မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၃

ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း

ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း

မဿဲ ၁၂:၁၅-၂၁ မာကု ၃:၇-၁၂

  • ယေရှုကို လူအုပ် တွန်းတိုက်​ကြ

  • ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံ​စေ

ဖာရိရှဲတွေ​နဲ့ ဟေရုဒ်​နောက်လိုက်​တွေ မိမိကိုသတ်ဖို့ ကြံစည်နေ​မှန်း ယေရှု​သိတော့ တပည့်​တွေ​နဲ့​အတူ ဂါလိလဲ​အိုင်​ကို ထွက်သွား​တယ်။ ဂါလိလဲ​ပြည်၊ ပင်လယ်​ဆိပ်ကမ်း​မြို့​ဖြစ်တဲ့ တိုင်​ရာ​နဲ့ ဆိုင်ဒုန်​မြို့၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်​ကမ်း၊ ဂျေရုဆလင်​မြို့၊ တောင်ဘက် အိဒုမဲပြည်​မှာ​ရှိတဲ့​လူတွေ အုပ်​လိုက်​ကြီး ယေရှု​နောက်ကို လိုက်​လာကြတယ်။ လူတွေကို ကုသ​ပေးတဲ့​အခါ ရောဂါ​ဝေဒနာ အပြင်းအထန် ခံစား​နေရ​သူတွေက သူတို့ကို ယေရှု တို့​ထိ​မယ့်​အချိန်​ထိ မ​စောင့်​နိုင်ကြ​တော့​ဘူး။ ဒါကြောင့် ယေရှုကို တို့​ထိ​ဖို့ အ​လု​အယက် တိုးဝှေ့​နေကြ​တယ်။—မာကု ၃:၉၊ ၁၀

လူတွေ​များ​လွန်း​လို့ ယေရှု​က လူအုပ်​တွန်းတိုက်​တာ မခံရအောင်၊ ကမ်း​ကနေ ခွာ​နိုင်အောင် တပည့်​တွေကို လှေ​ငယ်​တစ်စင်း အသင့်ပြင်​ထား​ခိုင်းတယ်။ ဒီလို​နည်းနဲ့ လှေပေါ်​ကနေ သွန်သင်ပေး​နိုင်သလို ကမ်းခြေတစ်လျှောက်​က လူတွေ​ဆီ​သွားပြီး ကူညီ​ပေး​နိုင်တယ်။

တပည့်ဖြစ်​သူ​မဿဲ​က ယေရှုရဲ့ လုပ်ဆောင်မှုတွေဟာ “ပရောဖက် ဟေရှာယ​က​တစ်ဆင့် ပြောခဲ့တဲ့ ဒီ​စကားတွေ” ကို ပြည့်စုံ​စေတယ်လို့ ပြောခဲ့တယ်။ (မဿဲ ၁၂:၁၇) ဘယ်​ပရောဖက်ပြုချက်ကို ယေရှု​ပြည့်စုံ​စေသလဲ။

“ငါ့​ကျွန်၊ ငါ​ရွေးချယ်​တဲ့​သူ၊ ငါ​ချစ်​မြတ်နိုးတဲ့​သူကို ကြည့်ပါ။ သူ့​အပေါ် ငါ့ရဲ့​စွမ်းအားတော် သက်ရောက်​စေမယ်။ လူမျိုးတွေကို တရား​မျှတ​ခြင်း​အကြောင်း သူ​ကြားသိစေ​မယ်။ သူဟာ ငြင်းခုံ​တာ၊ အော်ဟစ်တာ​တွေ လုပ်မှာ​မဟုတ်ဘူး။ လမ်းမ​တွေ​မှာ သူ့​အသံကို ဘယ်သူမှ ကြားမှာ​မဟုတ်ဘူး။ နင်း​ခြေ​ခံရတဲ့ ကျူပင်​ကို ချိုး​မှာ မဟုတ်ဘူး။ ငြိမ်း​ခါနီး မီး​စာ​ကိုလည်း ငြိမ်းသတ်​မှာ မဟုတ်ဘူး။ တရား​မျှတ​ခြင်း​ကို သူ​အောင်ပွဲ​ခံစေ​မယ့် အချိန် မရောက်မချင်း​ပေါ့။ သူ့​နာမည်ဟာ လူမျိုးတွေကို မျှော်လင့်ချက် ပေးလိမ့်မယ်။”—မဿဲ ၁၂:၁၈-၂၁။ ဟေရှာယ ၄၂:၁-၄

