မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂၀

စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်း

စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်း

ယောဟန် ၁၅:၁-၂၇

  • စစ်မှန်တဲ့ စပျစ်ပင်​နဲ့ စပျစ်​ကိုင်း​တွေ

  • ယေရှုရဲ့​မေတ္တာကို ဘယ်လိုနည်းနဲ့ အမြဲ ခံစား​ရမလဲ

ယေရှု​က သစ္စာရှိ​တမန်တော်တွေ​နဲ့ ရင်းရင်းနှီးနှီး စကား​ပြောပြီး အားပေး​နေတယ်။ အခု သန်း​ခေါင်​ကျော်​လောက် ရှိနေပြီ။ လှုံ့ဆော်မှု​ဖြစ်စေတဲ့ ပုံဥပမာ​တစ်ခုကို ဆက်ပြော​ပြတယ်။

“ကျွန်တော်ဟာ စစ်မှန်တဲ့ စပျစ်ပင်​ပါ။ အဖဘုရား​ဟာ စိုက်ပျိုး​သူပါ” လို့ သူ​စပြော​တယ်။ (ယောဟန် ၁၅:၁) သူ့​ပုံဥပမာ​က ယေဟောဝါရဲ့ စပျစ်ပင်​လို့​ခေါ်တဲ့ အစ္စရေးလူမျိုးနဲ့ ပတ်သက်ပြီး ရာစု​နှစ်ပေါင်းများစွာ​တုန်း​က ပြောခဲ့တဲ့​စကားတွေနဲ့ ဆင်တူ​တယ်။ (ယေရမိ ၂:၂၁။ ဟောရှေ ၁၀:၁၊ ၂) ဒါပေမဲ့ ယေဟောဝါ​က အဲဒီ​လူမျိုးကို စွန့်ပစ်​လိုက်ပြီ။ (မဿဲ ၂၃:၃၇၊ ၃၈) ဒါကြောင့် ယေရှု​က အကြောင်းအရာ​အသစ် တစ်ခုကို ပြော​နေတာ။ သူဟာ စပျစ်ပင်​ဖြစ်တယ်။ အေဒီ ၂၉ မှာ အဖ​ဘုရားက ယေရှုကို သန့်ရှင်းသော​စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခြင်းအားဖြင့် ပုံဆောင်​စပျစ်ပင်​ကို စိုက်ပျိုး​ခဲ့​တယ်။ ဒါပေမဲ့ စပျစ်ပင်​က သူ​တစ်ယောက်တည်း​ကို ပုံဆောင်​တာ​မဟုတ်​ကြောင်း အခုလို ဆက်ပြောတယ်–

“အသီး​မ​သီး​တဲ့ အကိုင်း​တွေကို သူ [အဖဘုရား] ခုတ်ပစ်​တယ်။ အသီးသီး​တဲ့ အကိုင်း​တွေကို​တော့ ပို​သီး​အောင် သန့်စင်​ရှင်းလင်း​ပေးတယ်။ . . . စပျစ်​ကိုင်း​က စပျစ်ပင်​နဲ့ ဆက်​မနေ​ရင် အသီး​မ​သီး​နိုင်ဘူး။ အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း ကျွန်တော်​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်​မနေ​ရင် အသီး​မ​သီး​နိုင်ဘူး။ ကျွန်တော်ဟာ စပျစ်ပင်၊ ခင်ဗျားတို့ဟာ စပျစ်​ကိုင်း​တွေ​ပေါ့။”—ယောဟန် ၁၅:၂-၅

သူ​ထွက်သွား​ပြီးနောက်မှာ ကူညီ​သူ​ဖြစ်တဲ့ သန့်ရှင်းသော​စွမ်း​အားတော်ကို စေလွှတ်​မယ်​ဆိုပြီး သစ္စာရှိ​တပည့်​တွေကို ကတိ​ပေးခဲ့တယ်။ နောက် ၅၁ ရက်​အကြာမှာ တမန်တော်တွေ​နဲ့ တခြားသူတွေ စွမ်းအားတော်​ရတဲ့အခါ စပျစ်ပင်​ရဲ့​အကိုင်း​တွေ ဖြစ်လာကြတယ်။ “စပျစ်​ကိုင်း” အားလုံးဟာ ယေရှုနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်နေ​ရမယ်။ ဘာကြောင့် တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်ဖို့ လိုသလဲ။

