အခန်း ၈၂
ပေရိယနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း
-
ကျဉ်းတဲ့တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခြင်း
-
ဂျေရုဆလင်မြို့မှာ ယေရှု အသတ်ခံရမယ်
ယုဒနယ်နဲ့ ဂျေရုဆလင်မြို့မှာ ယေရှုက လူတွေကို သွန်သင်ပေးပြီး ကုသပေးတယ်။ ဒီနောက် ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ပေရိယနယ် မြို့ရွာတွေမှာ သွန်သင်တယ်။ ဒါပေမဲ့ မကြာခင်မှာ ဂျေရုဆလင်မြို့ကို ပြန်သွားရတော့မယ်။
ပေရိယနယ်မှာ ရှိနေတုန်း လူတစ်ယောက်က “သခင်၊ ကယ်တင်ခံရမယ့်သူတွေ နည်းတယ်ဆိုတာ တကယ်လား” လို့ မေးတယ်။ လူအများကြီး ကယ်တင်ခံရမလား၊ နည်းနည်းပဲ ကယ်တင်ခံရမလားဆိုတာနဲ့ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေ အငြင်းပွားနေတာကို အဲဒီလူ သိထားပုံပဲ။ ယေရှုက လူဘယ်နှစ်ယောက် ကယ်တင်ခံရမယ်ဆိုတဲ့အကြောင်း မပြောဘဲ ကယ်တင်ခံရဖို့ ဘာလုပ်ရမယ်ဆိုတဲ့အကြောင်း ပြောတယ်။ “ကျဉ်းတဲ့တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ” လို့ပြောတယ်။ မှန်ပါတယ်၊ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ဖို့ လိုတယ်။ ဘာကြောင့်လဲ။ “ကျွန်တော်ပြောမယ်။ လူအတော်များများ ဝင်ဖို့ကြိုးစားပေမဲ့ မဝင်နိုင်ကြဘူး” လို့ ယေရှု ရှင်းပြတယ်။—လုကာ ၁၃:၂၃၊ ၂၄။
အားသွန်ခွန်စိုက် ကြိုးစားဖို့ လိုကြောင်း အခုလို ဥပမာပေးတယ်– “အိမ်ရှင် တံခါးပိတ်ပြီးခါမှ ခင်ဗျားတို့က အပြင်ကနေ တံခါးခေါက်ပြီး ‘သခင်၊ တံခါးဖွင့်ပေးပါဦး’ လို့ပြောရင် . . . အိမ်ရှင်က ‘ခင်ဗျားတို့ ဘယ်ကလဲ။ ကျုပ်မသိဘူး။ မဖြောင့်မတ်တဲ့လူတွေ၊ ကျုပ်ဆီက ထွက်သွားကြ’ ဆိုပြီး ပြန်ပြောလိမ့်မယ်။”—လုကာ ၁၃:၂၅-၂၇။
ဒီပုံဥပမာက နောက်ကျမှလာတဲ့လူရဲ့ အခြေအနေဆိုးကို ဖော်ပြနေတယ်။ သူ အဆင်ပြေတဲ့အချိန်မှ လာတော့ တံခါးက ပိတ်ပြီးနေပြီ။ တကယ်ဆိုရင် သူ့အတွက် အဆင်မပြေရင်တောင် စောစောလာသင့်တယ် မဟုတ်လား။ ယေရှုရဲ့ သွန်သင်မှုကနေ အကျိုးခံစားနိုင်တဲ့ သူတွေလည်း အဲဒီလိုပါပဲ။ သူတို့က စစ်မှန်တဲ့ဝတ်ပြုရေးကို ဘဝမှာ အဓိက မထားခဲ့ကြဘူး။ အများစုက