မှန်ပါတယ်၊ ယေရှုဟာ ဘုရား​ချစ်​မြတ်နိုးတဲ့ ကျွန်​ပါ။ အယူမှား​ဘာသာရေး ထုံးစံတွေ​ရဲ့ ဖုံးကွယ်မှု​ကြောင့် မသဲမကွဲ​ဖြစ်နေတဲ့ တရား​မျှတမှု အစစ်အမှန်​အကြောင်း ယေရှု​ဖော်ထုတ်​တယ်။ ဖာရိရှဲတွေက ဘုရား​ပညတ်ကို ကိုယ့်နည်းကိုယ့်ဟန် အနက်ဖွင့်​ပြီး တလွဲသုံး​တဲ့​အတွက် ဥပုသ်​နေ့မှာ ဖျားနာသူ​ကိုတောင် မကူညီ​ပေး​ကြဘူး။ ယေရှု​ကတော့ ဘုရားရဲ့ တရား​မျှတမှု​ကို ထင်ရှားစေ​ပြီး သူ့​အပေါ်မှာ ဘုရားရဲ့​စွမ်းအားတော် သက်ရောက်​ကြောင်း ဖော်ပြတယ်။ တရား​မျှတ​မှု​မရှိတဲ့ ထုံးစံတွေ​ကြောင့် ၀န်​ပိနေ​သူတွေကို သက်သာ​စေတယ်။ ဒါကြောင့် ဘာသာရေး​ခေါင်းဆောင်​တွေ​က သူ့ကို သတ်ပစ်ချင်​ကြတယ်။ တော်​တော်​ဆိုးတဲ့ လူတွေပဲ။

“ငြင်းခုံ​တာ၊ အော်ဟစ်တာ​တွေ လုပ်မှာ​မဟုတ်ဘူး။ လမ်းမ​တွေ​မှာ သူ့​အသံကို ဘယ်သူမှ ကြားမှာ​မဟုတ်ဘူး” ဆိုတာ ဘာ​အဓိပ္ပာယ်​လဲ။ လူတွေကို ကုသ​ပေးတဲ့​အခါ ယေရှု​က “သူ့​အကြောင်းကို လုံးဝ မ​ပေါက်​ကြားစေ​ဖို့” မှာတယ်။ နတ်ဆိုးတွေကို​လည်း သူ့​အကြောင်း ပြောခွင့်​မပြုဘူး။ (မာကု ၃:၁၂) လမ်း​တွေ​မှာ ဆူ​ဆူညံ​ညံ ပြောတဲ့​စကားတွေ၊ စိတ်လှုပ်ရှား​ပြီး တစ်ဆင့်​စကား တစ်ဆင့်​ပြောတဲ့ မဟုတ်မမှန်သတင်းတွေက​နေ သူ့​အကြောင်း​သိ​တာ​မျိုး မလိုချင်ဘူး။

ယေရှု​က နင်း​ခြေ​ခံရ၊ အချိုး​ခံရတဲ့ ကျူပင်​နဲ့​တူတဲ့ လူတွေကို နှစ်သိမ့်မှု​ပေးတဲ့သတင်း ဟောပြောတယ်။ သူတို့တွေ​ဟာ ငြိမ်း​ခါနီး​မီး​စာ​နဲ့ တူတယ်။ သူတို့​ဘဝရဲ့ နောက်ဆုံး​မီး​စာ​လေး ငြိမ်း​ခါနီး​နေပြီ။ ယေရှု​က နင်း​ခြေ​ခံရတဲ့ ကျူပင်​ကို မ​ချိုး​ဘူး။ ငြိမ်းခါနီး​မီး​စာ​ကိုလည်း မငြိမ်းသတ်​ဘူး။ အဲဒီအစား နိမ့်ကျ​သူတွေကို မေတ္တာ​အပြည့်​နဲ့ ညင်ညင်သာသာ ထူ​မပေး​တယ်။ မှန်ပါတယ်၊ ယေရှုဟာ လူမျိုးတွေကို မျှော်လင့်ချက်​ပေးနိုင်​သူပါ။