မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂၂

အပေါ်ထပ်အခန်းမှာ ယေရှုရဲ့ နိဂုံးချုပ်ဆုတောင်းချက်

အပေါ်ထပ်အခန်းမှာ ယေရှုရဲ့ နိဂုံးချုပ်ဆုတောင်းချက်

ယောဟန် ၁၇:၁-၂၆

  • ဘုရားနဲ့ သားတော်ကို သိခြင်း​ရဲ့ အကျိုးကျေးဇူး

  • ယေဟောဝါ၊ ယေရှုနဲ့ တပည့်​တွေ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်

ယေရှုဟာ တမန်တော်တွေကို သိပ်​ချစ်တာ​ကြောင့် သူတို့နဲ့ ခွဲခွာ​ရတော့မယ့် အချိန်​အတွက် ပြင်ဆင်​ပေးတယ်။ အခု ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်– “သားက အဖ​ကို ဘုန်း​ထင်ရှားစေဖို့ သားရဲ့​ဘုန်း​ကိုလည်း ထင်ရှားစေပါ။ လူသား​အားလုံးကို အုပ်ချုပ်​ရမယ့် အခွင့်အာဏာကို သား​ဆီ အဖ အပ်နှင်း​ထား​ပါပြီ။ သားကို ဒီလို​အပ်နှင်း​တာ​က အဖ​ပေးအပ်​ထားသူတွေ​ကို ထာဝရ​အသက် ပေးနိုင်​ဖို့​ပါ။”—ယောဟန် ၁၇:၁၊ ၂

ဘုရားရဲ့​ဘုန်း ထင်ရှား​ဖို့​က အရေးကြီးဆုံး​ဖြစ်မှန်း ယေရှု အသိအမှတ်​ပြုတယ်။ သူ​ပြောတဲ့ ထာဝရ​အသက် မျှော်လင့်ချက်​က​လည်း တကယ့်ကို နှစ်သိမ့်မှု​ဖြစ်စေတယ်။ “လူသား​အားလုံးကို အုပ်ချုပ်​ရမယ့် အခွင့်အာဏာကို” ယေရှု​ရရှိတဲ့​အခါ သူ့ရဲ့ ရွေးဖိုး အကျိုးကျေးဇူးတွေကို လူအားလုံးကို ပေးနိုင်​မှာ​ဖြစ်တယ်။ ဒါပေမဲ့ လူတချို့​ပဲ ကောင်းချီး​ခံစား​ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ။ “ထာဝရ​အသက် ရနိုင်ဖို့​ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရားသခင် အဖ​ကို​ရော၊ အဖ​စေလွှတ်​လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်း​ကြရမယ်” ဆိုတဲ့ စကားအတိုင်း လုပ်ဆောင်​သူတွေ​ပဲ ရွေးဖိုး အကျိုးကျေးဇူးတွေကို ခံစား​ရမှာဖြစ်​လို့​ပဲ။—ယောဟန် ၁၇:၃

လူတစ်ယောက်​ဟာ အဖဘုရား​ကို​ရော သားတော်ကို​ပါ ကောင်းကောင်း သိနေ​ရမှာ​ဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ ကိစ္စရပ်​တွေကို သူတို့​ရှုမြင်သလို ရှုမြင်​တတ်​ရမယ်။ တခြား​သူတွေနဲ့ ဆက်ဆံ​တဲ့အခါ​မှာလည်း သူတို့ရဲ့ ပြိုင်ဘက်​ကင်းတဲ့ အရည်အသွေးတွေကို အတတ်နိုင်ဆုံး ကြိုးစား​အတုယူ​ရမယ်။ ဘုရားသခင့် ဘုန်း​ထင်ရှားစေ​ရေး​က ပထမ၊ လူသားတွေ ထာဝရ​အသက်​ရရှိ​ရေး​က ဒုတိယ​ဆိုတာ နားလည်​ရမယ်။ အဲဒီ​အချက်ကို ယေရှု အခုလို ထပ်ပြော​တယ်–

