အခန်း ၃၂
ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ
မဿဲ ၁၂:၉-၁၄ မာကု ၃:၁-၆ လုကာ ၆:၆-၁၁
-
လက်တစ်ဖက်သေနေသူကို ဥပုသ်နေ့မှာ ကုသပေး
နောက်ဥပုသ်နေ့တစ်နေ့မှာ ယေရှုက တရားဇရပ်ကို သွားတယ်။ အဲဒါက ဂါလိလဲပြည်မှာဖြစ်မယ်။ တရားဇရပ်မှာ လက်တစ်ဖက်သေတဲ့သူကို တွေ့တယ်။ (လုကာ ၆:၆) ကျမ်းတတ်နဲ့ ဖာရိရှဲတွေက ယေရှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြတယ်။ ဘာလို့လဲ။ “ဥပုသ်နေ့မှာ ရောဂါကုပေးသင့်သလား” ဆိုပြီး မေးတာကိုကြည့်ရင် သူတို့ရဲ့ သဘောထားမှန်ကို သိနိုင်တယ်။—မဿဲ ၁၂:၁၀။
ဂျူးဘာသာရေး ခေါင်းဆောင်တွေက အသက်အန္တရာယ် ရှိမှပဲ ဥပုသ်နေ့မှာ ရောဂါကုသင့်တယ်လို့ လက်ခံထားတာ။ ဥပမာ၊ ဥပုသ်နေ့မှာ အရိုးကျိုးသွားလို့ ပြန်ဆက်တာ၊ အဆစ်လွဲလို့ ပတ်တီးစည်းတာ မလုပ်ရဘူး။ အဲဒါတွေက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမဟုတ်လို့ပဲ။ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက သနားစရာကောင်းတဲ့ အဲဒီလူကို စိုးရိမ်လို့ မေးခွန်းမေးတာ မဟုတ်ဘဲ ယေရှုကို အပြစ်တင်ချင်လို့ အကြောင်းရှာနေကြတာ။
သူတို့ ဉာဏ်များနေတာကို ယေရှု သိတယ်။ ဥပုသ်နေ့မှာ အလုပ်မလုပ်ရဘူးဆိုတဲ့ပညတ်ကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး သူတို့ရဲ့သဘောထားက အစွန်းရောက်နေတယ်၊ ကျမ်းစာနဲ့လည်း မကိုက်ညီဘူးဆိုတာ သိတယ်။ (ထွက်မြောက်ရာ ၂၀:၈-၁၀) သူလုပ်တဲ့ကောင်းမှုတွေကို အပြစ်ရှာဝေဖန်တာမျိုး အရင်ကလည်း ကြုံဖူးတယ်။ အခု ယေရှုက လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။—မာကု ၃:၃။
ယေရှုက ကျမ်းတတ်နဲ့ ဖာရိရှဲတွေဘက် လှည့်ပြီး “ခင်ဗျားတို့မှာ သိုးတစ်ကောင်ရှိတယ်ဆိုပါစို့။ အဲဒီသိုးက ဥပုသ်နေ့မှာ တွင်းထဲကျသွားရင် မဆွဲတင်ဘဲနေတဲ့သူ ရှိသလား” လို့မေးလိုက်တယ်။ (မဿဲ ၁၂:၁၁) သိုးတစ်ကောင်ဟာ သိပ်တန်ဖိုးကြီးတော့ မဆွဲတင်ဘဲ တွင်းထဲမှာ တစ်နေ့လုံး ထားမှာမဟုတ်ဘူး။ အဲဒီလိုသာ ထားလိုက်ရင် သိုးလည်း သေမယ်၊ ငွေလည်း ဆုံးမယ်။ ဒါ့အပြင် “ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်” လို့ ကျမ်းစာပြောတယ်။—ပညာအလိမ္မာ ၁၂:၁၀။
ယေရှုက “လူဟာ သိုးထက် အများကြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ဥပုသ်နေ့မှာ ကောင်းမှုပြုသင့်တယ်” ဆိုပြီး ယုတ္တိရှိရှိ နှိုင်းယှဉ်ပြလိုက်တယ်။ (မဿဲ ၁၂:၁၂) ဒါကြောင့် အဲဒီလူကို ကုပေးတာဟာ ဥပုသ်ပညတ်ကို ချိုးဖောက်နေတာ မဟုတ်ပါဘူး။ ဒီလိုမျိုး ယုတ္တိရှိပြီး ကရုဏာပါတဲ့ ကျိုးကြောင်းရှင်းပြမှုကို ဘာသာရေးခေါင်းဆောင်တွေ ပြန်မချေပနိုင်ဘဲ နှုတ်ဆိတ်သွားကြတယ်။
ယေရှုက စိတ်လည်းဆိုး၊ စိတ်လည်းထိခိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဒီနောက် လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ပြောတယ်။ (မဿဲ ၁၂:၁၃) လက်ဆန့်လိုက်တဲ့အခါ ပြန်ကောင်းသွားတယ်။ သူ သိပ်ဝမ်းသာသွားပေမဲ့ ယေရှုကို ထောင်ချောက်ဆင်သူတွေကော ဘယ်လို ဖြစ်သွားသလဲ။
အဲဒီလူ လက်ပြန်ကောင်းလာလို့ ဝမ်းသာမယ့်အစား ဖာရိရှဲတွေက ထွက်သွားပြီး “ယေရှုကို သတ်ဖို့ ဟေရုဒ်နောက်လိုက်တွေနဲ့ ချက်ချင်း တိုင်ပင်ကြတယ်။” (မာကု ၃:၆) ဒီနိုင်ငံရေးအဖွဲ့မှာ ဇဒ္ဒုကဲလို့ခေါ်တဲ့ ဘာသာရေးအဖွဲ့ဝင်တွေလည်း ပါတယ်။ အများအားဖြင့် ဇဒ္ဒုကဲတွေနဲ့ ဖာရိရှဲတွေက မတည့်ကြပေမဲ့ ယေရှုကို အတိုက်အခံလုပ်တဲ့ နေရာမှာတော့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။