အခန်း ၁၂၉
“ကြည့်ကြပါ။ ဟောဒီလူပဲ”
မဿဲ ၂၇:၁၅-၁၇၊ ၂၀-၃၀ မာကု ၁၅:၆-၁၉ လုကာ ၂၃:၁၈-၂၅ ယောဟန် ၁၈:၃၉–၁၉:၅
-
ပိလတ်မင်းက ယေရှုကို လွှတ်ပေးဖို့ ကြိုးစား
-
ဗာရဗ္ဗကို လွှတ်ပေးဖို့ ဂျူးတွေ တောင်းဆို
-
ယေရှု လှောင်ပြောင်ခံရ၊ နှိပ်စက်ညှဉ်းပန်းခံရ
ယေရှုကို သတ်ပစ်ချင်နေတဲ့ လူအုပ်ကို ပိလတ်မင်းက “မင်းတို့ စွဲချက်တင်လောက်တဲ့ အပြစ်တစ်ခုကိုမှ ငါမတွေ့ဘူး။ ဟေရုဒ်မင်းလည်း အပြစ်ရှာမတွေ့” ဘူးလို့ပြောတယ်။ (လုကာ ၂၃:၁၄၊ ၁၅) ယေရှုကို လွှတ်ပေးချင်တဲ့အတွက် လူတွေကို နောက်တစ်မျိုး ထပ်ပြောပြန်တယ်– “ပသခါပွဲမှာ လူတစ်ယောက်ကို လွှတ်ပေးရတဲ့ထုံးစံ ခင်ဗျားတို့မှာ ရှိတာပဲ။ ဒီတော့ ဂျူးတွေရဲ့ ဘုရင်ကို လွှတ်ပေးစေချင်သလား။”—ယောဟန် ၁၈:၃၉။
ဓားပြ၊ သူပုန်၊ လူသတ်သမားဖြစ်တဲ့ ဗာရဗ္ဗ အကျဉ်းကျနေမှန်း ပိလတ်မင်းသိတယ်။ ဒါကြောင့် “ခင်ဗျားတို့ ဘယ်သူ့ကို လွှတ်စေချင်သလဲ။ ဗာရဗ္ဗကိုလား၊ ခရစ်တော်လို့ခေါ်တဲ့ ယေရှုကိုလား” ဆိုပြီးမေးတယ်။ ပုရောဟိတ်ကြီးတွေရဲ့ လှုံဆော်မှုကြောင့် လူတွေက ယေရှုအစား ဗာရဗ္ဗကို လွှတ်ပေးပါဆိုပြီး တောင်းဆိုကြတယ်။ “ဒီလူနှစ်ယောက်ထဲမှာ ဘယ်သူ့ကို လွှတ်စေချင်သလဲ” လို့ ထပ်မေးတဲ့အခါ “ဗာရဗ္ဗကို လွှတ်စေချင်ပါတယ်” လို့ဖြေကြတယ်။—မဿဲ ၂၇:၁၇၊ ၂၁။
ပိလတ်မင်းက “ဒါဆိုရင် ခရစ်တော်လို့ခေါ်တဲ့ ယေရှုကို ဘယ်လိုလုပ်ရမလဲ” ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ မေးတော့ အားလုံးက “သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ဖြေကြတယ်။ (မဿဲ ၂၇:၂၂) အပြစ်မဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့ တောင်းဆိုနေကြတာ ၀မ်းနည်းစရာပဲ။ ပိလတ်မင်းက “ဘာဖြစ်လို့လဲ။ သူ ဘာမကောင်းတာ လုပ်ခဲ့လို့လဲ။ သူ့ဆီမှာ သေထိုက်တဲ့ပြစ်မှု တစ်ခုမှ ငါမတွေ့ဘူး။ ဒါကြောင့် သူ့ကိုဒဏ်ပေးပြီးတော့ လွှတ်လိုက်မယ်” လို့ပြောတယ်။—လုကာ ၂၃:၂၂။
ပိလတ်မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ ဒေါသထွက်နေတဲ့လူအုပ်က “သူ့ကို သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ပဲ အသံကုန် အော်ကြတယ်။ (မဿဲ ၂၇:၂၃) ဘာသာရေးခေါင်းဆောင်တွေ သွေးထိုးထားတဲ့ လူအုပ်ဟာ ဒေါသူပုန်ထပြီး သွေးဆာနေကြတယ်။ ရာဇဝတ်သား ဒါမှမဟုတ် လူသတ်သမားရဲ့သွေးတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ငါးရက်က ဂျေရုဆလင်မှာ ဘုရင်အဖြစ် ကြိုဆိုခံခဲ့ရတဲ့ အပြစ်မဲ့သူရဲ့ သွေးပဲ။ ယေရှုရဲ့တပည့်တွေ အဲဒီမှာ ရှိနေမယ်ဆိုရင်လည်း ပေါ်ပေါ်ထင်ထင် နေရဲကြမှာ မဟုတ်ဘူး။