“ကမ္ဘာပေါ်မှာ အဖရဲ့​ဘုန်း​ကို ကျွန်တော် ထင်ရှားစေ​ခဲ့​ပါပြီ။ အဖ​ခိုင်း​ထားတဲ့​အလုပ်ကို လုပ်ပြီးပါပြီ။ အဖ၊ ဒီ​လောက မတည်ရှိ​ခင် အဖရဲ့​ဘေးနား​မှာ ကျွန်တော်​ခံစားခဲ့​ရတဲ့ ဘုန်းအသရေ​မျိုးကို အခုလည်း အဖရဲ့​ဘေးနား​မှာ ပြန်​ခံစားခွင့်​ပေးပါ။” (ယောဟန် ၁၇:၄၊ ၅) မှန်ပါတယ်၊ ရှင်ပြန်ထမြောက်ခြင်း​အားဖြင့် ကောင်းကင်မှာ ဘုန်း အသရေ ပြန်​ခံစားခွင့်​ပေးဖို့ ယေရှု တောင်းဆို​နေတာ။

ဒါပေမဲ့ အမှုဆောင်​လုပ်ငန်းမှာ သူ​ပြီးမြောက်​ခဲ့​တဲ့​အရာကို သူ​မမေ့ဘူး။ “ဒီ​လောက​ထဲ​က အဖ ပေးအပ်​ထားသူတွေ​ကို အဖရဲ့​နာမည် သိအောင် ကျွန်တော် ဖော်ပြ​ပါပြီ။ သူတို့ကို အဖ​ပိုင်ဆိုင်​လို့ ကျွန်တော့်​ဆီ ပေးအပ်ခဲ့​တာ​ပါ။ အဖရဲ့​တရားစကားကို သူတို့ လိုက်နာပါ​တယ်” ဆိုပြီး ဆုတောင်းတယ်။ (ယောဟန် ၁၇:၆) ယေရှု​က ဘုရားရဲ့​နာမည်ဟာ ယေဟောဝါ ဆိုတာ​လောက်​ပဲ ပြောတာ​မဟုတ်ဘူး။ အဲဒီ​နာမည်ကို ခံယူ​ထားတဲ့​အရှင်ဟာ ဘယ်လို ပုဂ္ဂိုလ်​မျိုး​ဖြစ်တယ်၊ တစ်နည်းအားဖြင့် ဘုရားရဲ့ အရည်အသွေးတွေ၊ လူသားတွေနဲ့ ဘုရားသခင် ဆက်ဆံပုံ​တွေကို တမန်တော်တွေ သိလာအောင် ကူညီပေး​ခဲ့​တယ်။

တမန်တော်တွေ​ဟာ ယေဟောဝါ​ဘုရား​အကြောင်း၊ သားတော်ရဲ့ အခန်းကဏ္ဍ​နဲ့ သွန်သင်ချက်တွေ​အကြောင်း သိလာ​ကြပြီ။ ယေရှု​က “ကျွန်တော့်ကို အဖ​ပြောသမျှ သူတို့ကို ပြန်​ပြောပြ​ခဲ့လို့​ပါ။ သူတို့က အဲဒီ​စကားတွေကို လက်ခံတယ်။ အဖရဲ့​ကိုယ်စားလှယ်​အဖြစ် ကျွန်တော်​ရောက်လာ​မှန်း ကောင်းကောင်း​သိတယ်။ အဖ​စေလွှတ်​လိုက်တဲ့​သူ ဖြစ်မှန်း​လည်း ယုံတယ်” လို့ နှိမ့်ချ​စွာ ပြောတယ်။—ယောဟန် ၁၇:၈