ယေရှု ဒီလို​ရှင်းပြတယ်– “လူတစ်ယောက်က ကျွန်တော်​နဲ့​ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်မယ်ဆိုရင် ကျွန်တော်လည်း သူနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်မယ်။ သူဟာ အသီးများစွာ သီး​လိမ့်မယ်။ ကျွန်တော်​နဲ့ ကင်းကွာ​ရင်​တော့ ဘာမှ​တတ်နိုင်​မှာ မဟုတ်ဘူး။” “စပျစ်​ကိုင်း​တွေ” ဖြစ်တဲ့ သစ္စာရှိ နောက်လိုက်​တွေဟာ အသီးများစွာ သီး​ရမယ်။ ဆိုလိုတာ​က ယေရှုရဲ့ အရည်အသွေးတွေကို အတုယူ​ရမယ်၊ ဘုရား​နိုင်ငံတော်သတင်းကို တက်တက်ကြွကြွ ဟောပြော​ရမယ်၊ တပည့်​တွေ တိုးများလာ​အောင် လုပ်ရမယ်။ တကယ်လို့ ယေရှုနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း မဖြစ်​ဘူး၊ အသီး​တွေ မ​သီး​ဘူးဆိုရင် ဘာဖြစ်​မလဲ။ “ကျွန်တော်​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း မဖြစ်​တဲ့​သူဟာ လွှင့်ပစ်” ခံရမယ်လို့ ယေရှု​ပြောတယ်။ ဒါပေမဲ့ “ကျွန်တော်​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်ပြီး ကျွန်တော့်​စကားတွေကို ရင်ထဲမှာ စွဲမြဲ​ထားမယ်​ဆိုရင် ခင်ဗျားတို့ အလို​ရှိသမျှ တောင်းတဲ့​အခါ တောင်းတဲ့​အတိုင်း ရလိမ့်မယ်” လို့​ဆက်ပြောတယ်။—ယောဟန် ၁၅:၅-၇

အခု ယေရှု​က သူ့​ပညတ်​တွေကို​လိုက်နာပါ ဆိုတဲ့​အကြောင်း ထပ်ပြော​တယ်။ အဲဒါကို နှစ်ခါ ပြောခဲ့​ပြီးပြီ။ (ယောဟန် ၁၄:၁၅၊ ၂၁) “ကျွန်တော်က အဖ​ဘုရားရဲ့ ပညတ်​တွေကို လိုက်နာ​တဲ့​အတွက် အဖ​ဘုရားရဲ့ မေတ္တာကို အမြဲ​ခံစား​ရတယ်။ ခင်ဗျားတို့လည်း ကျွန်တော့်​ပညတ်​တွေကို လိုက်နာမယ်​ဆိုရင် ကျွန်တော့်​မေတ္တာကို အမြဲ​ခံစား​ရလိမ့်မယ်” လို့​သူပြောတယ်။ ဒီ​နောက် သူ့​ပညတ်​တွေကို လိုက်နာ​နေကြောင်း တပည့်​တွေ တင်ပြ​နိုင်တဲ့ အဓိက​နည်းနဲ့ ပတ်သက်ပြီး ဒီလို​ပြောတယ်– “ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော်​ပေးတဲ့ ပညတ်ချက်​ပဲ။ မိတ်ဆွေ​တွေ​အတွက် အသက်စွန့်​တာ​ထက် ပို​မွန်မြတ်တဲ့ မေတ္တာ​ဆိုတာ မရှိဘူး။ ကျွန်တော့်​ပညတ်ကို လိုက်နာမယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​မိတ်ဆွေ​တွေ​ပဲ။”—ယောဟန် ၁၅:၁၀-၁၄

သိပ်​မကြာခင်မှာ ယေရှု​က သူ့ကို ယုံကြည်သက်ဝင်​သူ အားလုံး​အတွက် အသက်ပေး​ပြီး သူ့မေတ္တာကို ဖော်ပြ​ပါလိမ့်မယ်။ နောက်လိုက်​တွေ​လည်း သူ့​စံနမူနာကို​ကြည့်ပြီး အချင်းချင်း အဲဒီလို​ကိုယ်ကျိုးစွန့်​မေတ္တာနဲ့ ချစ်​ဖို့ လှုံ့ဆော်ခံရ​တယ်။ “အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ​သိ​လိမ့်မယ်” လို့ ခု​န​တုန်း​က ပြောခဲ့သလို​ပါပဲ။ အဲဒီ​မေတ္တာက သူတို့ကို ခွဲခြား​သိမြင်စေပါ​လိမ့်မယ်။—ယောဟန် ၁၃:၃၅

