မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈၃

စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း

စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း

လုကာ ၁၄:၇-၂၄

  • နှိမ့်ချမှု သင်ခန်းစာ

  • ဖိတ်ခေါ်ခံ​ရသူတွေ ဆင်ခြေပေး​ကြ

ယေရှုဟာ ရေ​ဖျင်းစွဲ​နေ​သူကို ကုသ​ပေးပြီး​နောက် ဖာရိရှဲ​အိမ်မှာ ရှိနေတယ်။ ဖိတ်ခေါ်ခံ​ရသူတွေ​က အထင်ပေါ်ဆုံး နေရာကို ရွေး​ထိုင်​ကြ​မှန်း သတိထား​မိ​တဲ့​အတွက် အဲဒါကို အခွင့်ကောင်း​ယူပြီး နှိမ့်ချမှု​အကြောင်း သင်ပေးတယ်။

ယေရှု ဒီလို​ပြောတယ်– “တစ်ယောက်ယောက်​က ခင်ဗျားတို့ကို မင်္ဂလာပွဲ​တက်ဖို့ ဖိတ်ခေါ်​တဲ့အခါ အထင်ပေါ်ဆုံး နေရာမှာ မထိုင်ပါနဲ့။ အိမ်ရှင်​က ခင်ဗျားတို့ထက် ပို​အရေးပါ​သူကို ဖိတ်ထားတယ်​ဆိုရင်၊ ခင်ဗျားတို့​ဆီ လာပြီး ‘သူ့ကို ဒီ​နေရာ​ပေးလိုက်ပါ’ လို့ ပြော​လိမ့်မယ်။ အဲဒီအခါ ရှက်​ရှက်​နဲ့​ထပြီး နောက်ဆုံး​နေရာကို ပြောင်း​ထိုင်​ရလိမ့်မယ်။”—လုကာ ၁၄:၈၊ ၉

“ခင်ဗျားတို့ ဖိတ်ခေါ်​ခံရတဲ့​အခါ နောက်ဆုံး​နေရာမှာ သွားထိုင်ပါ။ အဲဒီအခါ အိမ်ရှင်​က လာပြီး ‘မိတ်ဆွေ၊ ရှေ့ကို ကြွပါ’ လို့​ပြော​လိမ့်မယ်။ ခင်ဗျားလည်း ဧည့်သည်​အားလုံး​ရှေ့မှာ ဂုဏ်တက်​လိမ့်မယ်” လို့​ဆက်ပြောတယ်။ အဲဒါက ယဉ်ကျေး​ရ​ည်မွန်​ကြောင်း ပြ​ရုံ​လောက်​ပဲ မဟုတ်ဘူး။ “ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့​သူဟာ နှိမ့်ချ​ခံရမယ်။ နှိမ့်ချတဲ့​သူကတော့ ချီးမြှောက်​ခံရမယ်” လို့ ယေရှု ရှင်းပြတယ်။ (လုကာ ၁၄:၁၀၊ ၁၁) မှန်ပါတယ်၊ ယေရှု​က နားထောင်​နေ​သူတွေကို နှိမ့်ချမှု​ရှိဖို့ အားပေး​နေတာ။

အဲဒီနောက် ယေရှု​က သူ့ကို​ဖိတ်ခေါ်​တဲ့ ဖာရိရှဲကို ဘုရားဆီက ကောင်းချီး​ခံစား​ရဖို့ ဘယ်လို စားသောက်ပွဲ​မျိုး တည်ခင်းသင့်​ကြောင်း သင်ခန်းစာ​နောက်​တစ်ခု ပြောပြတယ်– “နေ့လယ်​စာ​ဖြစ်ဖြစ်၊ ညစာ​ဖြစ်ဖြစ် တည်ခင်း​ကျွေးမွေး​တဲ့အခါ ကိုယ့်​မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ ချမ်းသာတဲ့ အိမ်နီးချင်းတွေကို မ​ဖိတ်ပါ​နဲ့။ အဲဒီလို​ဖိတ်ရင် သူတို့က ခင်ဗျားကို ပြန်​ဖိ​တ်​ပြီး ဧည့်ခံ​ကျွေးမွေး​လိမ့်မယ်။ စားသောက်ပွဲ တည်ခင်း​တဲ့အခါ နွမ်းပါးသူ​တွေ၊ မသန်စွမ်း​သူတွေ၊ ခြေမသန်​သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။ သူတို့ဟာ ကျေးဇူး ပြန်​မဆပ်နိုင်​သူတွေ​ဖြစ်လို့ ခင်ဗျား ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်။”—လုကာ ၁၄:၁၂-၁၄

မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ အိမ်နီးချင်းတွေကို စားသောက်ဖို့ ဖိ​တ်​တာ​က မှားတယ်လို့ ယေရှု​ပြော​နေတာ မဟုတ်ဘူး။ ဒါပေမဲ့ နွမ်းပါးသူ​တွေ၊ မသန်စွမ်း​သူတွေ၊ မျက်မမြင်​တွေ​လို ဆင်းရဲ ချို့ငဲ့သူ​တွေကို ဖိ​တ်​မယ်​ဆိုရင် ကြွယ်ဝတဲ့ ကောင်းချီး​ခံစား​ရမယ်လို့ အလေးပေး ပြောချင်တာ။ ယေရှု​က “ဖြောင့်မတ်သူတွေ ရှင်ပြန်ထမြောက်​ချိန်​ရောက်ရင် ခင်ဗျား ကျေးဇူးဆပ်​ခံရလိမ့်မယ်” လို့ ရှင်းပြတယ်။ ဒါကို​ကြားတဲ့​အခါ အတူ​စားသောက်​နေတဲ့ ဧည့်သည်​တစ်ယောက်က “ဘုရားသခင့် နိုင်ငံတော်မှာ စားသုံး​ရမယ့်​သူဟာ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” ဆိုပြီး​ထောက်ခံတယ်။ (လုကာ ၁၄:၁၅) အဲဒါကို အခွင့်ထူး​အဖြစ် အဲဒီ​လူ သဘောထား​ပေမဲ့ လူတိုင်း​ကတော့ တန်ဖိုး​မထားဘူးဆို​တာ အခုလို ဥပမာ​ပေးတယ်–

“လူတစ်ယောက်​ဟာ စားသောက်ပွဲကြီး တည်ခင်း​ပြီး လူ​အများကြီး​ကို ဖိတ်ခေါ်တယ်။ စားသောက်​ချိန်​ရောက်တော့ ဖိတ်ခေါ်​ထားသူတွေ​ဆီ ကျွန်ကို​လွှတ်​ပြီး ‘လာ​ကြပါ၊ အားလုံး​အသင့်​ဖြစ်နေပြီ’ လို့ ပြော​ခိုင်း​လိုက်တယ်။ ဒါပေမဲ့ သူတို့​အားလုံး​က မလာ​နိုင်တဲ့​အကြောင်း တစ်ယောက်​တစ်မျိုး ဆင်ခြေပေး​ကြတယ်။ တစ်ယောက်က ‘ကျွန်တော် လယ်​တစ်​ကွက် ဝယ်ထား​လို့ သွား​ကြည့်ရ​ဦး​မယ်။ မလာ​နိုင်တာကို စိတ်​မရှိပါနဲ့’ လို့​ပြောတယ်။ နောက်​တစ်ယောက်က ‘ကျွန်တော် နွား​ငါး​ရှ​ဉ်း ဝယ်ထား​လို့ သွားပြီး အစ​မ်း​ခိုင်း​ကြည့်ဦးမယ်။ မလာ​နိုင်တာကို စိတ်​မရှိပါနဲ့’ လို့​ပြောတယ်။ နောက်​တစ်ယောက်က​လည်း ‘ကျွန်တော် လက်ထပ်​ပြီး​ခါ​စ​မို့​လို့ မလာ​နိုင်ပါဘူး’ လို့​ပြောတယ်။”—လုကာ ၁၄:၁၆-၂၀

