ပြီး “နားထောင်ပါ။ ဒီစကားတွေရဲ့ ဆိုလိုရင်းကို သဘောပေါက်ကြပါ။ ခံတွင်းထဲဝင်တဲ့အရာက လူကို ညစ်ညူးစေတာ မဟုတ်ဘူး။ ခံတွင်းထဲက ထွက်တဲ့အရာကသာ လူကို ညစ်ညူးစေတာပါ” လို့ပြောတယ်။—မဿဲ ၁၅:၆-၁၁။ ဟေရှာယ ၂၉:၁၃။
နောက်တော့ အိမ်ထဲဝင်တဲ့အခါ တပည့်တွေက အနားလာပြီး “သခင်ပြောတဲ့ စကားကြောင့် ဖာရိရှဲတွေ စိတ်ခုသွားတာကို သိပါသလား” လို့မေးတော့ ယေရှုက “ကောင်းကင်အဖ မစိုက်ပျိုးတဲ့ အပင်အားလုံးဟာ အနုတ်ခံရမှာပဲ။ သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲကျသွားမယ်” လို့ပြန်ပြောတယ်။—မဿဲ ၁၅:၁၂-၁၄။
ပေတရုက လူကို ညစ်ညူးစေတဲ့ အရာအကြောင်း ရှင်းပြပေးပါလို့ တပည့်တွေကိုယ်စား တောင်းဆိုလိုက်တဲ့အခါ ယေရှု အံ့သြသွားပုံပဲ။ ဒါကြောင့် “ခံတွင်းထဲ ဝင်သမျှ ဝမ်းထဲရောက်ပြီး ရေအိမ်မှာ စွန့်ပစ်လိုက်ရတာ မသိဘူးလား။ ဒါပေမဲ့ ခံတွင်းထဲက ထွက်တဲ့အရာတွေကတော့ စိတ်နှလုံးထဲက ထွက်လာတာဖြစ်လို့ လူကို ညစ်ညူးစေတယ်။ ဥပမာပြောရရင်၊ မကောင်းကြံစည်တာ၊ လူ့အသက်သတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိင်အကျင့်ယိုယွင်းတာ၊ ခိုးတာ၊ မဟုတ်မမှန် သက်သေထွက်ဆိုတာ၊ ဘုရားကို စော်ကားပြောဆိုတာတွေဟာ စိတ်နှလုံးထဲက ထွက်လာတာတွေပေါ့။ ဒါတွေဟာ လူကို ညစ်ညူးစေတယ်။ လက်မဆေးမဿဲ ၁၅:၁၇-၂၀။
ဘဲ အစာစားတာက လူကို ညစ်ညူးစေတာ မဟုတ်ဘူး” လို့ ရှင်းပြတယ်။—ယေရှုက တစ်ကိုယ်ရေသန့်ရှင်းမှုကို အားမပေးတာ မဟုတ်ဘူး။ အစားအသောက်တွေကို မပြင်ဆင်ခင် ဒါမှမဟုတ် အစာမစားခင် လက်ဆေးဖို့မလိုဘူးလို့ ပြောနေတာလည်း မဟုတ်ဘူး။ အဲဒီအစား လူ့ထုံးတမ်းစဉ်လာတွေကို လိုက်နာကျင့်သုံးပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပညတ်တွေကို ဘေးချိတ်ထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ သူတော်ကောင်း ယောင်ဆောင်မှုကို ပြစ်တင်ရှုတ်ချနေတာ။ အမှန်တော့ စိတ်နှလုံးထဲက ထွက်လာတဲ့ ဆိုးညစ်တဲ့အကျင့်တွေက လူကိုညစ်ညူးစေတာ ဖြစ်တယ်။