မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈၄

တပည့်ဖြစ်ခြင်း ကြီးလေးတဲ့တာ၀န်ဖြစ်

တပည့်ဖြစ်ခြင်း ကြီးလေးတဲ့တာ၀န်ဖြစ်

လုကာ ၁၄:၂၅-၃၅

  • တပည့်ဖြစ်​ဖို့ အနစ်နာခံ ပေးဆပ်​ခြင်း

ဖာရိရှဲ​ခေါင်းဆောင်​ရဲ့ အိမ်မှာ စားသောက်​နေတုန်း အဖိုးတန် သင်ခန်းစာတွေကို ယေရှု သွန်သင်​ပေးတယ်။ ဒီ​နောက် ဂျေရုဆလင်​မြို့ကို ခရီးဆက်​တဲ့အခါ လူတွေ​အများကြီး လိုက်​လာကြတယ်။ ဘာ​ရည်ရွယ်ချက်​နဲ့ လိုက်​ကြတာလဲ။ ဘယ်လောက်​ပဲ အနစ်နာခံ ပေးဆပ်​ရ​ပါစေ ယေရှုရဲ့​နောက်လိုက်စစ် တကယ်​ဖြစ်ချင်​လို့လား။

ခရီးသွား​နေရင်း​နဲ့ ယေရှု​က “လူတစ်ယောက်က ကျွန်တော့်​ဆီ​တော့ လာပါရဲ့။ ဒါပေမဲ့ မိဘ၊ သားမယား၊ ညီအစ်ကို​မောင်နှမ​နဲ့ ကိုယ့်​အသက်ကို ပို​ချစ်​နေရင် သူဟာ ကျွန်တော့်​တပည့် မဖြစ်နိုင်ဘူး” လို့ ပြောလိုက်တဲ့​အခါ သူတို့​လန့်​သွားမှာပဲ။ (လုကာ ၁၄:၂၆၊ အောက်ခြေမှတ်ချက်​) ယေရှု ဘာကို​ဆိုလို​တာလဲ။

နောက်လိုက်​အားလုံးဟာ ကိုယ့်​ဆွေမျိုးတွေကို မုန်း​ရမယ်လို့ ပြော​နေတာ မဟုတ်ပါဘူး။ ဆွေမျိုးတွေ​ထက် ယေရှုကို ပိုချစ်​ရမယ်လို့ ဆိုလို​နေတာ။ အဲဒီလိုသာ မဟုတ်​ရင် သူတို့ဟာ စားသောက်ပွဲ ပုံဥပမာ​ထဲ​က အရေးကြီး ဖိတ်ခေါ်ချက်ကို ငြင်း​လိုက်တဲ့​လူနဲ့ တူ​သွားပါလိမ့်မယ်။—လုကာ ၁၄:၂၀

တပည့်​တစ်ယောက်ဟာ “ကိုယ့်​အသက်ကို” တောင် ပိုမချစ်​ရဘူးလို့လည်း  ယေရှု​ပြောတယ်။   ဒါကြောင့်  တပည့်စစ်​တစ်ယောက်ဟာ သူ့​အသက်​ထက် ယေရှုကို ပို​ချစ်​ရမယ်၊ လိုအပ်​ရင် အသက်ပေး​ဖို့​တောင် လိုလိုလားလား ရှိရမယ်။ ခရစ်တော်ရဲ့​တပည့် ဖြစ်ဖို့​ဆိုတာ တကယ်​ကြီးလေး​တဲ့ တာဝန်​ဖြစ်မှန်း ရှင်း​ပါတယ်။ သေချာ​မစဉ်းစားဘဲ ပေါ့ပေါ့တန်တန် သဘောထား​ရမယ့်​အရာ မဟုတ်ဘူး။

