မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၃

ကြိုးစားအားထုတ်ဖို့ သင်ပေးတဲ့ တဲလင့်ပုံဥပမာ

ကြိုးစားအားထုတ်ဖို့ သင်ပေးတဲ့ တဲလင့်ပုံဥပမာ

မဿဲ ၂၅:၁၄-၃၀

  • တဲ​လင့်​ပုံဥပမာ​ကို ယေရှု ပြောပြ

သံလွင်​တောင်ပေါ်မှာ တမန်တော်​လေးယောက်​နဲ့​အတူ ရှိနေတုန်း နောက်​ပုံဥပမာ​တစ်ခုကို ယေရှု ပြောပြတယ်။ လွန်ခဲ့တဲ့ ရက်​အနည်းငယ်​က ယေရိခေါမြို့​မှာ ရှိနေတုန်း မိုင်​နာ​ ပုံဥပမာ​ကို ပြောပြပြီး နိုင်ငံတော်​လာဖို့ အဝေးကြီး​လို​သေး​ကြောင်း ထောက်ပြ​ခဲ့​တယ်။ အခု သူ​ပြောတဲ့ ပုံဥပမာမှာ​လည်း အဲဒီ​ပုံဥပမာ​နဲ့ ဆင်တူချက်​တချို့ ရှိတယ်။ မိမိ​ရောက်ရှိခြင်း​နဲ့ လောက​စနစ်​နိဂုံးပိုင်း​အကြောင်း ပြန်ဖြေ​တဲ့​အဖြေ​ထဲမှာ ဒီ​ပုံဥပမာ​လည်း ပါတယ်။ တပည့်တွေဟာ သူတို့ကို ယေရှု အပ်နှင်း​ထားတဲ့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်​ရမယ်ဆိုတာ​ကိုလည်း အလေး​ပေးတယ်။

“ကောင်းကင်​နိုင်ငံဟာ တိုင်းတစ်ပါး သွား​ခါနီး ကျွန်တွေကို ခေါ်ပြီး ပစ္စည်း​တွေ အပ်​တဲ့​လူနဲ့ တူတယ်” လို့ ယေရှု စပြော​တယ်။ (မဿဲ ၂၅:၁၄) ယေရှု​က “ထီးနန်း​ဆက်ခံ” ဖို့ ခရီးဝေး​ထွက်သွား​တဲ့ လူတစ်ယောက်နဲ့ သူ့ကိုယ်သူ ခိုင်းနှိုင်း​ခဲ့​ဖူး​တယ်။ ဒါကြောင့် အခုလည်း ပုံဥပမာမှာ​ပါတဲ့ “မင်းညီမင်းသား” ဟာ ယေရှု​ပဲ​ဆိုတာ တမန်တော်တွေ နားလည်​နိုင်တယ်။—လုကာ ၁၉:၁၂

အဲဒီ​လူက ခရီး​မထွက်ခင် သူ့ရဲ့ အဖိုးတန်​ပစ္စည်းတွေကို ကျွန်တွေ​ဆီမှာ အပ်​သွားတယ်။ ယေရှု​က အမှုဆောင်​လုပ်ငန်း​လုပ်တဲ့ သုံးနှစ်ခွဲ​အတွင်း ဘုရား​နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အာရုံစိုက်​ပြီး တပည့်တွေကိုလည်း အဲဒီ​လုပ်ငန်း လုပ်နိုင်အောင် လေ့ကျင့်ပေး​ခဲ့​တယ်။ အခုတော့ သူ​လေ့ကျင့်​ပေးခဲ့တဲ့​အတိုင်း သူတို့တွေ ဆက်​လုပ်ဆောင်​နိုင်မယ်​ဆိုတာ ယုံကြည်​စိတ်ချ​တဲ့​အတွက် ခရီးဝေး ထွက်သွား​တော့​မယ်။—မဿဲ ၁၀:၇။ လုကာ ၁၀:၁၊ ၈၊ ၉။ ယောဟန် ၄:၃၈။ ၁၄:၁၂ နဲ့နှိုင်းယှဉ်ပါ။