နောက်လိုက်​တွေ​နဲ့ လောကမှာ​ရှိတဲ့​လူတွေ ကွာခြား​မှန်း အခုလို အသိအမှတ်​ပြုတယ်– “သူတို့​အတွက် ကျွန်တော် ဆုတောင်း​ပေး​ပါတယ်။ ဒီ​လောက​အတွက်​မဟုတ်ဘဲ အဖ​ပေးအပ်​ထားသူတွေ​အတွက် ဆုတောင်းနေ​တာ​ပါ။ သူတို့ဟာ အဖရဲ့​လူတွေ​ဖြစ်လို့ပါ။ . . . သန့်ရှင်း​မြင့်မြတ်တဲ့ အဖ၊ ကျွန်တော့်ကို ခံယူခွင့်​ပေးထားတဲ့ နာမတော်ကို ထောက်​ပြီး သူတို့ကို ကာကွယ်​စောင့်ရှောက်​ပေးပါ။ ဒါဆိုရင် အဖနဲ့​ကျွန်တော် တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်သလို သူတို့လည်း​ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်နေမှာ​ပါ။ ကျွန်တော်ဟာ . . . သူတို့ကို စောင့်ရှောက်ခဲ့တယ်၊ ကာကွယ်​ခဲ့​တယ်။ ပျက်စီးခြင်းရဲ့သားက​လွဲလို့ တစ်ယောက်မှ မဆုံးရှုံး​ပါဘူး။” “ပျက်စီးခြင်းရဲ့သား” ဆိုတာ သစ္စာဖောက် ယုဒရှကာရုတ်​ကို ပြော​နေတာ။—ယောဟန် ၁၇:၉-၁၂

ယေရှု ဆက်ပြီး ဆုတောင်းတာ​က– “လောက​က သူတို့ကို မုန်းပါ​တယ်။ သူတို့ကို ဒီ​လောက​ကနေ ခေါ်ထုတ်​ပေးဖို့ ကျွန်တော် ဆုတောင်း​နေတာ​မဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့​ရန်​ကနေ ကာကွယ်​စောင့်ရှောက်​ပေးဖို့ ဆုတောင်းနေ​တာ​ပါ။ ကျွန်တော်က ဒီ​လောက​နဲ့ မပတ်သက်သလို သူတို့လည်း လောက​နဲ့ မပတ်သက်ကြပါဘူး။” (ယောဟန် ၁၇:၁၄-၁၆) တမန်တော်တွေ​နဲ့ တခြား​တပည့်တွေဟာ စာတန်​အုပ်ချုပ်နေတဲ့ လောကမှာ နေထိုင်​ကြပေမဲ့ လောက​နဲ့ လောကမှာ​ရှိတဲ့ ဆိုးညစ်​တဲ့ အရာတွေ​ကနေ သီးခြား​နေရမယ်။ ဘယ်လို​နည်းနဲ့လဲ။

ဟီဘရူး ကျမ်းစောင်တွေမှာ​ပါတဲ့ အမှန်တရား​နဲ့ ယေရှု သွန်သင်တဲ့ အမှန်တရားတွေကို လိုက်လျှောက်ခြင်း​အားဖြင့် ဘုရား​အမှုတော်​ဆောင်ဖို့ သူတို့​ကိုယ်ကို သန့်ရှင်း​နေ​စေ​ရမယ်၊ သီးခြား​ဖြစ်စေ​ရမယ်။ ယေရှု​က “အဖရဲ့ တရား​စကားဟာ အမှန်တရား​ဖြစ်ပါတယ်။ အဲဒီ​အမှန်တရား​အားဖြင့် သူတို့ကို သန့်စင်စေပါ” လို့ ဆုတောင်းတယ်။ (ယောဟန် ၁၇:၁၇) နောက်ပိုင်းမှာ တမန်တော် တချို့ဟာ စွမ်းအားတော် လမ်းညွှန်မှု​အားဖြင့် ကျမ်းစောင်တွေကို ရေးသား​ကြ​လိမ့်မယ်။ အဲဒါတွေက​လည်း “အမှန်တရား” ရဲ့​တစ်စိတ်တစ်ပိုင်း​ဖြစ်ပြီး လူတစ်ယောက်ကို သန့်ရှင်း​နေ​စေဖို့ ကူညီ​ပေးပါလိမ့်မယ်။