တပည့်​ဖြစ်လာတဲ့​အခါ အခက်အခဲ ဒုက္ခတွေ၊ နှိပ်စက်​ညှဉ်းပန်းမှု​တွေ​လည်း ရင်ဆိုင်​ရနိုင်တယ်။ ယေရှု​က “ဒုက္ခသစ်တိုင်​ကို ထမ်း​ပြီး ကျွန်တော့်​နောက် မလိုက်​တဲ့​သူဟာ ကျွန်တော့်​တပည့် မဖြစ်နိုင်ဘူး” လို့​ပြောတယ်။ (လုကာ ၁၄:၂၇) မှန်ပါတယ်၊ တပည့်စစ်​တစ်ယောက်ဟာ ယေရှု​ကြုံခဲ့ရသလို ကဲ့ရဲ့​ရှုတ်ချမှု ဝန်ထုပ်​ကို​ထမ်း​ဖို့ လိုလိုလားလား ရှိရမယ်။ ယေရှု​က သူဟာ ရန်သူတွေရဲ့ လက်ထဲမှာ အသတ်ခံရ​မယ်​လို့​တောင် ပြောခဲ့တယ်။

ဒါကြောင့် ယေရှုနဲ့အတူ လိုက်ပါ​လာတဲ့ လူအုပ်ဟာ ခရစ်တော်ရဲ့​တပည့် ဖြစ်​ခြင်း​ဆိုတာ ဘာကို​ဆိုလို​မှန်း သေသေ​ချာချာ စဉ်းစားသုံးသပ်​ရမယ်။ အဲဒါကို ယေရှု အခုလို ဥပမာ​ပေးတယ်– “ခင်ဗျားတို့​ထဲ​က တစ်ယောက်ဟာ မျှော်စင်​ဆောက်မယ်​ဆိုရင် ပြီး​အောင်​ဆောက်​ဖို့ ငွေလောက်၊ မလောက် အရင်ဆုံး​ထိုင်ပြီး ကုန်ကျ​စရိတ်ကို တွက်ချက်မယ်​မဟုတ်လား။ အဲဒီလိုသာ မ​တွက်​ရင် အုတ်မြစ်ချ​ပေမဲ့ အပြီးသတ်​နိုင်မှာ မဟုတ်ဘူး။” (လုကာ ၁၄:၂၈၊ ၂၉) ဒါကြောင့် ဂျေရုဆလင်​မြို့ကို ယေရှုနဲ့အတူ သွား​နေ​သူတွေဟာ တပည့်ဖြစ်​ခြင်း​တာဝန်ကို အပြည့်အဝ ကျေပွန်​အောင် လုပ်မယ်​လို့ တပည့်​မဖြစ်ခင်​ကတည်းက အခိုင်​အမာ ဆုံးဖြတ်ထားသင့်တယ်။ အဲဒီ​အချက် ပေါ်လွင်​အောင် နောက်​ပုံဥပမာ​တစ်ခုကို ပြောပြတယ်။

“ဘုရင်​တစ်ပါး​က တခြား​ဘုရင်​နဲ့ စစ်တိုက်​မယ်​ဆိုပါစို့။ စစ်သည်​အင်အား ၂၀,၀၀၀ နဲ့ ချီတက်​လာတဲ့ ဘုရင်ကို စစ်သည် ၁၀,၀၀၀ နဲ့ ခုခံနိုင်​မ​နိုင် အရင်ဆုံး​ထိုင်ပြီး တိုင်ပင်​မယ်​မဟုတ်လား။ မခုခံ​နိုင်မှန်း​သိ​ရင် စစ်ချီ​လာတဲ့​ဘုရင် အဝေး​မှာ​ရှိနေတုန်း သံတမန်​တွေ လွှတ်​ပြီး စစ်​ပြေငြိမ်း​ဖို့ ကမ်းလှမ်း​မှာ​ပဲ။” ပြီးတဲ့နောက် ယေရှု​က “ခင်ဗျားတို့လည်း ကိုယ်​ပိုင်ဆိုင်သမျှကို မစွန့်လွှတ်​နိုင်ဘူး​ဆိုရင် ကျွန်တော့်​တပည့် မဖြစ်နိုင်ဘူး” လို့​ပြောပြီး ဆိုလိုရင်းကို ပေါ်လွင်​စေခဲ့တယ်။—လုကာ ၁၄:၃၁-၃၃

