မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၆

ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး

ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး

မဿဲ ၁၉:၁၆-၃၀ မာကု ၁၀:၁၇-၃၁ လုကာ ၁၈:၁၈-၃၀

  • ထာဝရ​အသက်​အကြောင်း ချမ်းသာတဲ့​လူငယ် မေး

ယေရှု​က ပေရိယ​နယ်​ကနေ ဂျေရုဆလင်​ဘက်​ကို သွား​နေတုန်း ချမ်းသာတဲ့ လူငယ်​တစ်ယောက် ပြေး​လာပြီး ရှေ့မှာ ဒူးထောက်​တယ်။ သူဟာ “အရာရှိ​တစ်ယောက်” ဖြစ်တယ်လို့​ပြောတဲ့​အတွက် တရား​ဇရပ်မှူး ဒါမှမဟုတ် ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင် ဖြစ်နိုင်တယ်။ သူက “ကောင်းမြတ်တဲ့​ဆရာ၊ ထာဝရ​အသက်ကို အမွေ​ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့​မေးတယ်။—လုကာ ၈:၄၁။ ၁၈:၁၈။ ၂၄:၂၀

ယေရှု​က “ကျွန်တော့်ကို ကောင်းမြတ်​တဲ့​ဆရာ​လို့ ဘာလို့​ ခေါ်​တာ​လဲ။ ဘုရားသခင်ကလွဲလို့​ ကောင်းမြတ်​တဲ့သူ​ ဘယ်သူ​မှ​ မရှိ​ဘူး” လို့​ ပြန်​ပြောတယ်။ လူငယ်​က ရဗ္ဗိ​တွေ​လုပ်သလို “ကောင်းမြတ်” တယ်​ဆိုတဲ့ အသုံးအနှုန်း​ကို ဘွဲ့ထူး​ဂုဏ်​ထူး​အဖြစ် သုံးတာ​ဖြစ်မယ်။ ယေရှုဟာ ကောင်းကောင်း သွန်သင်​နိုင်​သူ​ဖြစ်ပေမဲ့ “ကောင်းမြတ်” တယ်​ဆိုတဲ့ ဘွဲ့ထူး​ကို ဘုရားသခင်​တစ်ပါးတည်းသာ ရထိုက်​ကြောင်း သူသိ​အောင် ပြောပြတယ်။

ပြီးတော့ “အသက်​ရ​ချင်​ရင် ပညတ်​တွေကို အမြဲ​လိုက်နာပါ” လို့ ယေရှု​အကြံပေး​တယ်။ အဲဒီ​လူက “ဘယ်​ပညတ်​တွေ​လဲ” လို့​မေးတော့ လူ့​အသက် မသတ်​နဲ့၊ အိမ်ထောင်ရေး မဖောက်ပြန်​နဲ့၊ မခိုး​နဲ့၊ မဟုတ်မမှန် သက်သေ​မ​ထွက်ဆို​နဲ့၊ မိဘကို ရိုသေပါ​ဆိုတဲ့ ပညတ်တော်​ဆယ်ပါး​ထဲ​က အချက်​ငါးချက်​ကို ပြောပြတယ်။ ဒီ​နောက် “လူလူချင်းကို ကိုယ်​နဲ့​ထပ်တူ ချစ်ပါ” ဆိုတဲ့ ပို​အရေးကြီးတဲ့ ပညတ်ကို ဆက်ပြောတယ်။—မဿဲ ၁၉:၁၇-၁၉

အဲဒီ​လူက “အဲဒါတွေ​အားလုံးကို ကျွန်တော် လိုက်နာ​နေပါ​တယ်။ နောက်ထပ် ဘာ​လို​သေး​လဲ” လို့​မေးတယ်။ (မဿဲ ၁၉:၂၀) ထာဝရ​အသက်​ရဖို့ ကောင်းမွန်​တဲ့၊ ရဲရင့်​တဲ့ လုပ်ရပ်​တစ်ခုခု​လုပ်ဖို့ လို​နေ​သေးတယ်​လို့ သူ​ထင်နေ​ပုံပဲ။ သူ့​ဘက်က ထက်ထက်သန်သန် တောင်းဆို​နေမှန်း ယေရှု​သိတဲ့​အခါ သူ့ကို “ချစ်” သွားတယ်။ (မာကု ၁၀:၂၁) ဒါပေမဲ့ သူ့မှာ အတားအဆီး​တစ်ခု ရှိနေတယ်။