အချိန်တန်​တဲ့အခါ တခြား​သူတွေလည်း “အမှန်တရား” ကို​လက်ခံ​လာလိမ့်မယ်။ ဒါကြောင့် “သူတို့ [တမန်တော်​ဆယ့်တစ်​ယောက်] အတွက်ပဲ ကျွန်တော် ဆုတောင်း​နေတာ မဟုတ်ပါဘူး။ သူတို့​စကား​ကြောင့် ကျွန်တော့်ကို ယုံကြည်​လာမယ့် သူတွေ​အတွက်ပါ ဆုတောင်းပါ​တယ်” လို့ ယေရှု​ပြောတယ်။ သူတို့​အားလုံး​အတွက် ဘာကို ဆုတောင်းပေး​တာလဲ။ “သူတို့​အားလုံး တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်လာအောင်​လို့​ပါ။ အဖ​က ကျွန်တော်​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်ပြီး ကျွန်တော်က အဖနဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်သလို​မျိုး​ပေါ့။ ဒါဆိုရင် သူတို့​အားလုံး​က ကျွန်တော်တို့နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်လာလိမ့်မယ်။” (ယောဟန် ၁၇:၂၀၊ ၂၁) ဘုရားသခင်နဲ့ ယေရှုဟာ ကိစ္စရပ်​အားလုံးမှာ စိတ်​တူသဘောတူ​ပဲ။ ဒါကြောင့် နောက်လိုက်​တွေ​လည်း အဲဒီလို​ဖြစ်ဖို့ ဆုတောင်းပေး​နေတာ။

ယေရှု​က ပေတရုနဲ့ ကျန်တဲ့​သူတွေ​အတွက် ကောင်းကင်မှာ နေစရာ​ပြင်ဆင်​ဖို့ သွား​ရမယ်လို့ ခု​န​လေး​တင် ပြောခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃) အခု အဲဒီ​အကြောင်းကို ဆုတောင်းချက်​ထဲမှာ ထပ်ပြော​တယ်– “အဖ၊ အဖ​ပေးအပ်​ထားသူတွေ​ကို ကျွန်တော်​ရှိတဲ့​နေရာမှာ ရှိစေ​ချင်​လိုက်တာ။ ဒါမှ လူ့​လောက​အစပြုချိန် မတိုင်ခင်​ကတည်းက ကျွန်တော့်ကို​ချစ်လို့ အဖ​ပေးထားတဲ့ ဘုန်းအသရေ​ကို သူတို့​မြင်နိုင်​မှာပါ။” (ယောဟန် ၁၇:၂၄) အာဒံနဲ့​ဧဝ သားသမီးတွေ​မရ​ခင် ဟိုး​အရင်​ကတည်းက ဘုရားသခင်ဟာ ယေရှု​ခရစ်​ဖြစ်​လာမယ့် တစ်ပါးတည်းသော သားတော်ကို ချစ်တယ်​ဆိုတဲ့​အကြောင်း အလေးပေး ပြော​နေတာ။

တမန်တော်တွေ၊ အမှန်တရားကို လက်မခံ​သေး​တဲ့ တခြားသူတွေ​အပေါ်​ထားတဲ့ ဘုရားရဲ့​မေတ္တာနဲ့ ဘုရားရဲ့ နာမည်ကို ထပ်​အလေးပေး​ပြီး ဆုတောင်းချက်ကို ယေရှု ဒီလို​နိဂုံးချုပ်​တယ်– “အဖရဲ့ နာမည်ကို​သိအောင် သူတို့ကို ကျွန်တော်​ပြောပြ​ပါပြီ။ နောင်လည်း ပြောပြ​ဦး​မှာပါ။ ဒါမှ ကျွန်တော့်ကို​ချစ်တဲ့ အဖရဲ့​မေတ္တာ​မျိုးနဲ့ သူတစ်ပါး​ကို သူတို့ ချစ်​နိုင်​လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်​တစ်​ဝမ်း​တည်း ဖြစ်လာလိမ့်မယ်။”—ယောဟန် ၁၇:၂၆