ပုံဥပမာမှာ အဲဒီ​လူက သူ့​ပစ္စည်းတွေကို ဘယ်လို ခွဲဝေပေးသလဲ။ “သူက ကျွန်​တစ်ယောက်စီရဲ့ အရည်အချင်းကို ကြည့်ပြီး တစ်ယောက်ကို ငါး​တဲ​လင့်၊ နောက်​တစ်ယောက်ကို နှစ်​တဲ​လင့်၊ နောက်​တစ်ယောက်ကို​ကျတော့ တစ်​တဲ​လင့်​ပေးပြီး ခရီးဝေး ထွက်သွား​တယ်” လို့​ယေရှု​ပြောတယ်။ (မဿဲ ၂၅:၁၅) အဲဒီ​ကျွန်တွေ​က သူတို့ဆီ​မှာ အပ်​ထားတဲ့​ငွေကို ဘယ်လို လုပ်ကြ​မလဲ။ အဲဒီ​ငွေကို​သုံးပြီး သခင့်​စီးပွား​တိုးတက်အောင် ကြိုးစားပမ်းစား လုပ်ဆောင်ကြ​မလား။ တမန်တော်တွေကို အခုလို ဆက်ပြောတယ်–

“ငါး​တဲ​လင့် ရတဲ့​သူက ချက်ချင်းပဲ အဲဒီ​ငွေနဲ့ အရောင်းအဝယ် လုပ်တဲ့​အတွက် နောက်ထပ် ငါး​တဲ​လင့် အမြတ်ရ​တယ်။ နှစ်​တဲ​လင့် ရတဲ့​သူကလည်း နှစ်​တဲ​လင့် အမြတ်ရ​တယ်။ တစ်​တဲ​လင့်​ရတဲ့ ကျွန်​ကတော့ ထွက်သွား​ပြီး အဲဒီ​ငွေကို မြေကြီး​ထဲမှာ မြှုပ်​ထား​လိုက်တယ်။” (မဿဲ ၂၅:၁၆-၁၈) သခင်​ပြန်လာတဲ့​အခါ ဘာဖြစ်သလဲ။

“အချိန်အတော်ကြာ​ပြီးတဲ့နောက် သခင်​ပြန်လာပြီး ကျွန်တွေကို ငွေစာရင်း ရှင်း​ခိုင်းတယ်” လို့ ယေရှု ဆက်ပြောတယ်။ (မဿဲ ၂၅:၁၉) ပထမ​ကျွန်​နှစ်ယောက်​က သူတို့ရဲ့ “အရည်အချင်း” အပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ကြိုးစား​ခဲ့​ကြတယ်။ လုံ့လ​ဝီရိယ​ရှိ​ရှိ၊ ကြိုးကြိုးစားစား​နဲ့ အကျိုးအမြတ်​ရအောင် လုပ်ဆောင်ခဲ့တယ်။ ငါး​တဲ​လင့်​ရတဲ့ ကျွန်​ရော၊ နှစ်​တဲ​လင့်​ရတဲ့ ကျွန်​ရော ငွေကို​နှစ်ဆ​ဖြစ်အောင် လုပ်​နိုင်ခဲ့တယ်။ (အဲဒီခေတ်​တုန်း​က အလုပ်သမား​တစ်ယောက်ဟာ တစ်​တဲ​လင့်​နဲ့ ညီမျှတဲ့ လုပ်အားခ​ရဖို့ ၁၉ နှစ်လောက် အလုပ်လုပ်​ရတယ်။) ဒီ​အခါ သခင်​က ကျွန်​နှစ်ယောက်စလုံး​ကို “တော်​လိုက်တာ။ မင်းဟာ သစ္စာ​ရှိတဲ့ ကျွန်ကောင်း​ပဲ။ အသေးအမွှား ကိစ္စတွေမှာတောင် သစ္စာ​ရှိတဲ့​အတွက် မင်းကို အများကြီး ထပ်​ပြီး အပ်​ဦး​မယ်။ သခင်​နဲ့​အတူ ဝမ်းမြောက်​ပါ” ဆိုပြီး ချီးမွမ်းတယ်။—မဿဲ ၂၅:၂၁