ယေရှု​က တမန်တော်တွေကို “မိတ်ဆွေ” လို့​ခေါ်တယ်။ ဘာကြောင့် အဲဒီလို​ခေါ်​မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော်ကတော့ အဖ​ဘုရားဆီက ကြားနာ​ခဲ့သ​မျှ ပြန်​ပြောပြတဲ့​အတွက် ခင်ဗျားတို့ကို မိတ်ဆွေ​တွေ​လို့ ခေါ်​မယ်။” ယေရှုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ​ဖြစ်​ရတာ၊ အဖဘုရား သူ့ကို​ပြောခဲ့တာ​တွေကို သိ​ခွင့်​ရတာ တကယ့်​အခွင့်ထူးကြီးပါပဲ။ ဒါပေမဲ့ အဲဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိ​နေဖို့​ဆိုရင် သူတို့ဟာ “အသီး သီး​မြဲ​သီး​နေ” ရမယ်။ သူတို့သာ အဲဒီလို​လုပ်မယ်ဆိုရင် ယေရှု​က “ကျွန်တော့်​နာမည်ကို အမှီပြု​ပြီး အဖ​ဘုရားဆီ တောင်းသ​မျှ ရလိမ့်မယ်” လို့​ပြောတယ်။—ယောဟန် ၁၅:၁၅၊ ၁၆

“စပျစ်​ကိုင်း” ဖြစ်တဲ့ တပည့်​တွေ အချင်းချင်းချစ်​တဲ့​မေတ္တာက ရှေ့မှာ​ကြုံရမယ့် အရာတွေကို ခံရပ်​နိုင်ဖို့ ကူညီ​ပေးပါလိမ့်မယ်။ ဒီ​လောက သူတို့ကို မုန်း​မယ်​လို့ သတိပေး​ပြီးနောက် အခုလို နှစ်သိမ့်​ပေးတယ်– “ဒီ​လောက​က ခင်ဗျားတို့ကို​မုန်း​ရင် ခင်ဗျားတို့ကို မမုန်း​ခင်​ကတည်းက ကျွန်တော့်ကို မုန်းတယ်​ဆိုတာ သိမှတ်​ကြပါ။ ခင်ဗျားတို့ဟာ ဒီ​လောက​နဲ့ ပတ်သက်​နေရင် လောက​က သူ့​လူတွေ​ဖြစ်နေတဲ့ ခင်ဗျားတို့ကို ချစ်​လိမ့်မယ်။ အခုတော့ ခင်ဗျားတို့​က ဒီ​လောက​နဲ့ ဘာမှ မပတ်သက် . . . တဲ့​အတွက် လောက​က ခင်ဗျားတို့ကို မုန်းတယ်။”—ယောဟန် ၁၅:၁၈၊ ၁၉

ဒီ​လောက သူတို့ကို မုန်း​ရတဲ့​အကြောင်းရင်းကို ဆက်​ရှင်း​ပြ​တယ်– “သူတို့က ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်ကို မသိတဲ့​အတွက် ကျွန်တော့်​တပည့်ဖြစ်​နေတဲ့ ခင်ဗျားတို့ကို အဲဒီလို လုပ်ကြ​လိမ့်မယ်။” ယေရှု​က သူ​လုပ်ခဲ့တဲ့ အံ့ဖွယ်အမှု​တွေဟာ သူ့ကို​မုန်းတဲ့​သူတွေကို ပြစ်ဒဏ်သင့်​စေတယ် ဆိုတဲ့သဘော​နဲ့ ဒီလို​ပြောတယ်– “ဘယ်သူမှ မလုပ်ဖူးတဲ့ အံ့ဖွယ်​အမှုတွေ​ကို သူတို့ရှေ့​မှာ ကျွန်တော်​မ​လုပ်ပြခဲ့​ရင် သူတို့ အပြစ်သင့်​မှာ မဟုတ်ဘူး။ အခုတော့ သူတို့က ကျွန်တော့်ကို မြင်​လျက်​နဲ့ မုန်း​ကြတယ်။ အဖဘုရား​ကိုလည်း မုန်း​ကြတယ်။” တကယ်တော့ သူတို့ အခုလို​မုန်း​တာ​က ပရောဖက်ပြုချက် ပြည့်စုံတာ​ပဲ။—ယောဟန် ၁၅:၂၁၊ ၂၄၊ ၂၅။ ဆာလံ ၃၅:၁၉။ ၆၉:၄

ကူညီ​သူ​ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို စေလွှတ်​မယ်​လို့ ယေရှု ထပ်​ကတိ​ပေးတယ်။ အဲဒီ​တန်ခိုးကြီး စွမ်းအား​ကို နောက်လိုက်​အားလုံး ရရှိကြ​လိမ့်မယ်။ အဲဒါက သူတို့ အသီးသီး​နိုင်အောင်၊ “သက်သေခံ” နိုင်အောင် ကူညီ​ပေးပါလိမ့်မယ်။—ယောဟန် ၁၅:၂၇