အခန်း ၄၄
လေမုန်တိုင်းကိုငြိမ်သက်စေ
မဿဲ ၈:၁၈၊ ၂၃-၂၇ မာကု ၄:၃၅-၄၁ လုကာ ၈:၂၂-၂၅
-
ဂါလိလဲအိုင်မှာ လေမုန်တိုင်းကို ငြိမ်သက်စေ
ယေရှု တော်တော်ပင်ပန်းနေပြီ။ ညနေပိုင်းရောက်တော့ “အိုင်တစ်ဖက်ကမ်းကို ကူးရအောင်” လို့တပည့်တွေကို ပြောတယ်။ အဲဒါက ကပေရနောင်မြို့ တစ်ဖက်မှာရှိတဲ့ ဒေသဖြစ်တယ်။—မာကု ၄:၃၅။
ဂါလိလဲအိုင်ရဲ့ အရှေ့ဘက် ကမ်းခြေတစ်လျှောက်ဟာ ဂေရသနယ်ဖြစ်ပြီး ဒေကာပေါလိနယ်လို့လည်း ခေါ်တယ်။ ဒေကာပေါလိမြို့တွေဟာ ဂရိယဉ်ကျေးမှုရဲ့ ဗဟိုဖြစ်ပေမဲ့ ဂျူးအများကြီး နေထိုင်ကြတယ်။
ကပေရနောင်မြို့ကနေ ယေရှု ထွက်သွားတာကို လူတွေသိသွားတဲ့အခါ တခြားလှေတွေနဲ့ လိုက်လာပြီး တစ်ဖက်ကမ်းကို ကူးကြတယ်။ (မာကု ၄:၃၆) ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းက သိပ်အဝေးကြီးတော့ မဟုတ်ဘူး။ ဂါလိလဲအိုင်ဟာ အရှည် ၁၃ မိုင်၊ အကျယ် ၇ မိုင်ရှိတဲ့ ရေချိုအိုင်ကြီးဖြစ်ပြီး ရေလည်းနက်တယ်။
ယေရှုဟာ ပြည့်ဝစုံလင်သူဖြစ်ပေမဲ့ တစ်နေ့လုံး သွန်သင်ပေးရလို့ မောပန်းနေမှာပဲ။ ဒါကြောင့် တစ်ဖက်ကမ်းကို ကူးနေတဲ့အခါ လှေပဲ့ပိုင်းမှာ ခေါင်းအုံးအုံးပြီး အိပ်နေတယ်။
တမန်တော်အများစုဟာ အတွေ့အကြုံရှိတဲ့ သင်္ဘောသားတွေဖြစ်ပေမဲ့ အခုလိုရွက်လွှင့်ရတာ လွယ်တော့မလွယ်ဘူး။ တောင်တွေဝိုင်းရံနေတဲ့ ဂါလိလဲအိုင်ရဲ့ ရေမျက်နှာပြင်ဟာ ပူနွေးနေတတ်တယ်။ တောင်ပေါ်က လေအေး တိုက်ခတ်လာတဲ့အခါမျိုးမှာ ပူနွေးတဲ့ ရေမျက်နှာပြင်နဲ့ ထိတွေ့ပြီး ရုတ်တရက် လေပြင်းမုန်တိုင်းတွေ ဖြစ်တတ်တယ်။ အခုလည်း လှိုင်းလုံးကြီးတွေ ရိုက်ခတ်ပြီး “ရေဝင်လာတဲ့အတွက် လှေနစ်တော့မလို ဖြစ်သွားတယ်။” (လုကာ ၈:၂၃) ယေရှုကတော့ အိပ်ပျော်နေတုန်းပဲ။
တပည့်တွေလည်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး လှေကို အတတ်နိုင်ဆုံး ထိန်းကြတယ်။ အရင်တုန်းကလည်း မုန်တိုင်းတွေ ကြုံဖူးပေမဲ့ ဒီလောက်မဆိုးဘူး။ အခုတော့ သူတို့ သေမှာကိုကြောက်လို့ ယေရှုကို လာနှိုးပြီး “သခင်၊ ကယ်ပါဦး။ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ (မဿဲ ၈:၂၅) သူတို့ရေနစ်တော့မှာကို ကြောက်နေကြတာ။
ဒါနဲ့ ယေရှုထလာပြီး တမန်တော်တွေကို “ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ ကြောက်နေတာလဲ” လို့ပြောတယ်။ (မဿဲ ၈:၂၆) ပြီးတော့ လှိုင်းနဲ့လေကို “တိတ်ဆိတ်ငြိမ်သက်စေ” လို့အမိန့်ပေးလိုက်တယ်။ (မာကု ၄:၃၉) ဒီအခါ မုန်တိုင်းစဲပြီး လှိုင်းလေ ငြိမ်သက်သွားတယ်။ (ဒီအကြောင်းကို မာကုနဲ့ လုကာ မှတ်တမ်းတင်တဲ့အခါ လေမုန်တိုင်းကို အံ့ဖွယ်နည်းနဲ့ ငြိမ်သက်စေတဲ့အကြောင်း အရင်ပြောပြီးမှ တပည့်တွေ ယုံကြည်ခြင်းနည်းတဲ့အကြောင်းကို ပြောတယ်။)
တပည့်တွေ ဘယ်လို ဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ လှိုင်းလေထန်နေတဲ့ အိုင်ကြီးဟာ သူတို့မျက်စိရှေ့မှာပဲ ငြိမ်သက်သွားတာကိုး။ ဒါကြောင့် သိပ်ကြောက်သွားပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။ အဲဒီနောက် အိုင်တစ်ဖက်ကမ်းကို ဘေးကင်းကင်းနဲ့ ရောက်သွားတယ်။ (မာကု ၄:၄၁–၅:၁) တခြားလှေတွေကတော့ အနောက်ဖက်ကမ်းကို ပြန်သွားကြတာ ဖြစ်နိုင်တယ်။
ဘုရားသခင့်သားတော်ဟာ သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်စွမ်းရှိမှန်း သိရတာ သိပ်အားရှိစရာပဲ။ သူအုပ်ချုပ်ချိန်အတွင်း ကမ္ဘာမြေကြီးကို အပြည့်အဝ အာရုံစိုက်တဲ့အခါ လူသားအားလုံးဟာ ဘေးကင်းလုံခြုံစွာ နေထိုင်ရပါလိမ့်မယ်။ သဘာဝဘေးအန္တရာယ်တွေကို ကြောက်စရာ မလိုတော့ဘူး။