မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၄

နိုင်ငံတော်အာဏာရထားတဲ့ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်

နိုင်ငံတော်အာဏာရထားတဲ့ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်

မဿဲ ၂၅:၃၁-၄၆

  • သိုး​နဲ့​ဆိတ် ပုံဥပမာ​ကို ယေရှု​ပြောပြ

သံလွင်​တောင်ပေါ်မှာ ယေရှု​က အပျိုစင်​ဆယ်ယောက် ပုံဥပမာ​နဲ့ တဲ​လင့်​ပုံဥပမာ​ကို ပြောပြ​ခဲ့​တယ်။ မိမိ​ရောက်ရှိခြင်း​နဲ့ လောက​စနစ် နိဂုံးပိုင်း​နိမိတ်​အကြောင်း တမန်တော်တွေ​မေးတဲ့ မေးခွန်းရဲ့ အဖြေကို သူ ဘယ်လို နိဂုံးချုပ်သလဲ။ နောက်ဆုံး​ပုံဥပမာ​ဖြစ်တဲ့ သိုး​နဲ့​ဆိတ်​အကြောင်း ပြောပြီး နိဂုံးချုပ်​လိုက်တယ်။

ယေရှု ဒီလို​ပြောပြတယ်– “လူသားက ကောင်းကင်တမန်​အားလုံး ခြံရံ​ပြီး ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ အဲဒီနောက် ဘုန်းကြီး​တဲ့ ရာဇ​ပလ္လင်​ပေါ် ထိုင်” မယ်။ (မဿဲ ၂၅:၃၁) ဒီ​ပုံဥပမာမှာ အဓိက​အပိုင်း​ကနေ ပါဝင်သူ​ဟာ ယေရှုပါပဲ။ သူက သူ့ကိုယ်သူ “လူသား” လို့​ခေါ်လေ့​ရှိတယ်။—မဿဲ ၈:၂၀။ ၉:၆။ ၂၀:၁၈၊ ၂၈

ဒီ​ပုံဥပမာ​က ဘယ်​အချိန်မှာ ပြည့်စုံ​လာမလဲ။ ကောင်းကင်​တမန်တွေ ခြံရံ​ပြီး ယေရှု “မဟာ​ဘုန်းတန်ခိုးနဲ့ လာ” တဲ့အခါ၊ “ဘုန်းကြီး​တဲ့ ရာဇ​ပလ္လင်​ပေါ် ထိုင်” တဲ့အခါ ပြည့်စုံ​လာလိမ့်မယ်။ ကောင်းကင်တမန်တွေနဲ့​အတူ “လူသားဟာ မိုးတိမ်​ခြံရံ​ပြီး မဟာ​ဘုန်းတန်ခိုးနဲ့​လာ” မယ်​ဆိုပြီး ယေရှု​ပြောခဲ့​ပြီးပြီ။ အဲဒါ ဘယ်​အချိန်မှာ ဖြစ်မလဲ။ “ဒုက္ခ​ကာလ ကျရောက်​ပြီးတာနဲ့” ဖြစ်လိမ့်မယ်။ (မဿဲ ၂၄:၂၉-၃၁။ မာကု ၁၃:၂၆၊ ၂၇။ လုကာ ၂၁:၂၇) ဒါကြောင့် ဒီ​ပုံဥပမာ​က အနာဂတ်မှာ ဘုန်းတန်ခိုးနဲ့ ယေရှု​လာမယ့်​အချိန်မှာ ပြည့်စုံ​လာမယ်။ အဲဒီအခါ ယေရှု ဘာလုပ်မလဲ။

သူ​အခုလို ရှင်းပြတယ်– “လူသားက . . . ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ . . . လူမျိုး​အားလုံးကို ရှေ့မှာ စုဝေး​စေမယ်။ သိုးထိန်း​က သိုး​နဲ့​ဆိတ်​ကို ခွဲသလို လူသားက အဲဒီ​လူတွေကို အုပ်စု​နှစ်စု ခွဲ​လိမ့်မယ်။ သိုး​တွေကို ညာဘက်မှာ၊ ဆိတ်​တွေကို​တော့ ဘယ်​ဘက်မှာ ထား​လိမ့်မယ်။”—မဿဲ ၂၅:၃၁-၃၃

မျက်နှာသာ​ရတဲ့​ဘက်မှာ ရှိတဲ့ သိုးတွေနဲ့ ပတ်သက်ပြီး ယေရှု ဆက်ပြောတယ်– “ညာဘက်မှာ​ရှိတဲ့ လူတွေကို မင်းကြီး​က ‘အဖ​ဘုရားဆီက ကောင်းချီး​ကို ခံစား​ရသူ​တို့၊ လူ့​လောက​အစပြုချိန် ကတည်းက မင်းတို့​အတွက် ပြင်ဆင်​ထားတဲ့​နိုင်ငံ​ကို လာပြီး အမွေခံ​ကြပါ’” လို့​ပြောတယ်။ (မဿဲ ၂၅:၃၄) သိုး​တွေ​က မင်းကြီးရဲ့ မျက်နှာသာ​ရတာ ဘာကြောင့်လဲ။