ကယ်တင်ခြင်းအတွက် ဘုရားသခင် ပြင်ဆင်ပေးတာကို လက်မခံကြဘူး။ သူတို့တွေ အပြင်ကို နှင်ထုတ်ခံရတဲ့အခါ “ငိုကြွေးပြီး အံကြိတ် ခံပြင်းနေလိမ့်မယ်” လို့ ယေရှုပြောတယ်။ ဒါပေမဲ့ “အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကလာတဲ့ လူတွေ၊” လူမျိုးအားလုံးထဲက လူတွေကတော့ “ဘုရားသခင့် နိုင်ငံတော်မှာ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။”—လုကာ ၁၃:၂၈၊ ၂၉။
“နောက်ဆုံးက လူတချို့ [ဂျူးမဟုတ်သူတွေနဲ့ အဖိနှိပ်ခံဂျူးတွေ] ရှေ့ဆုံးကို ရောက်လိမ့်မယ်။ ရှေ့ဆုံးက လူတချို့ [အာဗြဟံရဲ့ သားမြေးတွေပါ ဆိုပြီး မာန်တက်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေ] နောက်ဆုံးကို ရောက်လိမ့်မယ်” လို့ပြောတယ်။ (လုကာ ၁၃:၃၀) “နောက်ဆုံးကို” ရောက်မယ်ဆိုတာ ကျေးဇူးမသိတတ်တဲ့ အဲဒီလူတွေ ဘုရားနိုင်ငံတော် ဝင်ရမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
အဲဒီအချိန်မှာ ဖာရိရှဲတချို့ ယေရှုဆီလာပြီး “ဟေရုဒ် [အန္တိပ] မင်းက ခင်ဗျားကို သတ်ချင်နေတယ်။ ဒီကနေ ထွက်သွားပါ” လို့အကြံပေးတယ်။ ဒီဒေသကနေ ယေရှုထွက်သွားအောင် ဟေရုဒ်မင်းကိုယ်တိုင် သတင်းလွှင့်လိုက်တာ ဖြစ်မယ်။ ဟေရုဒ်က နှစ်ခြင်းပေးသူ ယောဟန်ကို သတ်တဲ့ကိစ္စမှာ သူပါဝင်ခဲ့သလို အခုလည်း ပရောဖက်နောက်တစ်ယောက် သေတဲ့ကိစ္စမှာ ပါဝင်ပတ်သက်မိမှာကို စိုးရိမ်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှုက “‘ဒီနေ့နဲ့ မနက်ဖြန်တော့ နတ်ဆိုးတွေကို နှင်ထုတ်ပြီး ရောဂါကုပေးလိုက်ဦးမယ်။ သန်ဘက်ခါကျမှ အလုပ်ပြီးမှာ’ လို့ အဲဒီမြေခွေးကို သွားပြောလိုက်ပါ” ဆိုပြီး ဖာရိရှဲတွေကို ပြောတယ်။ (လုကာ ၁၃:၃၁၊ ၃၂) “မြေခွေး” လို့ပြောတာက ဟေရုဒ်ဟာ မြေခွေးလိုပဲ ကောက်ကျစ်တယ်လို့ ဆိုလိုတာဖြစ်မယ်။ ဒါပေမဲ့ ဟေရုဒ်ဖြစ်ဖြစ်၊ တခြားဘယ်သူဖြစ်ဖြစ် ယေရှုကို ကြိုးကိုင်လို့၊ ဖိအားပေးလို့ မရဘူး။ အဖဘုရားပေးထားတဲ့ တာဝန်ကို လူ့အစီအစဉ်ဇယားအတိုင်း မဟုတ်ဘဲ ဘုရားရဲ့ အစီအစဉ်ဇယားအတိုင်း သူလုပ်ဆောင်မှာဖြစ်တယ်။