ယေရှု​က သူနဲ့​လိုက်ပါ​လာတဲ့ လူအုပ်​ကိုပဲ ပြော​နေတာ​မဟုတ်ဘူး။ ခရစ်တော်​ဆီကနေ သင်ယူ​ချင်​သူ အားလုံးဟာ အခု ပြော​နေတာတွေကို လိုက်နာ​ဖို့ တလိုတလား ရှိရမယ်။ ဆိုလိုတာ​က ယေရှု​တပည့်ဖြစ်​ချင်​ရင် သူတို့မှာ​ရှိသမျှ၊ ပိုင်ဆိုင်သမျှ​အပြင် အသက်ကို​တောင် စွန့်လွှတ်ဖို့ အသင့်​ရှိရမယ်။ ဒါက သေချာ​ဆုတောင်းပြီး အလေးအနက် စဉ်းစားရမယ့်​ကိစ္စ​ပဲ။

တပည့်တွေဟာ “လောကရဲ့​ဆား” ဖြစ်တယ်လို့ တောင်ပေါ်​တရားတော်​မှာ ပြောခဲ့တဲ့​အချက်ကို အခု​ပြန်​ပြောတယ်။ (မဿဲ ၅:၁၃) ဆား​ဟာ မ​ပုပ်​မ​သိုး၊ မပျက်စီး​အောင် ကာကွယ်ပေး​နိုင်စွမ်း​ရှိသလို တပည့်တွေလည်း လူတွေကို ဝတ်ပြုရေး​ပိုင်း​နဲ့ ကိုယ်ကျင့်တရား​ပိုင်း ပျက်စီးခြင်းက​နေ ကာကွယ်ပေး​နိုင်စွမ်း​ရှိတယ်လို့ ဆိုလိုတာ​ဖြစ်မယ်။ အခု အမှုဆောင်​လုပ်ငန်း ပြီးဆုံး​ခါနီး​အချိန်မှာ ယေရှု​က “ဆား​ဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဆား​မှာ အ​ငန်​ဓာတ် မရှိတော့​ရင် ပြန်​ငန်​အောင် လုပ်လို့​ရသလား” လို့​ပြောတယ်။ (လုကာ ၁၄:၃၄) တချို့​ဆား​တွေဟာ မသန့်​ဘူး။ မြေမှုန့်​တွေ၊ သဲတွေ ရော​နေတာ​ကြောင့် အ​ငန်​ဓာတ်​ပျောက်​ပြီး အသုံးမဝင်​တော့​ဘူးဆို​တာ နားထောင်​နေ​သူတွေ သိကြတယ်။

ဒါကြောင့် တပည့်ဖြစ်​တာ နှစ်ပေါင်းများစွာ ကြာ​တဲ့​သူတွေတောင် စိတ်ပိုင်းဖြတ်ချက် ခိုင်မာ​နေရမယ်​လို့ ယေရှု​ပြော​နေတာ။ တကယ်လို့ လက်လျှော့ အရှုံးပေး​လိုက်မယ်​ဆိုရင် အငန်​ဓာတ်​မရှိတော့တဲ့ ဆား​လို​ပဲ အသုံးဝင်​တော့​မှာ မဟုတ်ဘူး။ ဒီအခါ လောက​,​က သူတို့ကို ကဲ့ရဲ့​လှောင်ပြောင်​ကြပါလိမ့်မယ်။ ပို​အရေးကြီးတာက သူတို့ဟာ ဘုရား​ရှေ့မှာ အရည်အချင်း မပြည့်မီ​သူတွေ၊ ကိုယ်တော့်​နာမည်ကို ရှုတ်ချ​စ​ရာ​ဖြစ်စေ​သူတွေ ဖြစ်သွား​ပါလိမ့်မယ်။ အဲဒီလို​မဖြစ်ဖို့ သိပ်​အရေးကြီးကြောင်း အလေးပေး​ချင်​လို့ ယေရှု​က “နား​ရှိတဲ့​သူ ကြားပါစေ” ဆိုပြီး​ပြော​တယ်။​—လုကာ ၁၄:၃၅