မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၄

ဆုတောင်းခြင်းနဲ့ နှိမ့်ချခြင်း အရေးကြီးပုံ

ဆုတောင်းခြင်းနဲ့ နှိမ့်ချခြင်း အရေးကြီးပုံ

လုကာ ၁၈:၁-၁၄

  • ဇွဲမလျှော့​တဲ့​မုဆိုးမ ပုံဥပမာ

  • ဖာရိရှဲနဲ့ အခွန်ခံ

ဇွဲမလျှော့​ဘဲ ဆုတောင်းဖို့​လို​ကြောင်း ပုံဥပမာ​တစ်ခုကို ယေရှု​ပြောခဲ့​ပြီးပြီ။ (လုကာ ၁၁:၅-၁၃) အခု ယေရှု​က ရှမာရိ​ပြည် ဒါမှမဟုတ် ဂါလိလဲ​ပြည်မှာ ရှိနေတာ​ဖြစ်မယ်။ ဇွဲမလျှော့​ဘဲ ဆုတောင်းဖို့​လို​ကြောင်း ထပ်​အလေးပေး​ပြီး ပုံဥပမာ​နောက်​တစ်ခု ပြောပြတယ်–

“မြို့​တစ်မြို့​မှာ ဘုရားသခင်ကို မကြောက်၊ လူတွေကိုလည်း ဂရုမစိုက်​တတ်တဲ့ တရားသူကြီး​တစ်ယောက် ရှိတယ်။ အဲဒီမြို့မှာ​ရှိတဲ့ မုဆိုးမ​တစ်ယောက်က တရားသူကြီး​ဆီ ခဏခဏ​သွားပြီး ‘ကျွန်မ လူတစ်ယောက်နဲ့ အမှု​ဆိုင်​နေရ​ပါတယ်။ ကျွန်မ​အတွက် တရားသဖြင့် စီရင်​ပေးပါ’ လို့​အသနားခံ​တယ်။ တရားသူကြီး​က အချိန်အတော်ကြာ​တဲ့​အထိ မကူညီ​ပေး​ဘဲ နေတယ်။ ကြာ​လာတော့ သူ့​စိတ်ထဲမှာ ‘ငါဟာ ဘုရားသခင်ကို မကြောက်၊ လူတွေကိုလည်း ဂရုမစိုက်​တတ်တဲ့​သူပါ။ ဒါပေမဲ့ ဒီ​မုဆိုးမ​က လာ​လာပြီး ဒုက္ခ​ပေးနေ​တော့ သူ့​အတွက် တရားသဖြင့် စီရင်​ပေး​မှ​ဖြစ်မယ်။ ဒီလို​မှ​မဟုတ်​ရင် ငါ​မခံနိုင်​တော့​တဲ့​အထိ တစ်ချိန်လုံး​လာပြီး တောင်းဆို​နေလိမ့်မယ်’ လို့​ပြောတယ်။”—လုကာ ၁၈:၂-၅

ပုံဥပမာ​ရဲ့ သက်ဆိုင်ပုံ​နဲ့ ပတ်သက်ပြီး “မဖြောင့်မတ်တဲ့ တရားသူကြီး​တောင် ဘယ်လို​ပြောတယ်ဆိုတာ ခင်ဗျားတို့ ကြားတယ်​မဟုတ်လား။ ဘုရားသခင်​ဆိုရင် သူ​ရွေးချယ်​ထားတဲ့​သူတွေ နေ့ညမပြတ် တောင်းလျှောက်​တဲ့အခါ တရားသဖြင့် မစီရင်​ပေး​ဘဲ နေ​ပါ့မလား။ အဲဒီအပြင် ဘုရားသခင်က သူတို့​အပေါ် စိတ်ရှည်​လိုက်​သေးတယ်” လို့​ပြောတယ်။ (လုကာ ၁၈:၆၊ ၇) သူ့​ဖခင်​နဲ့ ပတ်သက်ပြီး ယေရှု ဘာ​သွန်သင်​ပေးနေသလဲ။