ယေရှုက “ပရောဖက်မှန်ရင် ဂျေရုဆလင်မြို့ပြင်မှာ အသတ်ခံဖို့ မဖြစ်နိုင်ဘူး” လို့ပြောတဲ့အတိုင်း ဂျေရုဆလင်မြို့ကို ခရီးဆက်တယ်။ (လုကာ ၁၃:၃၃) ဂျေရုဆလင်မြို့မှာ မေရှိယ သေဆုံးမယ်လို့ ဘယ်ကျမ်းစာပရောဖက်ပြုချက်မှာမှ မပြောထားပေမဲ့ အဲဒီမြို့မှာ အသတ်ခံရမယ်လို့ ယေရှု ဘာကြောင့် ပြောတာလဲ။ ဂျေရုဆလင်မြို့ဟာ အဖွဲ့ဝင် ၇၁ ဦးပါဝင်တဲ့ ဂျူးတရားရုံးချုပ်ရှိတဲ့ မြို့တော်ဖြစ်ပြီး ပရောဖက်အတုအယောင်လို့ စွပ်စွဲခံရသူတွေကို အဲဒီမှာ ရုံးတင် စစ်ဆေးလေ့ရှိတယ်။ ဒါ့အပြင် တိရစ္ဆာန်ယဇ်တွေ ပူဇော်တဲ့နေရာလည်းဖြစ်တယ်။ ဒါကြောင့် ဂျေရုဆလင်မြို့ကလွဲပြီး တခြားနေရာမှာ အသတ်ခံရဖို့ မဖြစ်နိုင်မှန်း ယေရှုသိထားတယ်။
အဲဒီမြို့နဲ့ပတ်သက်ပြီး ယေရှု အခုလို မြည်တမ်းခဲ့တယ်– “ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်တဲ့ သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုရုံးသလို မင်းရဲ့ သားသမီးတွေကိုလည်း စုရုံးဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။ ဒါပေမဲ့ မင်းကမှ လက်မခံတာ။ မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်။” (လုကာ ၁၃:၃၄၊ ၃၅) အစ္စရေးလူမျိုးဟာ ဘုရားရဲ့သားတော်ကို ငြင်းပယ်တဲ့အတွက် အကျိုးဆက်တွေ ခံစားရပါလိမ့်မယ်။
ဂျေရုဆလင်မြို့ကို ယေရှု မရောက်ခင် ဥပုသ်နေ့တစ်နေ့မှာ ဖာရိရှဲခေါင်းဆောင်တစ်ယောက်က သူ့အိမ်မှာ စားသောက်ဖို့ ယေရှုကို ဖိတ်တယ်။ အဲဒီမှာ ရေဖျင်းစွဲပြီး ဖောရောင်နေသူတစ်ယောက် ရှိနေတယ်။ ဖိတ်ခေါ်ခံရတဲ့ တခြားလူတွေက အဲဒီလူကို ယေရှု ဘာလုပ်ပေးမလဲဆိုတာ အသေအချာ စောင့်ကြည့်နေကြတယ်။ ယေရှုက “ဥပုသ်နေ့မှာ ရောဂါကုပေးသင့်သလား၊ မကုပေးသင့်ဘူးလား” ဆိုပြီး ပညတ်ကျမ်း နှံ့စပ်သူတွေနဲ့ ဖာရိရှဲတွေကို မေးလိုက်တယ်။—လုကာ ၁၄:၃။
ဘယ်သူမှ ပြန်မဖြေကြဘူး။ ဒါနဲ့ အဲဒီလူကို ကုသပေးပြီးနောက် “ခင်ဗျားတို့ရဲ့သား ဒါမှမဟုတ် နွားက ဥပုသ်နေ့မှာ တွင်းထဲကျသွားရင် ချက်ချင်း မဆွဲတင်မယ့်သူ ရှိသလား” လို့မေးလိုက်တယ်။ (လုကာ ၁၄:၅) ဒီတစ်ခါလည်း ယေရှုရဲ့ ခိုင်လုံတဲ့ ကျိုးကြောင်းရှင်းပြချက်ကို သူတို့ ပြန်မချေပနိုင်ကြဘူး။