အခန်း ၄၈
အံ့ဖွယ်အမှုတွေလုပ်ပြပေမဲ့ နာဇရက်မြို့သားတွေလက်မခံ
မဿဲ ၉:၂၇-၃၄၊ ၁၃:၅၄-၅၈ မာကု ၆:၁-၆
-
မျက်မမြင်သူနဲ့ ဆွံ့အသူကို ကုသပေး
-
နာဇရက်မြို့သားတွေ ယေရှုကို လက်မခံကြ
ယေရှု တစ်နေ့လုံး အလုပ်များနေတယ်။ ဒေကာပေါလိနယ်ကနေ ပြန်လာပြီးနောက် သွေးသွန်နေတဲ့ အမျိုးသမီးကို ကုပေးတယ်၊ ယာအိရုရဲ့ သမီးကို အသက်ပြန်ရှင်စေတယ်။ ဒါပေမဲ့ တစ်နေ့တာ လုပ်စရာတွေ မပြီးသေးဘူး။ ယာအိရုအိမ်ကနေ ထွက်လာတဲ့အခါ မျက်မမြင်နှစ်ယောက် လိုက်လာပြီး “ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” လို့အော်ပြောကြတယ်။—မဿဲ ၉:၂၇။
“ဒါဝိဒ်ရဲ့သား” လို့ခေါ်လိုက်ခြင်းအားဖြင့် ယေရှုဟာ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ကို ဆက်ခံမယ့်သူ၊ မေရှိယဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း ပြလိုက်တာပဲ။ ယေရှုက သူတို့ ဘယ်လောက် ဇွဲကောင်းမှန်း သိချင်လို့ မကြားချင်ယောင်ဆောင်တဲ့ပုံပဲ။ တကယ်လည်း ဇွဲကောင်းကြတယ်။ အိမ်တစ်အိမ်ထဲ ယေရှုဝင်တဲ့အခါ မျက်မမြင်နှစ်ယောက်လည်း လိုက်ဝင်လာတယ်။ ယေရှုက “ကျွန်တော် ကုပေးနိုင်တယ်ဆိုတာ ယုံသလား” လို့မေးလိုက်တော့ “ယုံပါတယ်၊ သခင်” လို့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ဖြေကြတယ်။ ဒီအခါ သူတို့ရဲ့ မျက်စိကို လက်နဲ့ တို့ထိပြီး “ခင်ဗျားတို့ ယုံကြည်တဲ့အတိုင်း ဖြစ်ပါစေ” လို့ပြောလိုက်တယ်။—မဿဲ ၉:၂၈၊ ၂၉။
သူတို့ ချက်ချင်း မျက်စိ ပြန်မြင်လာတယ်။ အရင်တုန်းက တခြားသူတွေကို မှာသလို အခုလည်း ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့လို့ ယေရှုမှာတယ်။ ဒါပေမဲ့ သူတို့က ဝမ်းသာလွန်းလို့ နေရာအနှံ့ လိုက်ပြောကြပါလေရော။
သူတို့နှစ်ယောက် ထွက်သွားတဲ့အခါ နတ်ဆိုးစွဲလို့ ဆွံ့အနေတဲ့ လူတစ်ယောက်ကို ခေါ်လာကြတယ်။ ယေရှုက နတ်ဆိုးကို နှင်ထုတ်ပေးလိုက်တဲ့အခါ အဲဒီလူ စကားပြန်ပြောလာနိုင်တယ်။ လူတွေလည်း “အစ္စရေးပြည်မှာ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး” ဆိုပြီး တအံ့တသြနဲ့ ပြောကြတယ်။ အဲဒီမှာ ဖာရိရှဲတွေလည်းရှိနေတယ်။ ဒီအံ့ဖွယ်အမှုတွေကို သူတို့ ဘယ်လိုမှ မငြင်းနိုင်ဘူး။ ဒါကြောင့် အရင်က စွပ်စွဲခဲ့တဲ့အတိုင်း “ဒီလူက နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာ” လို့ပြောကြတယ်။—မဿဲ ၉:၃၃၊ ၃၄။
အဲဒီနောက် သိပ်မကြာခင် ယေရှုနဲ့ တပည့်တွေဟာ နေရင်းဒေသ နာဇရက်မြို့ကို သွားကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း နာဇရက်မြို့ တရားဇရပ်မှာ လူတွေကို သွန်သင်ပေးခဲ့တယ်။ လူတွေက ယေရှုပြောတာတွေကို အစပိုင်းမှာ အံ့သြကြပေမဲ့ နောက်ပိုင်းမှာ သူ့သွန်သင်ချက်တွေကြောင့် ဒေါသထွက်ပြီး သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ကြတယ်။ အခု ယေရှုဟာ တစ်မြို့တည်းသားတွေကို ကူညီပေးဖို့ ထပ်ကြိုးစားပြန်တယ်။
ဥပုသ်နေ့မှာ တရားဇရပ်ကိုသွားပြီး သွန်သင်ပေးတယ်။ လူတွေက တအံ့တသြဖြစ်ပြီး “ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းမျိုးကို သူ ဘယ်ကရတာလဲ။ သူဟာ လက်သမားရဲ့သား မဟုတ်လား။ သူ့အမေက မာရိ၊ သူ့ညီတွေက ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒ မဟုတ်လား။ သူ့နှမတွေလည်း ငါတို့မြို့မှာ ရှိနေတာပဲ။ ဒါဆိုရင် ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းကို သူ ဘယ်က ရတာလဲ” လို့ပြောကြတယ်။—မဿဲ ၁၃:၅၄-၅၆။
ယေရှုကို ဒီနယ်သားတစ်ယောက်အဖြစ်ပဲ သူတို့ သဘောထားကြတယ်။ ‘ငါတို့ မျက်စိရှေ့မှာ သူ ကြီးလာတာပဲ၊ ဘယ်လိုလုပ် မေရှိယ ဖြစ်နိုင်မှာလဲ’ လို့ တွေးကြတယ်။ ဒါကြောင့် ယေရှုရဲ့ ကြီးမားတဲ့ဉာဏ်ပညာ၊ အံ့ဖွယ်အမှုတွေ လုပ်နိုင်စွမ်း အပါအဝင် သက်သေ အထောက်အထားအားလုံး မြင်နေရတာတောင် ယေရှုကို ငြင်းပယ်ကြတယ်။ ဆွေမျိုးတွေကလည်း ယေရှုနဲ့ ရင်းနှီးနေတော့ သူ့ကို မေရှိယအဖြစ် လက်မခံနိုင်ကြဘူး။ ဒါကြောင့် ယေရှုက “ပရောဖက်ဟာ လူတွေရဲ့ လေးစားမှုကို ရတယ်။ ဒါပေမဲ့ သူ့နေရင်းဒေသ၊ သူ့အိမ်မှာတော့ လေးစားမခံရဘူး” လို့ပြောတယ်။—မဿဲ ၁၃:၅၇။
သူတို့မှာ ယုံကြည်ခြင်းမရှိတဲ့အတွက် ယေရှု တကယ် အံ့သြမိတယ်။ ဒါကြောင့် “လူနာတချို့ကိုပဲ လက်တင်ပြီး ကုသပေးတယ်။” အဲဒီမှာ ဘာအံ့ဖွယ်အမှုမှ မလုပ်ပြဘူး။—မာကု ၆:၅၊ ၆။