အဲဒီ​လူက ပစ္စည်းဥစ္စာတွေကို တွယ်တာ​နေလို့ ယေရှု​က “လုပ်စရာ​တစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ ပစ္စည်းတွေကို သွား​ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ဒါဆိုရင် ကောင်းကင်​ဘဏ္ဍာ​ကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်​နောက်လိုက် လုပ်ပါ” လို့​ပြောတယ်။ သူ့ကို ဘာမှ​ပြန်​မပေးနိုင်​တဲ့ ဆင်းရဲသားတွေကို ပေးကမ်း​ပြီး ယေရှုရဲ့​တပည့်ဖြစ်​အောင် သူ​လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မ​လုပ်နိုင်​လို့ စိတ်ပျက်​ဝမ်းနည်း​ပြီး ထွက်သွားတဲ့​အခါ ယေရှု သူ့ကို သနား​တဲ့​အကြည့်​နဲ့ ကြည့်နေ​မှာ​ပဲ။ “အလွန်​ချမ်းသာတဲ့” အဲဒီ​လူဟာ စည်းစိမ်ဥစ္စာ​ကို တွယ်တာ​နေလို့ ဘဏ္ဍာအစစ်​ကို မမြင်နိုင်​တော့​ဘူး။ (မာကု ၁၀:၂၁၊ ၂၂) ဒါကြောင့် ယေရှု​က “ချမ်းသာတဲ့​သူတွေ ဘုရားသခင့် နိုင်ငံတော်ကို ဝင်​ဖို့ သိပ်​ခက်တယ်” လို့​ပြောတယ်။—လုကာ ၁၈:၂၄

ဒီ​စကားတွေကြောင့် တပည့်​တွေ အံ့သြ​သွားတယ်။ ယေရှု​က “ဘုရားသခင့်​နိုင်ငံတော်ကို ချမ်းသာတဲ့​သူတွေ ဝင်​တာ​ထက် အပ်​ပေါက်​ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်​ဦး​မယ်” လို့​ဆက်ပြော​တဲ့အခါ ပိုလို့တောင် အံ့သြ​ကြတယ်။ ဒါကြောင့် တပည့်​တွေ​က “ဒါဆိုရင် ကယ်တင်ခံရ​မယ့်​သူ ရှိ​နိုင်​ပါဦးမလား” လို့​မေးကြတယ်။ ကယ်တင်​ခံရဖို့​ဆိုတာ လူတွေ ဘယ်လိုမှ မတတ်​နိုင်တဲ့​အထိ ခက်ခဲလွန်း​တဲ့ အရာလား။ ယေရှု​က သူတို့ကို ကြည့်ပြီး “လူတွေ​အတွက် မဖြစ်နိုင်တဲ့​အရာတွေ​ဟာ ဘုရားသခင်​အတွက်တော့ ဖြစ်နိုင်တယ်” လို့​ပြောတယ်။—လုကာ ၁၈:၂၅-၂၇

ဒီ​အခါ ပေတရု​က “ကျွန်တော်တို့ ရှိသမျှကို​စွန့်ပြီး သခင့်​နောက်ကို လိုက်​လာ​ပါပြီ။ ကျွန်တော်တို့ ဘာများ​ရမှာ​လဲ” လို့​ပြောပြီး သူတို့ရဲ့ ရွေးချယ်မှု​ဟာ ချမ်းသာတဲ့​လူငယ်​နဲ့ မတူ​ကြောင်း ထောက်ပြ​တယ်။ သူတို့ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကြောင့် ရရှိမယ့်​အကျိုးကို ယေရှု အခုလို ဖော်ပြတယ်– “ဘုရားသခင်က အရာအားလုံး အသစ်​ဖြစ်အောင်​လုပ်တဲ့​အချိန်မှာ လူသားဟာ ဘုန်းကြီး​တဲ့ ရာဇ​ပလ္လင်​ပေါ် ထိုင်​လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်​နောက်လိုက်​တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခု​ပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်​ကို တရား​စီရင်​ရလိမ့်မယ်။”—မဿဲ ၁၉:၂၇၊ ၂၈

ကမ္ဘာပေါ်မှာ အရာအားလုံး အသစ်​ဖြစ်လာမယ်၊ ဧဒင်​ဥယျာဉ်မှာ​ရှိခဲ့တဲ့ အခြေအနေ​မျိုး အနာဂတ်မှာ ပြန်ဖြစ်​လာမယ်​ဆိုပြီး ယေရှု​ပြော​နေတာ။ ပေတရုနဲ့ တခြား​တပည့်တွေဟာ မြေကြီး​ပရဒိသုကို ယေရှုနဲ့အတူ အုပ်ချုပ်ခွင့် ဆုကျေးဇူး ရရှိ​ကြမယ်။ အဲဒီ​ဆုကျေးဇူး ရဖို့​ဆိုရင် ဘာ​မဆို စွန့်လွှတ်​ရကျိုးနပ်​ပါတယ်။