ယေဟောဝါ​ဘုရားဟာ အဲဒီ​မဖြောင့်မတ်တဲ့ တရားသူကြီး​နဲ့ တူတယ်လို့ ယေရှု​ပြော​နေတာ မဟုတ်ဘူး။ သူတို့ရဲ့ ကွာခြားချက်​ကို​ ထောက်ပြ​နေတာ။ ဇွဲမလျှော့​ဘဲ အသနားခံ​တဲ့အခါ မဖြောင့်မတ်တဲ့ တရားသူကြီး​တောင် နားထောင်​ပေးတယ်​ဆိုရင် ဘုရားသခင်က ပို​နားထောင်ပေး​မှာ သေချာတယ်။ ဘုရားသခင်က ဖြောင့်မတ်​ပြီး ကောင်းမြတ်​တာ​မို့ သူ့​လူမျိုး​တွေ လက်မလျှော့​ဘဲ ဆုတောင်းမယ်​ဆိုရင် နားထောင်ပေး​ပါလိမ့်မယ်။ “ကျွန်တော်​ပြောမယ်။ ဘုရားသခင်က သူတို့​အတွက် တရားသဖြင့် အမြန်ဆုံး စီရင်​ပေးလိမ့်မယ်” လို့ ယေရှု​ပြောတာကို ကြည့်ရင် အဲဒီ​အချက်ကို သိနိုင်တယ်။—လုကာ ၁၈:၈

လူတွေက နိမ့်ကျ​သူတွေ၊ ဆင်းရဲသားတွေကို မတရား​ဆက်ဆံ​ပြီး အခွင့်အာဏာ​ရှိသူတွေ၊ ချမ်းသာသူ​တွေကို​ကျတော့ မျက်နှာသာ​ပေး​တတ်တယ်။ ဘုရားက​တော့ အဲဒီလို​မဟုတ်ဘူး။ အချိန်တန်​တဲ့အခါ မျှမျှတတ တရား​စီရင်​မှာ​ဖြစ်လို့ ဆိုးညစ်​သူတွေ အပြစ်ပေး​ခံရမယ်၊ ဘုရားရဲ့​ကျေးကျွန်တွေ​ကတော့ ထာဝရ​အသက် ရပါလိမ့်မယ်။

မုဆိုးမ​လို ယုံကြည်ခြင်း​မျိုး ဘယ်သူ့မှာ ရှိသလဲ။ ဘုရားသခင်က “တရားသဖြင့် အမြန်ဆုံး စီရင်​ပေးလိမ့်မယ်” ဆိုတာကို ယုံကြည်တဲ့​သူ ဘယ်​နှ​ယောက်​ရှိသလဲ။ ဇွဲမလျှော့​ဘဲ ဆုတောင်းဖို့​လို​မှန်း ပုံဥပမာ ပြောပြ​ပြီးနောက် ယေရှု​က ဆုတောင်းခြင်းရဲ့ အစွမ်း​ကို ယုံကြည်တာ​နဲ့ ပတ်သက်ပြီး “လူသား​ရောက်လာတဲ့​အခါ ကမ္ဘာပေါ်မှာ အဲဒီလို​ယုံကြည်ခြင်း​မျိုး တွေ့ရ​ပါ့မလား” လို့​မေးတယ်။ (လုကာ ၁၈:၈) ခရစ်တော်​ရောက်ရှိချိန်​မှာ အဲဒီလို ယုံကြည်ခြင်း​မျိုး ရှားပါး​မယ်​ဆိုတဲ့သဘော​နဲ့ ပြော​နေတာ။

ယေရှုရဲ့​စကားကို နားထောင်​နေ​သူတချို့​ဟာ ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချ​နေကြ​တယ်။ သူတို့​ကိုယ်ကို ဖြောင့်မတ်တယ်​လို့ ယုံ​နေပြီး တခြား​သူတွေကို​တော့ အထင်အမြင် သေး​ကြတယ်။ အဲဒီလိုလူ​တွေ​အတွက် ဒီ​ပုံဥပမာ​ကို ယေရှု​ဆက်ပြောတယ်–