အဲဒါတွေက မခိုင်လုံတဲ့ အကြောင်းပြချက်​တွေ​ပဲ။ ပုံမှန်​ဆိုရင် လူတစ်ယောက်​ဟာ လယ်ကွက် ဒါမှမဟုတ် ခြံမွေး​တိရစ္ဆာန်​ကို သေချာ​စစ်ဆေး​ကြည့်ပြီးမှ ၀ယ်​တတ်တယ်။ ဝယ်​ပြီးမှ အရေးတကြီး သွား​ကြည့်​စ​ရာ​မလိုဘူး။ တတိယ​လူက​လည်း လက်ထပ်​ဖို့ ပြင်ဆင်​နေတာ မဟုတ်ဘဲ လက်ထပ်​ပြီး​နေပြီ။ အရေးကြီးတဲ့ ဖိတ်ခေါ်ချက်ကို လက်မခံနိုင်စရာ အကြောင်း​မရှိဘူး။ သူတို့ရဲ့ ဆင်ခြေ​တွေကို သခင်​ကြားတဲ့​အခါ ဒေါသ​ထွက်ပြီး ကျွန်ကို အခုလို​ပြောတယ်–

“လမ်းမ​တွေ၊ လမ်း​သွယ်​တွေ​ဆီ အမြန်​သွား။ နွမ်းပါးသူ​တွေ၊ မသန်စွမ်း​သူတွေ၊ မျက်မမြင်​တွေ၊ ခြေမသန်​သူတွေကို ခေါ်လာ​ခဲ့။” ကျွန်​က သခင်မှာ​တဲ့​အတိုင်း​လုပ်ပြီး ပြန်​ရောက်လာတဲ့​အခါ နေရာလွတ်​တွေ ရှိသေး​တဲ့​အတွက် သခင်​က “မြို့ပြင်​လမ်းမ​တွေ၊ လမ်း​ကြို​လမ်းကြား​တွေ​ဆီ သွားပြီး ငါ့​အိမ်​ပြည့်​သွား​အောင် လူတွေကို ရအောင်​ခေါ်လာ​ခဲ့။ မင်းတို့ကို ငါ​ပြောမယ်။ ငါ​ဖိ​တ်​ထားတဲ့​သူတွေ တစ်ယောက်မှ စားသောက်​ပွဲကို မလာ​စေ​နဲ့” လို့​ပြောတယ်။—လုကာ ၁၄:၂၁-၂၄

ယေဟောဝါ​ဘုရားက ယေရှု​ခရစ်ကို စေလွှတ်​ပြီး ကောင်းကင်​နိုင်ငံတော် ဝင်ခွင့်​ရဖို့ လူတွေကို ဖိတ်ခေါ်​ခိုင်းတယ်​ဆိုတာ ဒီဥပမာ​က ကောင်းကောင်း​ပုံဖော်​တယ်။ ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေဟာ ဦးဆုံး ဖိတ်ခေါ်ခံ​ရသူတွေ​ပါ။ သူတို့​အများစုဟာ ယေရှုရဲ့ အမှုဆောင်ချိန် တစ်လျှောက်လုံး ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့​ကြတယ်။ ဒါပေမဲ့ သူတို့ကိုပဲ ဖိတ်ခေါ်​တာ မဟုတ်ဘူး။ အ​နှိမ်​ခံရတဲ့ ဂျူးတွေ​နဲ့ ဂျူး​ဘာသာ ပြောင်း​ဝင်​လာ​သူတွေကို အနာဂတ်မှာ ဒုတိယ​အနေနဲ့ ဖိတ်ခေါ်​မယ်​လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ အဲဒီနောက် ဘုရား​ရှေ့မှာ အရည်အချင်း မပြည့်မီ​ဘူးလို့ ဂျူးတွေ​ယူမှတ်​တဲ့ လူတွေကို တတိယ​နဲ့ နောက်ဆုံး​အနေနဲ့ ဖိတ်ခေါ်​မှာ​ဖြစ်တယ်။—တမန်တော် ၁၀:၂၈-၄၈

မှန်ပါတယ်၊ “ဘုရားသခင့် နိုင်ငံတော်မှာ စားသုံး​ရမယ့်​သူဟာ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ အတူ​စားသောက်​နေတဲ့ ဧည့်သည်​ပြောတဲ့​စကားတွေကို ယေရှုရဲ့ စကားတွေက အခိုင်အမာ အတည်ပြု​ပေးလိုက်​တာ​ပဲ။