မင်းကြီး ဒီလို​ရှင်းပြတယ်– “ဘာကြောင့်လဲ​ဆိုတော့ မင်းတို့​က ငါ​ဆာလောင်​တဲ့အခါ စားစရာ​ပေးတယ်။ ရေငတ်​တဲ့အခါ သောက်စရာ​ပေးတယ်။ ငါ​ဧည့်သည်​ဖြစ်တဲ့အခါ ဧည့်ဝတ်ပြု​တယ်။ ငါ​ဝတ်စရာ မရှိတဲ့​အခါ အဝတ်အစား ပေးတယ်။ ဖျားနာတဲ့​အခါ ပြုစု​ပေးတယ်။ ထောင်ကျ​တဲ့အခါ လာ​တွေ့ကြတယ်။” ဒီ​အခါ သိုး​တွေ​ဖြစ်တဲ့ “ဖြောင့်မတ်​သူတွေက” အဲဒီ​ကောင်းမှုတွေကို သူတို့ ဘယ်​တုန်း​က လုပ်ခဲ့လို့​လဲ ဆိုပြီး မေးကြတယ်။ မင်းကြီး​က “ငါ့​ညီတွေထဲက အငယ်ဆုံး​တစ်ယောက်ကို မင်း​တို့​လုပ်ပေးသ​မျှ​ဟာ ငါ့ကို လုပ်ပေးတာ​နဲ့ အတူတူပဲ” လို့​ပြန်​ပြောတယ်။ (မဿဲ ၂၅:၃၅၊ ၃၆၊ ၄၀၊ ၄၆) သူတို့က အဲဒီ​ကောင်းမှုတွေကို ကောင်းကင်မှာ​လုပ်တာ မဟုတ်ဘူး။ ကောင်းကင်မှာ ဖျား​တာ၊ ဗိုက်ဆာ​တာ မရှိဘူး။ ဒါကြောင့် မြေကြီး​ပေါ်မှာ​ရှိတဲ့ ခရစ်တော်ရဲ့​ညီ​တွေ​အတွက် သူတို့​လုပ်ပေးတာ ဖြစ်ရမယ်။

ဘယ်​ဘက်မှာ​ရှိတဲ့ ဆိတ်​တွေ​ကော ဘယ်လို​လဲ။ ယေရှု ဒီလို​ပြောတယ်– “ဘယ်​ဘက်မှာ ရှိတဲ့​သူတွေကို မင်းကြီး​က ‘ကျိန်စာသင့်​နေသူတို့၊ ငါ့​ဆီကနေ ထွက်သွား။ မာရ်နတ်​နဲ့ နတ်ဆိုး​တွေ​အတွက် ပြင်ဆင်​ထားတဲ့ ထာဝရ​မီး​ထဲ​ကို သွား​ကြ။ ဘာကြောင့်လဲ​ဆိုတော့ မင်းတို့​က ငါ​ဆာလောင်​တဲ့အခါ စားစရာ မပေးဘူး။ ရေငတ်​တဲ့အခါ သောက်စရာ​မပေးဘူး။ ငါ​ဧည့်သည်​ဖြစ်တဲ့အခါ ဧည့်ဝတ်​မပြုဘူး။ ဝတ်စရာ​မရှိတဲ့​အခါ အဝတ်အစား မပေးဘူး။ ငါ​ဖျားနာတဲ့​အခါ၊ ထောင်ကျ​တဲ့အခါ လာ​မကြည့်​ဘူး’ လို့​ပြောလိုက်​တယ်။” (မဿဲ ၂၅:၄၁-၄၃) ဆိတ်​တွေ​က မြေကြီး​ပေါ်မှာ​ရှိတဲ့ ခရစ်တော်ရဲ့​ညီတွေကို ကြင်ကြင်နာနာ မဆက်ဆံ​ကြဘူး။ သူတို့​လုပ်သင့်တာကို မ​လုပ်တဲ့​အတွက် အဲဒီလို တရား​စီရင်ခံထိုက်​တယ်။

ယေရှု အခုလို ဆက်ပြောတယ်– “မင်းကြီး​က ‘ငါ​မှန်တာကို ပြောမယ်။ ငါ့​ညီတွေထဲက အငယ်ဆုံး တစ်ယောက်ကို မင်းတို့ မလုပ်ပေးတာ​ဟာ ငါ့ကို မ​လုပ်ပေးတာ​နဲ့ အတူတူပဲ’ လို့​ပြန်​ပြော​လိမ့်မယ်။ သူတို့ဟာ ထာဝရ ဖျက်ဆီး​ခံရလိမ့်မယ်၊ ဖြောင့်မတ်သူတွေ​ကတော့ ထာဝရ​အသက် ရလိမ့်မယ်။” ဒါကြောင့် ဒီ​အနာဂတ် တရား​စီရင်ခြင်း​ရဲ့ ရလဒ်​တွေ​က ထာဝရ​ပဲ​ဆိုတာ တမန်တော်တွေ သိကြတယ်။—မဿဲ ၂၅:၄၅၊ ၄၆

တမန်တော်တွေရဲ့ အမေး​ကို ယေရှု ပြန်ဖြေ​လိုက်တဲ့ အဖြေကို လေ့လာ​ကြည့်တဲ့အခါ နောက်လိုက်​တွေ​အတွက် စဉ်းစား​စရာ အများကြီး​ရှိတယ်။ အဲဒါက သူတို့ရဲ့ သဘောထား​နဲ့ အပြုအမူတွေ​ကို ပြန်​ဆန်းစစ်​ဖို့ ကူညီ​ပေးတယ်။