“ဖာရိရှဲ​တစ်ယောက်နဲ့ အခွန်ခံ​တစ်ယောက် ဗိမာန်တော်ကို တက်​သွားပြီး ဆုတောင်းတယ်။ ဖာရိရှဲက မတ်တတ်ရပ်​ပြီး ‘ဘုရားသခင်၊ ကျွန်တော်ဟာ အများ​တကာ​လို လုယက်​သူ၊ မဖြောင့်မတ်​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်တဲ့​အပြင် ဟောဒီ​အခွန်ခံ​လို​လည်း မဟုတ်တဲ့​အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တစ်ပတ်​မှာ နှစ်ကြိမ် အစာရှောင်​ပါတယ်။ ရသမျှကိုလည်း ဆယ်ဖို့တစ်ဖို့ ပေးလှူ​ပါတယ်’ လို့ ဆုတောင်းတယ်။”—လုကာ ၁၈:၁၀-၁၂

ဖာရိရှဲတွေက သူတို့​ဖြောင့်မတ်​ကြောင်းကို လူရှေ့​သူ​ရှေ့ ပြ​တတ်ကြတယ်။ လူ​အထင်ကြီး​အောင် အဲဒီလိုလုပ်​ကြ​တာ။ သူတို့ အစာရှောင်​တဲ့​ရက်​တွေ​ကတော့ ဈေးကြီး​တွေ​မှာ လူစည်ကားတဲ့ တနင်္လာ​နေ့​နဲ့ ကြာသပတေး​နေ့​ဖြစ်ပြီး အဲဒီအချိန်မှာ သူတို့ကို လူအများ​မြင်နိုင်တယ်။ ဆယ်ဖို့တစ်ဖို့​ပေးတဲ့​အခါလည်း အပင်​သေးသေးလေး​တွေ​က​အစ တိတိကျကျ ပေး​ကြတယ်။ (လုကာ ၁၁:၄၂) ပြီး​ခဲ့​တဲ့ လအနည်းငယ်​မှာ သူတို့က “ပညတ်တရားကို မသိတဲ့ [ဖာရိရှဲတွေ​ရဲ့ အနက်ဖွင့်ဆို​ပုံ​အတိုင်း မသိတာ​ကို​ပြော​နေတာ] အဲဒီ​လူတွေကတော့ ကျိန်ခြင်းခံရ​သူတွေ​ပဲ” လို့​ပြောပြီး သာမန်​လူတန်းစားတွေ​ကို အထင်သေး ရွံရှာ​ကြောင်း ပြခဲ့​ကြတယ်။—ယောဟန် ၇:၄၉

ပုံဥပမာ​ကို ယေရှု​ဆက်ပြောတယ်– “အခွန်ခံ​ကတော့ ခပ်လှမ်း​လှမ်း​မှာ​ရပ်​ပြီး ကောင်းကင်ကို​တောင် မော့​မကြည့်​ဝံ့​ဘဲ ‘ဘုရား​သခင်၊ အပြစ်သား​ဖြစ်တဲ့ ကျွန်တော့်ကို သနားပါ’ လို့ ရင်ဘတ်​ကို​ထု​ပြီး ဆုတောင်းတယ်။” အခွန်ခံ​က သူ့ရဲ့​အားနည်းချက်တွေကို နှိမ့်ချ​စွာ အသိအမှတ်​ပြုတယ်။ ယေရှု အခုလို နိဂုံးချုပ်​တယ်– “အဲဒီနောက် အခွန်ခံ အိမ်​ပြန်​သွားတယ်။ ကျွန်တော် ပြောမယ်။ သူဟာ ဖာရိရှဲ​ထက် ပို​ဖြောင့်မတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့​သူဟာ နှိမ့်ချ​ခံရပြီး နှိမ့်ချတဲ့​သူကတော့ ချီးမြှောက်​ခံရလိမ့်မယ်။”—လုကာ ၁၈:၁၃၊ ၁၄

ရှင်း​ပါတယ်၊ နှိမ့်ချမှု​ရှိဖို့ လိုတယ်လို့ ယေရှု ပြော​နေတာ။ ဒီ​သွန်သင်ချက်​က တပည့်​တွေ​အတွက် သိပ်​အကျိုးရှိ​တယ်။ သူတို့​ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းမှာ​ဆိုရင် ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်နေတဲ့ ဖာရိရှဲတွေက ရာထူး​အဆင့်အတန်း​ကို သိပ်​အလေးပေး​လို့​ပဲ။ အဲဒီ အဖိုးတန်​သွန်သင်ချက်​က ယေရှုရဲ့​နောက်လိုက် အားလုံး​အတွက်လည်း အကျိုးရှိ​တယ်။