ပိလတ်မင်းရဲ့ ကြိုးစားမှုက အရာမထင်တဲ့အပြင် ပိုလို့တောင် ရုတ်ရုတ်သဲသဲ ဖြစ်လာတယ်။ ဒါကြောင့် သူက ရေကိုယူ၊ လူအုပ်ရှေ့မှာ လက်ဆေးပြီး “ဒီလူ သွေးမြေကျရတာ ငါ့တာဝန် မဟုတ်ဘူးနော်။ မင်းတို့တာဝန်ပဲ” လို့ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်လို့ လူတွေရဲ့သဘောထား ပြောင်းသွားသလား။ ဝေးပါသေးတယ်။ “ဒီလူ သွေးမြေကျရတာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ သားသမီးတွေရဲ့ တာဝန်ပါ” လို့တောင် ပြန်ပြောကြတယ်။—မဿဲ ၂၇:၂၄၊ ၂၅။
ပိလတ်မင်းက မှန်ရာကို လုပ်ချင်တာထက် လူအုပ်ရဲ့ဆန္ဒကို ပိုလိုက်လျောပေးချင်တယ်။ ဒါနဲ့ သူတို့ တောင်းဆိုတဲ့အတိုင်း ဗာရဗ္ဗကို လွှတ်ပေးလိုက်တယ်။ ယေရှုကိုတော့ အဝတ်ချွတ်ပြီး ကျာပွတ်နဲ့ ရိုက်ခိုင်းတယ်။
ရိုက်ပြီးတဲ့နောက် စစ်သည်တွေက ယေရှုကို ဘုရင်ခံနန်းဆောင်ဆီ ခေါ်လာကြတယ်။ စစ်တပ်တစ်တပ်လုံး စုရုံးပြီး ယေရှုကို လှောင်ပြောင်စော်ကားကြတယ်။ ဆူးခက်သရဖူလုပ်ပြီး ဆောင်းမဿဲ ၂၇:၂၈၊ ၂၉) ဒါ့အပြင် ယေရှုကို တံတွေးနဲ့ထွေးပြီး ပါးရိုက်ကြတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကျူရိုးကိုယူပြီး ခေါင်းကို ရိုက်ကြတယ်။ ဒီအခါ လှောင်ပြောင်သရော်တဲ့အနေနဲ့ ဆောင်းပေးထားတဲ့ “သရဖူ” ရဲ့ချွန်ထက်နေတဲ့ အဆူးတွေက ဦးရေပြားထဲ စိုက်ဝင်သွားတယ်။
ပေးတယ်။ ကျူရိုးကိုလည်း ညာလက်နဲ့ ကိုင်ခိုင်းတယ်။ မင်းမျိုးမင်းနွယ်တွေပဲ ဝတ်ဆင်တဲ့ ကြက်သွေးရောင်ဝတ်ရုံကိုလည်း ခြုံပေးတယ်။ ပြီးတော့ “ဂျူးတို့ရဲ့ဘုရင်၊ မင်္ဂလာပါ” လို့လှောင်ကြတယ်။ (ဒီလို လှောင်ပြောင်စော်ကားတာ အားလုံးကို ယေရှုက သိက္ခာရှိရှိ၊ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာကို ပိလတ်မင်းမြင်တဲ့အခါ အထင်ကြီး လေးစားသွားတယ်။ ဒါကြောင့် ယေရှုကိုသတ်တဲ့ ကိစ္စမှာ သူတာဝန်ကင်းအောင် ထပ်ကြိုးစားတဲ့ အနေနဲ့ “သူ့မှာ ဘာအပြစ်မှ ငါမတွေ့ဘူးဆိုတာ မင်းတို့သိအောင်လို့ ငါထုတ်ပြမယ်” ဆိုပြီး ဂျူးတွေကို ပြောတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ယေရှုကို လူအုပ်မြင်ရင် သနားသွားမှာပဲလို့ ပိလတ်မင်း ထင်နေတာဖြစ်မယ်။ အကြင်နာတရားမဲ့တဲ့ လူအုပ်ရှေ့မှာ ယေရှုရပ်လိုက်တဲ့အခါ ပိလတ်မင်းက “ကြည့်ကြပါ။ ဟောဒီလူပဲ” ဆိုပြီး ပြောလိုက်တယ်။—ယောဟန် ၁၉:၄၊ ၅။
ယေရှုဟာ ရက်ရက်စက်စက် အရိုက်ခံရ၊ စော်ကားခံရပေမဲ့ သိက္ခာရှိရှိ၊ တည်တည်ငြိမ်ငြိမ် ခံရပ်နိုင်ခဲ့တယ်။ ဒါကို ပိလတ်မင်းတောင် အသိအမှတ်ပြုတယ်ဆိုတာ လေးစားမှုနဲ့ ကရုဏာပါတဲ့ သူ့စကားတွေကနေ သိနိုင်ပါတယ်။