တစ်​တဲ​လင့်​ရတဲ့ ကျွန်​ကတော့ အဲဒီလို မဟုတ်ဘူး။ သူက “သခင်ဟာ မညှာမတာ ခိုင်း​တတ်​မှန်း၊ ကိုယ်​မစိုက်​တဲ့ ကောက်နှံ​ကို ရိတ်သိမ်း​ပြီး ကိုယ်​မ​လှေ့​တဲ့ ကောက်နှံ​ကို စုသိမ်း​တတ်​မှန်း ကျွန်တော်​ရိပ်မိ​တဲ့​အတွက် သခင့်​ကို​ကြောက်​တာ​နဲ့ အဲဒီ​ငွေကို မြှုပ်​ထားပါ​တယ်။ ဒီမှာ သခင့်​ငွေတွေ​ပါ” လို့​ပြောတယ်။ (မဿဲ ၂၅:၂၄၊ ၂၅) သူက ငွေကို အတိုး​ချထား​ရင်တောင် အနည်းဆုံး​တော့ သခင့်​အတွက် အမြတ်ရ​မှာ​ပဲ မဟုတ်လား။ ဒါပေမဲ့ သခင့်​စီးပွား တိုးတက်အောင် သူ​မ​လုပ်ခဲ့ဘူး။

ဒါကြောင့် သူ့ကို “ကျွန်ဆိုး၊ ကျွန်ပျင်း” လို့​ခေါ်တာ မ​လွန်​ပါဘူး။ သခင်​က သူ့​ဆီမှာ အပ်​ထားတာကို ပြန်ယူ​ပြီး ကြိုးကြိုးစားစား လုပ်ဆောင်​ချင်တဲ့​ကျွန်ကို ပေး​လိုက်တယ်။ ပြီးတော့ သခင်​က သူသတ်မှတ်​ထားတဲ့​စံနှုန်း​နဲ့ ပတ်သက်ပြီး အခုလို​ပြောတယ်– “ရှိတဲ့​သူတွေဟာ ထပ်​ပြီး ရလိမ့်မယ်။ အလျှံပယ် ရလိမ့်မယ်။ မရှိတဲ့​သူကတော့ ရှိ​ထားတာ​လေး​တောင် အသိ​မ်း​ခံရလိမ့်မယ်။”—မဿဲ ၂၅:၂၆၊ ၂၉

ဒီ​ပုံဥပမာ​နဲ့ ပတ်သက်ပြီး တပည့်​တွေ​မှာ စဉ်းစားစရာ အများကြီး​ပဲ။ သူတို့ဆီ​မှာ ယေရှု​အပ်​ထားတဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ အဖိုးတန် အခွင့်ထူး​တစ်ခု​ဖြစ်တယ်။ အခွင့်ထူး​ဖြစ်တဲ့ ဒီ​လုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ဆောင်ဖို့ ယေရှု​မျှော်လင့်တယ်။ ဒါပေမဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ တပည့်​အားလုံး တစ်ပုံ​စံ​တည်း လုပ်ရမယ်လို့ ယေရှု မတောင်းဆိုပါဘူး။ ပုံဥပမာမှာ ပါတဲ့​အတိုင်း တစ်ယောက်စီဟာ ကိုယ့် “အရည်အချင်း” အပေါ်​မူတည်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်​ရမယ်။ “ပျင်း” တဲ့​သူ၊ သခင့်​ပစ္စည်းဥစ္စာ တိုးပွား​အောင် အတတ်နိုင်ဆုံး မလုပ်ဆောင်​သူကို​တော့ ယေရှု နှစ်သက်​လက်ခံ​မှာ မဟုတ်ဘူး။

ဒါပေမဲ့ “ရှိတဲ့​သူတွေဟာ ထပ်​ပြီး ရလိမ့်မယ်” ဆိုတဲ့ ကတိ​ကို တမန်တော်တွေ ကြားတဲ့​အခါ ဘယ်လောက် ဝမ်းသာ​ကြမယ်​ဆိုတာ စဉ်းစားကြည့်ပါ။