ဒါပေမဲ့ အနာဂတ်မှာ​ပဲ ဆုကျေးဇူး​ခံစား​ရမှာ မဟုတ်ဘူး။ တပည့်တွေဟာ အခု​ကတည်းက ဆုကျေးဇူး​တချို့ ခံစား​နေ​ရပြီ။ ယေရှု​က “ဘုရားသခင့်​နိုင်ငံတော်​ကြောင့် မိဘ၊ ဇနီး၊ ညီအစ်ကို၊ သားသမီး၊ အိမ် တစ်ခုခုကို စွန့်လွှတ်​သူ​တိုင်း အခု​အချိန်မှာ အဆပေါင်း​များစွာ ပြန်​ရမယ့်​အပြင် နောင်လာမယ့် လောက​စနစ်​မှာလည်း ထာဝရ​အသက်ကို ရဦးမယ်” လို့​ပြောတယ်။—လုကာ ၁၈:၂၉၊ ၃၀

မှန်ပါတယ်၊ တပည့်​တွေ ဘယ်​ကို​သွား​သွား သွေးသားရင်းချာ​တွေ​ထက် ပို​ရင်းနှီးတဲ့ ယုံကြည်သူချင်းတွေနဲ့ တွေ့ဆုံ​ပေါင်းသင်းခွင့် ရတယ်။ ဒီလို​ညီအစ်ကို​အသင်းအပင်းဝင် ဖြစ်​ရတာ အဖိုးတန် ဆုကျေးဇူး​တစ်ခုပါ။ ချမ်းသာတဲ့ လူငယ်​အရာရှိ​ဟာ အဲဒီ​ဆုကျေးဇူး​အပြင် ကောင်းကင်​နိုင်ငံတော်မှာ ရရှိမယ့် အသက်ဆု​ကျေးဇူး​ကိုလည်း လက်လွတ်​သွားတာ ဝမ်းနည်းစရာ​ပဲ။

“ရှေ့ဆုံး​က လူ​အတော်များများ နောက်ဆုံး​ကို ရောက်​လိမ့်မယ်။ နောက်ဆုံး​ကလူ​တွေ ရှေ့ဆုံး​ကို ရောက်​လိမ့်မယ်” လို့​ယေရှု​ဆက်ပြောတယ်။ (မဿဲ ၁၉:၃၀) ဘာကို​ဆိုလိုသလဲ။

“ရှေ့ဆုံး​ကလူ” တွေ​ဖြစ်တဲ့ ဂျူး​ခေါင်းဆောင်​တွေ​ထဲမှာ ချမ်းသာတဲ့​လူငယ်​အရာရှိ​လည်း ပါတယ်။ ဘုရား​ပညတ်​တွေကို လိုက်လျှောက်​သူ​အနေနဲ့ သူ့မှာ အလားအလာ အများကြီး​ရှိသလို ပေးဆပ်​ရမှာ​လည်း အများကြီး​ရှိတယ်။ ဒါပေမဲ့ သူက စည်းစိမ်ဥစ္စာ​ကို တခြား​အရာတွေ​ထက် ပို​ဦးစား​ပေးခဲ့တယ်။ သာမန်​လူတန်းစားတွေ၊ မြေကြီးသား​တွေ​ကျတော့ ယေရှုရဲ့ သွန်သင်ချက်​မှာပါတဲ့ အမှန်တရားကို လက်ခံ​ပြီး အသက်​လမ်းကို တွေ့ရှိခဲ့ကြတယ်။ တစ်နည်း​ပြော​ရ​ရင် သူတို့က “နောက်ဆုံး​ကလူ​တွေ” ဖြစ်ခဲ့ပေမဲ့ အခုတော့ “ရှေ့ဆုံး​ကို” ရောက်လာပြီ။ ကောင်းကင်မှာ ပလ္လင်​ပေါ်​ထိုင်ပြီး ယေရှုနဲ့အတူ မြေကြီး​ပရဒိသုကို အုပ်စိုး​ရမယ့် အခွင့်အရေး ရရှိနိုင်​ကြပြီ။